← Chapters

အခန်း (၁၃၉၃-၁၃၉၅)

Vol. 93 Ch. 1393-1395

အခန်း (၁၃၉၃-၁၃၉၅)

Vol. 93 Ch. 1393-1395

အခန်း(၁၃၉၃)

"ဟောင်ထျန်း သူတော်စင်နယ်မြေကလူလား"

ထိုအချိန်တွင် ကျင့်ကြံသူများသည် ရှားယွင်ချုံးကို ထိတ်လန့်သောအမူအရာဖြင့် ကြည့်နေခဲ့ကြသည်။

ဟောင်ထျန်း သူတော်စင်နယ်မြေသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ရှန်းဝူကုန်းမြေ၏ နံပါတ်(၁) အင်ပါယာဖြစ်သည့် အင်ပါယာဟောင်ထျန်း ချန်ထားရစ်ခဲ့သည့် အမွေအနှစ်နယ်မြေ ဖြစ်သည်။

လျှို့ဝှက်နယ်မြေရှစ်ခုထဲတွင် နံပါတ်(၁)အဖြစ် ရပ်တည်နေသော သူတော်စင်နယ်မြေ ဆိုလည်း မမှားပေ။

ဇာတ်မြှုပ်နေသော မွန်းစတားများပင် ဟောင်ထျန်းသူတော်စင်နယ်မြေကို ကြောက်ရွံ့ကြသည်။

"ဟုတ်တယ် ဒီဧကရာဇ်က ဟောင်ထျန်း သူတော်စင်နယ်မြေက ရှားယွင်ချုံးပဲ"

ရှားယွင်ချုံးက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"ဒီအင်ပါယာယွင်နတ်သစ်သီးကို ငါတို့အရင်ဆုံးတွေ့ခဲ့တာပဲ.. ဘာအတွက်နဲ့ မင်းတို့ကို ပေးရမှာလဲ"

"ဟားဟား မင်းက ဟောင်ထျန်း သူတော်စင်နယ်မြေရဲ့ အထွတ်အထိပ် အကြီးအကဲ ရှားယွင်ချုံး ဖြစ်နေတာကိုး အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ အဆင့်(၁၃) နေရာမှာ ရှိနေတဲ့အတွက် မင်းက တကယ်ကို ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ.. ဒါပေမဲ့ ပြိုင်ဘက်ကင်းတော့ရောဘာဖြစ်လဲ.. ဒီနေ့ အင်ပါယာယွင် နတ်သစ်သီးကို အရယူဖို့ ငါဆုံးဖြတ်ထားတယ်.. မင်းက ဟောင်ထျန်း သူတော်စင်နယ်မြေရဲ့ အထွတ်အထိပ် အကြီးအကဲ ဖြစ်နေရင်တောင် ငါ့ကို တားလို့ရမှာ မဟုတ်ဘူး"

ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအို တစ်ယောက်သည် မထီမဲ့မြင် ရေရွတ်လိုက်သည်။

ထိုအဘိုးအို၏ နံဘေးတွင် သူကဲ့သို့ပင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ရှိနေခဲ့၏။

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်တစ်ခုလုံးမှောင်မည်းသွားခဲ့ပြီး မီတာရာပေါင်းများစွာ ရှည်လျားသည့် အနက်ရောင်နဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အနက်ရောင်နဂါးက ချက်ချင်းဆိုသလို ရှားယွင်ချုံး ဆီသို့ ပြေးဝင်ကာ တိုက်ခိုက်လိုက်သည်။

ရှားယွင်ချုံး၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုကို အစွမ်းကုန် ပြန်လည် တိုက်ခိုက်လိုက်သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

နှစ်ယောက်သားဆယ်ကွက်ကျော်ခန့် ဆက်တိုက်ဆိုသလို တိုက်ခိုက်ပြီးနောက်တွင် ရှားယွင်ချုံးသည် အဆုံးသတ်တွင် အနည်းငယ် အရေးနိမ့်သွားခဲ့ပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုကြောင့် ပေဆယ်ဂဏန်းကျော်အထိ နောက်ဆုတ်လိုက်ရသည်။

ထို့နောက်တွင် ရှားယွင်ချုံးသည် သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကိုကြည့်လိုက်ပြီး ၎င်းနှင့် အနည်းငယ်ရုပ်ချင်း ဆင်တူသည့် တခြား အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုကို ကြည့်လိုက်သည်။

အဆုံးသတ်တွင် သူက တစ်စုံတစ်ရာကို သတိရသွားခဲ့ပြီး မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"မင်းတို့က အနက်‌ရောင်နတ်ဆိုးညီနောင် မဟုတ်လား"

ထိုစကားကိုကြားလျှင် ရှားယွင်ချုံးကို နောက်ဆုတ်အောင်လုပ်ခဲ့သည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ပြုံးကာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ငါတို့ညီနောင်က အနက်‌ရောင်နတ်ဆိုးညီနောင်ပဲ"

အဘိုးအို၏ အဖြေကိုကြားလျှင် ရှားယွင်ချုံး၏ စိတ်နှလုံးသည် ရုတ်တရက် လေးလံသွားခဲ့သည်။

အင်ပါယာယွင်နတ်သစ်ပင် အတွက် သူတို့ကို ဦးဆုံး တိုက်ခိုက်ခဲ့သူမှာ အနက်ရောင်နတ်ဆိုးညီနောင် ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"အကြီးအကဲ ဒီကောင်တွေက အားမနည်းဘူး.. ကျွန်တော် ကိုင်တွယ်လိုက်မယ်"

ထိုအချိန်တွင် ကျန်းချန်သည် ရှားယွင်ချုံး၏ အနောက်ကနေ ‌ရှေ့ထွက်လာခဲ့သည်။

"သတိထားပါ အနက်ရောင် နတ်ဆိုးညီနောင်ရဲ့ စွမ်းရည်က ငါ့ထက် လုံးဝမနိမ့်ဘူး.. သူတို့က ပူးပေါင်းတိုက်ကွက် ဆင်နွှဲရာမှာ ကျွမ်းကျင်ကြပြီး သူတို့ရဲ့ တိုက်ခိုက်‌ရေးစွမ်းအားထက် အဆပေါင်း များစွာ ထုတ်လွှတ်နိုင်သောကြောင့် ကောင်းကင်လျှို့ဝှက်နယ်မြေကတောင် သူတို့ကို အထွတ်အထိပ် နတ်သန္ဓေ အင်ပါယာစာရင်းမှာ အဆင့်(၉)နေရာ သတ်မှတ်ထားခဲ့တယ်.. ဒီနှစ်ယောက်က အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက် စာရင်းမှာ ပါဝင်ကြတဲ့အတွက် လူတိုင်းက သူတို့ကို သိကြတယ်"

