Sorrowful Women (1)
Vol. 6 Ch. 82
လုလီသည် ဘားသွားတတ်သော အမျိုးသမီးမဟုတ်ပေမယ့် ညဖျော်ဖြေရေးလောကအကြောင်းကို လုံးဝမသိဟုလည်း မဆိုနိုင်ပေ။
ညမိုးချုပ်လာသည်နှင့်အမျှ City S ၏ ညဖျော်ဖြေရေးလောကသည် စတင် အသက်ဝင်လှုပ်ရှားလာသည်။
ချောင်ကျာယိသည် သူမရည်းစားနှင့် ချိန်းဆိုထားသည့်နေရာတွင် တွေ့ဆုံပြီးနောက် သုံးယောက်သား ဘားထဲကို ဝင်လာခဲ့သည်။ ၎င်းတို့ ဝင်လာချိန်တွင် တံခါးနောက်၌ တံဆိပ်တစ်ခု ကိုင်ထားသည့် မျက်နှာဖုံးတပ် စားပွဲထိုးတစ်ယောက်ရှိနေပြီး ဝင်လာသည့် ဧည့်သည်တိုင်း၏ လက်ပြင်တွင် အမှတ်အသားများ ပြုလုပ်ပေးနေသည်။
အမှတ်အသားမှာ နှင်းဆီပန်းပုံဖြစ်ပြီး ဘား၏လိုဂို ဖြစ်သည်။
လုလီ ဝင်လာသောအခါ၊ ဘားထဲတွင် 'Sorrowful Women' ဟူသော ဆောင်ပုဒ်ကို သတိထားမိပြီး ဘားအား အသုံးပြုသူများပြားပြီး ဧည့်သည်များသည် အခြေခံအားဖြင့် ချမ်းသာသူများဖြစ်ကြောင်း သူမ သတိထားမိသည်။
အောင်မြင်သော အလုပ်အကိုင်များရှိကြသည့် အမျိုးသမီးများသည် ၎င်းတို့၏မကျေနပ်မှုများကို ဖြေဖျောက်ရန်နှင့် နှစ်သိမ့်မှုရှာဖွေရန် ဤဘားသို့ ရောက်လာကြသည်။
ဘားဖွင့်ပြီး သိပ်မကြာခင်မှာပဲ နာမည်ကြီးလာကာ ညတိုင်း လူပြည့်လျှံနေတတ်သည်။ ထူးခြားသော အခင်းအကျင်းကြောင့် မကြာသေးမီက မီဒီယာသတင်းထောက်များစွာသည် သီးသန့်သတင်းရိုက်ကူးရန်စီစဉ်နေကြပြီး ဤဘားရှိ ဝမ်းနည်းပူဆွေးနေသော အမျိုးသမီးများ၏ဘဝအကြောင်း တစေ့တစောင်းရယူရန် စီစဉ်ခဲ့ကြသည်။
လာရောက်သော ဧည့်သည်အားလုံးနီးပါးသည် အမျိုးသမီးများဖြစ်ကြပြီး အမျိုးသမီးအိမ်သာအား သန့်ရှင်းရေးလုပ်သော သန့်ရှင်းရေးသမားများမှလွဲ၍ ကျန် ဘားကောင်တာနှင့် စားပွဲထိုးအားလုံးသည် ယောက်ျားလေးများသာ ဖြစ်သည်။
ဝန်ထမ်းအမျိုးသားအများစု၏ ဝမ်းဗိုက်တွင် eight-pack များပါရှိကြပြီး အမျိုးသမီးများနှင့် စကားစမြည်ပြောရန် လိုက်ပါလာသည့် ဘားဝန်းထမ်းများသည် ၎င်းတို့၏အင်္ကျီများကို ချွတ်ထားကာ အမျိုးသမီးများ လက်ဖြင့်ထိတွေ့နိုင်အောင် ဖော်ပြထားကြသည်။ အမျိုးသမီးများ၏ စိတ်မချမ်းသာမှုများကို နှစ်သိမ့်ပေးရင်း “ကျဲ..နောက်ထပ် ဝိုင်နှစ်ပုလင်း ထပ်မှာလိုက်ဦး” ဟု မမေ့မလျော့ သတိပေးတတ်ကြသည်။
ထင်ရှားသော DJ သမား သည် စင်ပေါ်တွင် စိတ်အားထက်သန်စွာ ဖျော်ဖြေနေသည်။
DJ သမား သည် အင်္ကျီဝတ်ဆင်ထားခြင်းမရှိဘဲ ကောင်းမွန်စွာ လေ့ကျင့်ထားသော ခန္ဓာကိုယ်အချိုးအစားနှင့် အသားရောင်မှာ ရွှေဝါရောင်သန်းနေကာ သူ၏ six-pack များမှာ သေသေသပ်သပ် စီတန်းလို့နေသည်။ ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများသည် ဝမ်းဗိုက်အောက်ပိုင်းအထိ တောက်လျှောက်ဆင်းသွားပြီး နောက်ဆုံး အောက်ခံဘောင်းဘီကြောင့် မမြင်ရတော့သည့် အပိုင်းသို့အရောက်တွင် အကန့်အသတ်မရှိသော အတွေးများကို နှိုးဆွပေးနေသည်။
Night club ၏ မီးရောင်များသည် သူ့မျက်နှာတစ်ခုလုံးကို မထွန်းလင်းစေပဲ သူ့ဆံပင်၏ ထင်ရှားသော ငွေရောင် အစင်းကြောင်းကိုသာ ဖော်ပြနေသည်။
တကယ် ကောင်းတာပဲ...နံရံကိုနင်းပြီး တက်လာရကျိုးနပ်တာပဲ...
