Unspoken Rule (2)
Vol. 5 Ch. 74
ထိုအမျိုးသား Idol ၏ Weibo ထဲတွင် လွန်ခဲ့သည့်လက ကုန်ကျစရိတ်သက်သာသော လူငယ်ဇာတ်ကား ရိုက်ကူးထားကြောင်းနှင့် ရှေ့သုံးရက်က ငွေအင်အား မနိုင်သဖြင့် ရိုက်ကူးရေးများ ရပ်နားလိုက်ရပြီး မည်သို့ဆက်လုပ်ရမှန်း မသိတော့ကြောင်း ရေးသားထားသည့် ပို့စ်တစ်ခုရှိနေသည်။
ထို့ပို့စ်အောက်တွင် သူအား အားပေးနှစ်သိမ့်နေကြသည့် ပရိသတ်ဆယ်ဂဏန်းမျှသာရှိခဲ့ပြီး တစ်ယောက်ချင်းစီကို သေချာ တုံ့ပြန်ပေးခဲ့သည်။
ထိုအမျိုးသား Idol ၏ တုံပြန်ချက်များကိုကြည့်ရုံနှင့်ပင် သူ၏စိတ်နေသဘောထားသည် မည်မျှနူးညံသိမ်မွေ့ကြောင်း ထင်ရှားပေါ်လွင်နေသည်။
ဤအချက်က ထိုအမျိုးသား Idol၏နံရံကိုတက်ဖို့ စီစဉ်နေသည့် လုလီကို စိတ်ထိခိုက်သွားစေသည်။
ဤကဲ့သို့ စိတ်နှလုံးနူးညံသိမ်မွေ့သော Idol မျိုးကို သူမ တစ်ခါမှ မတွေ့ဖူးသေးချေ။
သူမသည် ယခင်က အနုပညာရှင်ကြီးငယ်မရွေး ပံ့ပိုးပေးခဲ့ဖူးသူဖြစ်သည်။ တစ်ချို့ Fan များသည် ၎င်းတို့၏ idol အတွက် ဘာမဆိုလုပ်ပေးတတ်ကြသည်။ ချမ်းသာသော Fan များသည် ၎င်းတို့အားပေးသော idol၏မွေးနေ့ရောက်တိုင်း ဇိမ်ခံပစ္စည်းတွေ လက်ဆောင် ပေးတတ်ကြသည်။ လုလီ မျက်စိရှေ့ရှိ ထိုကောင်လေး၏ပုံစံကို ကြည့်လိုက်သည်။ သူ့အဝတ်အစား အားလုံးသည် ဒေသထွက်ကုန်များဖြစ်ပြီး သက်သာသော စျေးနှုန်းဖြင့် ဝယ်လို့ရသော ပစ္စည်းများဖြစ်သည်။
သာမန်မိသားစုများအတွက်တော့ ဤသည်ကို ဆင်းရဲချို့တဲ့သည်ဟု မယူဆနိုင်သော်လည်း ဖျော်ဖြေရေးနယ်ပယ်တွင်တော့ ဇိမ်ခံပစ္စည်းများ မ၀တ်ဆင်ဘဲ အပြင်ထွက်လာမည်ဆိုပါက ရှက်စရာတစ်ခုအဖြစ် မြင်ကြသည်။
လုလီ စိတ်မကောင်းဖြစ်သွားပြီး ထိုအနုပညာရှင်လေး၏ Weiboကို ချောင်ကျာယိထံ ချက်ချင်းလင့်ခ်ပို့ပေးလိုက်သည်။
[ပစ္စည်းကောင်းလေးပဲ...]
ငါးမိနစ်ခန့်အကြာတွင် ချောင်ကျာယိ စာပြန်ပို့လာသည်။ - [ဟေး...ဒီလင့်ခ်က ဘာလဲ?]
[အနုပညာလောကမှာ အတွေ့အကြုံမရှိသေးတဲ့ အသစ်ကလေး...]
[သူ့မျက်နှာကို ကြည့်ကြည့်လိုက်၊ သောက်ရမ်းချောတယ်!]
[သူသရုပ်ဆောင်ထားတာတွေတော့ သေချာမကြည့်ရသေးဘူး]
[ပိုက်ဆံမရှိလို့ ရုပ်ရှင် ဆက်မရိုက်နိုင်တော့ဘူးတဲ့]
လုလီ : [ဒါပေမယ့် ကျဲက ဒီလိုမျိုးအဖြစ်ခံနိုင်မှာတဲ့လား?!]
[ကျဲမှာ ပိုက်ဆံရှိတယ်]
ချောင်ကျာယိ: [?]