ရှားယွင်ချုံးက ကျန်းချန်ကို အလေးအနက် ရှင်းပြလိုက်သည်။

"အကြီးအကဲရှား မစိုးရိမ်ပါနဲ့"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး ရှားယွင်ချုံး၏ စကားကို အလေးအနက် မထားခဲ့ပေ။

သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူ မဟုတ်သရွေ့ မည်သူမှ သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ကျန်းချန်၏ သိုလှောင်အိတ်ထဲတွင် မဟာအင်ပါယာ၏ ရုပ်အလောင်းတစ်ခု ကျန်ရှိနေပါသေးသည်။

ထိုနှစ်ယောက်က အင်ပါယာတစ်ပိုင်း အဆင့်ကို ‌ရောက်နေလျှင်ပင် သူ၏ အင်ပါယာယွင်နတ်သစ်သီးကို ပစ်မှတ်ထားဝံ့သည့်အတွက် သူ့အနေဖြင့် တိုက်ခိုက်ရပေလိမ့်မည်။

ကျန်းချန်က ရှေ့တက်လာခဲ့ပြီး အနက်ရောင်နတ်ဆိုးညီနောင်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"မင်းတို့ကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. ဒီအချိန်အတွင်းမှာ ချိုင့်ဝှမ်းထဲကနေ ချက်ချင်းထွက်သွားရမယ်.. ဒီလိုမှမဟုတ်ရင်တော့ အညှာအတာမရှိ သတ်ပစ်မယ်"

"ဟားဟား.. ဘယ်က မလောက်လေးမလောက်စားလေးလဲ စကားကြီး စကားကျယ်တွေပြောနေတာ လျှာခေါက်မှာ မစိုးရိမ်ဘူးလား.. ရှားယွင်ချုံးလို ကျင့်ကြံသူတောင် ငါ့အရှေ့မှာ မောက်မာဖို့ အရည်အချင်း မပြည့်မီဘူး.. မင်းက ဘာမို့လို့လဲ"

ကျန်းချန်၏ စကားကိုကြားလျှင် အ‌စောပိုင်းက ရှားယွင်ချုံးနှင့် တိုက်ခိုက်ခဲ့သော အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် လှောင်ရယ်၍ ပြောလိုက်သည်။

ကျန်းချန်ကမူ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ့ဘာသာသူ စတင်ရေတွက်ခဲ့၏။

တစ်ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်..

"ကောင်လေး မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ"

ကျန်းချန်က သူ့ကို ဤမျှလောက်အထိ အထင်သေးနေသည်ကို မြင်လျှင် ရှားယွင်ချုံးနှင့် တိုက်ခိုက်ခဲ့သော အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းထဲတွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက ချက်ချင်းပင် ရုန့်ရင်းသော နတ်ဆိုးချီများကို ထုတ်ဖော်ကာ သူ၏ ခေါင်းအထက်တွင် မီတာ တစ်ရာခန့် ရှိသည့် နတ်ဆိုးပုံရိပ် တစ်ခုကို ဖော်ထုတ်လိုက်သည်။

ထိုနတ်ဆိုးပုံရိပ်သည် ကျန်းချန်ကို အထက်စီးကနေ မထီမဲ့မြင် အမူအရာဖြင့် ကြည့်နေခဲ့၏။

ထို့နောက်တွင် ဖျက်ဆီးခြင်းမှော်အလင်းများ ပါဝင်နေသော ဧရာမလက်ကြီးဖြင့် လေထုကို တိုက်ရိုက် ထိုးဖောက်ကာ ကျန်းချန်၏ ဦးခေါင်းကို တိုက်ခိုက်လိုက်သည်။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လက်ညှိုးညွှန်လိုက်ရာ လေထုထဲတွင် လေနှင့်မိုးကြိုးများ လှိုင်းထန်လာခဲ့သည်။

ထို့နောက်တွင် ကွဲပြားသော အရောင်ငါးမျိုး၏ စွမ်းအားသည် တစ်ခဏချင်းမှာပင် ပေါင်းစည်းသွားခဲ့ပြီး အဆုံးသတ်၌ တောက်ပသော ငါးရောင်ခြယ် ဧရာမဓားတစ်လက် အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ကနေ သက်ဆင်းလာခဲ့သည်။

"သတိထား"

ကျန်းချန်၏ တိုက်ခိုက်မှုကို မြင်လျှင် ကျန်ရှိသည့် အနက်ရောင်ဝတ် အဘိုးအိုက သူ၏ အဖော်ကို အလျင်အမြန် သတိပေးလိုက်သည်။

သို့သော်လည်း သူ၏ သတိပေးချက်သည် အလွန်တရာ နောက်ကျသွားခဲ့ချေပြီ။

တားဆီး၍ မရနိုင်သောစွမ်းအားကို သယ်ဆောင်လာသော ငါးရောင်ခြယ် ဓားအလင်းသည် မှော်အလင်းများဖြင့် တောက်ပနေသော ဧရာမလက်ကို ရိုက်ချိုးပစ်လိုက်ပြီး အဆုံးသတ်တွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ဦးခေါင်းအထက်ရှိ နတ်ဆိုးပုံရိပ်ကိုပါ နှစ်ခြမ်းကွဲထွက်သွားစေခဲ့သည်။

ထိုမျှနှင့် မပြီးသေးဘဲ ငါးရောင်ခြယ် ဓားအလင်းသည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ဦးခေါင်းကိုပါ ပိုင်းဖြတ်သွားခဲ့သေး၏။

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်ကာ လေထဲတွင် သွေးမှုန်များ အဖြစ် ပြန့်ကျဲသွားခဲ့သည်။

သူ၏ ရှေ့မှ ထိတ်လန့်စရာ မြင်ကွင်းကိုမြင်လျှင် ရှားယွင်ချုံးသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့၏။

အနက်ရောင်နတ်ဆိုးညီနောင်ထဲမှ တစ်ယောက်သည် တစ်ကွက်တည်းဖြင့်ပင် ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားခဲ့ရသည်။

ကျန်းချန်က အလွန်တရာ သန်မာမှန်းသိသော်လည်း ဤမျှအထိ သန်မာလိမ့်မည်ဟု ရှားယွင်ချုံး မထင်ခဲ့မိပေ။

"ဒီကောင်က သာမန်မဟုတ်ဘူး.. ငါထွက်ပြေးမှာ ဖြစ်မယ်"

သူ၏ညီနောင်ကို ကျန်းချန်က ဓားတစ်ကွက်တည်းဖြင့် သတ်ပစ်လိုက်သည်ကို မြင်လျှင် ကျန်ရှိသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှင်းပြ၍ မရနိုင်သည့် အေးစိမ့်မှု တစ်ခုကို ခံစားလိုက်ရသည်။

