Chapters

Aggrieved (2)

Vol. 6 Ch. 81

Aggrieved (2)

Vol. 6 Ch. 81

ချောင်ကျာယိသည် တစ်ဦးတည်းသော သမီးဖြစ်သောကြောင့် လုလီ၏အခြေအနေနှင့် မသက်ဆိုင်ပေ။ သို့သော်လည်း သူငယ်ချင်းဖြစ်သူ၏ ဝမ်းနည်းမှုကို မြင်ရသောအခါ သူမပခုံးကို ပွေ့ဖက်ပေးထားရုံကလွဲပြီး မတတ်နိုင်ခဲ့ချေ။

လုလီ ရုတ်တရက်ပြောလာသည် "ငါ ပိုင်ရှန့်ယင်လောက် မတော်ဘူး”

"ဘာ!" ချောင်ကျာယိသည် နို့လက်ဖက်ရည်ကို အလျင်စလို တစ်ငုံသောက်လိုက်ပြီး "ဘယ်နေရာက မတော်တာလဲ? နင်က သူ့ထက် ပိုလှတယ်၊ သူ့ထက် သာတယ်၊ နင့်မှာ ချီချန်းရန်လို ချစ်တတ်တဲ့ လောင်ကုန်းလည်းရှိတယ်၊ ဒါကို အဲ့မိန်းမက နင့်ကို ဘယ်လိုလုပ် ယှဉ်လို့ရနိုင်မှာလဲ?”

“နင်အရင်က အလုပ်မလုပ်တဲ့ အမျိုးသမီးတွေကို မနှိမ့်ချသင့်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား? လူတိုင်းမှာ ကိုယ်ပိုင်ရွေးချယ်မှုနဲ့တန်ဖိုးရှိကြတယ်။ နင် ဘာလို့ ကိုယ့်ကိုယ်ကို နှိမ့်ချနေရတာလဲ?”

လုလီ ခေါင်းကိုခါယမ်းလိုက်ပြီး "ဒါပေမယ့် မတူဘူးလေ"

အလုပ်မလုပ်သောအမျိုးသမီးနှင့် အလုပ်လုပ်သောအမျိုးသမီး၏ အနေအထားသည် တကယ့်ကိုကွာခြားနေသည်။

အရေးအကြီးဆုံးအချက်မှာ သူမသည် အလုပ်မလုပ်သော အမျိုးသမီးဖြစ်နေရုံတင်မက အခြေခံအကျဆုံး အိမ်ထောင်ရေးပုံရိပ်ကိုတောင် ကောင်းမွန်စွာ စီမံနိုင်ခြင်း မရှိ‌သေးပေ။ လူတိုင်းက ၎င်းတို့ကို အတုအယောင်စုံတွဲဟု ထင်နေကြဆဲဖြစ်သည်။

ချောင်ကျာယိ - "ဘာကို မတူတာလဲ? သူက ဒီဇိုင်းဆွဲတတ်တယ်၊ နင် မတတ်ဘူး၊ ဒါပေမယ့် နင်က ကလေးတစ်ယောက်လို ပြုမူတတ်တယ်၊ ကိုယ့်ကိုကိုယ် ချစ်ဖို့ကောင်းအောင် နေတတ်တယ်၊ မိန်းကလေးအဖွဲ့ရဲ့ သီချင်းတွေကို ကပြနိုင်တယ်။ ဒါကို တခြားသူတွေ လိုက်လုပ်နိုင်မှာတဲ့လား? လုပ်နိုင်တောင် နင့်လောက် ချစ်စရာကောင်းမှာမဟုတ်ဘူး”

ချောင်ကျာယိ၏ နှစ်သိမ့်စကားများကို နားထောင်ရင်း လုလီ ပျော်ရမလို ဝမ်းနည်းရမလို ဖြစ်နေသည်။

ချောင်ကျာယိသည် လုလီကိုကြည့်လိုက်ပြီး "ချီချန်းရန် အလုပ်ကပြန်ရောက်တော့မယ် မဟုတ်လား? နင် အိမ်ပြန်ပြီး သူကို စောင့်ရမှာမဟုတ်လား? ပြန်တော့လေ”

လုလီ ခေါင်းခါလိုက်သည်။

မနေ့ညက ငြင်းပယ်ခံရတာနှင့်တင် သူမအား ဝမ်းနည်းစေခဲ့ပြီး ထပ်ကြိုးစားရန် သတ္တိမရှိတော့ပေ။

