← Chapters

Sign Off (2)

Vol. 5 Ch. 79

Sign Off (2)

Vol. 5 Ch. 79

လိမ်လည်စွပ်စွဲမှုများကို ဖြေရှင်းပြီးနောက် လုလီ ရင်းနှီးမြုပ်နှံထားသော ရုပ်ရှင်သည် ယခုအခါ ငွေကြေးအပြည့်အဝ ရရှိသွားပြီဖြစ်၍ ရိုက်ကူးမှုကို ပြန်လည်စတင်လျက်ရှိသည်။ အဖွဲ့ကို အဆင့်မြှင့်တင်ထားပြီး ပိုမိုကောင်းမွန်သော Stylist နှင့် ဗီဒီယိုရိုက်ကူးသူကို ငှားရမ်းထားသည်။

ဤဇာတ်ကားသည် နယ်မြို့လေးရှိ လူငယ်များ၏ စိမ်းလမ်းစိုပြေသော နေ့ရက်များအကြောင်းကို ဖော်ညွှန်းထားခြင်းဖြစ်ပြီး ဒါရိုက်တာ၏ မွေးရပ်မြေဖြစ်သော အနောက်ပိုင်းပြည်နယ်၏ တိတ်ဆိတ်အေးချမ်းသော မြို့လေးတစ်မြို့တွင် ရိုက်ကူးနေခြင်းဖြစ်သည်။

လုလီသည် ရုပ်ရှင်နမူနာကို ကြည့်ရှုခဲ့သည်။ အဖွားအိုတစ်ဦးသည် ဂန္ဓာမာပန်းများကို ရောင်းချနေပြီး လမ်းမပေါ်တွင် လမ်းဘေးခွေးများ ပြေးလွှားနေကြသည်။

ဤသည်မှာ သူမအတွက် ပထမဆုံးအကြိမ်အဖြစ် ပရောဂျက်တစ်ခု သို့မဟုတ် ရင်းနှီး မြှုပ်နှံမှုတစ်ခုကို ပြုလုပ်ခြင်းဖြစ်သောကြောင့် အထူးအာရုံစိုက်လိုပြီး အမှန်တကယ်ပင် စိတ်လှုပ်ရှားနေမိသည်။

နောက်ဆုံးရလဒ်မှာ မည်သို့ဖြစ်လာမည်ကို မသိသော်လည်း သူမပိုက်ဆံများကို နေ့တိုင်းသုံးဖြုန်းနေခြင်းထက် ရင်းနှီးမြှပ်နှံမှုဘက်သို့ ပထမဆုံး ခြေလှမ်းစတင်လိုက်သည်ဟု ပြောလို့ရသည်။

သူမသည် ရိုက်ကွင်းတိုးတက်မှု အခြေအနေများနှင့် ပတ်သတ်ပြီး ဓာတ်ပုံများ ၊ ဗီဒီယိုများ မကြာခဏရရှိပေမယ့် သူမကိုယ်တိုင်သွားရောက်ကြည့်ရှုချင်သည်။

အနောက်ပိုင်းပြည်နယ်သည် နိုင်ငံ၏အနောက်တောင်ဘက်တွင် တည်ရှိပြီး City S နှင့် အတော်လေး အလှမ်းဝေးကာ ပင်လယ်နှင့်နီးသောနေရာတွင် ရှိသည်။ ထိုနေရာသို့ ရောက်ရန် ငါးနာရီကြာ လေယာဉ်စီးရမည်ဖြစ်ပြီး ထို့နောက်တွင် အမြန်ရထားထပ်စီးကာ နောက်ဆုံး ကားနှင့် ခရီးထပ်ဆက်ရမည်ဖြစ်သည်။

လုလီ တွက်ချက်ကြည့်လိုက်သည်။ တစ်ပတ်လောက်ဆို သူမအတွက် အချိန်လုံလောက်သည်။

ချောင်ကျာယိသည်လည်း အမျိုးသားဇာတ်ဆောင်၏ညီဖြစ်သူ လင်းကျီယုနှင့် တွေ့ဆုံရန် စိတ်အားထက်သန်နေခဲ့သည်။

နှစ်ယောက်သား ခရီးစဉ်အတွက် အစီအစဉ်ဆွဲနေကြပြီး လုလီအနေနှင့် သူမခင်ပွန်းကိုသာ ပြောရန် ကျန်တော့သည်။

၎င်းတို့ ညစာစားပြီးနောက် လမ်းလျှောက်ထွက်ခဲ့ကြပြီး လုလီသည် ချီချန်းရန်၏လက်မောင်းကို ချိတ်ကာ သူမ အစီအစဉ်အကြောင်း ပြောပြလိုက်သည်။

ဤသည်ကိုကြားတော့ ချီချန်းရန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး “ဘယ်နှစ်ရက်ကြာမှာလဲ?”

