အခန်း (၁၃၈၁-၁၃၈၃)
Vol. 93 Ch. 1381-1383
အဆတစ်ရာစနစ် စာစဥ်(၉၃)
အခန်း(၁၃၈၁)
ရှထျန်းယန်သည် ကျန်းချန်၏ ဘေးတွင် ရပ်နေသော နဂါးအသေကောင်ကို မှင်သက်စွာ ကြည့်နေခဲ့ပြီး ကိုယ့်မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
သိထားရမည့်အချက်မှာ ဤနဂါးအသေကောင်သည် တစ်ချိန်က အင်ပါယာခွင်းရှ စီးနင်းခဲ့သော နဂါးဖြစ်ပြီး ဦးချိုပါအစစ်အမှန်နဂါး ဖြစ်သည်။
၎င်း၏ အထွတ်အထိပ် ကာလတွင် ဦးချိုပါ နဂါးသည် အင်ပါယာတစ်ပါးနှင့်ပင် ယှဥ်နိုင်စွမ်း ရှိ၏။
ယခုလို အသေကောင် ဖြစ်နေလျှင်ပင် သာမန် ကျင့်ကြံသူများ သွားရှုပ်၍ ရသော အရာ မဟုတ်ပေ။
ရှထျန်းယန်က မည်သို့ပင် တွေးတောနေသည်ဖြစ်စေ၊ လက်တွေ့တွင်မူ ကျန်းချန်သည် နဂါးအသေကောင်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ချေပြီ။
"သွားကြရအောင်.. ခန်းမထဲကို ဝင်ကြည့်ကြတာပေ့ါ"
ကျန်းချန်က ရှထျန်းယန်၏ အံ့အားသင့်နေမှုကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ပြောလိုက်ပြီးနောက်တွင် နဂါးအသေကောင်နှင့်အတူ ခန်းမရှိရာသို့ လျှောက်လှမ်းသွားခဲ့သည်။
ယခုအခါတွင် နဂါးအသေကောင်ကို ထိန်းချုပ်လိုက်ပြီ ဖြစ်သောကြောင့် ကျန်းချန်၏ အင်ပါယာနန်းတော်အတွင်း ဘေးကင်းလုံခြုံမှုသည် သံသယဖြစ်ဖွယ်ရာမရှိ များစွာ အာမခံချက် ရှိလာခဲ့သည်။
အင်ပါယာအဆင့် ကျင့်ကြံသူ ပြန်လည်နိုးထလာခြင်း မရှိသရွေ့ သူ့ကို ခြိမ်းခြောက်နိုင်သည့်အရာ ရှိတော့မည် မဟုတ်ပေ။
အင်ပါယာနန်းတော်၏ အဓိက ခန်းမထဲသို့ ဝင်လိုက်သောအခါတွင် ကျန်းချန်သည် ဤခန်းမကြီးက သူထင်ထားသည်ထက်ပင် များစွာ ပို၍ ကြီးမားသည်ကို တွေ့ရှိခဲ့ရသည်။
၎င်းသည် မီတာတစ်ထောင်ခန့် ကျယ်ဝန်းသော ဧရာမခန်းမကြီး ဖြစ်၏။
ခန်းမကြီးကသာ ကြီးမားသော်လည်း အတွင်းပိုင်းသည် အလွန်တရာပင် လွတ်လပ်နေခဲ့သည်။
ကျန်းချန်က တစ်ချက် ဝေ့ကြည့်လိုက်ရာ ခန်းမ တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
ခန်းမထဲတွင် မည်သည့်အရာမှ မရှိသလောက် ဖြစ်ပြီး ပုံစံတူ ကြေးခေါင်းတလားခြောက်လုံးသာ ခန်းမအလယ်တွင် ထားရှိထားသည်။
၎င်းတို့အနက် ကြေးခေါင်းတလား ငါးလုံးကို ဒြပ်စင်ငါးပါး ပုံစံဖြင့် စက်ဝိုင်းပုံစံ စီထားပြီး ကျန်ရှိသော ခေါင်းတလားကို ထိုခေါင်းတလား ငါးလုံးဖြင့် ဝိုင်းရံထားခဲ့သည်။
ဤကြေးခေါင်းတလားများတွင် ထူးဆန်းသော သင်္ကေတအချို့ကို ရေးဆွဲထားပြီး ရိုးရှင်းသော်လည်း ခမ်းနားထည်ဝါ၏။
၎င်းတို့က သံချေးတက်နေသည့်တိုင် ထာဝရတည်မြဲသည့် အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
"ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားပါလား.. ခေါင်းတလားကိုတောင် အစီအရင်နဲ့ တည်ဆောက်ထားခဲ့တယ်.. ဘယ်လောက်တောင် အနုစိတ်လိုက်တဲ့ အစီအစဥ်လဲ"
ကျန်းချန်သည် ခန်းမကြီး၏ အလယ်ဗဟိုရှိ ကြေးခေါင်းတလား ငါးလုံးကို စူးစိုက်ကြည့်ရင်း သူ၏ မျက်ဝန်းများတွင် အံ့သြသော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်၏ အဓိက အချက်မှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားနှင့် ဒြပ်စင်ငါးပါး၏ စွမ်းအားတို့ကို စုစည်းပြီး အထူးနယ်မြေ တစ်ခုကို ဖန်တီးခြင်းဖြစ်သည်။
ထိုအထူးနယ်မြေသည် ၎င်း၏ နယ်မြေအတွင်း သေဆုံးသူများ၏ ဝိညာဥ် အဆီအနှစ်များကို စုစည်းကာ စွမ်းအင်ခန္ဓာကိုယ် အဖြစ် ပြောင်းလဲစေမည် ဖြစ်သည်။
အကြမ်းဖျင်းပြောရလျှင် ဝိညာဥ်ပြန်လည်မွေးဖွားခြင်း အစီအရင်ကို စီရင်ရန် အတွက် ရွှေ၊သစ်၊ရေ၊မီး၊မြေ ဟူသော ဒြပ်စင်ငါးပါးကို လိုအပ်ပြီး ထိုဒြပ်စင်ငါးပါးကို အခြေခံအဖြစ် အသုံးပြုကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို စုစည်းရမည် ဖြစ်သည်။
သူ၏ ရှေ့မှ ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားသည် ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို ထောက်ပံ့နေသည့် အစီအရင် တစ်ခု ဖြစ်သည်။
သူ၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင် ခေါင်းတလားငါးလုံး အတွင်းတွင် အင်ပါယာအလောင်း တစ်ခုစီ ရှိနေလောက်သည်။
ထို့အပြင် ခေါင်းတလား အတွင်းရှိ အင်ပါယာအလောင်းကောင် ငါးခုတွင် ရှိသော စွမ်းအားများသည် ဒြပ်စင်ငါးပါးနှင့်လည်း ကိုက်ညီမှုရှိသည်။
ဤဒြပ်စင်ငါးပါး ပြန်လည် မွေးဖွားခြင်း ခေါင်းတလားသည် အလောင်း သန့်စင်မီးဖို ငါးလုံးနှင့် တူညီပြီး ခေါင်းတလားအတွင်းရှိ အင်ပါယာ အလောင်းများကို မတူညီသော အင်ပါယာ အရိုးဓာတ်ကြွင်းငါးမျိုး အဖြစ် သန့်စင်ကာ ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်တစ်ခုလုံးကို အထောက်အပံ့ပေးထားသည်။
