ဆီးနှင့်စိမ့်စမ်းများကို ပြာချပစ်ခြင်း
Vol. 177 Ch. 2654
အစကတော့ မင်ဖုန့်သည် ကိုယ်တိုင်တိုက်ခိုက်ဖို့ စိတ်ကူးမရှိခဲ့ပေ။ သို့သော်လည်း တိုက်ပွဲဖြစ်ပွားလာသည့်ခဏမှာပင် တမလွန်ဘုရင် သုံးဦးက သေဆုံးသွားပြီး သူ့ကို ဒေါသချောင်းချောင်း ထွက်သွားစေသည်။
“သတ်…”
မင်ဖုန့်က လေထဲသို့ ခုန်တက်ပြီး ဟိန်းဟောက်လိုက်၏။
“မျိုးဆက်သွေးနယ်မြေ”
ဝေါ…
မင်ဖုန့်၏ မျိုးဆက်သွေးက လည်ပတ်လာပြီး ၎င်း၏ အကန့်အသတ်အထိ ချက်ချင်းပင် မြှင့်တင်လိုက်သည်။ ဧရာမစိမ့်စမ်းတစ်ခုက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး အေးစက်နေသော စိမ့်စမ်းရေနယ်မြေဖြစ်စဉ်က လျှံထွက်လာခဲ့သည်။
ကျန်ရှိနေသော တမလွန်ဘုရင်တချို့ကလည်း ပေါ့ပေါ့ဆဆ မပြုမူရဲတော့ဘဲ သူတို့၏ မျိုးဆက်သွေးနယ်မြေ ဆီးနှင်းစိမ့်စမ်းများကို ထုတ်ဖော်လိုက်ကြသည်။ သူတို့က သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်လာကြလေသည်။
ရှေးဟောင်းတမလွန်မျိုးနွယ်၏ မျိုးဆက်သွေးသည် စွမ်းအားကြီးမားနေသည်မှာ သူတို့သည် ဆီးနှင်းစိမ့်စမ်းများကနေ မွေးဖွားပေါ်ထွက်လာပြီး သူတို့၏ မျိုးဆက်သွေးများမှာ ဆီးနှင်းစိမ့်စမ်း၏ စွမ်းအားပါဝင်နေသောကြောင့်ဖြစ်သည်။
မျိုးဆက်သွေးနယ်မြေသည် အစစ်အမှန်ငရဲဆီးနှင်းစိမ့်စမ်းများကို မစုဖွဲ့နိုင်သော်လည်း မျိုးဆက်သွေးနယ်မြေသက်သက်ကပင် လုံလောက်အောင် စွမ်းအားကြီးမားနေပြီဖြစ်သည်။
ဘုရင်မြောက်ရိုးမ၏ ကောင်းကင်လိုဏ်ဂူပင်လျှင် စောစောက အေးခဲသွားခဲ့ရသည်။
သို့သော် ယခု မင်ဖုန့်က ဦးဆောင်လာရင်း တမလွန်ဘုရင် ပညာရှင် ၁၁ ဦးက တစ်ချိန်တည်းမှာ ငရဲဆီးနှင်းစိမ့်စမ်း မျိုးဆက်သွေးနယ်မြေများကို ထုတ်ဖော်လိုက်ပြီး ခန်းမတစ်ခုလုံးရှိ အပူချိန်က အောက်သို့ထိုးဆင်းကာ စွမ်းပကားကြီးမားသော အင်အားတစ်ရပ်က ပေါက်ကွဲထွက်ပေါ်လာသည်။
ဘုရင်မြောက်ရိုးမ၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်သော အကြည့်တစ်ခု ဖျတ်နဲပေါ်ထွက်လာ၏။
သူသည် ထိုစွမ်းအားကို မည်သို့မှ မခုခံနိုင်ပေ။
ဆီးနှင်းစိမ့်စမ်း မျိုးဆက်သွေးနယ်မြေ ၁၁ ခုက တစ်ချိန်တည်းမှာ ဆင်းသက်လာခဲ့သည်။ သူက တူညီသောနေရာမှာ ရှိနေပြီးဆိုလျှင် သူ၏ ကောင်းကင်လိုဏ်ဂူအကြီးနှင့်ပင်လျှင် ချက်ချင်းပင် သေသည့်တိုင်အောင် အေးခဲသွားပေလိမ့်မည်။
