အခန်း (၁၃၈၇-၁၃၈၉)
Vol. 93 Ch. 1387-1389
အခန်း(၁၃၈၇)
အင်ပါယာခွင်းရှ၏ အလောင်းကို သိမ်းပိုက်ပြီးနောက်တွင် ကျန်းချန်သည် ခဏနားပြီးမှ အင်ပါယာနန်းတော်ထဲကနေ ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။
သို့သော် ထိုအချိန်မှာပင် ကျန်းချန်သည် ခန်းမ၏ ဘေးဘက်ရှိ ကျောက်နံရံပေါ်သို့ မတော်တဆ အကြည့်ရောက်သွားခဲ့ရာ ကျောက်နံရံပေါ်တွင် လက်ရေးစာ အချို့ကို တွေ့ရှိခဲ့သည်။
ကျန်းချန်က ချက်ချင်းဆိုသလိုပင် ကျောက်နံရံပေါ်ရှိ စာများကို အသေအချာ ဖတ်လိုက်၏။
မကြာခင်မှာပင် ကျန်းချန်သည် ကျောက်နံရံပေါ်ရှိ အကြောင်းအရာများကို အကြမ်းဖျင်းအားဖြင့် နားလည်သွားခဲ့သည်။
ဤကျောက်နံရံသည် အင်ပါယာခွင်းရှ၏ ဘဝအကြောင်းနှင့်လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
အင်ပါယာခွင်းရှသည် သာမန် ကျင့်ကြံသူတစ်ဦး ဘဝကနေ သူ၏ ကံကြမ္မာကို မည်ကဲ့သို့ ပြောင်းလဲခဲ့ပုံနှင့် အဆုံးသတ်တွင် ရှန်းဝူကုန်းမြေ၏ ကျော်ကြားသော အထွတ်အထိပ်အင်ပါယာတစ်ပါး ဖြစ်လာပုံကို မှတ်တမ်းတင်ထားသည်။
အင်ပါယာခွင်းရှသည် တကယ်ကို ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
၎င်းက သာမန်အရည်အချင်းသာ ရှိသော်လည်း ဇွဲလုံ့လကြီးမားစွာဖြင့် ပါရမီရှင်များ ပေါများသောခေတ်မှာပင် မဟာအင်ပါယာ ဖြစ်လာခဲ့သည်။
ထို့အပြင် မဟာအင်ပါယာ ဖြစ်လာပြီးနောက်တွင် အင်ပါယာခွင်းရှသည် ကျေနပ်ခြင်း မရှိသေးဘဲ အင်ပါယာအဆင့်အထက်ရှိ နယ်ပယ်အဆင့်ကို ထိုးဖောက်ရန် အမြဲတစေကြိုးပမ်းနေခဲ့သည်။
နောက်ပိုင်းတွင် အင်ပါယာခွင်းရှသည် နယ်ပယ်အဆင့်ကို ထိုးဖောက်ဖို့ နည်းလမ်းအား ရှာဖွေရန်အတွက် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာဟု ခေါ်သော နေရာတစ်ခုသို့ သွားရောက်ခဲ့သည်။
ထိုနေရာတွင် အင်ပါယာခွင်းရှသည် နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်သော ရတနာအား ရရှိခဲ့သော်လည်း အင်ပါယာအဆင့်အထက်ရှိ အင်အားကြီးမားသော သူတစ်ဦးကို စော်ကားမိခဲ့သည်။
သူက ခွင်းရှဂိုဏ်းကို ပြန်လည် ပြေးလာပြီးနောက်တွင် ထိုကျင့်ကြံသူက သူ့ကို အလွှတ်ပေးမည် မဟုတ်မှန်း သိရှိသောကြောင့် ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း အစီအရင်ကို အင်ပါယာနန်းတော်တွင် ဖွဲ့စည်းခဲ့သည်။
ထို့နောက်တွင် ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်နှင့်ပါ ချိတ်ဆက်ကာ သူ၏အင်ပါယာခန္ဓာကိုယ်ကို ပျိုးထောင်စေခဲ့သည်။
အချိန်တန်လျှင် သူ၏ အင်ပါယာခန္ဓာကိုယ်သည် ဝိညာဥ် အသစ်တစ်ခု မွေးဖွားလာမည် ဖြစ်ပြီး သူ့ကို ဘဝသစ်တစ်ခု ပေးလိမ့်မည် ဖြစ်၏။
သို့သော်လည်း အင်ပါယာခွင်းရှ၏ အစီအစဥ်သည် အဆုံးသတ်တွင် အကောင်အထည် မပေါ်ခဲ့ဘဲ ကျန်းချန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
"ရှန်းဝူကုန်းမြေမှာ မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာ ဆိုတဲ့ နေရာတစ်ခု ရှိနေတာလား.. ဘာလို့ ငါတစ်ခါမှ မကြားဖူးရတာလဲ"
ကျောက်နံရံပေါ်ရှိ မှတ်တမ်းကိုကြည့်ရင်း ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အင်ပါယာခွင်းရှ၏ မှတ်တမ်းများအရ အင်ပါယာခွင်းရှသည် ရတနာကို ရရှိပြီးနောက်တွင် ရတနာကို ပြန်ယူမလာခဲ့ဘဲ မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာမှာပင် နေရာတစ်ခုရှာဖွေကာ ဖွက်ထားခဲ့သည်။
ထိုကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်နေသော ရတနာမျိုးသည် ကျန်းချန်ကိုပင် လိုချင်တပ်မက်စိတ် ဖြစ်ပေါ်စေခဲ့သည်။
ထိုအရာကိုသာ ရရှိခဲ့လျှင် သူ့အတွက် အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်ရန် လွယ်ကူသွားနိုင်သည် မဟုတ်ပါလော။
သို့သော်လည်း မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာနှင့်ပတ်သက်၍ သူ့တွင် မည်သည့် အချက်အလက်မှ မရှိခဲ့ပေ။
ကျန်းချန်သည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာ တည်နေရာကို မသိရှိသောကြောင့် ထိုကိစ္စကို သူ၏စိတ်ထဲတွင်သာ မှတ်သားထားလိုက်သည်။
"ဒီကနေ ထွက်သွားပြီးရင် မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာ သတင်းကို စုံစမ်းရမယ် ထင်တယ်"
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားခဲ့ပြီးနောက်တွင် သူသည် ချာခနဲလှည့်ကာ ခန်းမထဲကနေ ထွက်ခွာလာခဲ့သည်။
အဓိကခန်းမကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် အလျင်အမြန် ထွက်သွားခဲ့ခြင်းမရှိခဲ့ပေ။
ယခု သူက အင်ပါယာခွင်းရှ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသောကြောင့် အင်ပါယာနန်းတော်တွင် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော သတ်ဖြတ်ခြင်း အစီအရင်သည် ကျန်းချန်ကို မည်သို့မှ ခြိမ်းခြောက်နိုင်တော့မည် မဟုတ်တော့ပေ။