ထိုအတွက်ကြောင့် အလယ်ရှိ ခေါင်းတလားသည် အင်ပါယာခွင်းရှ၏ ခေါင်းတလား ဖြစ်နိုင်ခြေများ၏။
အင်ပါယာခွင်းရှက သူ၏အလောင်းကို ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်၏ ဗဟိုချက်တွင် ထားရှိခြင်းသည် အစီအရင်၏ စွမ်းအားကို အသုံးပြုကာ သူ၏ အလောင်းကို ရည်ရွယ်ချက်တစ်ခုခု အတွက် သိမ်းဆည်းထားသည်မှာ ထင်ရှားသည်။
အင်ပါယာအလောင်း ငါးခုဖြင့် ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားကို တည်ဆောက်ပြီး ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို စီရင်ကာ ကိုယ်ပိုင်အလောင်းကို သိမ်းဆည်းခဲ့ခြင်းသည် တကယ်ကိုပင် ကြီးမားသော အကြံအစည်ဟုပင် ဆို၍ရသည်။
ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။
ဤအင်ပါယာခွင်းရှသည် တကယ်ကို ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။
ခွင်းရှဂိုဏ်း ဖျက်ဆီးခြင်း မခံရမီတွင် အင်ပါယာခွင်းရှသည် နည်းလမ်းအချို့ကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ကို ခွင်းရှဂိုဏ်း၏ အင်ပါယာနန်းတော်တွင် သိမ်းဆည်းထားခဲ့ပုံရသည်။
ဤကဲ့သို့ စေ့စေ့စပ်စပ် သိမ်းဆည်းထားခြင်းသည် ပြန်လည်ရှင်သန်ရန် အတွက် ဖြစ်နိုင်ပါသလော။
"ဒါက အင်ပါယာနန်းတော်ရဲ့ အဓိကခန်းမပဲ.. ဘာလို့ခေါင်းတလားတွေ အများကြီး ရှိနေရတာလဲ"
ထိုအချိန်မှာပင် ကျန်းချန်၏ နောက်ကနေ ခန်းမထဲကို လိုက်ပါလာသည့် ရှထျန်းယန်သည် ခန်းမထဲမှ အခြေအနေများကြောင့် ချက်ချင်း ဆိုသလို မှင်တက်သွားခဲ့သည်။
ရှထျန်းယျန်၏ စိတ်ထဲတွင် အင်ပါယာနန်းတော်၏ အဓိကခန်းမသည် အင်ပါယာခွင်းရှ အမြဲတစေ နေထိုင်ခဲ့သောနေရာဖြစ်ပြီး မြင့်မြတ်သော နေရာတစ်ခုလည်း ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် သင်္ချိုင်းတစ်ခုလို ဖြစ်နေခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော ကြေးခေါင်းတလား ခြောက်လုံးပင် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဒီကြေးခေါင်းတလား ခြောက်လုံးထဲမှာ ဘယ်သူတွေကို သင်္ဂြိုဟ်ထားတာများလဲ.. ဒီခေါင်းတလားတွေက အင်ပါယာနန်းတော်ရဲ့ အဓိကခန်းမမှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ"
ခွင်းရှဂိုဏ်း၏ အကြီးအကဲ ဖြစ်သော ရှထျန်းယန်သည်ပင် ခန်းမ၏ အခြေအနေကြောင့် အံ့အားသင့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကျန်းချန်က ရှထျန်းယန်ကို လျစ်လျူရှုလိုက်ပြီး သူ၏ နံဘေးမှ နဂါးအသေကောင်ကို ခေါင်းတလားအား ဖွင့်ရန် တိုက်ရိုက်ပင် အမိန့်ပေးလိုက်၏။
ယခုအခါတွင် သူက ဤနေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ အင်ပါယာခွင်းရှ စီစဥ်ထားသည့် အစီအရင်က မည်မျှပင် ခမ်းနားနေပါစေ၊ ဖျက်ဆီးရလိမ့်မည် မဟုတ်ပါလား။
ထို့အပြင် ဤဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားသည် အင်ပါယာခွင်းရှ စီစဥ်ခဲ့သော အစီအရင်၏ အဓိက အသက်သွေးကြော ဆိုလည်းမမှားပေ။
ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားကို ဖျက်ဆီးလိုက်သည်နှင့် ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ဖြင့် ပြန်လည် အသက်ရှင်မည့် အင်ပါယာခွင်းရှ၏ ရည်မှန်းချက်သည် ပြည့်ဝတော့မည် မဟုတ်ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် အင်ပါယာအလောင်းကောင်ကို သန့်စင်ရာကနေ ဖြစ်ပေါ်လာသည့် အင်ပါယာ အရိုးဓာတ်ကြွင်းသည် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ထက် ဆယ်ဆကျော်ပို၍ အစွမ်းထက်သည့် အထွတ်အထိပ် ရတနာတစ်ပါး ဖြစ်မည်မှာ သေချာသည်။
သူသာ ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလား၏ အင်ပါယာအရိုးဓာတ်ကြွင်းငါးခုကို စုဆောင်းနိုင်မည် ဆိုလျှင် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် အထွတ်အထိပ်ကို တစ်ခါတည်း ရောက်ရှိသွားရန် လွယ်ကူသွားလိမ့်မည်ဖြစ်သည်။
ကျန်းချန်၏ အမိန့်အောက်တွင် နဂါးအသေကောင်သည် အနီးစပ်ဆုံး ခေါင်းတလားဆီသို့ တိုက်ရိုက် ရွေ့လျားသွားခဲ့ပြီး သူ၏ ကြီးမားသော နဂါးခြေသည်းကို ဆန့်ထုတ်ကာ ခေါင်းတလား၏ အဖုံးကို ဆွဲဖွင့်လိုက်သည်။
သို့သော်လည်း နဂါးခြေသည်းက ခေါင်းတလားနှင့် နှစ်ပေ သုံးပေ အကွာသို့ အရောက်မှာပင် ရွှေရောင် အကာအကွယ်တစ်ခုသည် နဂါးခြေသည်းကို အမှန်တကယ်ပင် ခုခံလိုက်၏။
နဂါးအသေကောင်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအား ရှိနေခဲ့လျှင်ပင် ခေါင်းတလားနားကို ကပ်ရန် ခက်ခဲနေခဲ့သည်။
