Uniform (2)
Vol. 5 Ch. 71
ချောင်ကျာယိသည် လုလီ၏ ကလေးမယူရန် ဆုံးဖြတ်ချက်ကို သဘောတူခဲ့သည်။
ချောင်ကျာယိသည် လုလီ၏ ကိုယ်ပိုင်အားသာချက်တစ်ခုခုကို ရှာဖွေရန် ဆုံးဖြတ်ချက်ကို သဘောကျပြီး လောင်ကုန်းဖြစ်သူအား နေ့စဉ် ပွေ့ဖက်ပေးဖို့ ဇွတ်အတင်း မတောင်းဆိုတော့သည့် ဆုံးဖြတ်ချက်ကိုလည်း သဘောကျသည်။
“နင် တွေးတာ ကောင်းတယ်” ချောင်ကျာယိ လုလီပုခုံးကို ပုတ်ပေးရင်း ပြောလိုက်သည်။
လုလီက နို့လက်ဖက်ရည်ကို ကြည့်ပြီး “ငါ ဘာလုပ်ရမှန်းမသိဘူး”
ချောင်ကျာယိ- "နင် ဘာမဆို လုပ်နိုင်တာပဲ၊ ဘာပဲဖြစ်ဖြစ် နင် ပျော်ဖို့အတွက်ပဲလေ၊ နင် အချိန်ဖြုန်းဖို့အတွက် လုပ်တာပဲ၊ နင့်မိသားစုက နင်ပိုက်ဆံရှာဖို့ မမျှော်လင့်ထားဘူး၊ သူတို့ကပဲ နင့်ကို ထောက်ပံ့နေတာ မဟုတ်လား?”
"နို့လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ ပိုက်ဆံ ကုန်ကျစရိတ်အတွက်လည်း စိတ်ပူစရာမလိုဘူး၊ တကယ်လို့ ရင်းနှီးမြုပ်နှံတာ မအောင်မြင်ရင်တောင် ဘာမှမဖြစ်ဘူး၊ နင့်လောင်ကုန်းက ဒီလောက် ပိုက်ဆံအသေးအဖွဲကို ဂရုစိုက်မှာမဟုတ်ဘူး”
လုလီခေါင်းညိတ်လိုက်သည်။
ချောင်ကျာယိ - "ငါတို့ ပြီးခဲ့တဲ့ အခေါက်က သွားခဲ့တဲ့ရေပူစမ်း ထပ်သွားကြမလား? ခန္ဓာကိုယ်လည်းအနှိပ်ခံရင်းပေါ့၊ ငါ အခုတလော ခါးနာတာ ၊ ခြေထောက်ကိုက်တာတွေ ဖြစ်နေတယ်”
လုလီ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး "နည်းနည်းနောက်ကျနေပြီ"
ချောင်ကျာယိ - "အရမ်း နောက်မကျသေးပါဘူး၊ ဘာလို့ အိမ်စောစောပြန်ချင်နေတာလဲ? နင်ပဲ ခုနက နင့်လောင်ကုန်းကို ကပ်တွယ်ပြီး မပူဆာတော့ပါဘူးဆို? အခုတော့ နှစ်မိနစ်အတွင်းမှာပဲ ဆုံးဖြတ်ချက်က ပျက်သွားတာလား?”