လုလီ ဝမ်းသာအားရဖြင့် ဆက်ပြောလိုက်သည်။ "တစ်ပတ်လောက်ပါပဲ”

ချီချန်းရန် ခေါင်းကိုခါယမ်းလိုက်သည်။

လုလီသည် လောင်ကုန်းဖြစ်သူ၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ - "ဟင်?"

ချီချန်းရန် - "သူတို့ မင်းကို တိုးတက်မှုအခြေအနေတွေ နေ့တိုင်းပို့ပေးနေတယ် မဟုတ်လား? အဲ့ဒါကို ကိုယ်တိုင် လိုက်သွားစရာ လိုလို့လား?”

"အိမ်မှာ မင်း လောင်ကုန်းနဲ့ အတူမနေချင်ဘူးလား?" ဟု သူပြောရင်း လုလီလက်ကို ညှစ်လိုက်သည်။

တစ်ပတ်ဟူသော အချိန်ကာလမှာ ကြာလွန်းသည်ဟု ခံစားရပြီး သူ အလိုရှိတိုင်း ထိုနေရာသို့ ကားမောင်းပြီး လိုက်သွားလို့မရနိုင်ပေ။ ထို့အပြင် နေရာသည် မြို့ကြီးတစ်မြို့မဟုတ်ပဲ အတော်လေး အလှမ်းဝေးသည့် ကျေးလက်ဒေသဖြစ်နေသောကြောင့် လေယာဉ်ဖြင့် အလွယ်တကူ သွားလာ၍လည်း မရနိုင်ပေ။

လုလီ - " ကျွန်မ သွားချင်တယ်"

“ဒါက ကျွန်မရဲ့ပထမဆုံး ရင်းနှီးမြုပ်နှံမှုဆိုတော့ ကျွန်မမျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ချင်တယ်”

လုလီသည် ချီချန်းရန်၏လက်မောင်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ရင်း "လောင်ကုန်း ကျွန်မကို သွားခွင့်ပြုပါနော်၊ ကျွန်မ ချောင်ကျာယိနဲ့တောင် အစီအစဉ်ဆွဲထားပြီးပြီ၊ နောက်အပတ်ထဲ သွားကြမှာ”

ချီချန်းရန် သူမခေါင်းကို ပုတ်လိုက်ပြီး “ ကိုယ် သဘောမတူဘူးလို့ ပြောနေတယ်လေ”

အကယ်၍ သူမသာ ဟောင်ကောင်ရှိ ၎င်း၏မိဘများထံ တစ်ပတ်ကြာ သွားရောက်လည်ပတ်မည်ဆိုပါက သူ ကန့်ကွက်မည်မဟုတ်ပေ။ သူကိုယ်တိုင် ကိုယ်ပိုင်လေယာဉ်စီစဉ်ပေးပြီး ပို့ပေးလိုက်မည်ဖြစ်သည်။ ယခုမူကား သေးသေးမွှားမွှား ကိစ္စအတွက်သာဖြစ်ပြီး ရုပ်ရှင်တစ်ကားအတွက်နှင့် သူမအချိန်အကုန်ခံပြီး လိုက်သွားတာမျိုး ဒါမှမဟုတ် ဝေးလံခေါင်သီသည့် နယ်မြို့ကို သွားရောက်တာမျိုး မလိုအပ်ဟု သူထင်မြင်မိသည်။

ချီချန်းရန် - "မင်း သူတို့ကို City S မှာ ရိုက်ခိုင်းလိုက်၊ ဒါဆို မင်း အချိန်မရွေး သွားကြည့်လို့ရတယ်"

"ဒါမှမဟုတ် ရိုက်ကူးရေးအဖွဲ့ကို City S ကို ပြောင်းခိုင်းလိုက်၊ ကုန်ကျစရိတ်အားလုံး ကိုယ် ရှင်းပေးမယ်”

"မတူဘူးလေ!" လုလီ ပြန်ငြင်းလိုက်သည်။ မြို့တစ်မြို့နှင့် တစ်မြို့တွင် မတူညီသောရှုခင်းများနှင့် အငွေ့အသက်များရှိသည်။ မည်သည့်နေရာတွင်မဆို ရိုက်ကွင်းအား အလွယ်တကူ တည်လိုက်လို့မရနိုင်ပေ။