ကျန်းချန်၏ မျက်လုံးများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့ပြီး သူ၏ အကြည့်စူးစူးသည် ရွှေရောင်အကာအကွယ် ပေါ်သို့ ကျရောက်သွားခဲ့သည်။
ခဏအကြာမှာပင် ကျန်းချန်၏ စိတ်ထဲတွင် စနစ်၏ သတိပေးချက်က တိုက်ရိုက်ပင် ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင်က နတ်အဆင့် အစီအရင်ဖြစ်တဲ့ မူလနတ်ဘုရားတားမြစ်အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်နိုင်စွမ်းကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က မူလနတ်ဘုရား တားမြစ်အစီအရင်ကို တစ်သောင်းပုံ တစ်ပုံ နားလည်သွားခဲ့ပါပြီ"
ကျန်းချန်က သူ၏စိတ်ထဲမှ စနစ်၏ သတိပေးချက်ကိုကြားလျှင် အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။
အင်ပါယာခွင်းရှသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရှန်းဝူကုန်းမြေတွင် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်ခဲ့သည်မှာ တကယ်ကို ထိုက်တန်လွန်း၏။
၎င်းသည် ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို ကျွမ်းကျင်ရုံသာမက ဤခေါင်းတလားများတွင်လည်း နတ်အဆင့် တားမြစ်အစီအရင်များကို ဖန်တီးထားခဲ့သည်။
နဂါးအသေကောင်၏ စွမ်းအားဖြင့် မူလနတ်ဘုရား တားမြစ်အစီအရင်ကို ထိုးဖောက်နိုင်မည် မဟုတ်သောကြောင့် ကျန်းချန်သည် သူ၏ ရှေ့မှ ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားကို ဖွင့်နိုင်ရန် အတွက် ဤနတ်အဆင့် အစီအရင်ကို နားလည်အောင် အရင်လုပ်ရတော့မည် ဖြစ်သည်။
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ နဂါးအသေကောင်ကို သူ၏ နံဘေးသို့ ပြန်ခေါ်လိုက်ပြီး သူ၏ရှေ့မှ နတ်အဆင့် အစီအရင်ကို အပြည့်အဝ နားလည်ရန် ကြိုးစားခဲ့သည်။
"ဒင်.. သင်က နတ်အဆင့် အစီအရင် ဖြစ်တဲ့ မူလနတ်ဘုရား တားမြစ်အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်နိုင်စွမ်းကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က မူလနတ်ဘုရား တားမြစ်အစီအရင်ကို တစ်သောင်းပုံ တစ်ပုံ နားလည်သွားခဲ့ပါပြီ"
"ဒင်.. သင်က နတ်အဆင့် အစီအရင်ဖြစ်တဲ့ မူလနတ်ဘုရားတားမြစ်အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်နိုင်စွမ်းကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က မူလနတ်ဘုရား တားမြစ်အစီအရင်ကို တစ်သောင်းပုံ တစ်ပုံ နားလည်သွားခဲ့ပါပြီ"
"..............."
"ဒင်.. သင်က နတ်အဆင့် တားမြစ်အစီအရင်ဖြစ်တဲ့ မူလနတ်ဘုရား တားမြစ်အစီအရင်ကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ"
ကျန်းချန်သည် နတ်အဆင့် အစီအရင်ဖြစ်သည့် မူလနတ်ဘုရား တားမြစ်အစီအရင်ကို ချောချောမွေ့မွေ့ နားလည်ရန်အတွက် ဆယ်ရက်ကျော် ကြာမြင့်ခဲ့သည်။
အခန်း(၁၃၈၁)ပြီး၏။
အခန်း(၁၃၈၂)
မူလနတ်ဘုရား တားမြစ်အစီအရင်ကို နားလည်ပြီးနောက်တွင် ကျန်းချန် အချိန်ဖြုန်းမနေတော့ပေ။
သူက လက်ဟန်များကို ပြုလုပ်ကာ ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားပေါ်ရှိ မူလနတ်ဘုရား တားမြစ်အစီအရင်ကို ချိုးဖျက်ရန် စတင်ခဲ့သည်။
နတ်အဆင့် အစီအရင်ဖြစ်သည့် မူလနတ်ဘုရား တားမြစ်အစီအရင်သည် သံသယဖြစ်ဖွယ်ရာမရှိ ချိုးဖျက်ရန် အလွန်ပင် ခက်ခဲ၏။
ကျန်းချန်က မူလနတ်ဘုရား တားမြစ်အစီအရင်ကို ပြီးပြည့်စုံစွာ ကျွမ်းကျင်ထားသည့်တိုင် ၎င်းကို ချိုးဖျက်ရန် မလွယ်ကူသေးပေ။
ကျန်းချန်သည် ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်းခေါင်းတလားပေါ်ရှိ နတ်အဆင့် တားမြစ်အစီအရင်ကို လုံးဝချိုးဖျက်နိုင်ရန် အတွက် တစ်နေကုန် အချိန်ယူခဲ့ရသည်။
တားမြစ်အစီအရင်ကို ချိုးဖျက်ပြီးနောက်တွင် ကျန်းချန်သည် နဂါးအသေကောင်ကို ခေါင်းတလားအား ထပ်မံဖွင့်ရန် အမိန့်မပေးမီ နှစ်နာရီကြာ အတွင်းအား ကျင့်ကြံခဲ့သည်။
ဤတစ်ခေါက်တွင်မူ တားမြစ်အစီအရင် မရှိတော့၍ နဂါးအသေကောင်သည် မည်သည့် အဟန့်အတားမှ မတွေ့ရဘဲ ပထမဆုံး ခေါင်းတလားကို အလွယ်တကူဖွင့်နိုင်ခဲ့၏။
ခေါင်းတလားကို ဖွင့်လိုက်သည်နှင့် ရွှေရောင်အလင်းများ ရုတ်တရက် ပွင့်ထွက်လာခဲ့ပြီး ခန်းမတစ်ခုလုံးသည် ရွှေရောင်အလင်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
သန့်စင်ပြီး အားကောင်းသော စွမ်းအင်စီးကြောင်း တစ်ခုသည်လည်း ခေါင်းတလားထဲကနေ ထွက်ပေါ်လာ၏။
ကျန်းချန်၏ ပုံရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားခဲ့ပြီး ခေါင်းတလားဆီသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
ထိုအခါ ခေါင်းတလားထဲတွင် လက်သီးဆုပ် အရွယ်ခန့် ရွှေရောင်အလုံး တစ်လုံး ရှိနေသည်အား တွေ့လိုက်ရသည်။