လုလီ : [သူ့အတွက် ငွေအကုန်ခံဖို့ အဆင်သင့်ပဲ]
ချောင်ကျာယိ- [သူ့ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတယ်လို့ ပြောချင်တာလား?။]
လုလီ : [အင်း၊ အဲ့လို စဉ်းစားထားတာပဲ]
[နင်ရော ဘယ်လိုထင်လဲ?]
ချောင်ကျာယိ: [နင် သေချာ စဉ်းစားပြီးပြီလား?]
လုလီ ထိုအကြောင်းကို သေချာစဉ်းစားထားပြီးဖြစ်သည်။ သူမသည် လင်းကျီယု၏ Weibo နောက်လိုက်ကာ ရုပ်ရှင်အား ရိုက်ကူးသူ ဒါရိုက်တာကို ရှာတွေ့ခဲ့သည်။ ဒါရိုက်တာ ဖန်တီးထားသည့် ဇာတ်လမ်းတို အချို့ကို Douban ပေါ် တင်ထားသော်လည်း ဝေဖန်ချက်သုံးသပ်ချက် အနည်းငယ်သာရှိသည်။
[Douban သည် စိတ်ဝင်စားမှုကို အခြေခံသော လူမှုကွန်ရက်ပလက်ဖောင်း တစ်ခုဖြစ်သည်။ Goodreads၊ IMDb၊ Blogger၊ Facebook၊ Pandora၊ Spotify၊ Ello နှင့် Fancy.com တို့၏ ပေါင်းစပ်မှုဟု ဆိုနိုင်သည်။ စာအုပ်များ၊ ရုပ်ရှင်များနှင့် တေးဂီတများအကြောင်းကို တင်ထားပြီး အသုံးပြုသူများမှ ဝင်ရောက်အဆိုပြုနိုင်သော ဝဘ်ဆိုက်ဖြစ်သည်။]
ဒါရိုက်တာ၏ Weibo နောက်ဆုံးပို့စ်တွင် တူညီသောမြို့တွင်းမှ ရင်းနှီးမြှုပ်နှံသူတစ်ဦးကို ရှာဖွေနေကြောင်းကို ဖော်ပြထားသည်။
၎င်းတို့ တကယ့်ကို အကြပ်အတည်းထဲ ကျရောက်နေသည်မှာ ထင်ရှားသည်။
လုလီသည် ဒါရိုက်တာ၏ ဇာတ်လမ်းတိုများကို ကြည့်ရှုပြီး မဆိုးလှဟု ထင်မြင်သည်။ ပြီးပြည့်စုံခြင်း မရှိသော်ငြား တိုးတက်မှုများစွာပြုလုပ်နိုင်ခဲ့သည်မှာ ထင်ရှားသည်။ ဇာတ်ကားကို လှပသော ကောင်းကင်အတုနှင့်မရိုက်ဘဲ တကယ့် ကောင်းကင်အစစ်နှင့် ရိုက်ကူးထားသည်ကို တွေ့ရသည်။ ဤသည်မှာ ရှားပါသောအချက်ဖြစ်သည်။ လုလီသည် Douban မှာ သုံးသပ်ချက်ရေးသားပြီးနောက် သူမ Weibo တွင် မျှဝေခဲ့သည်။
ခဏအကြာတွင် သူမ၏Weibo သို့ private မက်ဆေ့ချ်တစ်စောင်ကို ရောက်လာသည်။
ဒါရိုက်တာဆီမှ မက်ဆေ့ချ်ဖြစ်သည်။
[မင်းရဲ့ မအားလပ်တဲ့ အလုပ်အချိန်ကိုဖဲ့ပြီး ကျွန်တော့်လက်ရာကို ကြည့်ရှုသုံးသပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။Douban မတင်ထားတဲ့ ကျွန်တော့်ရဲ့လက်ရာအချို့ကိုလည်း အချိန်ဖြုန်းချင်တဲ့အခါမျိုးမှာ ကြည့်လို့ရပါတယ်။]
နောက်ထပ် Website လင့်ခ်တစ်ခု ပါရှိနေသည်။
လုလီ အံ့သြသွားသည်။
ဤကမ္ဘာပေါ်တွင် မိမိလက်ရာကို ကြည့်ရှုပေးရန် တောင်းဆိုသော ဒါရိုက်တာတွေ ရှိနေသေးတာလား?