ဤဘားသည် အမျိုးသမီးများအတွက် အထူးပြင်ဆင်ထားသော ဘားတစ်ခုဖြစ်သောကြောင့် ချောင်ကျာယိ ၏ ချစ်သူ ဝင်လာသည်နှင့် Gay တစ်ယောက်ကဲ့သို့ သတ်မှတ်ခံလိုက်ရပြီး ချောမောသော ဘားဝန်ထမ်းများစွာက သူ့ပတ်လည်တွင် စိတ်ထားထက်သန်စွာဖြင့် ဝိုင်းအုံလာကြသည်။
ချောင်ကျာယိ : “…”
လုလီ: “…”
သုံးယောက်သား စားပွဲတစ်လုံးတောင်းပြီး ဝိုင်တစ်ပုလင်း မှာလိုက်သည်။
ချောမောသော ဘားဝန်ထမ်းသည် ရပ်တန့်မသွားပဲ ချောင်ကျာယိ၏ ချစ်သူကို မျက်စခတ်ပြနေပြန်သည်။
စင်ပေါ်ရှိ အမိုက်စား DJ သမားသည် သူ့တာဝန်ပြီးဆုံး၍ ဆင်းသွားသည်ကို မြင်တော့ ချောင်ကျာယိ၏ချစ်သူ ထသွားပြီး အနောက်ကိုလိုက်သွားသည်။
လုလီသည် နိုင်ငံခြားဝိုင်တစ်ခွက်ကို မော့သောက်လိုက်ရာ လည်ချောင်းထဲတွင် ပူစင်းသွားသည်။
ချောင်ကျာယိ လှည့်ကြည့်လာပြီး "နင် အဆင်ပြေရဲ့လား? သောက်နိုင်လို့လား? မူးပြီး အိမ်ပြန်သွားရင်ဘယ်လိုလုပ်မလဲ? နင့် လောင်ကုန်း ဆူနေလိမ့်မယ်”
လုလီသည် သူမ၏အခြေအနေများကို တွေးပြီး ဘား၏ဆောင်ပုဒ်သည် သူမနှင့် လုံးဝ လိုက်ဖက်သည်ဟု ထင်မြင်ခဲ့သည်- "ငါ့ကို တစ်ယောက်တည်း ပစ်ထားပေးစမ်းပါဟာ”
"ဘားလာပြီး အရက်မသောက်ပဲ နေရမှာလား?”
"ငါ့ကိုယ်ငါ ထိန်းနိုင်တယ်"
"ဒါပေမယ့် အခု အိမ်သာအရင်သွားမှဖြစ်မယ်၊ နေ့လည်က နို့လက်ဖက်ရည်အများကြီး သောက်ထားလို့ အပေါ့သွားချင်နေပြီ”
ချောင်ကျာယိ အိမ်သာရှိရာကို လက်ညှိုးထိုးပြလိုက်သည်။ - "အဲ့ကနေ ညာဘက်ကိုကွေ့လိုက်၊ မြန်မြန်ပြန်လာနော်"
လုလီ: "အွန်း"
သူမ သန့်စင်ခန်းမှ ထွက်လာပြီးနောက် စားပွဲဆီသို့ ပြန်လာခဲ့သည်။
ဘားထဲတွင် ဖွင့်ထားသော မှိတ်တုတ်မှိတ်တုတ် အရောင်စုံမီးများသည် မျက်လုံးကို မူးနောက်စေသည်။
သူမ ပြန်လာရာလမ်း၌ စားပွဲများကို ကွေ့ဝိုက်လာရင်း စားပွဲတိုင်း ဆင်တူနေသည်ကို သတိထားမိသည်။ နောက်ဆုံးတွင် သူမတို့ စားပွဲကို ရှာတွေ့သွားကာ ထိုင်ခုံတွင်ဝင်လိုက်ပြီး ချောင်ကျာယိအား သူမရည်းစားပြန်မလာသေး၍ မေးမြန်းရန်ပြင်လိုက်စဉ် စားပွဲမှားထိုင်နေသည်ကို သတိထားမိလိုက်သည်။
ထိုစားပွဲဝိုင်းတွင် ကျော့ကျော့မော့မော့ ၀တ်စားထားသော အမျိုးသမီးအနည်းငယ်နှင့် အပေါ်ယံ ကြွက်သားကင်းစင်သော စားပွဲထိုး သုံးယောက် ရှိသည်။
လုလီ ရှက်ရွံ့စွာဖြင့် ချက်ချင်းထရပ်လိုက်ပြီး "စိတ်မရှိပါနဲ့ ကျွန်မ ဝိုင်းမှားသွားလို့ပါ"
သူမသည် ပတ်ပတ်လည်ကို ဝေ့ဝိုက်ကြည့်ကာ ချောင်ကျာယိရှိရာ စားပွဲကို မှတ်မိရန် ကြိုးစားလိုက်သည်။
ခပ်ဝဝအမျိုးသမီးတစ်ဦးသည် သူ့မအား ကြည့်ကာ "ညီမလေးအရွယ်လေးနဲ့ ဝမ်းနည်းမှုကို ဖြေဖျောက်ဖို့ ဒီကိုရောက်လာတာလား?”
