ချေမှုန်းသုတ်သင်ခြင်း
Vol. 177 Ch. 2649
ခန်မ၏ ဝင်ပေါက်ဝမှ အစောင့်တပ်သားသည် လက်ဗလာနှင့် ဝင်ရောက်လာသော အလောင်းတောင်ကြောရိုး၏ ပိုင်နက်အရှင်ကို တားဆီးရဲခြင်းမရှိပေ။
ဤလူသည် မည်သို့ပင်ဆိုစေ မဟာတောင်ကြောရိုးဆယ်ခုထဲတစ်ခုမှ ပိုင်နက်အရှင်တစ်ပါးဖြစ်သည်။ ယခုသူသည် သူနှင့်အတူ ငရဲဘုရင်ရာချီကို ခေါ်ဆောင်လာပြီး သူတို့အုပ်စုသည် ခန်းမထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် မရေမတွက်နိုင်သောအကြည့်များကို ဆွဲဆောင်မိသွားသည်။
ငရဲဘုရင်ပညာရှင်ရာချီသည် အလောင်းတောင်ကြောရိုး၏ ငရဲဘုရင်များအားလုံး ဤနေရာသို့ ရောက်ရှိလာသည်ဟု အဓိပ္ပာယ်ရလေသည်။
ပုံမှန်အားဖြင့်ပြောရလျှင် သူတို့သည် ဘုရင်မြောက်ရိုးမကို ဂုဏ်ပြုဖို့ ဤနေရာသို့ တက်ရောက်လာကြသည်ဆိုလျှင်တောင် သူတို့အနေဖြင့် ဤကဲ့သို့ကြီးမားသော အင်အားတစ်ရပ်ကို စုဖွဲ့ကာ ဤကဲ့သို့ကြီးမားသော ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ်ကို ဖြစ်စေစရာ မလိုအပ်ပေ။
“မင်းက လူတွေအများကြီး ခေါ်လာတာလား”
ဘုရင်မြောက်ရိုးမက မျက်ခုံးပင့်ပြီး မေးလိုက်၏။
အလောင်းတောင်ကြောရိုး၏ ပိုင်နက်အရှင်က အသံထွက်၍ ရယ်မောလိုက်သည်။
“ဘုရင်မြောက်ရိုးမ... ခင်ဗျားက လူစုလူဝေးကို နှစ်သက်တယ်ဆိုတာ ကျုပ်သိတယ်လေ... အဲဒါကြောင့် ကျုပ်က လူတိုင်းကို တစ်ချက်လိုက်ကြည့်ပြီး ခင်ဗျားအတွက် ပျော်စရာမွေးနေ့ဆုတောင်းစကားပြောရအောင် လူတိုင်းကိုခေါ်လာခဲ့တာပဲ”
“အို...”
ဘုရင်မြောက်ရိုးမက မှင်သေသေဖြင့် မေးလိုက်သည်။
“ဒါက... မွေးနေ့ဂုဏ်ပြုပွဲဆိုမှတော့ မင်းက ငါ့အတွက် ဘာလက်ဆောင်ယူလာလဲ... ငါ့ကိုပြစမ်းပါဦး”
“ဟားဟားဟား...”