ဟမ့်…
သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်ပြီး ရှောင်တိမ်းခြင်းမရှိဘဲ လေထဲမှာ မတ်တပ်ရပ်နေသည်။ ရုတ်တရက် သူ၏ နက်ရှိုင်းသော မျက်လုံးထဲကနေ ခရမ်းရောင်မီးတောက်နှစ်ခု လောင်ကျွမ်းလာခဲ့သည်။
ဘန်း… ဘုန်း…
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သွေးချီကို ထုတ်ဖော်ပြီး သူ၏ ခန္ဓာကိုယ်ကနေလည်း ကမ်းခြေကို ပြင်းထန်စွာ ရိုက်ခတ်လာသည့် ဒေါသူပုန်ထနေသော ဒီရေလှိုင်းများ၏ အသံက ထွက်ပေါ်လာသည်။
သွေးချီက သန်မာလွန်းပြီး လူတိုင်းက သူတို့၏ မျက်လုံးများကို မှိတ်ချလိုက်သည်နှင့် ပင်မခန်းမတစ်ခုလုံးသည် ကျယ်ပြောသော ပင်လယ်ပြင်ထဲမှာ နစ်မြုပ်သွားသည့်အလား သူတို့က ခံစားရပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာ၏ သွေးချီက ချစ်ချစ်တောက် အပူလှိုင်းတစ်ခုကို ဖြာထုတ်ပေးနေသည်။ ဘေးပတ်ဝန်းကျင်မှာရှိသော လေဟာနယ်က ထိုအပူလှိုင်းကြောင့် တွန့်လိမ်လုနီးပါးဖြစ်သွားပြီး တမလွန်ချီက လောင်ကျွမ်းပြာကျသွားခဲ့ပြီဖြစ်သည်။
ငရဲဆီးနှင်းစိမ့်စမ်း ၁၁ ခုက တလိပ်လိပ်တိုးဝင်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ကနေ ဖြာထွက်လာသော အပူချိန်မြင့်မား လေလှိုင်းလုံးများကြားသို့ တိုးဝင်သွားလေသည်။
အပူနှင့်အအေး အဆုံးစွန်စွမ်းအားနှစ်ခုက ထူးဆန်းသော အသံတစ်ခုနှင့်အတူ ထိတွေ့ရိုက်ခတ်သွားကြသည်။
“ရှဲ... ရှဲ... ရှဲ...”
ငရဲဆီးနှင်းစိမ့်စမ်း ၁၁ ခုသည် ဆက်လက်၍ မတိုးဝင်နိုင်တော့ဘဲ သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားကြီးမားသော သွေးချီဖြင့် တားဆီးခြင်းခံရကာ မီးခိုးဖြူများ အူထွက်လာသည်။
ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။
ဤအပြင်လူ၏ သွေးချီက သန်မာလွန်းပြီး သူသည် ရှေးဟောင်းတမလွန်မျိုးနွယ်၏ မျိုးဆက်သွေးနယ်မြေနှင့်ပင် ဆန့်ကျင်တိုက်ခိုက်နိုင်လေသည်။
ဒါ့အပြင် သူသည် ငရဲဆီးနှင်းစိမ့်စမ်း ၁၁ ခုကို တစ်ဦးတည်း ခုခံရင်ဆိုင်နေခြင်းဖြစ်သည်။
ကျင့်ကြံသူများ၏ မှတ်ဉာဏ်များထဲမှာ ဤသည်က ကောင်းကင်ဘုံကို ဖီဆန်ပြီး မဖြစ်နိုင်သောအရာဖြစ်သည်။
ရှေးဟောင်းတမလွန်မျိုးနွယ်၏ မျိုးဆက်သွေးကို ရင်ဆိုင်ခုခံနိုင်သောသူများက ရှေးဟောင်းတမလွန်မျိုးနွယ်မှ သူများသာ ဖြစ်ပေလိမ့်မည်။