လုလီ နှုတ်ခမ်းကို စူထားလိုက်သည်။

အစက လောင်ကုန်းဖြစ်သူ လက်ခံမည်ထင်ပြီး သူမစိတ်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေစဥ် ဆန့်ကျင်ဘက်အနေနှင့် သူမ ငြင်းပယ်ခံလိုက်ရသည်။

သူ့မျက်လုံးထဲတွင် ဤအရာအား သက်သက်အချိန်ဖြုန်းနေသော ကစားပွဲတစ်ခုဟုသာ မြင်နေကြောင်း သူ့စကားများကို အခြေခံပြီး လုလီနားလည်ခဲ့သည်။

ထို့အတွက် သူမ၏အချိန်နှင့် ခွန်အားကို ဖြုန်းတီးရန် မလိုအပ်ပေ။

ချီချန်းရန်အနေနှင့် အရှုံးအမြတ်ကို စိတ်မဝင်စားချေ။ သူလိုချင်သည်မှာ လောင်ကုန်းဖြစ်သူ အလုပ်က ပြန်ရောက်ချိန်ကို စောင့်ဆိုင်းနေသော လုလီကိုသာဖြစ်သည်။

အစပိုင်းတွင် လုလီ လုပ်စရာတစ်ခုခုကို ရှာဖွေနေခဲ့သော်လည်း ဤပရောဂျက်နှင့်ထိတွေ့ပြီး နောက်ပိုင်း အဓိပ္ပါယ်မှာ ပြောင်းလဲသွားခဲ့သည်။

ချီချန်းရန်သည် လုလီ၏စူထွက်နေသော နှုတ်ခမ်းကို မြင်လိုက်ရသည်။

သူမအား ရင်းနှီးမြှပ်နှံရန် အကြံဉာဏ်ပေးမိသည်ကိုပင် သူနောင်တရနေမိသည်။

လုလီသည် ချီချန်းရန်အား ကြည့်ကာ ဆက်ပြောလာသည်။ "ကျွန်မ သွားမှာပဲ"

သူမ၏ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်သောအခါ နောက်ဆုံးတွင် သူမ၏ပြတ်သားမှုကို ကြည့်ပြီး ချီချန်းရန် အလျှော့ပေးလိုက်ရသည်။ “နှစ်ရက်ပဲ ရမယ်၊ ကိုယ် မင်းနဲ့လိုက်ဖို့ အတွင်းရေးမှူးကျောက်နဲ့အတူ နောက်တစ်ယောက်ပါ စီစဉ်ပေးလိုက်မယ်”

"နှစ်ရက်တည်းနဲ့ အသွားအပြန်တောင် မလောက်ဘူး” လုလီ သည် ချီချန်းရန်၏ လက်မောင်းကို ဆုပ်ကိုင်ထားရာမှ လွှတ်လိုက်သည်။

ချီချန်းရန် မျက်မှောင်ကြုတ်လိုက်ပြီး သူမအား ဖြေသိမ့်ရန်ကြိုးစားလိုက်သည်။ - “လောက်ပါတယ်ကွာ”

လုလီသည် နောက်ကိုတစ်လှမ်းဆုတ်လိုက်ပြီး လက်ဖြင့်မျက်ရည်များကို သုတ်လိုက်ကာ "ရှင် အလုပ်ကိစ္စနဲ့ အကြာကြီး ခရီးသွားခဲ့တုန်းက ကျွန်မ ဘာမှ မပြောခဲ့ဘူး၊ အခု ကျွန်မ တစ်ပတ်လေးသွားတာကို ခွင့်မပြုဘူး”

သူမ ဝမ်းနည်းရသည်မှာ သူ၏ငြင်းဆန်မှုတစ်ခုတည်းကြောင့်မဟုတ်ပဲ သူမအတွက် ဤပရောဂျက်သည် အလေးအနက်ထားစရာမလိုဟု သူထင်နေသောကြောင့် ဖြစ်သည်။ သူ့စိတ်ထဲတွင် သူမအား ငွေပေးပြီး စိတ်အပန်းဖြေခိုင်းနေသည်ဟု ထင်မြင်နေခြင်းဖြစ်သည်။

ယွမ် 10 သန်းထက်မပိုသော ရင်းနှီးမြုပ်နှံမှုတစ်ခုအတွက် သူကတော့ မျက်နှာပင် လှည့်မကြည့်လာပေ။

ထိုခံစားချက်က သူမအား စိတ်မသက်မသာဖြစ်စေသည်။

ချီချန်းရန် - "မတူဘူးလေကွာ"