"အင်ပါယာရဲ့ အရိုးဒြပ်ကြွင်းပါလား"
ခေါင်းတလားထဲမှ ရွှေရောင်အလုံးကို ကြည့်ရင်း ကျန်းချန်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားသည် သူ့ခန့်မှန်းသည့် အတိုင်းပင် အင်ပါယာအလောင်းကောင် ငါးခုကနေ အင်ပါယာ အရိုးဓာတ်ကြွင်းငါးခု အဖြစ် သန့်စင်ကာ ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်၏ အခြေခံအုတ်မြစ်ကို ဖန်တီးခဲ့ခြင်းပင်။
ဤအရိုးဓာတ်ကြွင်းသည် သတ္တုအရိုးဓာတ်ကြွင်း ဖြစ်သည်။
သတ္တုဓာတ်သည် အပျက်စီး အခံနိုင်ဆုံးသော စွမ်းအားကို ကိုယ်စားပြု၏။
ကျန်းချန်၏ ခန့်မှန်းချက်သာ မမှားလျှင် ဤအင်ပါယာ အရိုးဓာတ်ကြွင်းသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းကို အထူးပြုသည့် အင်ပါယာအဆင့်ကျင့်ကြံသူ၏ အရိုးဓာတ်ကြွင်း ဖြစ်ရပေမည်။
ဤအရိုးဓာတ်ကြွင်းသည် သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှုကို များစွာတိုးတက်စေရန် လုံလောက်လိမ့်မည် ဖြစ်သည်။
ကျန်းချန်က သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ခေါင်းတလားထဲမှ အရိုးဓာတ်ကြွင်းကို တိုက်ရိုက် ထုတ်ယူကာ သိမ်းဆည်းလိုက်သည်။
ထို့နောက်တွင် ကျန်းချန်သည် နဂါးအသေကောင်ကို ခေါ်လိုက်ပြီး ဒုတိမြောက်ခေါင်းတလား ဆီသို့ လျှောက်လမ်းသွားခဲ့သည်။
ကျန်းချန်က ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားထဲကနေ သတ္တု အရိုးဓာတ်ကြွင်းကို ထုတ်ယူလိုက်သည့် အချိန်မှာပင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ တစ်ခုလုံးသည် ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ခွင်းရှဂိုဏ်း၏ နယ်မြေထဲရှိ နတ်သန္ဓေအင်ပါယာအဆင့် စွမ်းအင်ခန္ဓာကိုယ်များစွာသည် သူတို့၏ ဝိညာဥ် အဆီအနှစ်ထဲမှ စွမ်းအင်များက တဖြည်းဖြည်း နှေးကွေးစွာ ပျောက်ကွယ်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။
"ဒါ.. ဒါဘာတွေ ဖြစ်နေတာလဲ"
နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် စွမ်းအင်ခန္ဓာကိုယ်များစွာသည် အထိတ်တလန့် ဖြစ်သွားခဲ့ကြသည်။
ခွင်းရှဂိုဏ်း ပျက်စီးသွားကတည်းကပင် သူတို့သည် နှစ်ထောင်ပေါင်းများစွာ ဤနေရာတွင် နေထိုင်ခဲ့ကြပြီး သူတို့ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်အဆီအနှစ်ထဲမှ စွမ်းရည်များသည် ယခုလိုမျိုး နားမလည်နိုင်စွာ ပျောက်ကွယ်သွားခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
ဝိညာဥ်အဆီအနှစ် ပျောက်ကွယ်သွားသည့်နှုန်းက အလွန် နှေးကွေးသော်လည်း ပျောက်ကွယ်နေသည်မှာတော့ သေချာ၏။
ဝိညာဥ်အဆီအနှစ်ထဲမှ စွမ်းအင်များစွာ ပျောက်ကွယ်သွားလျှင် သူတို့သည် ဤနယ်မြေကနေ မထွက်ခွာနိုင်လျှင်ပင် ဤကမ္ဘာလောကကနေ လုံးဝ ပျောက်ကွယ်သွားရတော့မည် ဖြစ်သည်။
ခွင်းရှဂိုဏ်း၏ နယ်မြေတစ်ခုလုံး ရုတ်တရက် ငလျင်လှုပ်သလို တုန်လှုပ်သွားခြင်းသည် ရှဟန်ထျန်း၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
သူက ခန်းမထဲကနေ အပြင်သို့ထွက်ကာ စစ်ဆေးရန် ကြံစည်နေစဥ်မှာပင် နတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ် အများအပြားသည် သူ့ဆီသို့ ရောက်ရှိလာကြသည်။
"အကြီးအကဲ ဟန်ထျန်.. အခြေအနေမကောင်းတော့ဘူး.. အစောပိုင်းက နယ်မြေတစ်ခုလုံး ရုတ်တရက် တုန်လှုပ်သွားပြီးနောက်မှာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက ဝိညာဥ်အဆီအနှစ် စွမ်းအင်တွေ စိမ့်ထွက်သွားသလိုမျိုး ခံစားလိုက်ရတယ်"
ထိုစကားကိုကြားလျှင် ရှဟန်ထျန်း၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူတို့သည် ဤနေရာတွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့ကြပြီး မည်သည့်အခါကမှ မတော်တဆမှုမျိုး မရှိခဲ့ဖူးပေ။
ယခုမှ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်နေရပါသနည်း။
"အင်ပါယာနန်းတော်ရော ဘာဖြစ်သွားသေးလဲ"
ရှဟန်ထျန်းက ရုတ်တရက် အင်ပါယာနန်းတော်ကို စဥ်းစားမိလိုက်ပြီး အင်ပါယာနန်းတော်ရှိရာ ဘက်သို့ လှမ်းကြည့်လိုက်သည်။
ရှထျန်းယန်သည် လူသား လူငယ်လေးကို အင်ပါယာနန်းတော်သို့ ခေါ်သွားပြီးကတည်းကပင် ထွက်မလာသေးပေ။
ယခု ငလျင်လှုပ်သကဲ့သို့ နယ်မြေတစ်ခုလုံး တုန်ခါခြင်းသည် ဤကိစ္စနှင့် ဆက်စပ်နေပါသလော။
"ဒီရှထျန်းယန် ဆိုတဲ့ကောင် တကယ်ပဲ ဘာတွေ လျှောက်လုပ်နေတာလဲ"
ရှဟန်ထျန်း၏ မျက်နှာသည် အလွန်တရာပင် သုန်မှုန်နေခဲ့သည်။
ဤကိစ္စသာ ရှထျန်းယန်နှင့် လူသားလူငယ်လေးကြောင့် ဖြစ်ခဲ့သည်ဆိုလျှင် သူတို့ ခွင်းရှဂိုဏ်းသည် အမှန်တကယ်ပင် ပြဿနာတက်နိုင်ပေသည်။
"ဝုန်း.."