သို့သော် ယခု သိုင်းတာအိုပင်မခန္ဓာ၏ ပေါ်ထွက်လာမှုသည် ငရဲမှ သက်ရှိများ၏ နားလည်နိုင်စွမ်းကို ချိုးဖျက်လိုက်လေသည်။
ဗွက်.. ဗွက်…
နှစ်ဖက်စလုံးက မျှခြေမှာ လွန်ဆွဲနေကြသည်။ အသက်နှစ်ရှိုက် သုံးရှိုက်ခန့်စာမှာပင် ငရဲဆီးနှင်းစိမ့်စမ်း ၁၁ ခုက စတင်၍ ဆူပွက်လာခဲ့သည်။
ငရဲဆီးနှင်းစိမ့်စမ်းများကို လောကမှာရှိသော အအေးဆုံးရေများအဖြစ် လူသိများကြသည်။
သို့သော် ယခု သူတို့သည် အခြားတစ်ယောက်၏ သွေးချီကြောင့် ဆူပွက်လာရသည်။ သူတို့က အဲဒါကို သူတို့မျက်စိနှင့် ကိုယ်တိုင်မြင်တွေ့ခြင်းမှ မဟုတ်လျှင် ဘယ်သူက ယုံကြည်မိပါ့မလဲ။
“အားလုံးပဲ မင်းတို့ရဲ့ အစွမ်းကုန်နဲ့ တိုက်ခိုက်ကြ… ဒီကောင်လေးကို သတ်ဖြတ်ရမယ်”
မင်ဖုန့်က အော်ငေါက်လိုက်ပြီး သူ၏ ကောင်းကင်လိုဏ်ဂူအကြီး၏ မျိုးဆက်သွေးနယ်မြေကို ဆင့်ခေါ်ကာ ငရဲဆီးနှင်းစိမ့်စမ်းကို ဆက်လက်၍ လှည့်ပတ်လိုက်သည်။
သူ့နောက်မှာရှိသော လေဟာနယ်က ရုတ်တရက် ပြိုကျသွားပြီး မှောင်မိုက်၍ နက်မှောင်နေသော ကောင်းကင်လိုဏ်ဂူတစ်ခုက ပေါ်ထွက်လာကာ မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးလာ၏။
ကောင်းကင်လှိုင်ဂူ ၁၁ ခုက ဆီးနှင်းစိမ့်စမ်း မျိုးဆက်သွေးနယ်မြေ ၁၁ ခုနှင့်အတူ တစ်ချိန်တည်းမှာ ဖိခြေကျဆင်းလာခဲ့သည်။
“အဲဒါက အစစ်အမှန်ငရဲဆီးနှင်းစိမ့်စမ်းတွေလားလို့ ငါက နည်းနည်းလောက် စိတ်ဝင်စားနေတာ”
သိုင်းတာအိုပင်မခန္ဓာက သူ့ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
“ဒါပေမဲ့ ဒါတွေက အားနည်းလွန်းတဲ့ မျိုးဆက်သွေးနယ်မြေလေးတွေ ဖြစ်နေတာပဲ”
ထိုသို့ပြောလိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက သူ၏ သွေးချီကို အကန့်အသတ်အထိ လှည့်ပတ်လိုက်ပြီး သူက နေရာမှာတင် ပျောက်ကွယ်သွားပုံရကာ ဧရာမမီးဖိုတစ်ခုလုံးက အစားထိုးဝင်ရောက်လာသည်။
မီးဖိုထဲမှာ မတူညီသော မီးတောက်တချို့က တောက်လောင်နေသည်။
သိုင်းစိတ်ဝိညာဉ်မီး၊ နဂါးဖီးနစ်မီးတောက်၊ ကပ်ဘေးမီး၊ အနီရောင်ကြာပန်းကြမ္မာမီးနှင့် ငရဲမီး။
မီးတောက်ငါးမျိုးက တစ်ချိန်လုံး လောင်ကျွမ်းနေပြီး မီးဖိုကို လောင်ကျွမ်းနီရဲလာစေခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးနယ်မြေ၊ ကောင်းကင်နှင့်မြေကြီးမီးဖို။
“ရှဲ...”