မနေ့က အငြင်းခံခဲ့ရပြီး ယနေ့လည်း ထပ်ငြင်းခံရပါက သူ့ရှေ့တွင် မျက်နှာပြရဲတော့မည် မဟုတ်ပေ။

စကားများပြီး အေးစက်နေရုံနှင့် ဘာအကျိုးရှိမည်နည်း ? အရေးကြီးဆုံးက သူနှင့် ပြန်သင့်မြတ်ဖို့ပဲဖြစ်သည်။

သူ့ကို မချစ်တော့မှသာ အခြေအနေကို ပြောင်းလဲနိုင်မည်ဖြစ်သည်။

ယခုချိန်တွင် လုလီ ထိုသို့မလုပ်နိုင်မှန်း သိသည်။

“ဟို…” ချောင်ကျာယိသည် ဝမ်းနည်းပြီး အိမ်မပြန်ချင်ဖြစ်နေသော လုလီကို အားနာသော အမူအရာဖြင့် ကြည့်လာပြီး “ဒါပေမယ့် ငါသွားချင်နေပြီ”

"ဟင်?" လုလီ နှာရှုပ်ပြီး ခေါင်းမော့လာကာ မေးလိုက်သည်။ "ဘယ်သွားမှာလဲ?"

ချောင်ကျာယိ ပွင့်ပွင့်လင်းလင်း ဖြေသည် - "ဘားကိုပေါ့"

"အဲ့မှာ အရမ်းတော်တဲ့ DJ တစ်ယောက်ရှိတယ်၊ ဟိုခွေးသားက အဲ့ DJ သမားကို သူ့ဘားမှာဖျော်ဖြေဖို့ အမြဲဖိတ်ချင်နေတာ။ ဒီညတော့ ငါတို့ အဲ့ DJ သမားရှိတဲ့ ဘားကို သွားမလို့”

“ခွေးသား” ဟူသည် ချောင်ကျာယိ သူမ၏ချစ်သူအား ချစ်စနိုးခေါ်သည့် နာမည်ပြောင်ဖြစ်သည်။

လုလီ၏အမူအရာသည် သနားစရာကောင်းလွန်းနေသည်- "ငါ့ကိုပါ ခေါ်သွားပေးပါလား?”

ချောင်ကျာယိ : ???

လုလီ - "ငါ အိမ်မပြန်ချင်သေးဘူး"

ချောင်ကျာယိ : “နင်…”

လုလီ : "ဒီတစ်ညတော့ ခဏအပြင်ထွက်ပြီး ပျော်ပါးဖို့ လွတ်လပ်ခွင့်တောင် မရှိတော့ဘူးလား...?"

ချောင်ကျာယိ တွန့်ဆုတ်နေခဲ့သော်လည်း နောက်ဆုံးတွင် သူမခေါင်းညိတ်လိုက်ပြီး - “သွားကြရအောင်”

၎င်းတို့သည် အရွယ်ရောက်ပြီးဖြစ်ရာ မကြာခဏ မသွားဖြစ်ရင်တောင် လုံးဝသွားလို့မရဟု မဆိုလိုပေ။

ကျယ်လောင်တဲ့ သီချင်းသံတွေကို နားထောင်ရတာလည်း စိတ်ထွက်ပေါက်ဖြစ်စေတာပဲလေ...

ချောင်ကျာယိ "ချီချန်းရန်ကိုတော့ အကြောင်းကြားထားလိုက်ဦးနော်"

လုလီ ခေါင်းညိတ်ပြလိုက်ပြီး သူမနှင့်အေးစက်နေဆဲဖြစ်သော ချီချန်းရန်ထံသို့ WeChat မက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့သည်။

[ကျွန်မ ချောင်ကျာယိနဲ့အတူသွားစရာရှိလို့ နည်းနည်း နောက်ကျမှ အိမ်ပြန်ရောက်မယ်]

ချီချန်းရန်သည် လုလီ၏ WeChat မက်ဆေ့ဂျ်ကို လက်ခံရရှိခဲ့သည်။

ဤသည်မှာ မနေ့ညက သူ၏တုံ့ပြန်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယနေ့တွင် သူ့အား အိမ်မှာစောင့်နေပြီး ပွေ့ဖက်ကာ လာကြိုပေးမည့် ဇနီးလေး ရှိမနေသည်ကို သဘောပေါက်သွားသည်။ သူ ဒီတစ်ခါတော့ ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ”