Unspoken Rule (1)
Vol. 5 Ch. 73
ထိုအဖြစ်အပျက်ပြီးနောက် လုလီသည် ဗီရိုထဲရှိ အဝတ်အစားများနှင့် မှန်အတွင်းပိုင်းကိုပင် တိုက်ရိုက် မကြည့်ဝံ့တော့ပေ။
ထိုစကတ်အနီလေးကို မြင်တိုင်း သူမစိတ်ထဲတွင် အညစ်အထေးများ စွန်းထင်းနေသကဲ့သို့ ခံစားရပြီး ဝတ်ဆင်ရန် ရှက်ရွံ့နေခဲ့ရသည်။ သူမ ရက်အတော်ကြာသည့်တိုင်အောင် မှန်ရှေ့တွင် အဝတ်လဲတိုင်း ထိုနေ့က မှန်ရှေ့တွင် ထင်ဟပ်နေခဲ့သည့် အရှက်စရာ အမှတ်တရများကို မတွေးဘဲ မနေနိုင်ခဲ့ပေ။ သူမ မျက်လုံးမှိတ်ကာ မျက်နှာနီမြန်းရုံမှတပါး ရွေးစရာမရှိတော့ချေ။
လုလီသည် ချီချန်းရန်အား အလုပ်တစ်ခုခု လုပ်ချင်ကြောင်း ပြောပြခဲ့သည်။ သူမစကားကို နားထောင်ပြီးနောက် ချီချန်းရန် ခေါင်းကိုညိတ်ကာ သူမ စိတ်ကြိုက် လုပ်ချင်သမျှ လုပ်လို့ရကြောင်း အားပေးစကားပြောခဲ့သည်။
ထို့အပြင် သူ့ပိုက်ဆံအား စိတ်ကြိုက်သုံးစွဲနိုင်ကြောင်းနှင့် ထို့အတွက် ရှက်မနေသင့်ကြောင်းကိုပါ ပြောခဲ့သည်။
လောင်ကုန်းဖြစ်သူ၏ လိုက်လျောမှုကြောင့် လုလီ စိတ်လှုပ်ရှားကာ မျက်ရည်များပင် ရစ်ဝဲလာသည်။
ပိုက်ဆံကို စိတ်ချလက်ချသုံးစွဲရန် ခွင့်ပြုခံရတာထက် ပိုထိမိတဲ့အရာ ဤကမ္ဘာမှာ ရှိသေးရဲ့လား?
သေချာသည်မှာ ထိုထက်ပိုကောင်းတာ မရှိတော့ဘူးဆိုတာကိုပင်...
ချီချန်းရန်သည် သူမကို နတ်သမီးရင်းနှီးမြုပ်နှံမှုလုပ်ရန် အကြံပေးခဲ့သည်။
နတ်သမီးရင်းနှီးမြုပ်နှံမှုသည် လုပ်ငန်းခွင်များတွင် အလွန်အသုံးများသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် တစ်စုံတစ် ယောက်က လုပ်ငန်းအစီအစဉ်နှင့်ပတ်သတ်ပြီး မိမိထံငွေကြေး အကူအညီတောင်းခံရန် တင်ပြလာမည်။ အကယ်၍ မိမိစိတ် ဝင်စားရင် ဒါမှမဟုတ် ဤလုပ်ငန်းသည် အနာဂတ်တွင် အောင်မြင်နိုင်မည်ဟု ယုံကြည်ပါက မိမိပိုက်ဆံကို ရင်းနှီးမြှုပ်နှံနိုင်သည်။ နောက်ပိုင်းလုပ်ငန်းအောင်မြင်ခဲ့လျှင် အမြတ်ဘအစွန်း မြောက်မြားစွာရနိုင်သည်။ သို့သော် လုပ်ငန်းပျက်စီးသွားခဲ့လျှင်လည်း ရင်းနှီးထားသောငွေကြေးများကို ဆုံးရှုံးရမည်ဖြစ်သည်။
လုလီ ခေါင်းကို တစ်ဆက်ဆက် ညိတ်ကာ စဉ်းစားလိုက်သည်။
ချီချန်းရန် လုလီကို ပြုံးကာကြည့်နေသည်။
သူ့ပတ်ဝန်းကျင်ရှိ မိတ်ဆွေတချို့လည်း ထိုသို့သော ရင်းနှီး မြှုပ်နှံမှုများကို လုပ်ဆောင်နေကြတာဖြစ်ပြီး “နတ်သမီးရင်းနှီးမြှုပ်နှံမှု” ဟူသော နာမည်နှင့်လိုက်ဖက်အောင် အမှန်ပင် မိုးကျရွှေကိုယ်များသာ လုပ်နိုင်မည့် အလုပ်ဖြစ်သည်။