ရုတ်တရက် ခန်းမ၏ အပြင်ဘက်မှာ နှစ်ထောင်းအားရရှိသောရယ်မောသံက ထွက်ပေါ်လာသည်။
“ဘုရင်မြောက်ရိုးမ... မဟာငရဲတောင်ကြောရိုးဆယ်ခုက ခင်ဗျားအတွက်ကြီးမားတဲ့လက်ဆောင်တစ်ခုပြင်ထားပြီးပြီ... ခင်ဗျား သေချာပေါက်စိတ်ကျေနပ်အားရမှာပါ”
ထိုအသံနှင့်အတူ ပညာရှင်တစ်ဦးက ခန်းမထဲသို့ဝင်ရောက်လာ၏။
မဟာငရဲတောင်ကြောရိုးဆယ်ခုထဲမှ နောက်တစ်ခု... စိမ်းလန်းမီးတောက်တောင်ကြောရိုး၏ ဘုရင်များက ရောက်ရှိလာကြသည်။
စိမ်းလန်းမီးတောက်တောင်ကြောရိုး၏ ပိုင်နက်အရှင်နောက်ဘက်မှာလည်း ငရဲဘုရင်ရာနှင့်ချီရှိနေသည်။ သူတို့က ရန်လိုနေကြသည်မှာ သိသာနေ၏။
“မင်းတို့တွေပြောမှပဲ ငါက အဲဒါကို တွေ့မြင်ချင်လာပြီ”
ဘုရင်မြောက်ရိုးမ၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲပေါ်ထွက်လာသည်။
သူသည် နှစ်ရှစ်သိန်းကြာအောင် ရှင်သန်နေထိုင်ခဲ့ပြီး မုန်တိုင်းများအားလုံးကို တွေ့ကြုံဖြတ်ကျော်ခဲ့ဖူးလေသည်။
ယခုအချိန်မှာ အလောင်းတောင်ကြောရိုးနှင့် စိမ်းလန်းမီးတောက်တောင်ကြောရိုးသည် ခြိမ်းခြောက်ဖွယ်ရာပုံစံနှင့် ရောက်ရှိလာကြသည်။
သူတို့မှာ ကြီးမားသည့်ရည်ရွယ်ချက်တစ်ခုရှိနေသည်မှာ သိသာနေ၏။
ဘုရင်မြောက်ရိုးမက သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ချက်ချင်းပင် အသံတစ်ခုကိုပို့လွှတ်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လိုက်၏။
ထျန်ဟောက်က နားလည်သွားပြီး ပင်မခန်းမ၏ နောက်ဘက်သို့ ဆုတ်ခွာသွားလေသည်။ သူသည် မြောက်ပိုင်းရိုးမ၏ အင်အားစုများအားလုံးကို ပင်မခန်းမထဲမှာ စောင့်ကြပ်ရန် ခေါ်ယူစုဝေးဖို့ပြင်လိုက်သည်။
ဘုရင်မြောက်ရိုးမက မြောက်ပိုင်းရိုးမမှာ နှစ်ပေါင်းတစ်သိန်းကြာအောင် အုပ်စိုးလာခဲ့သည်။ ထိုအခြေခံအုတ်မြစ်နှင့်အတူ သူသည် မြောက်ရိုးမမြို့တော်မှာ ငရဲဘုရင်ပညာရှင်တစ်ထောင်ကို အချိန်မရွေးစုဖွဲ့နိုင်သည်။
တောင်ပိုင်းတောအုပ်၏ ငရဲဘုရင်တောင်ပိုင်းအမြုတေက ထိုသည်ကို တွေ့မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။
ကြည့်ရသည်မှာ ရုန်းရင်းဆန်ခတ်အခြေအနေများက မြောက်ပိုင်းရိုးမမှာ ဖြစ်ပွားလာတော့ပေမည်။
ဘုရင်မြောက်ရိုးမက ရုန်းရင်းဆန်ခတ်အခြေအနေမှာ ရှင်သန်နိုင်ပြီး အခြေအနေကို တည်ငြိမ်စေမည်ဆိုလျှင် သူ၏ ဩဇာတိက္ကမနှင့် ခွန်အားသည် သေချာပေါက် ဆပွားမြင့်တက်လာပေလိမ့်မည်။
သို့သော်လည်း သူက ကျရှုံး၍ အစားထိုးခံရမည်ဆိုလျှင်...။
ငရဲဘုရင်တောင်ပိုင်းအမြုတေက တောင်ပိုင်းတောအုပ်၏ သခင်လေးကို စူးစမ်းလိုသောအမူအရာဖြင့် ကြည့်လိုက်၏။