လုလီ အထိတ်တလန့်နှင့်ပြုံးပြလိုက်သည်။
ဘားသို့ လာရောက်ကြသူများသည် များသောအားဖြင့် အသက်ကြီးသော အမျိုးသမီးများသာ ဖြစ်သောကြောင့် ငယ်ရွယ်လှပသော သူမအားမြင်သည်နှင့် ထိုအမျိုးသမီးတွေအတွက် အကြောင်းအရာအသစ်ဖြစ်သွားသည်။ ပိန်ပိန်ပါးပါးနှင့် အထက်တန်းဆန်သော အမျိုးသမီးတစ်ယောက်က ခေါင်းမော့လာပြီး သူမအတွက် ဝိုင်တစ်ခွက် လောင်းထည့်ပေးလိုက်သည်။
"ငါငယ်ငယ်တုန်းက မင်းထက်ပိုလှခဲ့တာ ၊ ဒါပေမယ့် အလုပ်တွေကြိုးစားလုပ်ရင်း အချိန်ကုန်ခဲ့ရတယ်၊ အခုတော့ ငွေရှိပါရဲ့နဲ့ အချစ်အတွက် အသက်ကကြီးနေပြီ”
ဗလာတောင့်တောင့်နှင့်စားပွဲထိုးသည် အမျိုးသမီး၏ မျက်ရည်များကို သုတ်ပေးလိုက်ရင်း"ဘာလို့ ငိုနေတာလဲ? ကျဲက အဲ့လောက် အသက်မကြီးသေးပါဘူး”
ထိုအမျိုးသမီးသည် မူးနေပုံရပြီး- "ငါတို့လို အသက်ကြီးတဲ့သူတွေဆီမှာပဲ အချစ်ရေးပြဿနာရှိတယ် ထင်နေတာ၊ အခုလို လှပနုပျိုတဲ့ မိန်းကလေးမှာတောင် အမျိုးသားတွေကြောင့် စိတ်ညစ်နေရတယ်ဆိုတော့ ဒါကဘယ်လိုကမ္ဘာမျိုးလဲ?”
ခပ်ဝဝ အမျိုးသမီးကြီးသည် လုလီ၏လက်ကို ကိုင်ကာ "ဒီမှာထိုင်ပါဦး၊ လောကကြီးက တကယ်ကို ကြမ်းတမ်းလိုက်တာ၊ ထိုင်ပြီး တစ်ခွက်လောက်သောက်ကြရအောင်၊ ဒီက ညီမလေးရဲ့ လောင်ကုန်းက ညီမလေးကို ဘယ်လိုနှိပ်စက်တာလဲဆိုတာ ကျဲကို ပြောပြဦး”
စားပွဲထောင့်ရှိ Hermes အိတ်ကို ကိုင်ဆောင်ထားသည့် အမျိုးသမီးကြီးသည် ရုတ်တရက် အော်ဟစ်ငိုကြွေးလိုက်သည်။ - “ငါ့လောင်ကုန်းက တခြားမိန်းမနဲ့ဖောက်ပြန်နေတာ ငါသိခဲ့ရတယ်၊ အဲ့မယားငယ်နဲ့ သားတစ်ယောက်တောင် မွေးထားတယ်၊ ဟီး..... "
ဆံပင်ကောက်ကောက်နှင့် အမျိုးသမီးကြီးလည်း နာကျည်းစွာ ရယ်မောရင်းပြောလာသည်။ “ငါ့မှာလည်း တရားမ၀င် ကလေးတွေအများကြီး ရှိတယ်၊ သူတို့ကိုလည်း ပြုံးပြနေရတာပဲ မတတ်နိုင်ဘူး။ ဟား..ဟား.."
ဤဘား၏လေထုသည် လုလီအား အမှန်ပင် စိတ်ထိခိုက်စေခဲ့သည်။
ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော ချမ်းသာသည့် အမျိုးသမီးကြီးများသည် စိတ်ဆင်းရဲစွာ ငိုကြွေးသည်ကို မြင်လိုက်ရသောအခါ သူမနှာခေါင်းထဲ ပူစပ်ပူလောင်ဖြစ်လာပြီး ၎င်းတို့အတွက် စိတ်မကောင်းရုံကလွဲပြီး မကူညီနိုင်ပေ။
သူမကိုယ်တိုင်လည်း စိတ်အခြေအနေမကောင်းသူဖြစ်ရာ စားပွဲတွင် ဝင်ထိုင်လိုက်ပြီး စကားဝိုင်းထဲဝင်လိုက်သည်။