သူ့ညီနောင်၏ ခွန်အားနှင့်ပတ်သက်၍ သူက တခြား မည်သူ့ထက်မဆို ကောင်းစွာသိသည်။

သူနှင့် သူ၏ညီနောင်သည် ခွန်အားအရာတွင် သိပ်မကွာပေ။

ထိုကောင်လေးသည် သူ၏ ညီနောင်ကို တစ်ကွက်တည်းဖြင့် သတ်ပစ်နိုင်သည်အထိ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ထိုကဲ့သို့သူမျိုးကို သူတစ်ယောက်တည်းဖြင့် ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

ကျန်ရှိသော အနက်ရောင်ဝတ်အဘိုးအိုက လုံးဝ တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် ချာခနဲလှည့်ကာ ချိုင့်ဝှမ်းထဲကနေ ထွက်ပြေးခဲ့သည်။

"ထွက်ပြေးချင်တာလား.. ဒီကိုရောက်လာပြီ ဆိုမှတော့ မင်းရဲ့အသက်ကို ထားခဲ့ရမယ်"

ကျန်းချန်၏ ကြုံးဝါးသံ အဆုံးသတ်ပြီးနောက်တွင် အဆင့်မြင့်နယ်မြေ ငါးခု၏ စွမ်းအင်ကို ပေါင်းစပ်ထားသော ငါးရောင်ခြယ် ဓားတစ်လက်သည် လေထုထဲတွင် တစ်ဖန် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

ထိုဓားက ချက်ချင်းဆိုသလိုပင် ကျန်ရှိသော အနက်‌ရောင်ဝတ်စုံဝတ် အဘိုးအို၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက မည်သည့်ခုခံမှုကိုမှ မပြုလုပ်လိုက်ရဘဲ ကျန်းချန်၏ ဓားကွက်အောက်တွင် သေဆုံးသွားခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် ညီနောင်ကို သတ်ဖြတ်ပြီး‌နောက်တွင် ကျန်းချန်သည် အစောပိုင်းက သူ့ကို မထီမဲ့မြင် စော်ကားခဲ့သော ကျင့်ကြံသူအား ဓားတစ်ကွက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်။

"အင်ပါယာယွင်နတ်သစ်ပင် ဆီကို ပြန်သွားပြီး ဆက်လက်ကျင့်ကြံကြစို့"

ကျူးကျော်လာသည့် ရန်သူသုံးယောက်ကို အလွယ်တကူဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် ပေ့ါပါးစွာ ပြောလိုက်ပြီး အင်ပါယာယွင်နတ်သစ်ပင် ဆီသို့ ပြန်သွားကာ ကိုယ်ခံပညာ၏ စွမ်းအားကို နားလည်ရန် ဆက်လက် ကျင့်ကြံခဲ့သည်။

ရှားယွင်ချုံးနှင့် အနက်ရောင်မြွေကမူ ဤမြင်ကွင်းကို ကြည့်ကာ မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရ၏။

နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ သုံးယောက်သည် အသက်ရှူချိန် အနည်းငယ် အတွင်း ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားလိမ့်မည်ဟု သူတို့ လုံးဝမတွေးမိခဲ့ပေ။

ဤကောင်လေးသည် ဓားတစ်ချက်ကို တစ်ယောက်နှုန်းဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဆိုရလျှင် ဤကောင်လေး အတွက် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ်ကို သတ်ဖြတ်ရသည်မှာ ကြက်သတ်သကဲ့သို့ပင်။

ဤသည်က မည်မျှပင် လွှမ်းမိုးနိုင်သောစွမ်းရည် ဖြစ်ပါသနည်း။

အထူးသဖြင့် အနက်ရောင်မြွေသည် ဤအချိန်တွင် အလွန်တရာ တုန်လှုပ်နေခဲ့သည်။

ဤကောင်လေးသည် တကယ်ကို မွန်းစတား တစ်ကောင်ဖြစ်၏။

ကံကောင်းစွာဖြင့် ထိုနေ့က သူ့ဘက်ကနေ စတင်ပြီး အရှုံးပေးဖို့ကို ရွေးချယ်ခဲ့သည်။

သို့မဟုတ်လျှင် မည်ကဲ့သို့ သေသွားမှန်းကိုပင် သိလိုက်မည်မဟုတ်ပေ။

အခန်း(၁၃၉၃)ပြီး၏။

အခန်း(၁၃၉၄)

အနက်ရောင် နတ်ဆိုးညီနောင်ကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်တို့သည် အင်ပါယာယွင် နတ်သစ်ပင်အောက်တွင် ငြိမ်သက်စွာဖြင့် နှစ်ရက်တာကို ကုန်ဆုံးခဲ့ကြသည်။

အင်ပါယာယွင် နတ်သစ်သီးမှည့်ရန် အချိန်နီးကပ်လာသည်နှင့်အမျှ အင်ပါယာယွင် နတ်သစ်ပင်အောက်တွင် တည်ငြိမ်စွာကျင့်ကြံနေသော ကျန်းချန်တို့သည် စိတ်လှုပ်ရှားလာကြသည်။

တတိယမြောက်နေ့မှစပြီး အင်ပါယာယွင်နတ်သစ်ပင်၏ အရှိန်အဝါကြောင့် အင်အားကြီးမားသော ကျင့်ကြံသူများကို နေ့စဥ်လိုလို ဆွဲဆောင်ခဲ့၏။

နောက်ထပ် ရက်အနည်းငယ် အတွင်း ကျန်းချန်သည် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဆယ်ယောက်ထက် မနည်းကို သတ်ဖြတ်ခဲ့သည်။

အထူးသဖြင့် ထိုအထဲမှ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်သည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ မသေခင် အချိန်အတွင်း အင်ပါယာယွင်နတ်သစ်ပင်၏ သတင်းကို ဖြန့်ဝေသွားခဲ့သည်။

ထို့ကြောင့် သိပ်မကြာမီမှာပင် အင်ပါယာယွင်နတ်သစ်ပင်၏ သတင်းသည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

ထိုသတင်းကို ကြားသိပြီးနောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။

ထိုကျင့်ကြံသူများသည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ်ကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီး အင်ပါယာယွင် နတ်သစ်ပင်ကို သိမ်းပိုက်ထားသော သူတစ်ယောက် ချိုင့်ဝှမ်းထဲတွင် ရှိနေသည်ကို သိရှိထားသောကြောင့် ချိုင့်ဝှမ်းထဲကို အလောတကြီး မဝင်ရောက်ခဲ့ကြပေ။

