← Chapters

ငရဲကနေကြိုဆိုပါတယ်

Vol. 177 Ch. 2646

ငရဲကနေကြိုဆိုပါတယ်

Vol. 177 Ch. 2646

ဘုရင်မြောက်ရိုးမ၏ အခန်းက ကောင်းကင်ဘုံကမ္ဘာ၏ အင်မော်တယ်ဂိုဏ်းများနှင့် အင်မော်တယ်နိုင်ငံများမှာကဲ့သို့ ထူးခြားဆန်းပြား၍ ဝင်းလက်တောက်ပနေခြင်းမရှိပေ။ ထိုအစား ထိုအခန်းသည် မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုဖြင့် ပြည့်နှက်နေသည်။

အခန်းကို ဝန်းရံထားသော ရေကန်ကပင်လျှင် ​သွေးနီရောင်ဖြစ်ပြီး ခပ်ဖျော့ဖျော့သွေးနံ့ကို ဖြာထုတ်ပေးနေသည်။

ထက်ရှသော သွားစွယ်များနှင့် နီရဲနေသောငါးများက မကြာမကြာဆိုသလို ရေပြင်ထက်ကို ခုန်ထွက်လာတတ်သည်။

သိုင်းတာအိုပင်မခန္ဓာက အရာရာတိုင်းနှင့်ပတ်သက်၍ ဆက်လက်၍ အံ့အားသင့်မနေတော့ပေ။

ထန်ချင်အာ၏ ဦးဆောင်မှုအောက်မှာ သူတို့သည် အခန်း၏ အလယ်ပိုင်းထဲသို့ သိပ်မကြာခင်ရောက်ရှိလာပြီး ဒဏ္ဍာရီလာဘုရင်မြောက်ရိုးမနှင့်တွေ့ဆုံကြရသည်။

ထိုအခိုက်အတန့်မှာ ဘုရင်မြောက်ရိုးမသည် အရိုးဖြူများဖြင့် ပြုလုပ်ထားသည့် ကလားထိုင်တစ်လုံးပေါ်မှာ ထိုင်နေသည်။ ၎င်းကို သွေးကန်တစ်ကန်က ဝိုင်းပတ်ထားပြီး ကုလားထိုင်၏ ခြေရင်းမှာ ဦးခေါင်းခွံများက ပုံထပ်နေသည်။

ဤမွေးနေ့ဂုဏ်ပြုစားသောက်ပွဲကို ဘုရင်မြောက်ရိုးမ၏ အသက်နှစ်ရှစ်သိန်းပြည့်အောင်ပွဲခံပွဲဟု ခေါ်ဆိုကြလေသည်။

ပုံမှန်အခြေအနေအောက်မှာ ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်များသည် ဘဝသက်တမ်းနှစ်တစ်သန်းဝန်းကျင်ရှိကြသည်။

ယခု... ဘုရင်မြောက်ရိုးမက အသက်နှစ်ရှစ်သိန်းဖြစ်လာခဲ့ပြီး သူသည် သူ၏ အထွတ်အထိပ်အခြေအနေမှာ ဆက်လက်၍မရှိတော့ပေ။

ထိုသို့ဆိုလျှင်တောင် ဘုရင်မြောက်ရိုးမထံမှာ ကျဆင်းမှု သို့မဟုတ် အိုမင်းရင့်ရော်မှု တစ်စွန်းတစ်မှ မတွေ့ရပေ။

သူ၏ မျက်လုံးများကို မှိတ်ထားသော်လည်း ဘုရင်မြောက်ရိုးမသည် စဥ်းစားကြည့်၍မရနိုင်သော စွမ်းပကားတစ်ခုကို ထုတ်ဖော်ပြီး အရိုးဖြူပလ္လင်ထက်မှာ ထိုင်နေသည်။ ဤသည်က မရေမတွက်နိုင်သောအလောင်းများနှင့် သွေးများကို သူ့ခြေရင်းအောက်မှာ နင်းခြေတက်လှမ်းရင်း ဩဇာအာဏာကြီးမားသောနေရာတွင်အတန်ကြာအောင် နေထိုင်ပြီးမှ ရရှိနိုင်သော အော်ရာဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ်က ဘုရင်မြောက်ရိုးမထံ ရောက်ရှိသွားသည်။

ကောင်းကင်ဘုံကမ္ဘာ၏ သတ်မှတ်ချက်အရ ဤဘုရင်မြောက်ရိုးမသည် ကောင်းကင်လိုဏ်ဂူအကြီးတစ်ခုနှင့် အန္တိမအင်မော်တယ်ဘုရင်တစ်ပါးဖြစ်ပေမည်။