သူက အင်ပါယာနန်းတော်ကို ထပ်မံကြည့်လိုက်ရာ အင်ပါယာနန်းတော်တွင် ဘာမှ မကျန်ရှိတော့သည်ကို တွေ့ရှိပြီးမှသာ အင်ပါယာနန်းတော်ထဲမှ အပြီးတိုင် ထွက်ခွာခဲ့သည်။
ကျန်းချန်က အင်ပါယာနန်းတော်ထဲကနေ ထွက်ခွာလာသောအချိန်တွင် ရှားယွင်ချုံး ဦးဆောင်သော လျှို့ဝှက်နယ်မြေရှစ်ခုမှ ကျင့်ကြံသူများသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ နယ်မြေကို သိမ်းယူကာ ထိုနယ်မြေမှ သယံဇာတများကို နေရာအနှံ့အပြားကနေ သိမ်းယူနေခဲ့ကြသည်။
"နန်းတော်သခင်ကျန်း အဆင်ပြေရဲ့လား.. ဒီတစ်ခေါက်ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူကိစ္စက နန်းတော်သခင်ကျန်းရဲ့ အကူအညီကြောင့်သာ အဆင်ပြေသွားခဲ့တာပဲ.. နန်းတော်သခင်ကျန်းကို ကျေးဇူးတင်ပါတယ်"
အင်ပါယာနန်းတော်ကနေ ထွက်ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ရှားယွင်ချုံး၏ မျက်နှာထက်တွင် ကျေးဇူးတင်သောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤတစ်ခေါက်တွင် ကျန်းချန်၏ အကူအညီသာ မရခဲ့လျှင် သူတို့ လျှို့ဝှက်နယ်မြေ ရှစ်ခုသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူမှ ပြန်လည် ရှင်သန်လာသော ခန္ဓာကိုယ်များနှင့် ဆိတ်ငြိမ်နယ်မြေတွင် ဆက်လက် တိုက်ခိုက်နေရလိမ့်မည် ဖြစ်သည်။
ထို့အပြင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူကနေ ပြန်လည်ရှင်သန်လာသော ခန္ဓာကိုယ် အရေအတွက် တဖြည်းဖြည်း များပြားလာသည်နှင့်အမျှ သူတို့ အနေဖြင့် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူကို မဖြေရှင်းနိုင်တော့ဘဲ ၎င်းတို့၏ ဝါးမျိုခြင်းကို သေချာပေါက် ခံရလိမ့်မည် မဟုတ်ပါလား။
"အကြီးအကဲ အားမနာပါနဲ့"
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဒီမှာရှိတဲ့ အစီအရင်တွေက ပျက်စီးသွားတဲ့အပြင် ခွင်းရှဂိုဏ်းရဲ့ စွမ်းအင်ခန္ဓာကိုယ်တွေ အားလုံးက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ.. ဒီမှာ ဘာအန္တရာယ်မှ မရှိတော့ဘူး ဆိုတော့ ကျွန်တော် ထွက်သွားတော့မယ်"
သွေးနတ်ဆိုးနန်းတော်ကို ဖိနှိပ်ပြီး ရှေးဟောင်း အင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူကို အပြည့်အဝ ဖြေရှင်းနိုင်ခဲ့သော်လည်း ရှန်းဝူကုန်းမြေတိုက်သည် ကြီးမားသည့် အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရဆဲပင်။
ယခု ကျန်းချန်ထံတွင် အင်ပါယာတစ်ပိုင်း အဆင့်ထက် မနိမ့်သည့် မဟာအင်ပါယာ၏ ခန္ဓာကိုယ်တစ်ခု ရှိနေသော်လည်း သွေးဝိညာဥ် မျိုးနွယ်စုနှင့် ၎င်းတို့၏ တပ်မှုးချုပ် ကျိုးယိုကို ရင်ဆိုင်ရန် အတွက်မူ သိသိသာသာပင် များစွာ လိုအပ်နေပါသေးသည်။
ထို့ကြောင့် ကျန်းချန်သည် ဤနေရာတွင် ဆက်လက် အချိန်ဖြုန်းရန် အစီအစဥ် မရှိခဲ့ပေ။
ရွှမ်းဝူကောင်းကင် အစီအရင်က အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်ဖြစ်၍ အသင့်ပြင်ဆင်ထားရမည် မဟုတ်ပါလော။
ထို့အပြင် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာ သတင်းကိုလည်း စုံစမ်းရဦးမည် ဖြစ်သည်။
အဆုံးသတ်တွင် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာ၌ အင်ပါယာခွင်းရှသည် ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် အဖိုးတန်ရတနာ တစ်ပါးကို ဝှက်ထားခဲ့၏။
ထိုရတနာကိုသာ ရရှိနိုင်ခဲ့လျှင် ကျန်းချန်သည် တစ်ချက်တည်းဖြင့် အင်ပါယာနယ်ပယ် အဆင့်ကို ထိုးဖောက်ပြီး ရှန်းဝူကုန်းမြေ၏ အင်ပါယာအဆင့် ကျင့်ကြံသူပင် ဖြစ်လာနိုင်ပေသည်။
သူ့အနေဖြင့် အင်ပါယာအဆင့်ကို ရောက်မှသာ သွေးဝိညာဥ်မျိုးနွယ်စု၏ တပ်မှုးချုပ် ကျိုးယိုနှင့် ယှဥ်ပြိုင်ရန် အရည်အချင်း ပြည့်မီလောက်၏။
"နန်းတော်သခင်ကျန်း ခဏလေးနေပါဦး"
ထိုအချိန်မှာပင် ရှားယွင်ချုံးသည် ရုတ်တရက် ကျန်းချန်ကို ဟန့်တားလိုက်သည်။
"ငါ့မှာ ကိစ္စတစ်ခုရှိတယ် အဲဒီကိစ္စနဲ့ပတ်သက်ပြီး နန်းတော်သခင်ကျန်းနဲ့ တိုင်ပင်ချင်လို့ပါ"
ကျန်းချန်က ခေါင်းညိတ်ကာ ရှားယွင်ချုံးကို ပြောဆိုလိုက်သည်။
"ရပါတယ် ကျွန်တော့်မှာလည်း အကြီးအကဲရှားကို ပြောစရာကိစ္စ တစ်ခုရှိတယ်"
လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သည့် ကပ်ဘေးက တစ်ဖန် ပြန်လည် ဖြစ်ပေါ်လာတော့မည် ဖြစ်၍ ကျန်းချန်သည် အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲမှ အခြေအနေကို ရှားယွင်ချုံးကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
သို့မှသာ လျှို့ဝှက်နယ်မြေရှစ်ခု အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်မည် မဟုတ်ပါလော။
ပို၍ အရေးကြီးသောအချက်မှာ လျှို့ဝှက်နယ်မြေရှစ်ခုသည် ရှန်းဝူကုန်းမြေတိုက်တွင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းကပင် တည်ရှိခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် ဟောင်ထျန်း သူတော်စင်နယ်မြေသည် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)တွင် ရှန်းဝူကုန်းမြေ၏ အရှင်သခင်ဟုပင် ဆို၍ရ၏။
ထို့ကြောင့် ကျန်းချန်သည် ရှားယွင်ချုံးကို မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာ မည်သည့်နေရာတွင် ရှိသလဲ ဆိုသည်ကို မေးချင်နေခဲ့သည်။
ထို့နောက်တွင် ရှားယွင်ချုံးသည် ကျန်းချန်ကို ခန်းမတစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်။
ကျန်းချန်က အပိုစကားများ မပြောတော့ဘဲ တဲ့တိုးပင် မေးလိုက်သည်။
"အကြီးအကဲရှားက ကျွန်တော်နဲ့ ဘာကိစ္စ တိုင်ပင်ချင်တာလဲ ဆိုတာ သိပါရစေ"
ရှားယွင်ချုံးက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက်တွင် လေးနက်စွာ ပြောလိုက်သည်။
"ဒီလိုပါ နန်းတော်သခင်ကျန်း.. ကျွန်တော်က နန်းတော်သခင်ကျန်းနဲ့ အတူ တစ်နေရာကို သွားချင်လို့ပါ"
ကျန်းချန်၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"အကြီးအကဲရှားက ဘယ်နေရာကို သွားမလဲဆိုတာ သိပါရစေ"
သိထားရမည့်အချက်မှာ ရှားယွင်ချုံးသည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်တွင်ရှိသည့် အင်အားကြီးမားသူ တစ်ဦးဖြစ်ပြီး အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင် အဆင့်၁၃ နေရာတွင်ရှိသည်။
ထိုလူက ရှန်းဝူကုန်းမြေတိုက်၏ မည်သည့်နေရာကို သွားချင်နေ၍ သူ့ကိုပါ အဖော်ခေါ်နေရပါသနည်း။
"ငါတို့ ရှန်းဝူကုန်းမြေတိုက်မှာ အလွန်လျှို့ဝှက်တဲ့ နေရာတစ်ခုရှိနေသေးတယ် ဆိုတာ နန်းတော်သခင်ကျန်း မသိသေးဘူးလို့ငါထင်တယ်.. အဲဒီနေရာမှာ တခြား အမွေအနှစ် နယ်မြေတွေမှာတောင် မရနိုင်တဲ့ ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိနေတယ်.. လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀၀)အတွင်း ရှန်းဝူကုန်းမြေတိုက်မှာ ထွက်ပေါ်လာတဲ့ အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တွေက အဲဒီနယ်မြေကနေ မွေးဖွားလာတာတွေချည်းပဲ.. အဲဒီနေရာမှာ အင်ပါယာနယ်ပယ် အဆင့်ကို တိုက်ရိုက် ထိုးဖောက်နိုင်တဲ့ ရတနာတောင် ရှိတယ်လို့ ပြောကြတယ်"
ရှားယွင်ချုံးက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ရှန်းဝူကုန်းမြေမှာ အဲဒီလို မှော်ဆန်တဲ့နေရာမျိုး ရှိနေသေးတယ်လား"
ရှားယွင်ချုံး၏ စကားကိုကြားလျှင် ကျန်းချန်သည် မယုံကြည်နိုင်လောက်အောင် အံ့သြတုန်လှုပ်သွားခဲ့သည်။
"အမှန်ပဲ ရှန်းဝူကုန်းမြေတိုက်မှာ ဒီလို မှော်ဆန်တဲ့နေရာမျိုး တကယ်ပဲရှိတယ်.. ရှေးခေတ်တုန်းက ကျော်ကြားခဲ့တဲ့ ရှန်းဝူကုန်းမြေတိုက်ရဲ့ အင်ပါယာအဆင့် ကျင့်ကြံသူ အများအပြားက အဲဒီနေရာကနေ မွေးဖွားလာခဲ့ကြတာပဲ"
ရှားယွင်ချုံးက ကျန်းချန်ကို ကြည့်ကာ အလေးအနက်ပင် ပြောလိုက်သည်။
"အဲဒီနေရာကို မိုးကြိုးနတ်ဘုရားရဲ့ရှေးဟောင်းကမ္ဘာလို့ ခေါ်ကြတယ်"
အခန်း(၁၃၈၇)ပြီး၏။
အခန်း(၁၃၈၈)
ရှားယွင်ချုံး၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး သူ၏မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာ ဆိုသည်မှာ ခွင်းရှဂိုဏ်း၏ အင်ပါယာနန်းတော် ကျောက်နံရံတွင် မှတ်တမ်းတင်ထားသည့်နေရာ မဟုတ်ပါလော။
ဤကမ္ဘာတွင် ဤကဲ့သို့သော တိုက်ဆိုင်မှုမျိုး ရှိနေလိမ့်မည်ဟု ကျန်းချန်က ဘယ်တော့မှ မထင်ထားခဲ့ပေ။
သူက ရှားယွင်ချုံး မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာအကြောင်းကို မေးရန် ပြင်ဆင်နေစဥ်မှာပင် ရှားယွင်ချုံးက သူ့ဆီသို့ ရောက်လာပြီး မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာဆီသို့ သွားရန် ဖိတ်ခေါ်ခဲ့သည်။
ကြည့်ရသည်မှာ ဘုရားသခင်သည် သူ့ကို မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ သွားစေချင်ပုံ ရ၏။
"အကြီးအကဲရှား.. မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာအခြေအနေကို သိသလောက် ပြောပြပါလား"
ကျန်းချန်က ခဏမျှ မှင်တက်နေပြီးနောက်တွင် ပြုံးရွှင်စွာ ပြောလိုက်သည်။
သူက မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာ အကြောင်းကို စုံစမ်းမေးမြန်းပြီးမှသာ မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်း ကမ္ဘာအကြောင်းကို သွားချင်ခဲ့သည်။
ယခုအခါတွင် ထိုနေရာအကြောင်းကို ကောင်းစွာသိသည့် ရှားယွင်ချုံး ရှိနေပြီး သူ့ကို မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ သွားရန် ဖိတ်ခေါ်နေခဲ့သည် ဖြစ်ရာ ကျန်းချန် မည်ကဲ့သို့ ငြင်းဆန်နိုင်ပါမည်နည်း။
ရှားယွင်ချုံးက ခေါင်းညိတ်လိုက်ပြီး မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာ အချက်အလက်အား ကျန်းချန်အား ပြောပြလိုက်သည်။
မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသည် ရှန်းဝူကုန်းမြေပေါ်ရှိ သီးခြား နယ်မြေ တစ်ခု ဖြစ်ပြီး အစွမ်းထက် ကျင့်ကြံသူတစ်ဦးက ဖွင့်လှစ်ခဲ့သည်ဟု ဆိုကြသည်။
ထိုနေရာက ရှန်းဝူကုန်းမြေတွင် ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း နှစ်ပေါင်း မည်မျှကြာမြင့်ပြီလဲ ဆိုသည်ကို အတိအကျ မသိပေ။
ရှန်းဝူကုန်းမြေမှ ကျင့်ကြံသူများ အတွက်မူ မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသည် ၎င်းတို့အတွက် အိပ်မက်ထဲမှ ရတနာတစ်ပါး ဖြစ်၏။
ဤနေရာတွင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူကို အလွန် မျက်စိကျစေသည့် မရေမတွက်နိုင်သော အခွင့်အလမ်းများ ရှိသည်။
အထူးသဖြင့် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)ခန့်က တိုက်ပွဲအပြီးတွင် ရှန်းဝူကုန်းမြေသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူများသည် ထိုအဆင့်တွင် လုံးဝ ရပ်တန့်နေခဲ့ပြီး အဆင့်တက်လှမ်းနိုင်ခြင်း မရှိတော့ပေ။
မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင်မူ နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူများ အတွက် အဆင့်တက်လှမ်းရန် အခွင့်အလမ်းများစွာ ရှိ၏။
ဆိုရလျှင် လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀၀) အတွင်း ရှန်းဝူတိုက်တွင် ပေါ်ထွက်ခဲ့သည့် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူများသည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် အခွင့်အလမ်းများကို ရှာဖွေကာ အဆင့်တက်နိုင်ခဲ့ကြခြင်းဖြစ်သည်။
မိုးကြိုးနတ်ဘုရား၏ရှေးဟောင်းကမ္ဘာသည် နှစ်(၁၀၀၀)တွင် (၁)ကြိမ်သာ ဖွင့်လှစ်၏။
ဖွင့်လှစ်သည့် အခါတိုင်းတွင် ရှန်းဝူကုန်းမြေပေါ်မှ ကျင့်ကြံသူများသည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ သွားကာ အဆင့်တက်နိုင်မည့် အခွင့်အလမ်းကို ရှာဖွေကြသည်။
အချိန်ကြာလာသောအခါ မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် ရှန်းဝူတိုက်မှ နတ်သန္ဓေအင်ပါယာ နယ်ပယ်အထွတ်အထိပ် ကျင့်ကြံသူ အများအပြား စုစည်းလာခဲ့သည်။
ထို့ကြောင့်ပင် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသည် အလွန် ရုန့်ရင်းသောနေရာတစ်ခု ဖြစ်လာခဲ့ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိသည့် ကျင့်ကြံသူပင် ထိုအထဲတွင် ကျဆုံးနိုင်ခြေရှိသော နေရာတစ်ခု ဖြစ်လာခဲ့သည်။
ရှားယွင်ချုံး၏ ခွန်အားဖြင့်ပင် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ ပေါ့ပေါ့ဆဆ မဝင်ဝံ့ပေ။
ထို့ကြောင့် ရှားယွင်ချုံးသည် ကျန်းချန်ကို သူနှင့်အတူ သွားရန်ဖိတ်ခေါ်ခဲ့ခြင်းပင်။
ယခုအခါတွင် ကျန်းချန်၏ ခွန်အားသည် မှန်းဆ၍ မရအောင် မြင့်မားလွန်းပြီး သူ့ထက် ပို၍ အားကောင်းသည်။
သူတို့နှစ်ယောက်သာ အတူတူ အဖွဲ့ဖွဲ့ခဲ့လျှင် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မတွေ့မချင်း မည်သူမှ သူတို့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။
"မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာက ဘယ်တော့ဖွင့်မှာလဲ"
ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။
မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာက ဤမျှအထိ မှော်ဆန်နေသည် ဆိုလျှင် အင်ပါယာခွင်းရှ ရရှိခဲ့သည့် ရတနာအကြောင်း မသိလျှင်ပင် သူက သေချာပေါက် သွားရောက်လိမ့်မည်သာ။
"သိပ်မကြာခင် ဖွင့်တော့မယ်"
ထို့နောက်တွင် ရှားယွင်ချုံးသည် ကျန်းချန်ကိုကြည့်ကာ မေးလိုက်သည်။
"နန်းတော်သခင်ကျန်း.. မင်းခုနက ငါ့ကို ပြောစရာရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား အဲဒါ ဘာကိစ္စလဲ"
"နှစ်ပေါင်း(၁၀၀၀၀)ကာလ ရောက်တော့မယ်.. ရှန်းဝူကုန်းမြေက အဲဒီနှစ်က ကြုံတွေ့ရတဲ့ကပ်ဘေးမျိုးကို ထပ်ပြီး ကြုံတွေ့ရနိုင်ခြေရှိတယ်"
ကျန်းချန်က ရှားယွင်ချုံးကို ကြည့်ကာ လေးလေးနက်နက်ပင် ပြောလိုက်သည်။
"အကြီးအကဲရှားလို ဟောင်ထျန်းသူတော်စင် နယ်မြေရဲ့ အထွတ်အထိပ် အကြီးအကဲက ဒီကိစ္စကို သိနေလောက်မယ်လို့ ကျွန်တော်ထင်တယ်"