ထိုစီးပွားရေးပရောဂျက်ဆယ်ခုတွင် ကိုးခုနီးပါးလောက်က ငွေကြေးဆုံးရှုံးနေကြသော်လည်း ပြဿနာတော့မရှိပေ။ အကြောင်းမှာ နတ်သမီးရင်းနှီးမြှုပ်နှံသူများသည် ရလဒ်များကို ကြိုတင် ခန့်မှန်းထားကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ထဲက အများစုသည် ချမ်းသာကြွယ်ဝသူများဖြစ်ကြပြီး ဆုံးရှုံးမှုကို ဂရုမစိုက်ကြပေ။ ၎င်းတို့၏ ပျင်းရိဖွယ်ကောင်းသော အချိန်များကို ကုန်ဆုံးစေရန် ငွေကုန်ခံနေကြခြင်းသာ ဖြစ်သည်။
သို့ဖြစ်ရာ ထိုအလုပ်သည် လုလီနှင့် ကိုက်ညီမှုအရှိဆုံးဟု သူထင်သည်။
လုလီသည် ရင်းနှီးမြှုပ်နှံဖို့ လာရောက်အဆိုပြုသည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ချို့နှင့် တွေ့ဆုံခဲ့သော်လည်း အားလုံးသည် ယုံကြည်လို့မရဟု ထင်မြင်ခဲ့သည်။
လူငယ်အများစုတွင် စိတ်အားထက်သန်မှုရှိသည်က ပုံမှန်ဖြစ်ပေမယ့် ဤတစ်ခုတည်းနှင့် မလုံလောက်ပေ။ တချို့လုပ်ငန်းအစီအစဉ်များသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် လုံးဝလက် တွေ့မကျကြောင်း သူမ သတိထားမိသည်။ အန္တရာယ်ရှိသော အကဲဖြတ်ခြင်း သို့မဟုတ် မည်သည့်အရာမှ တိတိပပ မပါရှိပဲ ၎င်းတို့လက်ထဲ ပိုက်ဆံအလိုလို ရောက်လာမှာပါ ဟူသော ပုံစံမျိုးဖြင့် စကားကို ပြောနေကြခြင်းဖြစ်သည်။
ထို့ကြောင့် လုလီသည် တစ်ပါးသူများအတွက် ရင်းနှီးမြုပ်နှံမယ့်အစား သူကိုယ်တိုင်သာ ရင်းနှီးမြုပ်နှံတာက ပိုကောင်းလိမ့်မည်ဟု ခံစားရသည်။
သူမ ပျင်းရိလာပြီး Weibo ကို လှန်လောကြည့်လိုက်သည်။
အချိန်အတန်ကြာ မဝင်ဖြစ်ခဲ့သည့် သူမ၏ Weibo News feed ထဲတွင် အကြောင်းအရာ အသစ်များနှင့် ပို့စ်များစွာကို တွေ့လိုက်ရသည်။ News feedပေါ်တွင် 'National Little Wife' နှင့် "လုလီ" ၏ လူကြိုက်များမှုမှာ ယခင်ကလောက် မတက်ကြွတော့ပေ။ သူမ ဝင်မကြည့်ဖြစ်တာကြာပြီဖြစ်သော ‘သစ်တော် သီးစုံတွဲ’ စာမျက်နှာဆိုလျှင် ထိုထက်ပိုဆိုးဝါးနေလောက်ပြီ ဖြစ်ပြီး သူမ ဝင်ကြည့်ဖို့ရန်ပင် လိုတော့မည် မထင်ပေ။
လုလီသည် 'Lu Li Global Support Association' ၏တရားဝင်အကောင့်ကို သွားကြည့်လိုက်ရာ တရားဝင်အကောင့်၏ ပရိုဖိုင်ပုံ ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သူမ၏ နောက်ထပ်ဓာတ်ပုံတစ်ပုံကို ဒစ်ဂျစ်တယ်အနုပညာလက်ရာအဖြစ် ပြောင်းလဲထားခြင်းဖြစ်ပြီး ပုံစံမှာ အလွန်ချစ်စရာကောင်းနေသည်။
လုလီ သဘောကျစွာ ရယ်မောလိုက်သည်။ ထို့နောက် သူမ ထိုဓာတ်ပုံကို သိမ်းထားလိုက်ပြီး နောက်မှ သူမ လောင်ကုန်းထံ ပို့ရန် စိတ်ကူးလိုက်သည်။
ဤအနုပညာလက်ရာအား ဖန်တီးပေးသူကိုလည်းကျေးဇူး တင်မိသည်။