ဆီးနှင်းစိမ့်စမ်းငရဲတွင် ​ကျင့်ကြံရသည်က ခက်ခဲသည်ဟု ပြောဆိုကြခြင်းမှာ အခြေအမြစ်မရှိခြင်းဟုတ်ပုံမရပေ။

မြောက်ပိုင်းတောင်ကြောရိုးတစ်ခုလုံးကို အုပ်စိုးပြီး အထွတ်အထိပ်မှာရပ်​တည်နေသည့် ပညာရှင်တစ်ဦးပင်လျှင် အန္တိမအင်မော်တယ်ဘုရင်တစ်ပါးသာဖြစ်သည်။

တကယ်​ဆို သူသည် သူ၏ ကောင်းကင်လိုဏ်ဂူကို ပကတိအဆင့်ထိပင် မကျင့်ကြံရသေးပေ။

ရုတ်တရက်ဆိုသလို...။

ဘုရင်မြောက်ရိုးမက သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

ချောက်ချားစရာကောင်းသော အေးစက်စက်အလင်းနှစ်ခုက မှောင်မည်းနေသောအခန်းထဲကနေ ပစ်လွင့်ထွက်ပေါ်လာပုံရပြီး ဆိုးယုတ်၍ သွေးဆာရက်စက်သောအော်ရာတစ်ခုက ချက်ချင်းပင်ပျံနှံ့သွားသည်။

ဦးလေးချန်က အကြည့်ချင်းမဆုံရဲဘဲ အလောတကြီး ဦးညွှတ်လိုက်၏။

တောင်ပိုင်းတောအုပ်၏ သခင်လေးက ဘုရင်တောင်ပိုင်းတောအုပ်နောက်သို့ မကြာခဏလိုက်ပါဖူးပြီး ဤကဲ့သို့သော အန္တိမပညာရှင်များနှင့် ရင်းနှီးမှုရှိလေသည်။ သို့သော်လည်း သူသည် ဘုရင်မြောက်ရိုးမ၏ အော်ရာမှာ မှင်တက်သွားဆဲဖြစ်ပြီး ရင်တထိတ်ထိတ်ဖြစ်လာသည်။

သိုင်းတာအိုပင်မခန္ဓာကသာ အမူအရာကင်းမဲ့၍ သူ၏ အကြည့်က တည်ငြိမ်နေ၏။

“အ​ဖေ”

ထန်ချင်အာက ပြုံး၍အော်ခေါ်လိုက်၏။

ဘုရင်မြောက်ရိုးမ၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာပေါ်မှာ ခဏမျှရပ်တန့်သွားပြီးနောက် ထန်ချင်အာကို လှည့်ကြည့်လိုက်၏။ သူ၏ အမူအရာက ပျော့ပျောင်းသွားပြီး အပြုံးတစ်ခုကိုထုတ်ဖော်ကာ ညင်သာစွာခေါင်းညိတ်ပြလိုက်သည်။

“ချင်အာ... နင်ပြန်ရောက်လာပြီပဲ”

“ဟုတ်ကဲ့”

ထန်ချင်အာက ပြုံးပြလိုက်သည်။

“အဖေ... ကျွန်မက ရှင့်ရဲ့နှစ်ရှစ်သိန်းမွေးနေ့ဂုဏ်ပြုပွဲအတွက် လက်ဆောင်တချို့ ယူလာခဲ့တယ်”

“ချင်အာလေးက သိတတ်လိုက်တာ”

ဘုရင်မြောက်ရိုးမက ခေါင်းညိတ်ပြလိုက်၏။

ထန်ချင်အာက ဆက်ပြောလိုက်၏။

“ဒါနဲ့... အဖေ ကျွန်မနဲ့အတူ မိတ်ဆွေနှစ်ယောက်ခေါ်လာခဲ့တယ်”

“မင်္ဂလာပါ ဘုရင်မြောက်ရိုးမ... ကျုပ်က ရှန်းထူယင်ပါ”

တောင်ပိုင်းတောအုပ်၏ သခင်လေးက ရှေ့သို့အလောတကြီးတက်လှမ်းပြီး ရိုသေလေးစားသောအမူအရာဖြင့် နှုတ်ဆက်လိုက်၏။

“ရှန်းထူယင်”