ရှဟန်ထျန်းသည် စိတ်နှလုံးထဲတွင် ထိတ်လန့်နေစဥ်မှာပင် နယ်မြေ တစ်ခုလုံးသည် နောက်တစ်ကြိမ် လှုပ်ခတ်သွားခဲ့ပြန်သည်။
ဤတစ်ကြိမ် လှုပ်ခတ်မှုသည် ပထမတစ်ကြိမ် လှုပ်ခတ်မှုထက် အချိန်ပိုကြာမြင့်၏။
ဤတစ်ခေါက်တွင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ နယ်မြေတစ်ခုလုံးသည် ပြိုကွဲသွားတော့မလိုပင် သူခံစားလိုက်ရသည်။
"အကြီးအကဲဟန်ထျန်း.. ကျွန်တော့်ခန္ဓာကိုယ်ထဲက ဝိညာဥ်အဆီအနှစ် စွမ်းအင်တွေ ပျောက်ကွယ်သွားတဲ့နှုန်းက ပိုပြီးမြန်ဆန်လာသလိုပဲ"
ထိုအချိန်မှာပင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်တစ်ခုသည် ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
ထိုနတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်၏ စကားသံ အဆုံးသတ်သည်နှင့်အမျှ တခြားသော နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်များသည်လည်း စိတ်ပျက်အားငယ်လာခဲ့ပြီး ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။
ဤကဲ့သို့သာ ဆက်ဖြစ်နေလျှင် သူတို့သည် အမှန်တကယ် ပျောက်ကွယ်သွားနိုင်ပေသည်။
"ဝုန်း.. ဝုန်း.. ဝုန်း.."
ဤကဲ့သို့ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ်များ စိတ်ပျက်အားငယ်နေစဥ်မှာပင် ပတ်ဝန်းကျင်ရှိ ခန်းမများထဲမှ နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် စွမ်းအင်ခန္ဓာကိုယ်များထက် သာလွန်သည့် ပုံရိပ်အနည်းငယ်သည် ချက်ချင်းဆိုသလိုပင် ကောင်းကင်ပေါ်သို့ တက်လာခဲ့ကြသည်။
သူတို့၏ နှုတ်ကနေ ဒေါသတကြီး ရေရွတ်သံများလည်း ထွက်ပေါ်လာခဲ့၏။
"ဒီဧကရာဇ်က ပြန်လည်ရှင်သန်ဖို့ နောက်ဆုံးခြေလှမ်းပဲ ကျန်တော့တယ်.. ဒါပေမဲ့ ဝိညာဥ်အဆီအနှစ်ထဲမှာရှိတဲ့ စွမ်းအင်က ရုတ်တရက် လျော့ကျသွားတော့ ဒီဧကရာဇ် ကြိုးစားခဲ့သမျှအားလုံး အချည်းနှီး ဖြစ်သွားခဲ့ရပြီ.. ရှဟန်ထျန်း ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကို ပြောပြစမ်း"
ရုတ်တရက် ပေါ်ထွက်လာသည့် စွမ်းအင်ခန္ဓာကိုယ်များကိုကြည့်ကာ ရှဟန်ထျန်း၏ မျက်နှာအမူအရာသည် ပို၍ပင် အကျည်းတန်လာခဲ့သည်။
သူ၏ရှေ့မှ ဤလူအနည်းငယ်သည် နှစ်ပေါင်းရာချီကြာအောင် ပြန်လည်ရှင်သန်ရန် စီစဥ်နေခဲ့သည့် အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်များ ဖြစ်သည်။
ဤကဲ့သို့ ရုတ်တရက် အပြောင်းအလဲသည် အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်များကို ထိခိုက်စေလိမ့်မည်ဟု ရှဟန်ထျန်း မထင်ထားခဲ့ပေ။
"အထွတ်အထိပ် အကြီးအကဲတို့.. အခြေအနေက ဒီလိုပါ"
ရှဟန်ထျန်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်များကို အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
"ဘာ.. ရှထျန်းယန်က လူသားလူငယ်လေး တစ်ယောက်ကို အင်ပါယာနန်းတော်ထဲ ခေါ်သွားတယ် ဟုတ်လား.. ဒါဆို ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူ အပြောင်းအလဲက သူတို့လက်ချက်ကြောင့်ပဲ ဖြစ်နိုင်တယ်"
အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်များ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"အခုချက်ချင်း ခွင်းရှဂိုဏ်းက စွမ်းအင်ခန္ဓာကိုယ်တွေ အားလုံးကို ဆင့်ခေါ်လိုက်.. ပြီးရင် အင်ပါယာနန်းတော်ထဲကို ဝင်ရောက်ပြီး ရှထျန်းယန်နဲ့ လူသားလူငယ်လေးကို ဖမ်းဆီးရမယ်"
ထိုအမိန့်ကိုကြားလျှင် ရှဟန်ထျန်းသည် တုံ့ဆိုင်းသောအမူအရာဖြင့် ပြောလိုက်သည်။
"အထွတ်အထိပ် အကြီးအကဲ.. အင်ပါယာနန်းတော်က ခွင်းရှဂိုဏ်းရဲ့ တားမြစ်နယ်မြေပါ ကျွန်တော်တို့ဝင်လို့ ဖြစ်ပါ့မလား"
"ဒီလိုအချိန်မှာ ဒါတွေကို တွေးနေဖို့ အချိန်မရှိဘူး.. ခွင်းရှဂိုဏ်းရဲ့ စွမ်းအင်ခန္ဓာကိုယ် အားလုံးကို အင်ပါယာနန်းတော်ဆီ ချက်ချင်း ဆင့်ခေါ်လိုက်တော့"
ရှဟန်ထျန်းကို ညွှန်ကြားပြီးသည်နှင့် အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်သည် တခြားသော အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်များနှင့်အတူ အင်ပါယာနန်းတော်ဘက်သို့ အလျင်အမြန် ထွက်သွားခဲ့သည်။
ခွင်းရှဂိုဏ်း၏ အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်များအနေဖြင့် သူတို့သည် အင်ပါယာနန်းတော်၏ အခြေအနေကို ရှဟန်ထျန်းတို့ထက် ကောင်းစွာ ပိုသိထားခဲ့သည်။
ဆိုရလျှင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူကို ထိန်းသိမ်းထားသော အစီအရင်၏ အဓိက အသက်သွေးကြောသည် အင်ပါယာနန်းတော်တွင် တည်ရှိနေမှန်း သူတို့ ရှင်းရှင်းလင်းလင်း သိထားကြသည်။
ယခု အခြေအနေသည် အစီအရင်၏ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခြင်းကြောင့် ဖြစ်နိုင်၏။