လုလီသည် ထိုအနုပညာရှင်၏ ပင်မစာမျက်နှာကို နှိပ်လိုက်သည်။ သူ့အယ်လ်ဘမ်ထဲတွင် အနုပညာလက်ရာများစွာရှိနေသည်။ လုလီ သတိထားမိတာက သူမမှလွဲ၍ ကျန်လက်ရာအများစုသည် အခြားအမျိုးသား idol တစ်ယောက်ဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။
အတွေ့အကြုံရင့် ကြယ်ပွင့်နောက်လိုက်သူ တစ်ဦးဖြစ်သည့် လုလီအနေဖြင့် ထိုအဝန်းအဝိုင်းရှိ ကျော်ကြားမှုအဆင့်အတန်းအစုံကို သေချာသိထားသည်။ သို့သော် ထိုဓာတ်ပုံထဲက အမျိုး သား idolကိုမူ သူ ယခင်က မမြင်ဖူးပေ။
ထိုအမျိုးသားidolသည် ဤလောကထဲသို့ ဝင်ရောက်လာသည်မှာ မကြာသေးသော လူသစ်ဖြစ်ပုံရသည်။
လုလီသည် Weibo ပေါ်ရှိ ထို idolအသစ်၏ ဓာတ်ပုံတစ်ချို့ကို ကြည့်လိုက်ရာ အနေအထားမှာ အလွန်ကောင်းမွန်ကြောင်း တွေ့ရှိခဲ့သည်။
သူ၏ပုံစံမှာ အသက် ၁၇ နှစ်၊ ၁၈ နှစ်ဝန်းကျင် လူငယ်လေးဖြစ်ပြီး အလွန်ငယ်ရွယ်သေးသည်။ ဆံပင်ကို ခပ်တိုတိုညှပ်ထားပြီး အထင်ရှားဆုံးအချက်မှာ ကြည်လင်နေသော မျက်လုံးများဖြစ်ပြီး လူငယ်ဆန်သောအငွေ့အသက်မျိုး ရနေသည်။ ဖျော် ဖြေရေးနယ်ပယ်တွင် ခဏတာ အချိန်ကုန်ဆုံးပြီး မိသားစုလုပ်ငန်းကို အမွေဆက်ခံမည့် ချမ်းသာသော ဒုတိယမျိုးဆက်များတွင် တွေ့ရလေ့ရှိသော လူကြီးဆန်သည့်အမူအရာမျိုး လုံးဝမတွေ့ရပေ။ ထိုအမျိုးသား idol သည် ရိုးသားပုံရသည်။
လုလီသည် စူးရှသော အမြင်ရှိသူဖြစ်ပြီး ယခင်က အနုပညာရှင်များစွာကို အားပေးခဲ့ဖူးသည်။ လူတစ်ယောက်၏ ဘဝအတွေ့အကြုံကို မျက်လုံးများမှတဆင့် ဖော်ပြနိုင်ကြောင်းကို သူမသိသည်။ ထိုအမျိုးသား idol သည် အတွေ့အကြုံ များများစားစား မရှိသူဖြစ်သည်မှာ သေချာသည်။
နောက်ပိုင်းတွင် သူမသည် ကြယ်ပွင့်တွေ နောက်မလိုက်တော့ပဲ သူမ ခင်ပွန်းတစ်ယောက်တည်းကိုသာ အားပေးဖို့ ဆုံးဖြတ်ထားပေမယ့် လူသစ်တစ်ယောက်ကို ပျိုးထောင်ကြည့်တာလည်း မဆိုးလှပေ။
လုလီသည် Weibo တွင် ရှာဖွေလိုက်ရာ ထိုအမျိုးသားနာမည်မှာ လင်းကျီယု ဖြစ်သည်။ သူမ ၎င်း၏ Weibo ပရိသတ်အရေအတွက်ကို တွေ့သောအခါ တိတ်ဆိတ်သွားခဲ့သည်။
လုလီ ရင်ထဲက မေးခွန်းထုတ်လိုက်မိသည်-
Fans 886 ယောက်ပဲလား?"
ဒါတကယ့် အကောင့်အစစ်ရော ဟုတ်ရဲ့လား?
သူမရဲ့ ကြယ်ပွင့်နောက်လိုက်တဲ့ အကောင့်တောင် ပရိသတ် တစ်သောင်းကျော်ရှိနေတာပဲ!
လုလီသည် ၎င်းကို Weibo ပေါ် ၌ ထပ်မံရှာဖွေလိုက်ပြီး နောက်ဆုံးတွင် ဒါဟာ အကောင့်အတုမဟုတ်ဘဲ ထိုအနုပညာရှင်၏ကုမ္ပဏီမှ ဖုတ်ကောင်ပရိသတ်များကိုပင် ဝယ်ယူရန် တွန့်ဆုတ်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
[僵尸粉 (jiāng shī fěn) Zombie Fans – Weibo တွင် အသုံးပြုသော စကားလုံးဖြစ်ပြီး အသုံးပြုသူများမှ ဝယ်ယူထားသော 'followers'အတုများကို ရည်ညွှန်းသည်]