အင်အားကြီးမားသော ကျင့်ကြံသူ အယောက်နှစ်ဆယ် နီးပါးစုပေါင်းပြီးမှသာ ချိုင့်ဝှမ်းထဲကို ဝင်ရောက်ခဲ့ကြသည်။

ချိုင့်ဝှမ်းအပြင်ဘက်ကနေ အတူတကွ ဝင်ရောက်လာကြသည့် ကျင့်ကြံသူ အယောက်နှစ်ဆယ်ခန့်ကို မြင်လျှင် ကျန်းချန်သည် အင်ပါယာယွင် နတ်သစ်ပင်အောက်တွင် ထိုင်နေရာကနေ မတ်တပ် ထရပ်လိုက်သည်။

ထို့နောက်တွင် သူ၏ အေးစက်စက်အသံသည် ချိုင့်ဝှမ်းထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"မင်းတို့ အကုန်လုံးနားထောင်.. ဒီချိုင့်ဝှမ်းက အခု ငါ့ရဲ့ပိုင်နက်ပဲ.. မင်းတို့လာချင်တိုင်း လာလို့ရတဲ့နေရာ မဟုတ်ဘူး.. မင်းတို့အခုနေ လှည့်ပြန်မယ် ဆိုရင် နောက်မကျသေးဘူး.. မဟုတ်ရင်တော့ ငါ့ကို ယဥ်ကျေးမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့"

ကျန်းချန်၏ စကားကိုကြားလျှင် ဆံဖြူအမျိုးသမီး တစ်ယောက်သည် အေးစက်စက် ပြုံးလိုက်သည်။

"ကောင်လေး အင်ပါယာယွင် နတ်သစ်ပင်က မင်းအပိုင် မဟုတ်ဘူး.. မင်းတစ်ယောက်တည်း အင်ပါယာယွင်နတ်သစ်သီးကို သိမ်းပိုက်ချင်နေတာက တော်တော်လေး ယဥ်ကျေးမှုမရှိတဲ့လုပ်ရပ်ပဲ"

ကျန်းချန်၏ ခွန်အားက နားမလည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူအများအပြားကို သတ်ဖြတ်ခဲ့မှန်း သူတို့ ကြားသိခဲ့ရသည်။

သို့သော်လည်း ယခုအခါ သူတို့ဘက်တွင် အင်အားကြီးမားသော ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော် စုဝေးနေသည့် အပြင် ၎င်းတို့ထဲတွင် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူ ဆယ်ယောက်အထိ ရှိနေသည် ဖြစ်ရာ သူတို့အနေဖြင့် ကျန်းချန်နှင့် ရင်ဆိုင်ရန် ယုံကြည်မှု ရှိနေခဲ့သည်။

အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ မရောက်လာသရွေ့ သူတို့အယောက် နှစ်ဆယ် ပူးပေါင်းလိုက်လျှင် မည်သူ့ကိုမှ မရှုံးနိမ့်နိုင်သလောက်ပင်။

ထိုကောင်‌လေး၏ တိုက်ခိုက်‌ရေးစွမ်းအားက မည်မျှပင် အစွမ်းထက်ပါစေ၊ သူတို့နှင့် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

ကျန်းချန်က အပိုစကားများကို ပြောဆိုရန် အလွန်ပင် ပျင်းရိနေခဲ့သည်။

သူက ချက်ချင်းပင် လက်ညှိုးကို တောက်ထုတ်လိုက်ရာ ဓားအလင်းတစ်ခုသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ပြိုင်ဘက်အယောက်နှစ်ဆယ် ဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။

အင်အားကြီးမားသော ကျင့်ကြံသူ အယောက်နှစ်ဆယ်သည် ကျန်းချန်က ၎င်းတို့ကို တိုက်ရိုက် တိုက်ခိုက်ဝံ့သည်ကိုမြင်လျှင် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူတို့က ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်မှာပင် ကျန်းချန်၏ ဓားအလင်းက သူတို့ကို ရည်ရွယ်ခြင်း မဟုတ်မှန်း သိရှိသွားခဲ့ကြသည်။

ကျန်းချန်၏ ဓားအလင်းက သူတို့အရှေ့ ဆယ်ပေအကွာရှိ မြေကြီးပေါ်သို့ တိုက်ရိုက် ကျသွားခဲ့ပြီး‌ မြေပြင်ပေါ်တွင် မျဥ်းကြောင်းတစ်ကြောင်းကို ဖြစ်ပေါ်စေခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် အင်အားကြီးမားသော ကျင့်ကြံသူ အားလုံးသည် အံ့အားသင့်သွားကြသည်။

ဆံဖြူအမျိုးသမီးက ကျန်းချန်ကို စေ့စေ့ကြည့်ကာ မေးခွန်း ထုတ်လိုက်သည်။

"ကောင်လေး ဒါက ဘာသဘောလဲ"

ကျန်းချန်က လက်ပိုက်၍ မတ်တပ်ရပ်နေရင်း ပေါ့ပါးစွာပြောလိုက်သည်။

"ဒီမျဥ်းကို ဖြတ်တဲ့သူ သေရလိမ့်မယ်"

ကျန်းချန်၏ စကားကိုကြားလျှင် အင်အားကြီးမားသော ကျင့်ကြံသူများ၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။

ဤကောင်လေးသည် သူတို့အားလုံးကို လုံးဝ မျက်စိထဲ မထည့်ထားပုံ ရသည်။

"ကောင်လေး မင်းသိပ်ပြီး မောက်မာမနေနဲ့.. ဒီအင်ပါယာယွင်နတ်သစ်သီးက မင်းတစ်ယောက်တည်း အပိုင်စီးနိုင်တဲ့အရာမဟုတ်ဘူး.. ငါမင်းရဲ့ စည်းကို ဖြတ်ကျော်တော့ရော မင်း ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"

ထိုအချိန်မှာပင် အရပ်ရှည်ပြီး ကြွက်သွားများဖြင့် တုတ်ခိုင်သည့် လူလတ်ပိုင်းအရွယ် လူတစ်ယောက်သည် ရှေ့သို့ တိုးထွက်လာပြီး ကျန်းချန် ဓားအလင်းဖြင့် ဆွဲထားသည့် မျဥ်းကြောင်းကို ဖြတ်ကျော်သွားခဲ့သည်။

"အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းမှာ အဆင့်(၁၇) နေရာက ကျောက်သားနတ်ဆိုးပါလား"

ကျောက်သားနတ်ဆိုးက ကျန်းချန် ဓားဖြင့် ဆွဲထားသည့် စည်းမျဥ်းအား ဖြတ်ကျော်သွားသည်ကို မြင်လျှင် အင်အားကြီးမားသော ကျင့်ကြံသူများသည် ကျန်းချန်ကို ဂရုဏာသက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။