ဘုရင်မြောက်ရိုးမက ပြောလိုက်သည်။

“တောင်ပိုင်းတောအုပ်ရဲ့သခင်လေး... မင်းအဖေရော ကျန်းမာရဲ့လား”

တောင်ပိုင်းတောအုပ်၏ သခင်လေးက အလောတကြီးပြောလိုက်သည်။

“ကျုပ်အဖေက ကျန်းမာရေးကောင်းပါတယ်... သူကလည်း ခင်ဗျားကိုသတိရနေတာ... ဒါပေမဲ့ သူကခင်ဗျားကိုလာပြီးတွေ့ဖို့ အခွင့်အရေးမရဘူးဖြစ်နေတယ်”

သူတို့နှစ်ယောက်က အလ္လာပသလ္လာပပြောဆိုလိုက်ကြ၏။

ဘုရင်မြောက်ရိုးမက ထန်ချင်အာနှင့် တောင်ပိုင်းတောအုပ်သခင်လေးကြားကိစ္စကို သိရှိထားပြီး ထိုသူကို အခက်တွေ့အောင် လုပ်မနေပေ။

သို့သော်လည်း သူက စိတ်အာရုံအနည်းငယ်ပျံ့လွင့်နေပုံရသည်။

အတိအကျဆိုရလျှင် ဘုရင်မြောက်ရိုးမ၏ စိတ်အာရုံသည် တောင်ပိုင်းတောအုပ်၏ သခင်လေးပေါ်မှာ လုံးဝရှိမနေပေ။ သူသည် သိုင်းတာအိုပင်မခန္ဓာကို အာရုံစိုက်နေဆဲဖြစ်သည်။

“နောက်ပြီး... ဒါက တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်ပဲ”

ထန်ချင်အာက သူတို့တစ်ယောက်နှင့်တစ်ယောက်ကြုံတွေ့ခဲ့သည့်ဖြစ်စဥ်ကို အတိုချုံးပြန်ပြောပြလိုက်သည်။

“အဖေ... ကျွန်မက အဖေ့နာမည်ကိုသုံးပြီး ဒီကိစ္စကို ဖြေရှင်းခဲ့တဲ့အတွက် ကျွန်မကိုစိတ်မဆိုးဘူးမလား”

“အဲဒါက ဘာမှမဖြစ်ပါဘူး... တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာသေဆုံးသွားတာက ဘာမှအရေးမပါဘူး”

ဘုရင်မြောက်ရိုးမက လက်ကာပြလိုက်သည်။

“သူတို့ရဲ့ ငရဲဘုရင်တချို့သေသွားမယ်ဆိုရင်တောင် အလောင်းတောင်ကြောရိုးက ဘာပြောနိုင်မှာလဲ”

ဘုရင်မြောက်ရိုးမက ခဏမျှရပ်တန့်ပြီးနောက် သိုင်းတာအိုပင်ပင်မခန္ဓာကိုကြည့်ကာ သူ၏ မျက်လုံးက ချောက်ချားစရာကောင်းသောအလင်းတစ်ခုဖြင့် တောက်ပလာပြီး သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုက ဆင်းသက်လာခဲ့သည်။

ဘုရင်မြောက်ရိုးမ၏ အတွေ့အကြုံအရ သူ၏ အကဲဖြတ်မှုသည် ထန်ချင်အာနှင့် အခြားသူများထက် ပိုမိုသာလွန်လေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ အတွင်းပိုင်းကို သူက မဖတ်နိုင်သော်လည်း သူသည် ငရဲ​​ဗိုလ်တစ်ဦး၏ အဆင့်မှာ သေချာပေါက်မဟုတ်သည်ကို သူက ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်သည်။

“မင်းက ကောင်းကင်ဘုံကမ္ဘာကလာတာ တကယ်ပဲလား”

ဘုရင်မြောက်ရိုးမက ဖြည်းဖြည်းချင်းမေးလိုက်၏။

“ဟုတ်တယ်”

ဘုရင်မြောက်ရိုးမ၏ စွမ်းပကားနှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်နေသည်။

“နောက်ပြီး ကျုပ်က ကောင်းကင်ဘုံကမ္ဘာကို ဘယ်လိုပြန်သွားရမလဲ ခင်ဗျားကို မေးချင်တယ်”

“မင်းဘယ်လိုတောင်အတင့်ရဲနေတာလဲ”

ဦးလေးချန်က အော်ငေါက်လိုက်၏။

“မင်းက ဘုရင်ကို ဦးမညွှတ်ဘဲ ဘယ်လိုတောင် ပြောဆိုရဲနေတာလဲ”