တောင်ပိုင်းတောအုပ်သခင်လေးက သူ၏ ခေါင်းကို ညင်သာစွာခါပြပြီး ဆက်လက်၍စောင့်ကြည့်ဖို့ သူတို့ကို အချက်ပြလိုက်၏။
သိပ်မကြာခင် မဟာငရဲတောင်ကြောရိုးဆယ်ခုထဲမှ ကျန်ရှိနေသောငရဲတောင်ကြောရိုးများက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြသည်။
မူကွဲမိစ္ဆာတောင်ကြောရိုး၊ ဝိညာဥ်မဲ့တောင်ကြောရိုး၊ ယင်လေတောင်ကြောရိုး၊ နဂါးအရိုးတောင်ကြောရိုး၊ သွေးမြူတောင်ကြောရိုး၊ ကောင်းကင်ဂြိုလ်ဆိုးတောင်ကြောရိုး၊ အမှောင်ထုတောင်ကြောရိုးနှင့် ဆီးနှင်းတောင်ကြောရိုးတို့သည် အရင်ဆုံး စစချင်းရောက်ရှိလာသော အလောင်းတောင်ကြောရိုးနှင့် စိမ်းလန်းမီးတောက်တောင်ကြောရိုးတို့နှင့် ထပ်ပေါင်းပါက မဟာငရဲတောင်ကြောရိုးဆယ်ခုစလုံးက ရောက်ရှိလာကြပြီဖြစ်၏။
မြောက်ရိုးမနန်းတော်၏ ပင်မခန်းမထဲမှာ လေထုသည် စည်ကားသိုက်မြိုက်၍ ပျော်ရွှင်စရာကောင်းခြင်းကနေ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ အငွေ့အသက်နှင့်တူ တည်ကြည်လေးနက်မှုအဖြစ် တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။
မဟာငရဲတောင်ကြောရိုးဆယ်ခု ဤနေရာမှာ စုဝေးရောက်ရှိလာခြင်းနှင့်အတူ ငရဲဘုရင်ပညာရှင်ထောင်ချီကလည်း ရောက်ရှိလာကြ၏။
ဤမျှများပြားသော ငရဲဘုရင်များရောက်ရှိလာခြင်းသည် ဘုရင်မြောက်ရိုးမ၏ မြင့်မားသောစွမ်းပကားကိုပင် ရင်ဆိုင်နိုင်သည့် ကြီးမားသောအော်ရာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
မြောက်ပိုင်းရိုးမ၏ အဖွဲ့အစည်းများအားလုံးက အခြေအနေအပြောင်းအလဲကို အာရုံခံမိနိုင်ကြသည်။
“ကြည့်ရတာတော့... ဘုရင်မြောက်ရိုးမရဲ့ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲက ဈာပနတစ်ခုအဖြစ် ပြောင်းလဲသွားတော့မယ်နဲ့တူတယ်”
“မြောက်ပိုင်းရိုးမမှာ မရေမတွက်နိုင်တဲ့သက်ရှိတွေက နေ့စဥ်နဲ့အမျှသေဆုံးပြီး မရေမတွက်နိုင်တဲ့ ပိုင်နက်တွေက ပိုင်ရှင်တွေပြောင်းလဲသွားခဲ့ကြတယ်.... ဘုရင်မြောက်ရိုးမက နှစ်တစ်သိန်းကြာအောင် မြောက်ပိုင်းရိုးမကို ဘယ်လိုအုပ်စိုးနိုင်မှာလဲ”
“ဟေး... အရင်တုန်းက ဘုရင်မြောက်ရိုးမက ဒီနယ်မြေမှာရှိတဲ့ မရေမတွက်နိုင်တဲ့ ပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေကို ဖိနှိမ်ဖျက်ဆီးပြီးမှ သူ့ရဲ့နေရာကို အခိုင်အမာရရှိလာခဲ့တာပဲ... မဟာငရဲတောင်ကြောရိုးဆယ်ခုစလုံးက ပူးပေါင်းထားမယ်ဆိုရင်တောင် သူတို့အနေနဲ့ ဘုရင်မြောက်ရိုးမကို လှဲချဖို့က လွယ်မှာမဟုတ်ဘူး”
ကျင့်ကြံသူများစွာက တိတ်တဆိတ်ဆွေးနွေးပြောဆိုလာကြပြီဖြစ်၏။
“အဖေ...”