လုလီ ခဏတာ ငြိမ်သက်သွားပြီးနောက် ထိုအကြောင်းကို စဉ်းစားလိုက်သည်။
သူပြောတာလည်း မှန်နေသည်ပင်။
**
မွန်းလွဲပိုင်း၌ ချီချန်းရန်သည် မြို့လယ်ရှိ အဆင့်မြင့်ကလပ်တစ်ခုတွင် လူမှုရေးတွေ့ဆုံပွဲတစ်ခု တက်ရောက်ခဲ့သည်။
ထိုတွေ့ဆုံပွဲအား သူ၏ အထက်တန်းကျောင်းနေဖက်ဖြစ်သူ မျိုးရိုးကျောက်မှ စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ အတန်းရှိ ကျောင်းသားအများစုသည် ချမ်းသာကြွယ်ဝသည့် မိသားစုများမှ ဆင်းသက်လာကြသူများဖြစ်ပြီး အများစုမှာ ဘွဲ့ရပြီးနောက် မိသားစုစီးပွားရေးကို လွှဲပြောင်းရယူကြသည်။ အတန်းဖော်ကျောက်က ခြွင်းချက်ဖြစ်သည်။ သူ့မိသားစုအခြေအနေသည် အတန်းထဲတွင် အလယ်အလတ်အဆင့်မျှသာရှိသည်။ သို့သော် အတန်းဖော်ကျောက်သည် မကြာသေးမီ နှစ်များအတွင်း ထိပ်တန်း 500 စာရင်းဝင် စီပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်လာခဲ့သည်။
ဤသည်မှာ လူမှုဆက်ဆံရေးစုစည်းမှု တစ်မျိုးလည်းဖြစ် သည်။ အကျွမ်းတဝင်ရှိပြီးသားဖြစ်သော အတန်းဖော်ဟောင်းများနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးရသည်မှာ ပို၍လွယ်ကူသည်။
ချီချန်းရန် ရောက်ရှိချိန်တွင် သူ့အား ကြိုတင်ယူထားသော သီးသန့်ခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
အတန်းဖော်ကျောက်သည် သတ်မှတ်ချိန်ထက် အနည်းငယ်စောရောက်နေပြီး ချီချန်းရန် ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် ချက်ချင်းထလာပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ချီချန်းရန် မတွေ့တာကြာပြီနော်"
သူ့အတန်းဖော်ဟောင်း၏ အသွင်အပြင်သည် ဤနှစ်များအတွင်း များစွာပြောင်းလဲသွားသည်ကို ချီချန်းရန် တွေ့လိုက်ရသည်။ သူသည် မူလက အတန်းထဲတွင် အပိန်လှီဆုံးကျောင်း သားဖြစ်ခဲ့ပြီး ယခုမူ အသက် 30 မတိုင်မီတွင် ဘီယာဗိုက်အနည်းငယ်ပင် ထွက်စပြုနေပြီဖြစ်သည်။ ယခင်က သူနှင့်မတွေ့ဖူးခဲ့လျှင် သူ့ရှေ့သို့ လျှောက်လာသောသူကို မှတ်မိမည်မထင်ပေ။
ချီချန်းရန် ပြုံးပြလိုက်ပြီး သူ့လက်ကိုဆန့်ထုတ်ကာ ထိုအ တန်းဖော်ဟောင်းအား လက်ဆွဲနှုတ်ဆက်လိုက်သည်။
နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် ချီချန်းရန်၏ရှေ့သို့ ဖြူဖွေးသွယ်လျနေသော လက်ဖဝါးတစ်ဖက် ဆန့်ထုတ်လာသည်ကို တွေ့လိုက်ရသည်။
“မတွေ့တာကြာပြီနော်”
ချီချန်းရန်သည် ထိုဆန့်ထုတ်လာသော လက်ကို ကြည့်လိုက်ပြီးမှ အတန်းဖော်ကျောက်၏နောက်က လူကို သတိထားမိလိုက်သည်။
ဤသည်မှာ ပိုင်ရှန့်ယင်ဖြစ်သည်။