ကျန်းချန်၏ စကားကိုကြားလျှင် ရှားယွမ်ချုံး၏ မျက်နှာ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲကာ အလွန်တရာ လေးနက်သွားခဲ့သည်။
"ဘိုးဘေးရဲ့ မှတ်တမ်းအရတော့ ဆန်းကြယ်တဲ့ အစီအရင် တစ်ခုကိုအသုံးပြုပြီး သွေးဝိညာဥ်မျိုးနွယ်စုရဲ့ တပ်မှုးချုပ် ကျိုးယိုကို ရှန်းဝူကုန်းမြေရဲ့ တစ်နေရာမှာ ဖိနှိပ်ခဲ့တယ်လို့ သိရတယ် ဒါပေမဲ့ အဲဒါက နှစ်ပေါင်း(၁၀၀၀၀)လောက်ပဲ ဖိနှိပ်နိုင်တယ် နှစ်ပေါင်း(၁၀၀၀၀) ကျော်လွန်သွားတာနဲ့ တပ်မှုးချုပ်ကျိုးယိုက ပြန်လည် လွတ်မြောက်နိုင်လိမ့်မယ်"
ရှားယွင်ချုံးက မချိပြုံးပြုံး၍ ပြောလိုက်သည်။
"ဒီနှစ်ထောင်ပေါင်းများစွာ အတွင်း လျှို့ဝှက်နယ်မြေ ရှစ်ခုက ရှန်းဝူကုန်းမြေတိုက်မှာ အဲဒီနေရာကို ရှာဖွေဖို့ ကြိုးစားခဲ့ပေမဲ့ ဘာသတင်းကိုမှ မရရှိခဲ့ဘူး.. အဲဒီအချိန်မှာ ရှန်းဝူတိုက်က သိသိသာသာ ပြောင်းလဲသွားပြီး အပိုင်းပိုင်း ဖြစ်သွားခဲ့တယ် အဲဒီတိုက်ပွဲမှာ ဘိုးဘေးရဲ့ ဓားချက်တစ်ချက်က ကြယ်တာရာမြို့တော်ကို နှစ်ခြမ်းဖြစ်သွားစေပြီး ကျန်တစ်ခြမ်းက မြောက်ပိုင်းတောရိုင်းဒေသထဲကို ကျရောက်သွားပြီး အင်ပါယာမြှုပ်နှံခြင်းချောက်နက်လို့ ခေါ်တဲ့ အဆုံးမဲ့တွင်းနက် တစ်ခုထဲကို ထိုးကျသွားခဲ့တယ်"
"အဲဒီနေရာကို ရှာဖွေဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး"
ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
သူ့စကားကိုကြားလျှင် ရှားယွင်ချုံး၏မျက်နှာထက်တွင် စိတ်လှုပ်ရှားသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"နန်းတော်သခင်ကျန်း ကြယ်တာရာမြို့တော်ရဲ့ကျန်တစ်ဝက်က ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ မင်းတကယ်ပဲ သိနေတာလား"
"ကျွန်တော်သိရုံမကဘူး အဲဒီနေရာကိုတောင် ရောက်ခဲ့ပြီးပြီ"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တပ်မှုးချုပ် ကျိုးယိုကို ဖိနှိပ်ထားတဲ့အစီအရင်မှာ ပြဿနာတချို့ ရှိခဲ့ပြီး သွေးဝိညာဥ် မျိုးနွယ်စုတွေက ဖြတ်ကျော်လာခဲ့ကြတယ်.. ကျွန်တော်က သွေးဝိညာဥ်မျိုးနွယ်စုက လူတချို့ကို နှိမ်နင်းပြီး အစီအရင်ကို ပြန်လည်ပြုပြင်ပေးခဲ့တယ်"
"ငါတို့ လျှို့ဝှက်နယ်မြေရှစ်ခုက ကြယ်တာရာမြို့တော်ရဲ့ ကျန်တစ်ဝက် ရှာဖွေနေတာ နှစ်ပေါင်း(၁၀၀၀၀)နီးပါးတောင် ရှိနေခဲ့ပြီ.. အခုမှပဲ ကြယ်တာရာမြို့တော် တစ်ဝက်ရဲ့ သတင်းကို ရတော့တယ်"
ရှားယွင်ချုံးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာခရီးစဥ် ပြီးဆုံးသွားရင် ငါတို့ လျှိ့ဝှက်နယ်မြေရှစ်ခုက မင်းနဲ့အတူ မြောက်ပိုင်းတောရိုင်းဒေသကို သွားပြီး ဒီကိစ္စကို ဖြေရှင်းကြမယ်"
ကျန်းချန်က ရှားယွင်ချုံး၏အဆိုကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာခရီးစဥ် ပြီးလျှင် ကျန်းချန်၏ နောက်ထပ် ရည်မှန်းချက်သည် အင်ပါယာမြှုပ်နှံခြင်းချောက်နက်အတွင်းမှ ကိစ္စကို ဖြေရှင်းရန် ဖြစ်သည်။
ရှားယွင်ချုံးတို့လို လျှို့ဝှက်နယ်မြေရှစ်ခုမှ ကျင့်ကြံသူများသာ သူနှင့်အတူ ပူးပေါင်းလာမည် ဆိုလျှင် ထိုကိစ္စကို ဖြေရှင်းရမည့် ဖိအားသည် သိသိသာသာပင် လျော့နည်းသွားလိမ့်မည်ဖြစ်သည်။
အထူးသဖြင့် ဟောင်ထျန်းသူတော်စင်နယ်မြေ ဖြစ်သည်။
၎င်းတို့က အင်ပါယာဟောင်ထျန်း၏ မျိုးဆက်များဖြစ်၍ သွေးဝိညာဥ်မျိုးနွယ်စု အကြောင်းကို သာမန်လူများထက် ပို၍ နားလည်နေနိုင်သည်။
သို့ရာတွင် လက်ရှိအချိန်၌ အရေးကြီးဆုံးမှာ မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ သွားရောက်ရန် ဖြစ်သည်။
မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသည် ရှန်းဝူကုန်းမြေတွင် ထူးဆန်းသော နေရာတစ်ခု ဖြစ်ပြီး အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်ခွင့်ရရန် ကြီးမားသော အခွင့်အလမ်း ရှိနေသောကြောင့် သူ့အနေဖြင့် အင်ပါယာအဆင့်ကို တစ်ချက်တည်းနှင့် ထိုးဖောက်မည့် အခွင့်အလမ်းကို ဆုပ်ကိုင်ရလိမ့်မည် မဟုတ်ပါလော။
သွေးဝိညာဥ်မျိုးနွယ်စု၏ တပ်မှုးချုပ် ကျိုးယိုသည် အင်ပါယာ ဟောင်ထျန်းနှင့်ပင် ယှဥ်နိုင်သည့် မဟာအင်ပါယာတစ်ပါး ဖြစ်သော်လည်း နှစ်ထောင်ပေါင်းများစွာ ဖိနှိပ်ခံရသောကြောင့် သူ၏ အထွတ်အထိပ်ကာလက စွမ်းအားများထက် များစွာ ကျဆင်းနေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူက အင်ပါယာနယ်ပယ် အဆင့်ကို ထိုးဖောက်ပြီး သူ၏ ဝှက်ဖဲများစွာကို အားကိုးခဲ့လျှင် ကျိုးယိုကို ယှဥ်နိုင်စွမ်းမရှိဟု တထစ်ချ ပြော၍မရနိုင်တော့ပေ။