"ဘာက မတူတာလဲ?" လုလီ နှာရည်များကို ရှိုက်လိုက်ရင်း ဆက်ပြောလာသည်။ "ကျွန်မပိုက်ဆံက ရှင့်ပိုက်ဆံထက် တန်ဖိုးနည်းနေလို့လား? ဒါပေမယ့် ဒါက ကျွန်မအလုပ်ပဲလေ၊ ပြောချင်တာက ရှင်နဲ့ကျွန်မနဲ့အတူတူပဲ"

ချီချန်းရန်သည် ခဏမျှ တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် လုလီ၏လက်ကို ဆုပ်ကိုင်ကာ"အိမ် အရင်ပြန်ကြရအောင်"

ချီချန်းရန်သည် သူမအား တစ်ဇွတ်ထိုးဆန်သည်ဟု ထင်မြင်နေသည်ကို လုလီ သိလိုက်ရပြီး ခဏဝမ်းနည်းခဲ့ရသည်။

နှစ်ယောက်သား စကားမပြောကြဘဲ စစ်အေးတိုက်ပွဲတစ်ခု ဆင်နွှဲခဲ့ကြသည်။

လုလီသည် လောင်ကုန်းဖြစ်သူနှင့် ပထမဆုံးအကြိမ် စကားများခဲ့သည်။ သူမသည် လောင်ကုန်းဖြစ်သူအား နားမလည်နိုင်ပဲ အိမ်ပြန်ရောက်သည်နှင့် သူမအခန်းထဲ ပြေးဝင်သွားပြီး အခန်းနှစ်ခန်းကြားက တံခါးကို ပိတ်လိုက်သည်။

သူမ ကိုယ်ပိုင်အခန်းထဲတွင် မအိပ်ဖြစ်ခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။

သူမ ရေချိုးခန်းထဲမှ ရေသံများကို ကြားနေရသည်။

လုလီသည် ခေါင်းအုံးကို ပွေ့ဖက်ထားရင်း ကုတင်ပေါ်တွင် ထိုင်နေစဉ် ရေချိုးသံရပ်သွားသည်ကို သူမကြားလိုက်သောအခါ သူမရင်ဘတ်ထဲတွင်တစ်စုံတစ်ခု တစ်ဆို့သွားသလို ခံစားလိုက်ရသည်။

သူမတို့နှစ်ယောက် စကားများ ရန်ဖြစ်ခဲ့ကြသည်။

သူမ စိတ်ထဲ မတရားသလို ခံစားရလေလေ သူမမျက်လုံးတွေ နီရဲလာလေဖြစ်သည်။

လုလီ ခေါင်းငုံ့လိုက်ရာ မျက်ရည်များ စီးကျလာသည်။

သူမမျက်ရည်များကို အင်္ကျီဖြင့်သုတ်လိုက်ပြီး သူမစိတ်ထဲက ပူလှောင်မှုများကို မည်သို့ ထုတ်ဖော်ရမှန်း မသိတော့ချေ။ နောက်ဆုံးတွင် သူမ ဖုန်းကို ကိုင်လိုက်ပြီး သူမဖန်တီးခဲ့သော “သစ်တော်သီးစုံတွဲ”၏ superchatကို ဝင်ကြည့်လိုက်သည်။

ဟိုတယ်အဖြစ်အပျက်ပြီးကတည်းက ချီချန်းရန်သည် လိမ်ညာနေခြင်းမဟုတ်ပဲ သစ်တော်သီးစုံတွဲ၏ ချိုမြိန်သောအချစ်ဇာတ်လမ်းမှာ ဆက်လက်ရှင်သန်နေကြောင်း အတည်ပြုပြီးနောက် superchatတွင် ပရိသတ်အများပြား တိုးလာခြင်းက အံ့သြစရာတော့ မဟုတ်ပေ။

ယခင်က တစ်နေ့တခြား ပရိတ်သတ်ဆုံးရှုံးရသည့် အခြေအနေထက် များစွာပိုကောင်းလာခဲ့သည်။

လုလီ Super Chatကို ကြည့်ရင်း ပို၍ ဝမ်းနည်းလာခဲ့သည်။

သူမ သစ်တော်သီးကို မစားချင်တော့ပေ။ ထို့အတူ သူ့ကိုလည်း သစ်တော်သီး စားခွင့်ပေးတော့မည် မဟုတ်ပေ။

လုလီသည် သူမ၏နှုတ်ခမ်းများကို စူထုတ်ထားရင်း ခဏတာ တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်ကြီးကြီးချကာ “Exit” ကိုနှိပ်လိုက်သည်။

All Chapters