ထို့ကြောင်း ၎င်းတို့ကိုသာ အလျင်အမြန် မတားဆီးလျှင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ တစ်ခုလုံးသည် လုံးဝ ပြီးဆုံးသွားလိမ့်မည် ဖြစ်သည်။
အခန်း(၁၃၈၂)ပြီး၏။
'အခန်း(၁၃၈၃)
ပထမခေါင်းတလားမှ အရိုးသတ္တုဓာတ်ကြွင်းကို ယူပြီးနောက်တွင် ကျန်းချန်သည် ဒုတိယခေါင်းတလားမှ မီးအရိုးဓာတ်ကြွင်းကို လျင်မြန်စွာ ယူလိုက်သည်။
သူက တတိယခေါင်းတလားမှ အရိုးဓာတ်ကြွင်းကို ဆက်လက်ယူရန် ပြင်ဆင်နေစဥ်မှာပင် အင်ပါယာနန်းတော် တံခါးဝကနေ အဓိက ခန်းမရှိရှာဆီဆို့ ပြေးဝင်လာသည့် ရုန့်ရင်းသော အရှိန်အဝါများကို သတိပြုမိလိုက်၏။
"မကောင်းတော့ဘူး.. ဒါက အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်တွေရဲ့ အရှိန်အဝါပဲ"
အင်ပါယာနန်းတော်၏ ဝင်ပေါက်ကနေ ပျံ့လွင့်လာသော အရှိန်အဝါကို ခံစားမိလျှင် ရှထျန်းယန်၏ မျက်နှာထက်တွင် ကြောက်ရွံ့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ခွင်းရှဂိုဏ်းမှ အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ် များသည် အမြဲတစေ အိပ်စက်နေခဲ့သည် ဖြစ်ရာ အဘယ်ကြောင့် အင်ပါယာနန်းတော်ထဲကို ရုတ်တရက် ဝင်ရောက်လာပါသနည်း။
အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်အချို့သာ ဤအဓိကခန်းမသို့ ရောက်လာခဲ့လျှင် သူတို့၏ ဘဝသည် ပြီးဆုံးသွားပြီ မဟုတ်ပါလော။
ကျန်းချန်ကမူ တည်ငြိမ်သော အမူအရာဖြင့်သာ ရှိနေခဲ့ပြီး ရှထျန်းယန်၏ ထိတ်လန့်နေသော အမူအရာကို လျစ်လျူရှုထားခဲ့၏။
သူက အင်ပါယာနန်းတော်ထဲသို့ ဝင်ရောက်လာသော စွမ်းအင်ခန္ဓာကိုယ်များကို ဂရုစိုက်မနေဘဲ တတိယမြောက် အရိုးဓာတ်ကြွင်းကို ယူရန် ခေါင်းတလားနားသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
သူက ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားများကို ဖျက်ဆီးလိုက်သည်နှင့် ရှေးဟောင်း အင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူ နယ်မြေတစ်ခုလုံးသည် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။
ထို့အပြင် ဤပြောင်းလဲမှုသည် ခွင်းရှဂိုဏ်းမှ စွမ်းအင်ခန္ဓာကိုယ်များ၏ ရှင်သန်မှုကိုပါ တိုက်ရိုက် ထိခိုက်စေနိုင်၏။
ရလဒ်အနေဖြင့် အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်များပါ ထိခိုက်ခံရသောကြောင့် ၎င်းတို့သည် ထိတ်လန့်သွားခဲ့ကြသည်မှာ ထင်ရှားသည်။
ဤအင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်များသည် ခွင်းရှဂိုဏ်းတွင် ရာထူးမနိမ့်ပေ။
ထို့ကြောင့် ၎င်းတို့သည် အင်ပါယာနန်းတော်၏ အခြေအနေကို နားလည်ထားပုံ ရ၏။
ထို့ကြောင့်အင်ပါယာနန်းတော်၏ အပြောင်းအလဲကို ၎င်းတို့သည် ခန့်မှန်းထားမိလောက်၏။
ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် စွမ်းအင်ခန္ဓာကိုယ်များသည် အင်ပါယာနန်းတော် ထဲသို့ ဝင်ရောက်လာနိုင်ကြောင်း ကျန်းချန် ကြိုတင်ခန့်မှန်းခဲ့ပြီးသား ဖြစ်သည်။
ကျန်းချန်သည် ထိုအတွက် များစွာ စိုးရိမ်ခဲ့ခြင်းမရှိပေ။
သူက ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားကို ဖွင့်ပြီး အင်ပါယာအရိုးဓာတ်ကြွင်း တစ်ခုကို ယူလိုက်တိုင်းတွင် ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်တွင် အားနည်းချက်များ ဖြစ်ပေါ်လာခဲ့ပြီး စွမ်းအင်ခန္ဓာကိုယ်များ အနေဖြင့် ရှင်သန်ရန် ပိုမို ခက်ခဲလာလိမ့်မည် ဖြစ်သည်။
ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလား ပျက်စီးသွားသည်နှင့် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူမှ ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်သည်လည်း ချက်ချင်းပင် ပြိုလဲသွားပေလိမ့်မည်။
ယင်းသို့ ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင် ပြိုလဲသွားသည်နှင့် တစ်ပြိုင်နက် အင်ပါယာတစ်ပိုင်းအဆင့် ခန္ဓာကိုယ်များသည် ဆက်လက် ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းချန်က အင်ပါယာအရိုးဓာတ်ကြွင်းကို ရယူရန် ပြန်လည်မွေးဖွားခြင်း ခေါင်းတလားနားသို့ တိုက်ရိုက်သွားလိုက်ပြီး သစ်သားအရိုးဓာတ်ကြွင်းကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။
သို့သော်လည်း ကျန်းချန်က စတုတ္ထမြောက် ခေါင်းတလားကို ဖွင့်ရန် ပြင်ဆင်နေစဥ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို သတိပြုမိလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်က ရပ်တန့်သွားခဲ့ပြီး သူ၏ အကြည့်သည် အလယ်ဗဟိုရှိ ခေါင်းတလားဆီသို့ ရုတ်တရက် ရောက်ရှိသွားခဲ့သည်။
ခဏအကြာတွင် ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့၏။
"ဒုတ်ဒုတ်.. ဒုတ်ဒုတ်.."