ဆွေးနွေးမှု ပြီးဆုံးသွားပြီးနောက်တွင် ကျန်းချန်သည် ရှားယွင်ချုံးနှင့် အတူနေခဲ့ကာ မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ဝင်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူတို့က နိဗ္ဗာန်မြို့တော်သို့ ပြန်လာခဲ့ကြပြီးနောက်တွင် ကျန်းချန်သည် လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယစည်းတံဆိပ်ကို နားလည်အောင် ကြိုးစားရင်း မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာ ဖွင့်လှစ်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ဤသို့ဖြင့် သုံးရက်ဟူသော အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
စတုတ္ထနေ့တွင် ရှားယွင်ချုံးသည် ကျန်းချန်ကို လာရောက်တွေ့ဆုံခဲ့၏။
"နန်းတော်သခင်ကျန်း.. မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာ ဝင်ပေါက်မှာ ပြောင်းလဲမှုတွေ ရှိနေပြီ.. သိပ်မကြာခင် ဖွင့်လှစ်တော့မယ်ထင်တယ် ကျွန်တော်တို့ ထွက်သွားဖို့ အချိန်တန်ပြီ"
ထိုစကားကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် စူးရှသောအလင်းများ ဖြစ်ပေါ်လာခဲ့သည်။
"ဒါဆို ကျွန်တော်တို့ သွားကြစို့"
အခန်း(၁၃၈၈)ပြီး၏။
အခန်း(၁၃၈၉)
နိဗ္ဗာန်မြို့တော်၏ အပြင်ဘက်ကို ထွက်လာသည်နှင့် ကျန်းချန်သည် အခြားသော နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အကြီးအကဲများ အားလုံးသည် နိဗ္ဗာန်မြို့တော်၏ ဂိတ်တံခါးဝတွင် စုဝေးနေသည်ကို တွေ့ရှိခဲ့သည်။
"သူတို့လည်း မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာကို သွားမလို့လား"
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး ရှားယွင်ချုံးကို လေသံတိုးတိုးဖြင့် မေးလိုက်သည်။
ကျန်းချန်သည် အမြဲတစေ တစ်ကိုယ်တော် သွားလာတတ်သူ ဖြစ်သည်။
ဤတစ်ကြိမ် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ သွားရာတွင် ရှားယွင်ချုံး တစ်ယောက်တည်းဖြင့် လုံလောက်နေပြီဖြစ်ရာ လျှို့ဝှက်နယ်မြေရှစ်ခုမှ အကြီးအကဲများကို ခေါ်သွားရန် မလိုလားခဲ့ပေ။
"နန်းတော်သခင်ကျန်း မစိုးရိမ်ပါနဲ့.. မိုးကြိုးနတ်ဘုရားရဲ့ရှေးဟောင်းကမ္ဘာကို အတူတူသွားရုံပါပဲ.. အထဲကိုရောက်ရင် သူတို့ဘာသာ သူတို့ ဆက်လျှောက်ပါလိမ့်မယ်"
ရှားယွင်ချုံးက ရှင်းပြလိုက်သည်။
ထိုစကားကို ကြားလျှင် ကျန်းချန်က ထိုကိစ္စနှင့် ပတ်သက်၍ ထပ်မပြောတော့ပေ။
မိုးကြိုးနတ်ဘုရားရဲ၏ ရှေးဟောင်းကမ္ဘာထဲ ဝင်ရောက်ပြီးနောက်တွင် သူ့ကို မထိခိုက်သရွေ့ မည်သည့်ပြဿနာမှ မရှိပေ။
မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသည် ကျုံးကျိုးကုန်းမြေ၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။
ကျန်းချန်တို့ ယခု ရောက်ရှိနေသောနေရာနှင့် အလွန်ပင် အလှမ်းဝေး၏။
ထို့ကြောင့် ကျန်းချန်တို့က အလျင်အမြန်ဆုံးနှုန်းဖြင့် ခရီးဆက်လျှင်ပင် နှစ်ရက် သို့မဟုတ် သုံးရက်ခန့် ကြာမြင့်မည်ဖြစ်၏။
ခရီးတစ်လျှောက်တွင် ကျန်းချန်သည် အလောတကြီး သွားလာနေသော ကျင့်ကြံသူ အများအပြားကို တွေ့ခဲ့ရသည်။
ထိုကျင့်ကြံသူများမှ ထုတ်လွှတ်နေသော အရှိန်အဝါများသည် အလွန်တရာအားကောင်းပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် သို့မဟုတ် ထိုထက်ပို၍ မြင့်သော အဆင့်တွင်ရှိသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ထိုထဲမှ လူနည်းစုကမူ လျှို့ဝှက်နယ်မြေရှစ်ခုမှ အကြီးအကဲများထက်ပင် အနည်းငယ်မျှ မနိမ့်ကျပေ။
ဤကျင့်ကြံသူများ အလောတကြီး သွားရောက်နေသော နေရာမှာ မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာ ဖြစ်သည်မှာ ထင်ရှားနေ၏။
မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာကြောင့် ရုတ်တရက် ထွက်ပေါ်လာကြသော ကျင့်ကြံသူများစွာကို မြင်တွေ့ရလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
ထိုနေရာ၏ ဆွဲဆောင်မှုသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး ရှန်းဝူတိုက်တွင် မြင်တွေ့ရလေ့မရှိသော အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူများပင် ထိုအထဲတွင် ပါဝင်ခဲ့ကြသည်။
သို့သော်လည်း အင်အားကြီးမားသော ကျင့်ကြံသူအများအပြား စုဝေးနေကြသည့်တိုင် လူတိုင်းသည် အချင်းချင်းနားလည်မှုများ ရှိကြပြီး ပဋိပက္ခများ မရှိခဲ့ကြပေ။
အဆုံးသတ်တွင် အားလုံးသည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ ဝင်ရောက်မည့် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။
အထီးကျန်တောင်တန်းသည် ကျုံးကျိုးကုန်းမြေ၏ အနောက်မြောက်ဘက်တွင် ရှေးအကျဆုံး တောင်တန်းများထဲမှ တစ်ခုဖြစ်သည်။
အတိအကျဆိုရလျှင် အထီးကျန်တောင်တန်းသည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာဝင်ပေါက် တည်ရှိသော နေရာ ဖြစ်၏။