ဤကျောက်သားနတ်ဆိုးသည် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင် အဆင့်(၁၇)တွင် ရှိသည့်အပြင် အလွန်တရာ အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူတို့အယောက်နှစ်ဆယ် ထဲမှာပင် ကျောက်သားနတ်ဆိုးကို ယှဥ်နိုင်သူ သိပ်မရှိပေ။

သူတို့အားလုံးက ကျန်းချန် မည်ကဲ့သို့ ဆက်လက် ကိုင်တွယ်မလဲ ဆိုသည်ကို ကြည့်ချင်နေခဲ့ကြသည်။

ကျန်းချန်က ကျောက်သားနတ်ဆိုးကို ထီမထင်သော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်ပြီး လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ရာ သူ၏ လက်ထဲတွင် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည်။

"သွားသေလိုက်တော့"

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏ လက်ဝါးကို လှုပ်ရှားလိုက်ရာ ကောင်းကင်ယံတွင် ကျယ်လေင်သော အသံတစ်သံ ပျံ့နှံ့သွားခဲ့သည်။

"ဝုန်း.."

အလွန်တရာ ကြီးမားပြီး ပေရာပေါင်းများစွာ ကျယ်ဝန်းသည့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ချက်ချင်းဆိုသလိုပင် ကောင်းကင်ထက်ကနေ ပျံသန်းလာခဲ့ပြီး ကျောက်သားနတ်ဆိုးကို ဖိနှိပ်လိုက်သည်။

"ပြိုကွဲစမ်း"

ကျောက်သားနတ်ဆိုးက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ခန္ဓာကိုယ်ကနေ မှော်အလင်းများပေါက်ကွဲထွက်လာခဲ့ပြီး သူ၏ ဦးခေါင်းအထက်ကို ကျရောက်လာသည့် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

"ဝုန်း.."

ကျောက်သားနတ်ဆိုး၏ လက်သီးသည် ကောင်းကင်ကို တုန်ခါဖို့ပင် လုံလောက်သည်။

သို့သော်လည်း အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို လေထဲတွင် ခဏတာ ဟန့်တားနိုင်ခဲ့ပြီး ခဏအကြာတွင် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်သည် သူ့ကို ဆက်လက် ဖိနှိပ်သွားခဲ့သည်။

"သာမန် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်တစ်ခုနဲ့ ငါ့ကို ဖိနှိပ်ချင်တယ်လား"

ကျောက်သားနတ်ဆိုးက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ ခြေထောက်ကို မြေပြင်ပေါ်တွင် ဆောင့်ချလိုက်သည်။

ထို့နောက်တွင် ကျောက်သားနတ်ဆိုး၏ ပုံရိပ်သည် များစွာမြင့်မားလာခဲ့ပြီး ရှေးဟောင်း နတ်ဆိုးနတ်ဘုရား တစ်ပါးကဲ့သို့ ကမ္ဘာကိုပင် လွှမ်းမိုးနိုင်သော အစွမ်းထက်အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

သို့သော်လည်း ကျောက်သားနတ်ဆိုးက မည်မျှပင် ဒေါသတကြီး ကြုံးဝါး၍ လျှို့ဝှက်နည်းစနစ်ကို လှုံ့ဆော်ကာ သူ၏သွေးအဆီအနှစ်ကို မီးရှို့သည်ဖြစ်စေ၊ သူ၏ ဦးခေါင်းအထက်ရှိ အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ကို ဟန့်တားရန် မဖြစ်နိုင်ပေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဆယ်ပေခန့် အမြင့်ရှိသည့် ကျောက်သားနတ်ဆိုး၏ ခန္ဓာကိုယ်ကို အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ကြိတ်ချေသွားခဲ့သည်။

အရိုးများ ကွဲအက်သော အသံများသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ် ပျောက်ကွယ်သွားသောအခါတွင် ကျောက်သားနတ်ဆိုး၏ ပုံရိပ်သည် မကျန်ရှိတော့ပေ။

မြေပြင်ပေါ်တွင် သွေးစွန်းရာ တစ်ခုသာလျှင် ကျန်ရစ်ခဲ့၏။

အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းတွင် အဆင့်(၁၇) နေရာ၌ရှိပြီး ခုခံကာကွယ်ရေးတွင် နာမည်ကြီးသည့် ကျောက်သားနတ်ဆိုးသည် ကျန်းချန်၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။

"ဒီကောင်လေးက ဘယ်သူလဲ.. ရှန်းဝူကုန်းမြေမှာ ဒီလိုအစွမ်းထက် နတ်ဆိုးတစ်ကောင် ဘယ်ကတည်းကစပြီး ပေါ်ပေါက်လာတာလဲ"

ကျင့်ကြံသူများသည် မှင်တက်ရာကနေ ပြန်လည် သတိဝင်လာကြပြီးနောက်တွင် ကျန်းချန်ကို ကြည့်နေသည့် ၎င်းတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့သည်။

"ငါသူ့ကို သိတယ်...သူက လူသားဧကရာဇ်နန်းတော်က နန်းတော်သခင် ကျန်းချန်ပဲ"

ထိုအချိန်မှာပင် အင်အားကြီးမားသော ကျင့်ကြံသူ တစ်ယောက်သည် ရုတ်တရက် အံ့အားသင့်စွာ အော်ဟစ် ပြောဆိုလိုက်သည်။

"လူသားဧကရာဇ်နန်းတော်က နန်းတော်သခင် ကျန်းချန် ဟုတ်လား"

ထိုကျင့်ကြံသူ၏ စကားကိုကြားလျှင် လူအများအပြားသည် အလျင်အမြန်ပင် သတိပြန်ဝင်လာခဲ့ကြသည်။

မှန်ပါသည်။ အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်သည် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းတွင် အဆင့်(၁၇) နေရာတွင် ရှိသည့် ကျောက်သားနတ်ဆိုးကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

ဤကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော စွမ်းရည်မျိုးသည် သွေးနတ်ဆိုးနန်းတော်ကို ဖိနှိပ်ပြီး သွေးဧကရာဇ်များကို တစ်ကိုယ်တော် သတ်ဖြတ်ခဲ့သည့် ရှန်းဝူကုန်းမြေ၏ နံပါတ်(၁)ပါရမီရှင် ကျန်းချန်အပြင် တခြား မည်သူ ရှိနိုင်ပါမည်နည်း။

ဤနေရာတွင် ရောက်ရှိနေသော လူများသည် ကျန်းချန်၏ နာမည်ကို ကြားဖူးသော်လည်း လူကိုယ်တိုင်ကိုမူ မတွေ့ဖူးကြပေ။