ယင်းအချိန်တွင် ကျန်းချန်သည် ခေါင်းတလားထဲကနေ နှလုံးခုန်သံများ ထွက်ပေါ်လာသည်ကို ရှင်းရှင်းလင်းလင်းခံစားမိလိုက်သည်။
ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်သည် ကျန်းချန်၏ စိတ်နှလုံးကို ရုတ်တရက် လွှမ်းခြုံသွားခဲ့၏။
ခွင်းရှဂိုဏ်းမှ အင်ပါယာခွင်းရှသည် ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်ကို အသုံးပြုကာ အသက် ပြန်လည်ရှင်သန်နိုင်ခဲ့ပါသလော။
"ဒါ.. ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
သိထားရမည့်အချက်မှာ ခွင်းရှဂိုဏ်း၏ ရှန်းဝူ ကုန်းမြေတိုက်တွင် တည်ရှိခဲ့သော အချိန်သည် အနည်းဆုံး လွန်ခဲ့သည့်နှစ်ပေါင်း(၃၀၀၀၀)ခန့်က ဖြစ်သည်။
သာမန်အင်ပါယာအဆင့် ကျင့်ကြံသူသည် သက်တမ်းနှစ်(၁၀၀၀၀)ခန့်သာ ရှိသည်။
မဟာအင်ပါယာအဆင့် ဖြစ်နေလျှင်ပင် သက်တမ်းသည် နှစ်ပေါင်း(၃၀၀၀၀) အထိ မရောက်နိုင်ပေ။
"ခန်းမထဲကနေ မြန်မြန်ထွက်မှဖြစ်မယ်"
အင်ပါယာခွင်းရှ အသက် ပြန်လည်ရှင်သန်လာသည်ကို သူမယုံသေးသော်လည်း ခေါင်းတလားထဲမှ နှလုံးခုန်သံသည် ကျန်းချန်ကို ကြောက်ရွံ့သော ခံစားချက်အား ပေးစွမ်းခဲ့သည်။
သူက အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ချာခနဲလှည့်ကာ ခန်းမဝင်ပေါက် ဆီသို့ အလျင်အမြန် ပြေးထွက်သွားခဲ့၏။
ကျန်းချန်က ချာခနဲ လှည့်လိုက်သည့် အချိန်မှာပင် ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားများ၏ အလယ်ဗဟိုရှိ ကြေးခေါင်းတလားသည် အပြင်းအထန် တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်သွားခဲ့သည်။
ထို့နောက်တွင် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသောအမျိုးသား တစ်ဦးသည် ခေါင်းတလားထဲကနေ ပျံသန်း၍ ထွက်လာခဲ့၏။
ထိုရွှေရောင်ဝတ် အမျိုးသား၏ ရုပ်ရည်သွင်ပြင်က ခန့်ညားပြီး အရပ်ရှည်ကာ ကမ္ဘာကြီးကို လွှမ်းမိုးနိုင်သည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
အနည်းငယ် ချိုင့်နေသည့် မျက်ဝန်းများက လွဲလျှင် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားသည် သာမန်လူတစ်ယောက်နီးပါး တူညီသည်။
"ဒါ.. ဒါ အင်ပါယာခွင်းရှပဲ"
ခေါင်းတလားထဲကနေ ထွက်ပေါ်လာသည့် ရွှေရောင်ဝတ်စုံဝတ် အမျိုးသားကိုမြင်လျှင် ရှထျန်းယန်သည် သေမတတ် ကြောက်ရွံ့သွားခဲ့သည်။
"အင်ပါယာနန်းတော်မှာ အင်ပါယာခွင်းရှရဲ့ အလောင်းလည်း ရှိနေတာလား.. နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိတဲ့ ဒီအလောင်းကောင်က ဘယ်လိုလုပ်ပြီး အသက်ပြန်ရှင်လာတာလဲ.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရှထျန်းယန်သည် သူ၏စိတ်နှလုံးထဲမှ ကြောက်ရွံ့စိတ်ကို ထိန်းချုပ်ပြီး ကျန်းချန်၏ နောက်သို့ အလျင်အမြန် လိုက်ပါသွားကာ ထိတ်လန့်တကြားဖြင့် ခန်းမအပြင်ဘက် ဆီသို့ ပြေးထွက်သွားခဲ့သည်။
သို့သော် ထိုအချိန်မှာပင် အေးစက်စက် ရေရွတ်သံတစ်သံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
"မင်းက ဒီဧကရာဇ်ရဲ့ ကြီးမားတဲ့ အစီအစဥ်တွေကို ဖျက်ဆီးခဲ့တယ်.. မင်းသေသင့်တယ်"
အေးစက်စက်အသံက ခန်းမထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့ရာ ကျန်းချန်၏ တစ်ကိုယ်လုံးသည် တောင့်တင်းသွားခဲ့သည်။
အလွန်အမင်း အန္တရာယ်ရှိသော ခံစားချက်တစ်ခုသည် ကျန်းချန်၏ စိတ်နှလုံးထဲတွင် ချက်ချင်းဆိုသလို ပေါ်ပေါက်လာခဲ့၏။
ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် ကျန်းချန်သည် နဂါးအသေကောင်ကို အင်ပါယာခွင်းရှ၏ အလောင်းအား ပိတ်ဆို့ထားရန် အလျင်အမြန် အမိန့်ပေးလိုက်ပြီး နောက်သို့ပင် လှည့်မကြည့်ဘဲ ခန်းမဝင်ပေါက် ဆီသို့ ပြေးထွက်သွားခဲ့သည်။
ကျန်းချန်၏ ပုံရိပ်က ခန်းမတံခါးဝသို့ ရောက်လုဆဲဆဲ အချိန်မှာပင် ပြင်းထန်သော အသံလှိုင်းတစ်ခုသည် ဖျက်ဆီးခြင်းမုန်တိုင်း တစ်ခုနှယ် ခန်းမတစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။
"ဝုန်း.."