တောင်တန်းဧရိယာအတွင်း ရုန့်ရင်းသော သားရဲများ အလွန်ပေါများပြီး ပတ်ဝန်းကျင်လည်း အလွန်ကြမ်းတမ်းသည်။
သို့သော်လည်း ကျန်းချန်နှင့် နတ်သန္ဓေအင်ပါယာဘနယ်ပယ် နဝမအဆင့် ကျင့်ကြံသူများ အတွက်မူ ထိုသားရဲများသည် များစွာ ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပေ။
ကျန်းချန်တို့သည် အထီးကျန်တောင်တန်းထဲတွင် အတားအဆီးများ သိပ်မကြုံတွေ့ရဘဲ လှုပ်ရှားသွားလာနိုင်ခဲ့သည်။
တစ်ခါတစ်ရံ လမ်းခရီးတွင် သားရဲများနှင့် ရင်ဆိုင်တွေ့လျှင်ပင် ကျန်းချန်သည် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့၏။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်တို့သည် အထီးကျန်တောင်တန်း၏ နက်ရှိုင်းသော နေရာသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုနေရာတွင် မိုးကြိုးမုန်တိုင်းများဖြင့် ဖုံးလွှမ်းနေသော ဆန်းကြယ်သည့်နေရာတစ်ခု ရှိနေခဲ့၏။
ထိုမိုးကြိုးမုန်တိုင်းများ လွှမ်းမိုးနေသော နေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
ထိုနေရာ၏ အရှေ့တွင် အတော်အတန် ကျယ်ဝန်းသော မြေကွက်လပ်တစ်ခု ရှိသည်။
ထိုမြေကွက်လပ်တွင် ရှိနေသော လူအားလုံးသည် အလွန်တရာပင် အစွမ်းထက်သော အရှိန်အဝါကို ထုတ်လွှတ်နေကြ၏။
အများစုသည် နှစ်ယောက်တစ်ဖွဲ့ ၊သုံးယောက်တစ်ဖွဲ့ဖြင့် စုဝေးနေကြပြီး အချင်းချင်း သတိထားကာ စောင့်ကြည့်နေခဲ့ကြသည်။
ကျန်းချန်က အကြမ်းဖျင်း အကဲခတ်လိုက်ရာ ထိုနေရာတွင် အင်အားကြီးမားသော ကျင့်ကြံသူ ရာပေါင်းများစွာ စုဝေးနေသည်ကို တွေ့ရှိခဲ့သည်။
၎င်းတို့ထဲမှ အများစုသည် လျှို့ဝှက်နယ်မြေ ရှစ်ခု၏ သူတော်စင်သခင်များ အဆင့်ကို အနည်းဆုံး ရောက်ရှိနေပြီဖြစ်သည်။
လူနည်းစုကမူ ရှားယွင်ချုံးကဲ့သို့ အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်း၏ (၁၃)ယောက်မြောက် ကျင့်ကြံသူများနီးပါး စွမ်းရည်ရှိကြသည်။
"ဒီမိုးကြိုးမုန်တိုင်းတွေ ဖုံးလွှမ်းနေတဲ့နေရာက မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာ ဝင်ပေါက်ပဲ.. ဒီနေရာမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ မိုးကြိုးစွမ်းအားတွေက အမြဲတစေ ဖုံးလွှမ်းနေတယ်.. ဒီမိုးကြိုးစွမ်းအားတွေထဲမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းတဲ့ မိုးကြိုးဥပဒေသတွေ ပါဝင်နေတယ်လို့ဆိုကြတယ်"
"ဒါကြောင့် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူတွေတောင် အလွယ်တကူ မဝင်ရောက်ရဲကြဘူး.. နှစ်ပေါင်း(၁၀၀၀)တိုင်းမှာ မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာ ဖွင့်လှစ်လေ့ရှိတယ်.. အဲဒီအချိန်ကျရင် မိုးကြိုးဥပဒေသတွေက ယာယီပျောက်ကွယ်သွားပြီး ငါတို့ကို အထဲဝင်ဖို့အတွက် အခွင့်အရေး ရရှိစေလိမ့်မယ်"
ရှားယွင်ချုံးက မိုးကြိုးမုန်တိုင်းများ ဖုံးလွှမ်းနေသောနေရာကို ကြည့်ကာ သူ၏နံဘေးမှ ကျန်းချန်ကို ခပ်တိုးတိုး ရှင်းပြလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်၏။
ရှားယွင်ချုံးမရှင်းပြလျှင်ပင် မိုးကြိုးမုန်တိုင်းများ ဖုံးလွှမ်းနေသောနေရာမှ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးဥပဒေသကို သူခံစားမိခဲ့၏။
သူ၏ လက်ရှိခွန်အားဖြင့်ပင် ထိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားနှင့် ရင်ဆိုင်ရလျှင် တစ်ခဏအတွင်း ပြာဖြစ်သွားလိမ့်မည်မှာ သေချာသလောက်ပင်။
ကျန်းချန်တို့နှစ်ယောက်က မြေကွက်လပ်တွင် တစ်နေရာ ရှာကာ ထိုင်ချလိုက်ပြီး ပတ်ဝန်းကျင်မှ လူများ၏ အကြည့်များကို လျစ်လျူရှုကာ မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာဖွင့်လှစ်မည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။
ဤကဲ့သို့ စောင့်ဆိုင်းနေရင်း ထိုနေရာသို့ ရောက်ရှိလာသောကျင့်ကြံသူအရေအတွက်သည် ပိုမို၍ များပြားလာခဲ့သည်။
"ကျုံးကျိုးကုန်းမြေမှာ အကြီးအကဲတို့ လျှို့ဝှက်နယ်မြေရှစ်ခုအပြင် အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေ အများအပြား ရှိနေကြပါလား ကျွန်တော် တကယ် မထင်ထားဘူး"
ဤနေရာတွင် စုဝေးနေကြသည့် နတ်သန္ဓေအင်ပါယာ ရာပေါင်းများစွာကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုအထဲမှ ကျင့်ကြံသူအများစုသည် လျှို့ဝှက်နယ်မြေ ရှစ်ခု၏ သူတော်စင်သခင်များထက် မနိမ့်ပေ။
"သွေးနတ်ဆိုးနန်းတော်က ကျုံးကျိုးကုန်းမြေကို ကျူးကျော်တိုက်ခိုက်စဥ်ကသာ ဒီလူတွေက ရှေ့ထွက်ပြီး သွေးနတ်ဆိုးနန်းတော်ကို အရေးယူခဲ့မယ်ဆိုရင် ကျွန်တော်လည်း ဒီလောက်အထိ အလုပ်ရှုပ်ခဲ့မှာ မဟုတ်ဘူး"