စိုးရိမ်ပူပန်သောအမူအရာတစ်ခုနှင့်အတူ ထန်ချင်အာက မလှမ်းမကမ်းမှာရှိသော ဘုရင်မြောက်ရိုးမကို လှမ်းကြည့်လိုက်၏။
ဘုရင်မြောက်ရိုးမသည် တည်တံ့သောအမူအရာဖြင့် ခန်းမ၏ အလယ်မှာထိုင်နေပြီး သူထုတ်ဖော်ထားသော သတ်ဖြတ်လိုစိတ်က သိပ်သည်းအားကောင်းလာခဲ့၏။
“မဟာငရဲတောင်ကြောရိုးဆယ်ခုက အားလုံးပဲ ရောက်လာကြပြီဆိုတော့... မင်းတို့ရဲ့ ဂုဏ်ပြုလက်ဆောင်ကို ငါ့ကိုပြစမ်းပါဦး”
ဘုရင်မြောက်ရိုးမက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်ပြီး ထူထဲသော ဆိုးယုတ်သွေးချီက ဖြန့်ကြက်ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်အတွင်းမှာ ရှေးကျသော ကြမ်းကြုတ်တောကောင်တစ်ကောင် နိုးထလာသည့်အလားပင်။
မည်သို့ပင်ဆိုစေ... ဘုရင်မြောက်ရိုးမသည် မြောက်ပိုင်းရိုးမကို အုပ်စိုးလာခဲ့သည်မှာ နှစ်တစ်သိန်းကြာသွားခဲ့ပြီဖြစ်သည်။ သူ၏ လက်က အဆုံးမဲ့သွေးများနှင့် စွန်းထင်းနေပြီး သူသည် အလောင်းတောင်များနှင့် သွေးပင်လယ်များကို နင်းဖြတ်ကျော်လာခဲ့သည်။ သာလွန်ထူးကဲခြင်း၏ ထိုစွမ်းအားသည် မဟာငရဲတောင်ကြောရိုးဆယ်ခု၏ ပိုင်နက်အရှင်များ ယှဥ်နိုင်သည့်တစ်စုံတစ်ရာမဟုတ်ပေ။
“ဘုရင်မြောက်ရိုးမ... ခင်ဗျားက ဒီနေရာကို သိမ်းပိုက်ထားခဲ့တာ အရမ်းကိုကြာသွားပြီ”
စိမ်းလန်းမီးတောက်တောင်ကြောရိုး၏ ပိုင်နက်အရှင်က နောက်ဆုံးမှာ ဖြည်းဖြည်းချင်း အေးစက်စွာပြောလိုက်၏။
အလောင်းတောင်ကြောရိုး၏ ပိုင်နက်အရှင်က ဆက်ပြောလိုက်သည်။
“ခင်ဗျားက အသက်နှစ်ရှစ်သိန်းတောင်မှ ရောက်လာခဲ့ပြီ... ခင်ဗျားက ခင်ဗျားရဲ့အထွတ်အထိပ်အရွယ်မှာ ဆက်မရှိတော့ဘူးဆိုတာကိုတောင် နားမလည်သေးဘူးနဲ့တူတယ်”
“ဟားဟားဟားဟား...”
ဘုရင်မြောက်ရိုးမက ကြောက်မက်ဖွယ်ရာ အမူအရာဖြင့် ဟားတိုက်ရယ်မောလိုက်၏။
“ငါ့အသက်က နှစ်ရှစ်သိန်းကိုရောက်နေပြီဆိုရင်တောင် မင်းတို့တွေက ငါ့ကိုစိန်ခေါ်နိုင်မှာမဟုတ်ဘူး”
ဘုရင်မြောက်ရိုးမမှာ တကယ်ပင်ယုံကြည်မှုရှိနေ၏။
သူသည် အသက်နှစ်ရှစ်သိန်းရှိလာခဲ့ပြီဖြစ်သော်လည်း သူသည် တစ်ခါကအန္တိမဂမ္ဘီရဆေးတစ်မျိုးကို ရရှိထားခဲ့ပြီး တိုက်ခိုက်ရည်ခွန်အားများစွာကို ဆုံးရှုံးရခြင်းမရှိဘဲ သူ၏ အထွတ်အထိပ်သွေးချီကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
ဒါ့အပြင် သူသည် ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဝင်ရောက်ဖို့ ခြေတစ်လှမ်းသာလိုတော့သည်။
ကြီးမားသောတိုက်ပွဲတစ်ခုကဖြစ်ပွားပြီး သူက နောက်ဆုံးမှာ ရှုံးနိမ့်သွားမည်ဆိုလျှင်တောင် သူသည် မဟာငရဲတောင်ကြောရိုးဆယ်ခုကို ဒဏ်ရာအပြင်းအထန်ရရှိစေပြီး တစ်ဘက်အဖွဲ့ကို မခံမရပ်နိုင်သောတန်ဖိုးတစ်ခု ပေးဆပ်စေရဖို့ ယုံကြည်မှုရှိလေသည်။
“ဘုရင်မြောက်ရိုးမ...”