Douban နှင့် Weibo ပေါ်တွင် နေ့တိုင်း ပုန်းအောင်းနေပြီး တစ်စုံတစ်ယောက်မှ ၎င်းတို့၏ လက်ရာအား သုံးသပ်လာသည်နှင့် ၎င်းတို့၏ အရင်းအမြစ်များကို ချက်ချင်းကြော်ငြာ တတ်ကြသူတွေလား?
ထိုနယ်ပယ်သည် အရင်းအနှီးမရှိပါက အမြင့်ကိုတက်ဖို့ တကယ့်ကိုခက်ခဲလွန်းလှသည်။
သူမသည် ထိုအကြောင်းကို တစ်ညလုံး စဉ်းစားပြီးနောက် မတူညီသော ရှုထောင့်များမှ ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ခဲ့သည်။ နောက်တစ်နေ့တွင် သူမ ဆုံးဖြတ်ချက်ချလိုက်ပြီး ချင်ရုံအား ဒါရိုက်တာထံ ဖုန်းဆက်ခိုင်းပြီး သူမ၏ရည်ရွယ်ချက်များကို ရှင်းပြခိုင်းလိုက်သည်။
ထိုကုန်ကျစရိတ်နည်းသော လူငယ်ဇာတ်ကားများအတွက် လုလီ စုံစမ်းလေ့လာကြည့်လိုက်ရာ ကြော်ငြာစရိတ်နှင့် ပရိုမိုးရှင်းစရိတ် အပြင် နာမည်ကြီး သရုပ်ဆောင်များမပါဝင်ပဲ အထူးပြုလုပ်ချက်မရှိပဲ ရိုက်ကူးစရိတ် ၁၀ သန်း အောက်သာ ကုန်ကြောင်း တွေ့ရှိခဲ့သည်။
လုလီသည် ဒါရိုက်တာအား သုံးသန်းဖြင့် စမ်းပြီး ကမ်းလှမ်းရန် ချင်ရုံကို စေခိုင်းလိုက်သည်။ ပထမဆုံးအကြိမ်မို့ သူမ စျေးကို လျော့ပြီး ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။ ဒါရိုက်တာမှ လက်မခံပါက ချက်ချင်းတိုးပေးရန် သူမ စဉ်းစားထားသည်။
ထင်ထားသည့်အတိုင်းပင် သုံးသန်းဖြင့် ကမ်းလှမ်းလိုက်ရာ တစ်ဖက်မှ ချက်ချင်းပင် ဖုန်းချသွားသည်။
လုလီ : "ဘာဖြစ်တာလဲ? သူဘာလို့ ဖုန်းချသွားတာလဲ?"
ချင်ရုံ - “ကျွန်တော်တို့ ကမ်းလှမ်းတဲ့ ပမာဏက အရမ်းများနေလို့ သူ့ကို လိမ်လည်နေတယ်လို့ ထင်နေတယ်”
လုလီ : “…”
ဤသည်မှာ လိမ်လည်လှည့်ဖြားခြင်း မဟုတ်ကြောင်း ဒါရိုက်တာအား ရှင်းပြရန် ချင်ရုံကို တာဝန်ပေးလိုက်သည်။
ချင်ရုံ တာဝန်ကို ကျေပွန်စွာပြီးဆုံးပြီးနောက် လုလီထံ ဒါရိုက်တာကိုယ်တိုင်ရေးသားသည့် ဇာတ်ညွှန်းကို ပေးပို့လာခဲ့သည်။
၎င်းကိုဖတ်ကြည့်ပြီးနောက် လုလီ မမျှော်လင့်ဘဲ ကျေနပ်သွားခဲ့သည်။
ဇာတ်ညွှန်းအား သေချာ ဂရုတစိုက်ရေးသားထားသည်ကို သူမ ချက်ချင်း သတိထားမိသွားသည်။ လူငယ်ဇာတ်ကားဆိုပေမယ့် ခွေးသွေးများမပါဝင်ပဲ လူငယ်ဆန်ဆန် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို သန့်သန့်လေး ရေးသားထားခြင်း ဖြစ်သည်။ ဇာတ်ညွှန်းသည် ဆယ်ကျော်သက်များ၏ ရိုးသားသော ခင်မင်မှုကို အဓိကဖော်ညွှန်းထားသည်။ ဇာတ်လမ်း၏ အသေးစိတ် အချက်အလက်များသည် လူတွေကို ၎င်းတို့၏ငယ်ဘဝကို ပြန်ပြောင်းသတိရစေသည်။
သူမ ဇာတ်ညွှန်းကိုကိုင်ကာ ချက်ခြင်းဆုံးဖြတ်ချက်ချခဲ့သည်။
“ငါ ဒါကို ရင်းနှီးမြုပ်နှံမယ်”