ထို့အပြင် နာမည်ကျော်ကြားသလောက် အစွမ်းထက်လိမ့်မည်ဟုလည်း အလေးအနက် မထားခဲ့ကြချေ။

ယခုအခါတွင် ရှန်းဝူကုန်းမြေ၏ နံပါတ်(၁)ပါရမီရှင်က သူတို့ထင်ထားသည်ထက်ပင် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းနေမှန်း နားလည်သွားခဲ့ကြသည်။

လူတိုင်းက အံ့အားသင့်နေစဥ်မှာပင် ကျန်းချန်၏ မထီမဲ့မြင်အသံသည် သူတို့၏ နားထဲတွင် တစ်ဖန် ပဲ့တင်ထပ်လာခဲ့၏။

"ငါနောက်ထပ်တစ်ခါ သတိပေးမယ်.. ဒီမျဥ်းကို ဖြတ်ကျော်တဲ့သူ သေရလိမ့်မယ်"

အခန်း(၁၃၉၄)ပြီး၏။

အခန်း(၁၃၉၅)

ကျန်းချန်ထံမှ ထပ်မံ ပဲ့တင်ထပ်လာသော အသံကို ကြားလိုက်ရလျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် အေးစက်စက်အခြေအနေသို့ ပြန်လည် ကျရောက်သွားခဲ့သည်။

ဤအချိန်တွင် ကျင့်ကြံသူများ၏ စိတ်နှလုံးထဲ၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး မည်သူမှ ကျန်းချန်ကို စိန်ခေါ်ရန် မဝံ့ရဲတော့ပေ။

သူတို့ရှေ့မှ ကောင်လေး၏ တိုက်ခိုက်ရေးစွမ်းအားသည် အမှန်တကယ်ကို နတ်ဆိုးဆန်လွန်း၏။

အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင် အဆင့်(၁၇)တွင် ရှိသည့် ကျောက်သားနတ်ဆိုးကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

ရှန်းဝူကုန်းမြေတိုက် တစ်ခုလုံးမှာပင် ထိုကဲ့သို့ လုပ်ဆောင်နိုင်သူ နည်းပါး၏။

သို့တိုင် လူတိုင်းသည် ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားကို ထိတ်လန့်နေကြသည့်တိုင် ထိုနေရာကနေ မည်သူမှ ထွက်မသွားခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့ ရှေ့မှ အင်ပါယာယွင် နတ်သစ်ပင်သည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် အလွန် ရှားပါးသော အခွင့်အလမ်း တစ်ခု ဖြစ်နေ၍ပင်။

အထူးသဖြင့် အင်ပါယာယွင် နတ်သစ်သီးသည် သူတို့ကဲ့သို့ နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိသည့် ကျင့်ကြံသူများ၏ စိတ်ကူးအိပ်မက် ထဲမှ အထွတ်အမြတ် ရတနာ တစ်ပါးဖြစ်၏။

သူတို့အနေဖြင့် အင်ပါယာယွင်နတ်သစ်သီး တစ်လုံး ရနိုင်လျှင်ပင် အနည်းဆုံး အင်ပါယာ ဥပဒေသကို နားလည်နိုင်ပြီး အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်ရန် အခွင့်အရေး ငါးဆယ်ရာခိုင်နှုန်းကျော် ရှိ၏။

ဆိုရလျှင် အင်ပါယာယွင် နတ်သစ်သီးကို ရသည်နှင့် သူတို့သည် အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူ ဖြစ်လာရန် အခွင့်အလမ်း ထက်ဝက်ကျော် ရှိပေသည်။

သက်တမ်း အနည်းငယ်သာ ကျန်ရှိတော့သည့် မွန်းစတားအများအပြား အတွက် သူတို့ရှေ့မှ အင်ပါယာယွင်နတ်သစ်သီးသည် သူတို့အတွက် အဆင့်သစ်ကို ထိုးဖောက်ပြီး ဘဝသစ် ရရှိမည့် အခွင့်အရေးတစ်ခုလို ဖြစ်နေခဲ့ရာ အင်ပါယာယွင် နတ်သစ်သီးကို မည်ကဲ့သို့ အလွယ်တကူ လက်လျှော့နိုင်ပါမည်နည်း။

တိတ်ဆိတ်မှုက ခဏမျှ ကြာမြင့်ပြီးနောက်တွင် အရှေ့ဆုံးတွင် ရပ်နေသည့် ဆံဖြူ အမျိုးသမီးသည် ဆက်လက် သည်းမခံနိုင်တော့ပေ။

"အားလုံးပဲ ရှေ့ကိုတက်ကြ.. သူတစ်ယောက်တည်းက ငါတို့အားလုံးကို တားဆီးနိုင်မယ်လို့ ငါမယုံဘူး"

ဆံဖြူအမျိုးသမီး၏ လှုံ့ဆော်မှုနှင့် အတူ သူမ နံဘေးရှိ အင်အားကြီးမားသော ကျင့်ကြံသူ သုံးလေးယောက်သည် ကျန်းချန် ရေးဆွဲထားသည့် စည်းမျဥ်းကို ဖြတ်ကျော်သွားခဲ့ကြသည်။

ဆံဖြူအမျိုးသမီးသည် သက်တမ်း နှစ်(၁၀၀)လောက်သာ ကျန်ရှိတော့၍ အလျင်အမြန် အဆင့်တက်ရန် အတွက် အင်ပါယာယွင် နတ်သစ်သီးတစ်လုံးကို အလွန်ပင် အလိုရှိနေခဲ့၏။

ထို့ကြောင့် ကျန်းချန်က အလွန်တရာ သန်မာမှန်း သိသည့်တိုင် ဆံဖြူအမျိုးသမီးသည် လက်မလျှော့ခဲ့ခြင်းပင်။

အင်ပါယာယွင်နတ်သစ်သီး သတင်းသည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် ပျံ့နှံ့နေခဲ့ပြီး အချိန်ထပ်ဆွဲနေလျှင် ပို၍ အင်အားကြီးမားသူများကိုပင် ဆွဲဆောင်ခံရနိုင်သည်။

ယခုအခါတွင် သူမ၏ ခွန်အားသည် ချိုင့်ဝှမ်းထဲမှ အင်အားကြီးမားသော ကျင့်ကြံသူ အများအပြားထဲတွင် အကောင်းဆုံးများထဲမှ တစ်ယောက် ဖြစ်သည်။

သူမ အနေဖြင့် အစွမ်းကုန် ကြိုးစားသရွေ့ အင်ပါယာယွင်နတ်သစ်သီး တစ်လုံးကို ရရှိရန် အပြည့်အဝ ယုံကြည်မှု ရှိခဲ့သည်။