မူကွဲမိစ္ဆာတောင်ကြောရိုး၏ ပိုင်နက်အရှင်က ကျယ်လောင်စွာ ထုတ်ဖော်ကြေညာလိုက်သည်။
“ခင်ဗျားအတွက် ကျုပ်တို့ပြင်ပေးထားတဲ့ ဂုဏ်ပြုလက်ဆောင်ကတော့ ခင်ဗျားတစ်မိသားစုလုံးရဲ့သွေးနဲ့ ပျော်ရွှင်စရာမွေးနေ့ဆုတောင်းစကားပဲ”
“မင်းဘယ်လိုတောင်အတင့်ရဲတာလဲ”
ဘုရင်မြောက်ရိုးမက ဒေါသချောင်းချောင်းထွက်သွားပြီး သူ၏ သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်ပေါ်လာ၏။ သူက မူကွဲမိစ္ဆာတောင်ကြောရိုး၏ ပိုင်နက်အရှင်ကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး အချိန်မရွေးတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေ၏။
သူသည် မြောက်ပိုင်းရိုးမ၏ ငရဲဘုရင်ပညာရှင်များကို စုစည်းဖို့ ထန်ဟောက်ကို ညွှန်ကြားထားခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဤမျှကြာမြင့်ပြီးတာတောင် ထန်ဟောက်က ယခုအချိန်ထိ ပြန်ရောက်မလာသေးပေ။
ထိုအချက်က သူ့ကို မအီမသာနှင့် စိုးရိမ်ပူပန်မှု ခံစားရစေသည်။ ထို့ကြောင့်ပင် သူက တစ်ချိန်လုံး မတိုက်ခိုက်သေးခြင်းဖြစ်လေသည်။
မဟုတ်ပါက သူ၏ စိတ်နေစရိုက်အရ သူသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့သည်မှာ ကြာနေလောက်လေပြီ။
မြောက်ပိုင်းရိုးမ၏ အခြားသောအဖွဲ့အစည်းများမှ ပညာရှင်များသည် မူကွဲမိစ္ဆာတောင်ကြောရိုးပိုင်နက်အရှင်၏ စကားကို ကြားသောအခါ တုန်လှုပ်သွားကြ၏။
အစကတော့ မဟာငရဲတောင်ကြောရိုးဆယ်ခုမှ ပိုင်နက်အရှင်များသည် ဘုရင်မြောက်ရိုးမကို နန်းစွန့်ရန် ဖိအားပေးမှုနှင့် နောက်ဆုံး တိုက်ခိုက်လိုရုံမျှသာဖြစ်မည်ဟု သူတို့က တွေးထားခဲ့ကြသည်။
သို့သော် ယခုအခါ ကြည့်ရသည်မှာ မဟာငရဲတောင်ကြောရိုးဆယ်ခုမှ ပိုင်နက်အရှင်များသည် ဘုရင်မြောက်ရိုးမ၏ မျိုးဆက်တစ်ခုလုံးကို ချေမှုန်းသုတ်သင်ချင်နေပုံရလေသည်။
“သူတို့တွေက သူ့ရဲ့မိသားစုကို ချေမှုန်းသုတ်သင်ဖို့ ကြိုးစားနေတာလား... ဘယ်လောက်တောင် ရက်စက်ကြမ်းတမ်းလိုက်လဲ”
“မင်းက တော်တော်ရိုးတာပဲ... ဒီလိုမျိုးနက်ရှိုင်းတဲ့သွေးကြွေးရန်စနဲ့ဆိုရင် သူတို့က အမြစ်ပြတ်မချေမှုန်းဘူးဆိုရင် နောက်ပိုင်းမှာ ဘယ်လိုကပ်ဘေးတစ်ခုပေါ်ထွက်လာမလဲဆိုတာ ဘယ်သူသိမှာလဲ... စိတ်အချရဆုံးနည်းလမ်းကတော့ တစ်မိသားစုလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်တာပဲ”
ဝိညာဥ်မဲ့တောင်ကြောရိုး၏ ပိုင်နက်အရှင်ကပြောလိုက်သည်။
“ဘုရင်မြောက်ရိုးမ... ခင်ဗျားရဲ့ အသက်နှစ်ရှစ်သိန်း မွေးနေ့ဂုဏ်ပြုပွဲက ခင်ဗျားရဲ့ထန်မိသားစု ချေမှုန်းသုတ်သင်ခံရတဲ့ အမှတ်ရနေ့ဖြစ်လာလိမ့်မယ်”