ရှထျန်းယန်၏ ပုံရိပ်သည် ထိုကြောက်မက်ဖွယ်ကောင်းသောအသံလှိုင်းဖြင့် ချက်ချင်းဆိုသလို ထိမှန်ခံလိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ပူဖောင်းတစ်ခု ကဲ့သို့ ဖောင်းကားကာ ပေါက်ကွဲသွားခဲ့ပြီး သွေးမှုန်များအဖြစ် ပြန့်ကျဲသွားခဲ့သည်။
အင်ပါယာခွင်းရှ၏ တိုက်ခိုက်မှုကို တားမြစ်ရန်အတွက် ကျန်းချန် ထားရှိခဲ့သည့် နဂါးအသေကောင်ပင်လျှင် ၎င်း၏ ခန္ဓာတစ်ခုလုံးရှိ အကြေးခွံများ အားလုံးနီးပါး တစ်လက်မချင်းစီ ကွဲအက်သွားခဲ့သည်။
အဆုံးသတ်တွင် ဦးချိုပါ နဂါးနက် အသေကောင်သည် လုံးဝ သေဆုံးသွားခဲ့၏။
သို့သော်လည်း နဂါးအသေကောင်က ဖျက်ဆီးခြင်း မုန်တိုင်းကို ခုခံနေသောအချိန်ကို အခွင့်ကောင်းယူကာ ကျန်းချန်သည် အဆုံးသတ်တွင် ခန်းမထဲကနေ ထွက်ပြေးနိုင်ခဲ့သည်။
ထိုသို့ လွတ်မြောက်ခဲ့သည့်တိုင် ကျန်းချန်သည် ခန်းမထဲကနေ လွင့်စင်လာသည့် ဖျက်ဆီးခြင်းမုန်တိုင်းဒဏ်ကို ခံခဲ့ရဆဲပင်။
သူက ချက်ချင်းဆိုသလို အစစ်အမှန် နဂါးသွေးစွမ်းအားနှင့် နယ်မြေငါးခု စွမ်းအားကို လျင်မြန်စွာ ထုတ်ဖော်၍ ခုခံလိုက်၏။
ခန်းမဝင်ပေါက်ကို လွင့်စင်လာသည့် ဖျက်ဆီးခြင်းမုန်တိုင်းသည် အနည်းငယ်မျှပင် ဖြစ်နေလျှင်ပင် ကျန်းချန်ကို သွေးအန်စေခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်ထဲရှိ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်လိုက်သည်။
သူက ခန်းမတံခါးရှိရာ ဆီသို့ စူးစိုက်၍ ကြည့်လိုက်၏။
အင်ပါယာခွင်းရှ၏ အလောင်းကောင်က ခန်းမထဲကနေ ထွက်မလာသည်ကို မြင်မှသာ ကျန်းချန်သည် စိတ်သက်သာရာရသွားခဲ့သည်။
ကံကောင်းစွာဖြင့် အင်ပါယာခွင်းရှသည် အမှန်တကယ် ပြန်လည် မရှင်သန်လာသေးပေ။
အလောင်းကောင်ပေါ်တွင် အင်ပါယာခွင်းရှ၏ အသိစိတ် အကြွင်းအကျန်က ရှိနေသောကြောင့်သာ ဤတိုက်ခိုက်မှုကို လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အင်ပါယာခွင်းရှသာ ပြန်လည် ရှင်သန်လာခဲ့လျှင် ယနေ့တွင် သူသည် အင်ပါယာနန်းတော် ထဲတွင် အမှန်တကယ် ကျဆုံးသွားနိုင်ပေသည်။
"မယူလိုက်ရတဲ့ အင်ပါယာ အရိုးဓာတ်ကြွင်းနှစ်ခုနဲ့ နဂါးအသေကောင်ကို ဆုံးရှုံးလိုက်ရတာ နှမြောစရာပဲ"
ကျန်းချန်က ခေါင်းကိုခါရမ်းကာ ညည်းညူလိုက်သည်။
သူ၏ မျက်နှာတွင် နှမြောသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
နဂါးအသေကောင်သည် အင်ပါယာတစ်ပိုင်း အဆင့် ကိုယ်ရံတော်တစ်ဦးနှင့် ညီမျှသည်။
ထို့အပြင် အင်ပါယာအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို သန့်စင်ထားသည့် အင်ပါယာ အရိုးဓာတ်ကြွင်းနှစ်ခုလည်း ရှိသေး၏။
ဤအရာများသည် ကျင့်ကြံသူများ အိပ်မက်မက်နေသည့် အထွတ်အထိပ် ရတနာများဆိုလည်း မမှားပေ။
ယခုအခါတွင် အင်ပါယာခွင်းရှ၏ တိုက်ခိုက်မှုကြောင့် ထိုအရာများသည် လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။
ကျန်းချန်က တစ်ခဏမျှ စဥ်းစားတွေးတောနေခဲ့သည်။
နဂါးအသေကောင်နှင့် ကျန်ရှိသည့် အင်ပါယာအရိုး ဓာတ်ကြွင်းနှစ်ခု ပျောက်ကွယ်သွားသော်လည်း ကျန်းချန်၏ စိတ်နှလုံးကို ဆွဲဆောင်နေသော အရာတစ်ခု ရှိပါသေးသည်။
ယင်းမှာ ခန်းမထဲတွင် ရှိနေဆဲဖြစ်သည့် အင်ပါယာခွင်းရှ၏ အင်ပါယာ အလောင်းကောင်ပင် ဖြစ်သည်။
အခန်း(၁၃၈၃)ပြီး၏။