သိုင်းတာအိုပင်မခန္ဓာသည် အောက်ဘက်မှာမတ်တတ်ရပ်နေသော်လည်း သူက ခါးကိုမတ်ထားသည်။ သူက ဤအခန်းထဲသို့ ဝင်ရောက်လာပြီးကတည်းက သူသည် ဘုရင်မြောက်ရိုးမကို ဦးညွှတ်ခဲ့ခြင်းမရှိပေ။

စောစောက သူ၏ လေသံသည် မည်သည့်လေးစားမှုမှမရှိဘဲ သူနှင့်ရွယ်တူတန်းတူများအကြား အပြန်အလှန်ပြောဆိုနေသည့်အလားပင်။

ထန်ချင်အာပင်လျှင် သိုင်းတာအိုပင်မခန္ဓာအတွက် စိုးရိမ်မိသွားသည်။

သူမအဖေကို ဆန့်ကျင်မိမည်ဆိုလျှင် သူမသည် သိုင်းတာအိုပင်မခန္ဓာကို သေချာပေါက်ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

အခြားအရာများကို အသာထား သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံကမ္ဘာကလာသည့် အချက်ကပင် သူမအဖေအနေဖြင့် သူ့ကို သတ်ဖြတ်ဖို့က လုံလောက်နေပြီဖြစ်သည်။

“ဟားဟားဟားဟား...”

ရုတ်တရက် ဘုရင်မြောက်ရိုးမက ဟားတိုက်ရယ်မောလိုက်သည်။ သူ၏ ရယ်သံက နန်းတော်ထဲမှာ ပဲ့တင်ထပ်သွားပြီး လွှမ်းမိုးခြယ်လှယ်နိုင်သောအော်ရာတစ်ခုဖြင့် ပြည့်နှက်နေသည်။

ဘုရင်မြောက်ရိုးမက သိုင်းတာအိုပင်မခန္ဓာကို မကောင်းဆိုးဝါးဆန်ဆန်အပြုံးတစ်ခုဖြင့် ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။

“မင်းက ငရဲကမ္ဘာကို ရောက်လာတယ်ဆိုမှတော့ ဘယ်လိုလုပ်ပြန်သွားနိုင်တော့မှာလဲ”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူက ငရဲကမ္ဘာမှာ တကယ်ပဲပိတ်မိနေတော့မှာလား။

ငရဲကမ္ဘာနှင့် ငရဲကိုးခုဟုခေါ်ဆိုသောဤနေရာက မဟာဧကရာဇ်အနန္တနှင့် ပတ်သက်မှုရှိနေမလား။

သူ့ကိုတွန်းချခဲ့သည့် ဘုန်းကြီးအိုရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

သူ့ကို ငရဲကမ္ဘာမှာ ဒီအတိုင်းပိတ်မိနေစေရုံပဲလား။

ဘုန်းကြီးအိုသည် ငရဲကမ္ဘာနှင့် ဘယ်လိုပတ်သက်နေမလဲ။

သူ၏ စိတ်ထဲမှာ မေးခွန်းများစွာက ပေါ်ထွက်လာသည်။

ဘုရင်မြောက်ရိုးမက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်ပြီး ပြောလိုက်သည်။

“လူငယ်​လေး... မင်းက အတော်ကို ရဲတင်းတာပဲ... တခြားအချိန်မှာသာဆိုရင် မင်းက အခုချိန်မှာ ငါ့ခြေရင်းက အလောင်းတစ်လောင်းဖြစ်နေလောက်ပြီ”

“ဒါပေမဲ့... မင်းက ချင်အာခေါ်လာတဲ့ မိတ်ဆွေတစ်ယောက်ဆိုမှတော့ ငါမင်းကို တစ်ခါချမ်းသာပေးလိုက်မယ်”

“ကျေးဇူးတင်ပါတယ်အဖေ”

ထန်ချင်အာက စိတ်သက်သာစာသက်ပြင်းချပြီး အလောတကြီးပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမက သိုင်းတာအိုပင်မခန္ဓာကို အဓိပ္ပါယ်ပါပါကြည့်ပြီး ရှေ့သို့ခပ်မြန်မြန်တက်ကာ ကျေးဇူးတင်စကားပြောဖို့ အချက်ပြလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက အဲဒါကို လျစ်လျူရှုလိုက်သည်။