"ဒီလူတွေထဲက အများစုက နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့တဲ့ ကျင့်ကြံသူတွေပဲ.. သူတို့မှာ သက်တမ်းတွေ သိပ်မကျန်တော့ဘူး.. ကျုံးကျိုးကုန်းမြေပေါ်က အရှုပ်အထွေးကိစ္စတွေကို ရှင်းလင်းဖို့အတွက်နဲ့ သူတို့ရဲ့စွမ်းအင်တွေကို ဘယ်လိုလုပ်ပြီး ဖြုန်းတီးနိုင်မှာလဲ.. ဒီတစ်ခေါက် မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာ ဖွင့်လှစ်တဲ့အတွက်ကြောင့်သာ မဟုတ်ရင် ဒီလူတွေက အလွယ်တကူ ထွက်ပေါ်လာကြမှာ မဟုတ်ဘူး.. ဘာဖြစ်လို့လည်းဆိုတော့ မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာကို ဝင်ရောက်မှသာ ကျင့်ကြံခြင်းကို အဆင့်တက်ပြီး သူတို့ရဲ့သက်တမ်းကို ဆွဲဆန့်နိုင်မှာမို့လို့ပဲ"
ကျန်းချန်၏အတွေးကို ရိပ်စားမိ၍ ရှားယွင်ချုံးက ခေါင်းခါရမ်းကာ ရှင်းပြလိုက်သည်။
"ဒီနေရာမှာ အင်အားကြီးမားတဲ့ ကျင့်ကြံသူ အများအပြားရှိပေမဲ့ အထွတ်အထိပ် နတ်သန္ဓေ အင်ပါယာစာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲက ပုဂ္ဂိုလ်တွေကို မတွေ့မိသလိုပဲ"
ဤနေရာရှိ အင်အားကြီးမားသော ကျင့်ကြံသူများကို အကဲခတ်ရင်း ကျန်းချန်၏ မျက်နှာထက်တွင် ထူးဆန်းသောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်၏ အမြင်တွင် ဤနေရာတွင်ရှိသည့် အစွမ်းထက်ကျင့်ကြံသူအားလုံးထဲမှ အစွမ်းအထက်ဆုံးကျင့်ကြံသူ ရှားယွင်ချုံးနှင့်တူညီသော အဆင့်တွင်သာရှိသည်။
"အထွတ်အထိပ် နတ်သန္ဓေ အင်ပါယာစာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက်က ဒီမိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာကို စိတ်မဝင်စားကြတာလား"
သိထားရမည့်အချက်မှာ မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသည် အင်ပါယာအဆင့်ကို ထိုးဖောက်နိုင်မည့် ကြီးမားသော အခွင့်အလမ်းရှိသောနေရာ ဖြစ်သည်။
"အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက်နေရာမှာ ရှိတဲ့ ကျင့်ကြံသူတွေက ကျွန်တော်တို့ထက်စောတဲ့ခေတ်က အင်အားကြီးမားတဲ့ကျင့်ကြံဲသူတွေပဲ သူတို့ကလွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀)လောက်ကတည်းက ရှန်းဝူတိုက်မှာ နာမည်ကြီးခဲ့တဲ့အထွတ်အထိပ် နတ်သန္ဓေအင်ပါယာတွေပဲ အတိအကျ ပြောရရင် ဒီလူတွေက လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်လောက်ကတည်းက မိုးကြိုးနတ်ဘုရားရဲ့ရှေးဟောင်းကမ္ဘာထဲကို ဝင်ရောက်သွားခဲ့ကြတယ် အချို့က အထဲမှာ ကျဆုံးသွားခဲ့ပြီး အချို့ကတော့ ကျင့်ကြံခြင်းအဆင့်ကို ချိုးဖျက်ဖို့အတွက် မိုးကြိုးနတ်ဘုရားရဲ့ရှေးဟောင်းကမ္ဘာထဲမှာပဲ ဆက်လက် နေထိုင်ခဲ့ကြတယ်"
ရှားယွင်ချုံးက အလေးအနက်ပင် ကျန်းချန်ကို ရှင်းပြလိုက်သည်။
"ပြောရရင် ငါတို့ လျှို့ဝှက်နယ်မြေရှစ်ခုရဲ့ အရင်ခေါင်းဆောင်တွေ အားလုံးက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာထဲကို ဝင်ရောက်ခဲ့ကြတယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် မသိမသာ ကျဥ်းမြောင်းသွားခဲ့သည်။
"ဒါဆို မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာထဲမှာ ရှန်းဝူကုန်းမြေတိုက်ရဲ့ အင်အားအကြီးမားဆုံး ကျင့်ကြံသူတွေ စုဝေးနေကြတာပေါ့ ဒီအတိုင်းဆို သူတို့တွေထဲမှာ အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တွေတောင် ရှိနေနိုင်မယ်လို့ထင်တယ်"
"မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာမှာ အင်ပါယာတစ်ပိုင်းအဆင့်နဲ့ အင်ပါယာအဆင့်ကို ထိုးဖောက်ဖို့ အခွင့်အလမ်းတွေရှိပေမဲ့ အဲဒီအခွင့်အလမ်းတွေကို ရရှိဖို့က လွယ်ကူတာတော့မဟုတ်ဘူး ပြောရရင် မိုးကြိုးနတ်ဘုရားရဲ့ရှေးဟောင်းကမ္ဘာထဲကို ဝင်ရောက်ခဲ့တဲ့ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်ကျင့်ကြံသူ အများအပြားထဲမှာ အင်ပါယာတစ်ပိုင်းအဆင့်ကို ထိုးဖောက်နိုင်တဲ့ ကျင့်ကြံသူတွေက လက်ချိုးရေတွက်လို့တောင်ရတယ် မိုးကြိုးနတ်ဘုရားရဲ့ရှေးဟောင်းကမ္ဘာထဲမှာ ဆက်လက်နေထိုင်ဖို့ ရွေးချယ်ခဲ့တဲ့သူတွေက သူတို့ရဲ့သက်တမ်းတွေ သိပ်မကျန်တော့တဲ့အတွက် ဒီအထဲမှာပဲ ဆက်လက်စွန့်စားချင်လို့ပဲ အများစုက မိုးကြိုးနတ်ဘုရားရဲ့ရှေးဟောင်းကမ္ဘာထဲမှာပဲ ကျဆုံးသွားကြတယ် ဒီနေရာမှာ စုဝေးနေကြတဲ့ ဇာတ်မြှုပ်နေတဲ့ကျင့်ကြံသူအများစုက ဒီရည်ရွယ်ချက်နဲ့လာကြတာ ဖြစ်မယ်လို့ ငါထင်တယ် သူတို့ရဲ့သက်တမ်းတွေက သိပ်မကျန်လောက်တော့ဘူး"
ရှားယွင်ချုံးက ပတ်ဝန်းကျင်မှ အင်အားကြီးမားသော ကျင့်ကြံသူများကို ကြည့်ကာ မချိပြုံးပြုံး၍ ပြောလိုက်သည်။
"ငါကိုယ်တိုင်လည်း ဒီတစ်ခေါက် မိုးကြိုးနတ်ဘုရားရဲ့ရှေးဟောင်းကမ္ဘာထဲကို ဝင်သွားပြီးရင် အလွယ်တကူ ထွက်လာနိုင်မှာ မဟုတ်ဘူး ထင်တယ်"
အခန်း(၁၃၈၉)ပြီး၏။