သို့သော်လည်း အချိန်ထပ်ဆွဲနေ၍ ပိုပြီး အင်အားကြီးမားသော မွန်းစတားအိုကြီးများ ရောက်ရှိလာခဲ့လျှင် ကျန်းချန်ကို ဖြေရှင်းနိုင်သည့်တိုင် အင်ပါယာယွင် နတ်သစ်သီးကိုရရှိရန် လွယ်ကူမည် မဟုတ်တော့ပေ။

ဆံဖြူအမျိုးသမီး၏ လုပ်ဆောင်မှုကြောင့် ကျင့်ကြံသူငါးယောက် ခြောက်ယောက်ခန့်သည် လျင်မြန်စွာပင် သူမ နောက်သို့ လိုက်ပါလာခဲ့ကြသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အင်အားကြီးမားသော ကျင့်ကြံသူ ဆယ်ယောက်ခန့်သည် ကျန်းချန် ဆွဲထားသည့် စည်းမျဥ်းကို ဖြတ်ကျော်သွားခဲ့ကြသည်။

ထိုဆယ်ယောက်ထဲတွင် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ် လေးယောက်ရှိပြီး ကျန်ခြောက်ယောက်မှာ နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများ ဖြစ်ကြသည်။

ဤဆယ်ယောက်အပြင် ကျန်ရှိသော လူအနည်းငယ်ကမူ ဆက်လက် စောင့်ကြည့်ရန်သာ ‌ရွေးချယ်ခဲ့ကြ၏။

ထိုဆယ်ယောက်သည် ဆံဖြူအမျိုးသမီးနှင့် ပူးပေါင်းလိုက်သောအခါတွင် အလွန်တရာပင် အင်အား တောင့်တင်းသွားခဲ့သည်။

အထူးသဖြင့် ဆံဖြူအမျိုးသမီးသည် အထွတ်အထိပ် နတ်သန္ဓေ အင်ပါယာစာရင်းတွင် ပါဝင်သူ မဟုတ်သော်လည်း အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းတွင် ရှိသည့် ထိပ်ဆုံး ဆယ်ယောက်ကိုပင် ယှဥ်ပြိုင်နေ၏။

"ကျန်းချန် မင်းက သန်မာပေမဲ့လည်း ဒီအင်ပါယာယွင် နတ်သစ်သီးကို မင်းတစ်ယောက်တည်း လက်ဝါးကြီး အုပ်နိုင်မှာတော့ မဟုတ်ဘူး.. ဘယ်လိုလဲ ငါနဲ့ အေးအေးဆေးဆေး ညှိနှိုင်းကြမလား.. ဒီလိုမှမဟုတ်ဘဲ တိုက်ခိုက်ပြီး ဖြေရှင်းမယ်ဆိုရင်တော့ မင်းအတွက် အရေးမသာလောက်ဘူးလို့ ငါထင်တယ်"

ဆံဖြူအမျိုးသမီးက ကျန်းချန်ကို တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းချန်၏ ခွန်အားကို ထိတ်လန့်သောကြောင့် ဆံဖြူအမျိုးသမီးသည် တိုက်ရိုက် တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။

ဆိုရလျှင် ကျန်းချန်၏ ခွန်အားသည် နားမလည်နိုင်လောက်အောင် ကြီးမား၏။

မလွှဲမရှောင်သာ တိုက်ခိုက်ရမည် ဆိုလျှင်ပင် သူမသည် ကျန်းချန်နှင့် မတိုက်ခိုက်ချင်ခဲ့ပေ။

အရေးကြီးဆုံးအချက်မှာ ပတ်ဝန်းကျင်တွင် အင်အားကြီးမားသော ကျင့်ကြံသူ အများအပြားရပ်ကာ စောင့်ကြည့်နေခဲ့ကြသည်။

သူမသာ ကျန်းချန်နှင့် တိုက်ခိုက်ပြီး ရှုံးနိမ့်သွားခဲ့လျှင် ထိုလူများသည် အကျိုးကျေးဇူးများကို အလွယ်တကူ ရိတ်သိမ်းသွားလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က ဆံဖြူအမျိုးသမီးတို့ လူစုကို စူးစိုက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"မင်းတို့တွေက ငါသတ်မှတ်ထားတဲ့ စည်းမျဥ်းကို ဖြတ်ကျော်လာခဲ့ကြတယ်.. အသက်သုံးရှိုက်စာ အချိန်အတွင်း နောက်မဆုတ်ဘူး ဆိုရင် မင်းတို့အားလုံး သေရလိမ့်မယ်"

ကျန်းချန်၏ မောက်မာသောစကားကို ကြားလျှင် ဆံဖြူအမျိုးသမီး၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် အကျည်းတန်သွားခဲ့သည်။

"ကျန်းချန် မင်းသိပ်လွန်မလာနဲ့"

"ငါက မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့ပြီးပြီ.. မင်းတို့က ဒီလောက်အထိ သေချင်နေမှတော့ ငါ့ကို ယဥ်ကျေးမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့တော့"

ကျန်းချန်၏ မျက်နှာက အေးစက်နေခဲ့သည်။

သူက အပိုစကားများပြောရန် အလွန်ပင် ပျင်းရိနေခဲ့၏။

ချက်ချင်းဆိုသလိုပင် ကွဲပြားသောအရောင်ငါးမျိုး ရှိသည့် နယ်မြေများသည် လေထုထဲတွင် ချက်ချင်း ပေါင်းစပ်သွားခဲ့ပြီး မျက်စိကျလောက်စရာ ငါးရောင်ခြယ် နယ်မြေတစ်ခု အဖြစ် ပြောင်းလဲကာ ဆံဖြူအမျိုးသမီးတို့ လူစုကို လွှမ်းခြုံလိုက်သည်။

"သူ့ရဲ့ နယ်မြေအတားအဆီးကို ငါတို့အတူတူ ဖြိုခွင်းကြစို့"

ငါး‌ရောင်ခြယ် နယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားမိလျှင် ဆံဖြူအမျိုးသမီး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ချက်ချင်း ဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်ထဲကနေ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ် စွမ်းအားသည် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

တခြားသော ကျင့်ကြံသူများသည်လည်း ငါး‌ရောင်ခြယ်နယ်မြေထဲကနေ အန္တရာယ်ရှိသော အရှိန်အဝါကို ပင်ကိုဗီဇအရ ခံစားမိခဲ့သည်။

သူတို့က အနည်းငယ်မျှပင် မတုံ့ဆိုင်းရဲဘဲ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။

ယခု ကျန်းချန်နှင့် တိုက်ခိုက်နေသာ နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် ကျင့်ကြံသူ(၁၁)ယောက်ထဲတွင် အားအနည်းဆုံးသူပင် လျှို့ဝှက်နယ်မြေ ရှစ်ခုမှ သူတော်စင်သခင်နှင့် ယှဥ်နိုင်စွမ်း ရှိသည်။