သူမ၏ မျက်နှာအသွင်အပြင်သည် နှစ်များစွာ ကြာမြင့်ခဲ့သည်တောင် ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိပေ။ သူမသည် ဤနှစ်များအတွင်း အမေရိကန်တွင် နေထိုင်ခဲ့သော် လည်း သူမ၏ပုံစံသည် ABC (အမေရိကန်မွေးတရုတ်) တို့၏ ဟန်ပန်မျိုးဖြစ်မနေပေ။ သူမသည် တရုတ်ရိုးရာဒီဇိုင်းဖြစ်သော ရှည်လျားသည့်စကတ်နှင့် တန်ဖိုးကြီးသော လက်ဝတ်ရတနာများကို ဝတ်ဆင်ထားသည်။
အတန်းဖော်ကျောက် အလျင်အမြင်ရှင်းပြလာသည်။ - "ရှန့်ယင်က တရုတ်ပြည်ကို ပြန်ရောက်ကတည်းက ငါနဲ့ အဆက် အသွယ် ရှိနေတယ်။ ဒီနေ့နေ့လည်မှာ မင်းနဲ့ စီးပွားရေးကိစ္စဆွေးနွေးမယ်လို့ ကြားလို့ သူလိုက်လာတာ၊ အားလုံးအတန်း ဖော်ဟောင်းတွေပဲဆိုတော့ အတူတူ စားရင်းသောက်ရင်း အရင်က အကြောင်းတွေ ပြန်ပြောကြတာပေါ့ကွာ”
ချီချန်ယန်၏ မျက်နှာအမူအရာသည် ဝမ်းသာကြောင်း မပြသလို ၊ ဒေါသထွက်ကြောင်းလည်း မပြပဲ သူ့လက်ကိုဆန့်ထုတ်ကာ ပိုင်ရှန့်ယင်၏လက်ကို ခဏဆွဲခါလိုက်ပြီး ချက်ချင်းပြန်ရုတ်လိုက်သည်။
“အင်း..”
အတန်းဖော်ကျောက်က အလျင်အမြန်ပဲ "ထိုင်ကြ..ထိုင်ကြ” ဟု ပြောလိုက်သည်။
ထို့နောက် အချိန်က လျင်မြန်စွာကုန်လွန်သွားခဲ့သည်။
အတန်းဖော်ကျောက်သည် အထက်တန်းကျောင်းမှ အကြောင်း အရာများကို ပြောဆိုရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပြီးအတိတ် ကာလသို့ ပြန်လည်သုံးသပ်ရင်း စကားပြောရန်ဆန္ဒရှိသော် လည်း ချီချန်းရန်သည် သိပ်စိတ်မဝင်စားဟန်ရှိသည်။ သူ အနည်းငယ် သာခေါင်းညိတ်ပြပြီး အကြောင်းအရာကို စီးပွားရေးဘက်သို့ ပြန်လှည့်လိုက်သည်။
၎င်းတို့ စီးပွားရေးအကြောင်း ပြောနေကြသည့်အတွက် ပိုင်ရှန့်ယင်တွင် ပြောစရာမရှိသလို ဖြစ်နေခဲ့သည်။ သူမ တစ်ချိန်လုံး တိတ်ဆိတ်စွာ ထိုင်နေပြီး အမျိုးသားနှစ်ဦးစီးပွားရေးအကြောင်းပြောသည်ကို နားထောင်နေခဲ့သည်။
နောက်ဆုံးတွင် ချီချန်းရန်နှင့် အတန်းဖော်ကျောက်တို့သည် စီးပွားရေးနှင့်ပတ်သတ်သည့် အကြောင်းအရာများကို ကောင်းစွာဆွေးနွေးနိုင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့သည်။
အလုပ်အကြောင်း ဆွေးနွေးပြီးနောက် အတန်းဖော်ကျောက်သည် အနီးနားရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် နေရာအတွက် ကြိုတင် Booking တင်ထားပြီး အတူတူ ညစာစားရန် ဖိတ်ခေါ်ခဲ့သည်။
သို့သော် ချီချန်းရန် ငြင်းဆန်လိုက်သည်။
“ လုပ်စရာလေးတွေ ရှိသေးလို့ မလိုက်တော့ပါဘူး”
"ကောင်းပြီလေ၊ ဒါဆိုလည်း နောက်မှ ပြန်တွေ့ကြတာပေါ့"
အတန်းဖော်ကျောက်က စိတ်မပါတပါဖြင့် ပြောလိုက်သည်။
ထို့နောက် ချီချန်းရန်သည် သူ၏အတွင်းရေးမှူးနှင့်အတူ ထွက်ခွာသွားခဲ့သည်။