မင်ဖုန့်နှင့် အခြားသူများ၏ ငရဲဆီးနှင်းစိမ့်စမ်းများက သိုင်းတာအိုပင်မခန္ဓာ၏ သွေးချီကိုပင် မချိုးဖျက်နိုင်ဘဲ ကောင်းကင်နှင့်မြေကြီးမီးဖို၏ ရိုက်ခတ်မှုကို မခုခံနိုင်ကြပေ။
တစ်ခဏချင်းမှာပင် ငရဲဆီးနှင်းစိမ့်စမ်း ၁၁ ခုက ဘာမှမကျန်အောင် အငွေ့ပျံသွားခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက သန်မာလာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီးမီးဖို၏ စွမ်းအားကလည်း မြင့်တက်လာခဲ့သည်။
သူတို့၏ ကောင်းကင်လိုဏ်ဂူများကို အချိန်မီ မထုတ်ဖော်နိုင်ခဲ့သည့် တမလွန်ဘုရင်ပညာရှင်တချို့သည် ဆီးနှင်းစိမ့်စမ်း မျိုးဆက်သွေးနယ်မြေများ အငွေ့ပျံသွားပြီးနောက် ကောင်းကင်နှင့်မြေကြီးမီးဖိုထဲသို့ လုံးလုံးလျားလျား ကျရောက်သွားလေသည်။
တမလွန်ဘုရင်တချို့သည် အသက်ရှူချိန်အနည်းငယ်မှာပင် ကောင်းကင်နှင့်မြေကြီးမီးဖိုဖြင့် ပြာချသန့်စင်ခြင်းခံလိုက်ရပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ပျက်စီးသွားသည်။
မင်ဖုန့်တစ်ဦးတည်းသာ သူ၏ ကောင်းကင်လိုဏ်ဂူကို ထုတ်ဖော်ထားတာတောင် သူ့ကျင့်ကြံမှုနယ်ပယ်၏ အကန့်အသတ်ကြောင့် ၎င်းသည် ကောင်းကင်လိုဏ်ဂူအကြီးတစ်ခုသာဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးမီးဖို၏ ရိုက်ခတ်မှုကို ကောင်းကောင်းမခုခံနိုင်ပေ။
အခြားသော ကောင်းကင်လိုဏ်ဂူအသေးများအားလုံးက ဒေါသူပုန်ထနေသော မီးတောက်များနှင့်အတူ လောင်ကျွမ်းသွားခဲ့သည်။
အစက မှောင်မိုက်၍ မကောင်းဆိုးဝါးဆန်သော ကောင်းကင်လိုဏ်ဂူအသေးများသည် ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်နေသော မီးတောက်များဖြင့် ပြည့်နှက်လာခဲ့သည်။
သူတို့က အတွင်းအပြင် လောင်ကျွမ်းနီရဲလာပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်ကာ အချိန်မရွေး လဲပြိုကျသွားနိုင်သည်။
သိုင်းတာအိုပင်မခန္ဓာက သူ၏ မျိုးဆက်သွေးနယ်မြေ၊ ကောင်းကင်နှင့်မြေကြီးမီးဖိုကို ထုတ်ဖော်ပြီးနောက် တမလွန်ဘုရင်ပညာရှင် ၁၁ ဦး၏ တိုက်ခိုက်မှုများက ချက်ချင်းပင် တစ်စစီပြိုကွဲကာ သူတို့သည် ပြင်းထန်ကြမ်းတမ်းသည့် ပျက်စီးထိခိုက်မှုများကို ကြုံတွေ့ခံစားလိုက်ရသည်။
မင်ဖုန့်တစ်ဦးတည်းသာ သူ၏ ကောင်းကင်လိုဏ်ဂူအကြီးနှင့်အတူ သူ့ကိုယ်သူ အနိုင်နိုင်ကာကွယ်ထားနိုင်လေသည်။
အခြားသော တမလွန်ဘုရင် ပညာရှင်များက သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်ကုန်ကြလေပြီ။ သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး သူက အချိန်မရွေး နေရာမှာပင် သေဆုံးသွားနိုင်သည်။
ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ထားရုံသာဖြစ်ပြီး သူက အမှန်တကယ် တန်ပြန်တိုက်ခိုက်ခြင်း မရှိသေးပေ။
ဟာ…
ကျင့်ကြံသူများအားလုံးက တုန်လှုပ်သွားကြသည်။
ဘုရင်မြောက်ရိုးမ၏ မျက်လုံးနှစ်ဖက်ကလည်း မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။
ရှေးဟောင်းတမလွန်မျိုးနွယ်၏ တမလွန်ဘုရင်ပညာရှင် ၁၁ဦးထဲ ထက်ဝက်ကျော်က အထီးကျန်သိုင်းသခင်၏ မျိုးဆက်သွေးနယ်မြေတစ်ခုတည်းဖြင့် သတ်ဖြတ်ခံလိုက်ရသည်။