၎င်းတို့အားလုံး၏ အပြည့်အဝ ထိုးနှက်ချက်ဆိုလျှင် မည်မျှပင် အစွမ်းထက်မည်မှာ မေးခွန်းထုတ်နေစရာပင် မလိုအပ်ပေ။

တစ်ခဏ အတွင်းမှာပင် ကောင်းကင်ယံ၌ အရောင်အသွေးစုံလင်သွားခဲ့သည်။

ကိုယ်ခံပညာရပ်များ၊ လျှို့ဝှက်နည်းစနစ်များနှင့် နယ်မြေစွမ်းအားများသည် ကျန်းချန်၏ ငါးရောင်ခြယ်နယ်မြေကို လွှမ်းမိုးသွားခဲ့သည်။

ကြောက်မက်ဖွယ်ရာ‌ကောင်းသော တိုက်ကွက်(၁၁)ကွက်သည် ပြိုင်ဘက်ကင်း စွမ်းအားနှင့်အတူ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာကြီးကိုပင် အရောင်ပြောင်းသွားစေလောက်သည် အထိ အစွမ်းထက်နေခဲ့၏။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ဆံဖြူအမျိုးသမီးနှင့် နတ်သန္ဓေအင်ပါယာနယ်ပယ် (၁၀)ယောက်တို့၏ အစွမ်းကုန် တိုက်ခိုက်မှုသည် ကျန်းချန်၏ ငါးရောင်ခြယ် နယ်မြေအတားအဆီးကို တစ်ပြိုင်နက်နီးပါး ရိုက်ခတ်သွားခဲ့ပြီး ကမ္ဘာမြေပြင်ကို တုန်လှုပ်စေသည့် ပေါက်ကွဲသံများသည် ကောင်းကင်ယံတွင် ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေခဲ့သည်။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်ထံ၌ အဆင့်မြင့်နယ်မြေငါးခု ရှိသည်။

အဆင့်မြင့်နယ်မြေ ငါးခု ပေါင်းစပ်ထားသော စွမ်းအားသည် မည်မျှပင် အစွမ်းထက်ပါသနည်း။

အင်ပါယာဥပဒေသကို နားလည်ထားသည့် အင်ပါယာတစ်ပိုင်း ကျင့်ကြံသူ မဟုတ်သရွေ့ မည်သူမှ ကျန်းချန်ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဆံဖြူအမျိုးသမီးနှင့် နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်၏ တိုက်ခိုက်မှုများသည် မည်မျှပင် ပြန်းထန်နေပါစေ၊ ကျန်းချန်၏ ငါးရောင်ခြယ်နယ်မြေသည် ကျောက်စိုင်ကျောက်သား ကဲ့သို့ ခိုင်မြဲနေခဲ့သည်။

အစကနေ အဆုံးထိတိုင် ဆံဖြူအမျိုးသမီးနှင့် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်၏ တိုက်ခိုက်မှုသည် ကျန်းချန်၏ ငါးရောင်ခြယ်နယ်မြေကို လှုပ်ခတ်အောင် လုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

"ဒါ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထိုမြင်ကွင်းကို မြင်လျှင် ဆံဖြူအမျိုးသမီး၏ မျက်ဝန်းထဲတွင် အဆုံးသတ်၌ မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"ငရဲကိုသွားဖို့ အချိန်တန်ပြီ"

ကျန်းချန်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်ပြီးနောက်တွင် ငါးရောင်ခြယ် အလင်းတန်းတစ်ခုသည် ငါးရောင်ခြယ်နယ်မြေဖြင့် ဖုံးလွှမ်းထားသည့် လေထုအထက်တွင် တစ်ခဏအတွင်းမှာပင် စုစည်းသွားခဲ့ပြီး ကမ္ဘာကိုပင် ပျက်စီးစေလောက်သည့် နတ်အလင်းတစ်ခုနှယ် ကျဆင်းလာခဲ့သည်။

"မသတ်ပါနဲ့"

ဆံဖြူအမျိုသမီးတို့ လူစုသည် ထိုနတ်အလင်းကို မြင်လျှင် စိတ်ပျက်အားငယ်လာပြီး ထိတ်လန့် တုန်လှုပ်နေခဲ့ကြသည်။

ထို့နောက်တွင် သူမတို့ အားလုံးသည် နတ်အလင်းကို အလျင်အမြန် ခုခံခဲ့ကြသည်။

သို့သော်လည်း သူမတို့၏ ရုန်းကန်မှု အားလုံးသည် အချည်းနှီးသာ ဖြစ်၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ တစ်ယောက်သည် ငါး‌ရောင်ခြယ်နတ်အလင်းကို ခုခံရန် ရုန်းကန်ရင်း ငါးရောင်ခြယ်နတ်အလင်း၏ တိုက်ခိုက်မှုအောက်မှာပင် သေဆုံးသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ရာ အဆုံးသတ်တွင် ဆံဖြူ အမျိုးသမီးနှင့် အပေါင်းအပါ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ အားလုံးသည် ငါးရောင်ခြယ် နတ်အလင်း၏ စွမ်းအားအောက်တွင် သတ်ဖြတ်ခံလိုက်ရသည်။

".........."

သူတို့ရှေ့မှ ထိတ်လန့်စရာ မြင်ကွင်းကိုမြင်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးသည် အေးစက်စက် အခြေအနေသို့ တစ်ဖန်ပြန်လည် ရောက်သွားခဲ့သည်။

ကျင့်ကြံသူ အားလုံးက မှင်တက်သွားခဲ့ကြပြီး အချိန်အတော်ကြာမှသာ ပြန်လည် အသိဝင်ခဲ့ကြသည်။

ဆံဖြူအမျိုးသမီးနှင့် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ (၁၀)ယောက်လုံး ပူးပေါင်း၍ တိုက်ခိုက်သည့်တိုင် ၎င်းတို့သည် ကျန်းချန်၏ လက်ထဲတွင် သေဆုံးသွားခဲ့ရသည်။

သူတို့ရှေ့မှ ကောင်လေးသည် အစွမ်းထက် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် အစွမ်းထက်ကျင့်ကြံသူ (၁၁)ယောက်ကို နယ်မြေစွမ်းအား ထဲတွင် ချက်ချင်းဆိုသလို သတ်ပစ်လိုက်သည်။

ဤသည်မှာ မည်မျှပင် လွှမ်းမိုးနိုင်စွမ်းရှိပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုနည်း။

အခန်း(၁၃၉၅)ပြီး၏။

All Chapters