ယခုအချိန်မှာ သူသည် ဘုရင်မြောက်ရိုးမနှင့် ပိုမိုနက်ရှိုင်းသော ထိတွေ့ဆက်ဆံမှုတစ်ခုရရှိရန် ရှေ့သို့တက်လှမ်းကာ ပစ်ထိုးလိုက်လျှင်ကောင်းမလား စဥ်းစားနေပြီဖြစ်၏။

သို့သော်လည်း သူသည် ထန်ချင်အာ၏ စေတနာကို ထောက်ထားပြီး တိုက်ရိုက်မတိုက်ခိုက်နိုင်ပေ။

ဒါ့အပြင် ဘုရင်မြောက်ရိုးမ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲက နီးကပ်လာပြီဖြစ်ပြီး အဲဒါကို အလောတကြီးလုပ်စရာမလိုပေ။

သူ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲပြီးမှ ဘုရင်မြောက်ရိုးမကို လာရှာမည်ဆိုလျှင်လည်း နောက်ကျလိမ့်မည် မဟုတ်ပေ။

နောက်ပြီး ဘုရင်မြောက်ရိုးမ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲမှာ များပြားလှစွာသော အဖွဲ့အစည်းများနှင့် ပညာရှင်များက စုဝေးရောက်ရှိလာကြပေလိမ့်မည်။ သူသည် ပိုမိုသောသတင်းအချက်အလက်များကို သေချာပေါက်ရရှိနိုင်ပေလိမ့်မည်။

ဘုရင်မြောက်ရိုးမက သိုင်းတာအိုပင်မခန္ဓာကို မှင်သေသေဖြင့် တစ်ချက်ကြည့်လိုက်သည်။

“ငါ့ရဲ့... မွေးနေ့ဂုဏ်ပြုစားသောက်ပွဲက နီးကပ်နေပြီ... ငါစိတ်ကောင်းဝင်နေတယ်... ငါမင်းကို ဒီနေ့တော့ သည်းခံလိုက်မယ်”

“ဒါပေမဲ့... ငါမင်းကိုသတိပေးလိုက်မယ်... ဒါက ကောင်းကင်ဘုံကမ္ဘာမဟုတ်ဘူး... ငရဲက မင်းနေတဲ့ကောင်းကင်ဘုံကမ္ဘာထက် အဆတစ်ထောင်ပိုပြီးရက်စက်ကြမ်းတမ်းတယ်”

“ကောင်းကင်ဘုံကမ္ဘာရဲ့ရှင်သန်ရာပတ်ဝန်းကျင်က ငရဲကသက်ရှိတွေရဲ့မျက်လုံးထဲမှာ တည်ငြိမ်အေးချမ်းတဲ့ သုခဘုံတစ်ခုဖြစ်ကောင်းဖြစ်နေလိမ့်မယ်”

“ငရဲမှာ... မင်းက သတိတစ်ချက်ပေါ့တာနဲ့ အရိုးတောင်ကျန်မှာမဟုတ်ဘူး”

ခဏမျှရပ်တန့်ပြီးနောက် ဘုရင်မြောက်ရိုးမက သိုင်းတာအိုပင်မခန္ဓာကို မကောင်းဆိုးဝါးဆန်ဆန်အပြုံးနှင့် သွားဖြဲပြလိုက်သည်။

“လူငယ်လေး... ငရဲကနေ ကြိုဆိုပါတယ်”

ထိုအခိုက်အတန့်မှာ ငွေရောင်မျက်နှာဖုံးနှင့် ဤခရမ်းရောင်ဝတ်ကျင့်ကြံသူသည် ငရဲကမ္ဘာဆီ မည်ကဲ့သို့သောမုန်တိုင်းများကို သယ်ဆောင်လာမလဲ ဘုရင်မြောက်ရိုးမက မသိရှိသေးပေ။

အဲဒါထက် ဤလျှို့ဝှက်ဆန်းကြယ်သောလူငယ်၏ မုန်တိုင်းက ငရဲမှာ ဘယ်လောက်ကြီးမားကျယ်ပြန့်စွာ တိုက်ခတ်လာမလဲ သူကစဥ်းစားမကြည့်နိုင်ပေ။

ဘုရင်မြောက်ရိုးမ၏ စကားကို ကြားသောအခါ သိုင်းတာအိုပင်မခန္ဓာကလည်း ရယ်မောလိုက်၏။ သူက လက်သီးနှစ်ဖက်ကိုဆုပ်ပြီး တီးတိုးရေရွတ်လိုက်သည်။

“ငရဲရေ... အထီးကျန်သိုင်းသခင်ရောက်လာပြီ။”

All Chapters