ထိုအခိုက်အတန့်မှာ မဟာငရဲတောင်ကြောရိုးဆယ်ခုစလုံးက သူတို့၏ စိတ်ဆန္ဒကများကို ဆက်လက်၍ ဖုန်းကွယ်မထားကြတော့ပေ။
ငရဲဘုရင်ထောင်ချီက အချိန်မရွေးတိုက်ခိုက်ဖို့နှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကိုစတင်ဖို့ ပြင်လာကြသည်။
မြောင်ပိုင်းရိုးမ၏ အမျိုးမျိုးသောအဖွဲ့အစည်းများက ထိုသည်ကို တွေ့မြင်သောအခါ သူတို့သည် ခန်းမထဲကနေ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြသည်။ သူတို့ပါ ရောပါငြိစွန်းသတ်ဖြတ်ခံရမည်ကို စိုးရိမ်လာကြ၏။
ငရဲဘုရင်များချင်း မဟာတိုက်ပွဲတစ်ခုသည် သေချာပေါက် အရမ်းကို ချောက်ချားစရာကောင်းနေပေလိမ့်မည်။
တိုက်ပွဲက ဖြစ်ပွားပြီး ကောင်းကင်လိုဏ်ဂူများ ထိတွေ့ရိုက်ခတ်ကာ တစ်ခုကိုတစ်ခု ဝါးမျိုသည်နှင့် ငရဲဗိုလ်များကို မပြောနှင့် မရေမတွက်နိုင်သော ငရဲဘုရင်များပင်လျှင် ဖိခြေဖျက်ဆီးသတ်ဖြတ်ခံရပေလိမ့်မည်။
“မင်းတို့က ငါ့ရဲ့ထန်မိသားစုကို ဖျက်ဆီးချင်တာလား”
ဘုရင်မြောက်ရိုးမ၏ အမူအရာက ထက်ရှလာပြီး သူက အေးစက်စွာ ပြောလိုက်သည်။
“ငါ့ရဲ့ထျန်မိသားစုက တောင်ပိုင်းတောအုပ်နဲ့ မဟာမိတ်ဖွဲ့လက်ထပ်ပွဲပြုလုပ်တော့မှာပဲ... မင်းတို့တွေက ငါ့ရဲ့အဆင့်အတန်းကို စိန်ခေါ်ရဲတယ်ဆိုရင် မင်းတို့တွေက ဘုရင်တောင်ပိုင်းတောအုပ်ကို ဆန့်ကျင်တာနဲ့လည်း အတူတူပဲ”
“အို...”
ပိုင်နက်အရှင်ဆယ်ဦး၏ အကြည့်များက သူတို့၏ မျက်လုံးများထဲရှိ ရွှတ်နောက်အကြည့်တစ်ခုနှင့်အတူ တောင်ပိုင်းတောအုပ်၏ သခင်လေးပေါ်သို့ ဆင်းသက်ရောက်ရှိလာကြသည်။
ချက်ချင်းပင် တောင်ပိုင်းတောအုပ်၏ သခင်လေးက သိပ်သည်းပြင်းထန်ကြီးမားသော အင်အားတစ်ရပ်ကို ခံစားလာရ၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် သူသည် ထန်ချင်အာနှင့် စေ့စပ်ခဲ့ပြီးပြီဖြစ်သောကြောင့် ဘုရင်မြောက်ရိုးမဘက်မှာ ရပ်တည်သင့်လေသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ စိတ်ထဲတွင် နောက်ထပ်မေးခွန်းတစ်ခုရှိနေ၏။
မဟာငရဲတောင်ကြောရိုးဆယ်ခုသည် ဘုရင်မြောက်ရိုးမကို ပုန်ကန်ဖို့ ပူးပေါင်းလာနိုင်ခဲ့သည်မှာ ဤကိစ္စတွင် အခြားသောအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေမလား။
ဒါမှမဟုတ် မြောက်ပိုင်းရိုးမမှာ ပညာရှင်တချို့ပေါ်ထွက်လာပြီး သူတို့က ဘုရင်မြောက်ရိုးမကို ဖိနှိမ်ဖို့ ယုံကြည်မှုကောင်းကောင်းရှိနေတာလား။
“တောင်ပိုင်းတောအုပ်ရဲ့သခင်လေး... မင်းက ထန်မိသားစုနဲ့ မဟာမိတ်ဖွဲ့လက်ထပ်ပွဲ ပြုလုပ်တော့မယ်လို့ငါကြားတယ်... အဲဒါဟုတ်လား”
ထိုစဥ်မှာပင် ခန်းမ၏ အပြင်ဘက်ကနေ နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာလေသည်။