အထီးကျန်သိုင်းသခင်၏ ကြောက်မက်ဖွယ်ရာကောင်းမှုသည် ဘုရင်မြောက်ရိုးမ၏ စဉ်းစားတွေးတောနိုင်စွမ်းထက်ပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။
အခြားတစ်ဖက်မှာ တောင်ပိုင်းတောအုပ်၏ သခင်လေးက ဖြူဖပ်ဖြူရော်နှင့် စိုးရိမ်ပူပန်သော အမူအရာနှင့်အတူ တံတွေးကို အလျင်စလို မြိုချနေ၏။
သူတို့လာရာလမ်းမှာ သူနှင့်ထန်ချင်အာ ကြုံတွေ့ခဲ့သည့် ဤအပြင်လူသည် ဤမျှအထိ စွမ်းအားကြီးမားနေလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
သူ၏ မျက်လုံးထဲမှာ ဤတမလွန်ဘုရင်ပညာရှင်များသည် အထွတ်အထိပ်မှာ ကြီးစိုးပြီး တားဆီး၍မရနိုင်သူများ ဖြစ်ကြသည်။ သို့သော်လည်း သူတို့၏ အသက်များသည် အထီးကျန်သိုင်းသခင်၏ လက်ထဲမှာ တန်ဖိုးမဲ့နေလေသည်။
“မင်းတို့တွေက ဘာကိုရပ်ပြီး စောင့်ကြည့်နေကြသေးတာလဲ”
မင်ဖုန့်က အခြေအနေကို ထိန်းထားရင်း မဟာငရဲတောင်ကြောရိုး ၁၀ ခုမှ ပိုင်နက်အရှင်များဘက်သို့လှည့်ကာ အော်ငေါက်လိုက်သည်။
“အားလုံးပဲ တိုက်ခိုက်ကြတော့လေ”
“ဒီလူက ဒီနေ့မသေလို့ ငရဲအရှင်က ငါတို့ကို အပြစ်တင်မယ်ဆိုရင် မင်းတို့တွေလည်း သေရလိမ့်မယ်”
ပိုင်နက်ရှင် ၁၀ဦးသည် ထိုစကားကို ကြားသွားသောအခါ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့သည်။
စောစောက သူတို့သည် ဒီအတိုင်းရပ်ကြည့်နေချင်သောကြောင့် မဟုတ်ပေ။ သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ ကြောက်စရာကောင်းသော နည်းလမ်းများမှာ တကယ်ပင် ခြိမ်းခြောက်ခံရပြီး စိုးရွံ့ထိတ်လန့်လာသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့က ချက်ချင်းမတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခု မင်ဖုန့်က ထိုသို့ပြောဆိုလာပြီး သူတို့မှာ မည်သည့်ထွက်ပေါက်မှ မရှိတော့ပေ။
“သွား...”
အလောင်းတောင်ကြောရိုး၏ ပိုင်နက်အရှင်က အေးစက်စွာ ပြောလိုက်သည်။
“ဒီခန်းမထဲမှာ ငရဲဖိနှိမ်ပညာရှင် ထောင်ချီရှိနေတာပဲ… အဲဒါ ကောင်းကင်လိုဏ်ဂူ ထောင်ချီရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ… ငါတို့အားလုံး ပူးပေါင်းထားမယ်ဆိုရင် ဒီလူတစ်ယောက်တည်းကို မသတ်ဖြတ်နိုင်ဘူးလို့ ငါမယုံဘူး”
“အဲဒါအမှန်ပဲ”
မူကွဲမီးတောက်တောင်ကြောရိုး၏ ပိုင်နက်အရှင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ငါတို့တွေက ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဉ်ရတနာတစ်ခုစီကို ထုတ်ဖော်လိုက်မယ်ဆိုရင် ငါတို့တွေက ပကတိခွန်အားသက်သက်ကို အသုံးချမယ်ဆိုရင်တောင် ငါတို့က သူ့ရဲ့ ဒီအနီရောင်မီးဖိုကို အပိုင်းပိုင်းခြေမွှဖျက်ဆီးနိုင်တယ်”
ပိုင်နက်ရှင် ၁၀ ဦးက အကြည့်ချင်းဖလှယ်ပြီးနောက် တစ်ချိန်တည်းမှာပင် ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ကာ သိုင်းတာအိုပင်မခန္ဓာကို ဖိနှိမ်ရန် မင်ဖုန့်၏ ဘက်မှာ ရပ်တည်လိုက်ကြသည်။
မင်ဖုန့်ကို ဆီးနှင်းစိမ့်စမ်းငရဲတစ်ခုလုံးကို ထိန်းချုပ်ထားသည့် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက နောက်ခံပေးထားလေသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် အပြင်လူတစ်ယောက်မျှသာ ဖြစ်သည်။
သူတို့က ဘယ်ဘက်မှာ ရပ်တည်ရမည်ကို သုံးနှစ်သားကလေးတစ်ယောက်ပင်လျှင် မစဉ်းစားဘဲ ဆုံးဖြတ်ချက်ချနိုင်မည် ဖြစ်လေသည်။