← Chapters

Peerless Husband (1)

Vol. 6 Ch. 84

Peerless Husband (1)

Vol. 6 Ch. 84

ချောင်ကျာယိသည် ချီချန်းရန်ထံ ဓာတ်ပုံများ ပို့ပေးလိုက်သည်။ ထို့နောက် လုလီ ဘယ်လိုမှ ထလာမည်မဟုတ်ကြောင်း ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားသည်ကို မြင်သောအခါ သူမဘေးတွင် စောင့်ဆိုင်းရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။

အမျိုးသမီးကြီးများသည် ၎င်းတို့မျက်စိရှေ့ရှိ မိန်းကလေးဟာ နာမည်ကြီးစုံတွဲအတုမှ လုလီဖြစ်ကြောင်း သိသွားကြသည်။ အရက်အလွန်အကျွံသောက်မိခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းတို့၏ဆွေးနွေးမှုများသည် ပို၍ပွင့်လင်းမြင်သာလာပြီး တစ်ယောက်နှင့်တစ်ယောက်၏ အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခဲ့ကြပြီး လုလီ၏အိမ်ထောင်ရေးဘဝကို ခွဲခြမ်းစိတ် ဖြာနေကြသည်။

"ဘယ်ယောက်ျားကိုမှ ယုံလို့မရဘူး။ ဒါပေမယ့် အိမ်ထောင်ကျပြီးပြီဆိုရင် မမြင်ချင်တဲ့အရာတွေကို မျက်လုံးမှိတ်ပြီး သည်းခံရမယ်"

"မင်း ဒီအရွယ်လေးနဲ့တောင် ဒီလောက်ခံစားနေရတာ နောင်တစ်ချိန်ကျရင် ဘယ်လိုလုပ်မလဲ?"

"မင်းလောင်ကုန်းက မင်းရဲ့ Credit ကတ်ကို ကန့်သတ်ထားတယ်မဟုတ်လား? သေချာပါတယ်သူ အပြင်က နောက်မိန်းမအတွက် သူ့ပိုက်ဆံတွေကို သုံးနေတာ"

"သူ အလုပ်ရှုပ်နေတယ်ဆိုပြီး မင်းကိုအချိန်မပေးဘူးမဟူတ်လား? ငွေရှာရတာ ပင်ပန်းလွန်းလို့ မင်းကိုဂရုမစိုက်နိုင်ဘူးလို့ ညည်းညူနေတတ်တယ်။ ယောက်ျားတွေက ပိုက်ဆံရှာဖို့ပဲတွေးပြီး ဇနီးကိုဂရုစိုက်ဖို့ မေ့နေတတ်တယ်"

"သူ စိတ်ဆိုးနေရင် မင်းဆီလာပြီး အော်ငေါက်တတ်တယ်မဟုတ်လား? စိတ်မပူနဲ့၊ ကျဲတို့လည်း ကြုံဖူးတယ်၊ မင်းကို နားလည်တယ်။ ယောကျာ်းတွေက အိမ်ထောင်အစမှာပဲ ကြင်နာတတ်ကြတာ၊ အခုတော့ မင်းကို ငြီးငွေ့ပြီး အပြင်မှာ နောက်တစ်ယောက် ထားနေလောက်ပြီ"

"သူ မင်းကို အပြင်မခေါ်သွားတာ ကြာပြီမဟုတ်လား? မိန်းကလေးတစ်ယောက်က လှနေတော့ရော ဘာအသုံးကျလို့လဲ? အချိန်တန်ရင် အပြင်က လတ်လတ်ဆတ်ဆတ် အလှပန်းကလေးတွေ ရှာတွေ့တာ အံ့သြစရာတော့ မဟုတ်ဘူး"

"မင်းဒီကိုလာတာ မင်းလောင်ကုန်းသိလား? သိလည်း အကျိုးမရှိပါဘူး။ ဒီမှာ ငါတို့ရဲ့ စိတ်ညစ်စရာတွေကိုမေ့ပြီး ပျော်ရွှင်မှုကို လွတ်လပ်စွာ ရှာဖွေခွင့်ပေးလိုက်ကြတာပေါ့"

လုလီသည် ဝမ်းနည်းကြေကွဲစွာ ခံစားနေရသည်။ ၎င်းတို့ပြောသလို သူမ၏ Credit ကတ်အား ကန့်သတ်ထားခြင်းမရှိသလို အပြင်မှာ မိန်းမတွေနှင့်ပျော်ပါးနေခြင်းမရှိဘဲ ညတိုင်းအိမ်ပြန်လာတတ်သော ချီချန်းရန်လို ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားသော်လည်း ထိုအမျိုးသမီးများ၏ စကားကို နားမထောင်မိအောင် မတားဆီးနိုင်ခဲ့ပေ။"

သူမ ဤနေရာသို့ ရောက်လာသည်မှာ အရက်သောက်ပြီး ဝမ်းနည်းမှုများကို မေ့ပျောက်ရန်နှ င့်ကြွက်သားများကို ထိတွေ့ဖို့ရန် ဖြစ်သည်။ လောင်ကုန်းဖြစ်သူသည် သူမ မည်သည့်နေရာကို ရောက်နေမှန်းတောင် သိလိမ့်မည်မထင်ပေ။

လုလီသည် နောက်ထပ် ဝိုင်တစ်ခွက်ယူပြီး သောက်တော့မည့်ဆဲဆဲတွင် ရုတ်တရက် သူ့ရှေ့တွင် မီးရောင်များကို ပိတ်ကာ ရပ်နေသော လူတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရသည်။

လုလီသည် မျက်စိရှေ့ရှိ ဖြောင့်တန်းနေသော ခြေတံတစ်စုံကို ပထမဆုံးမြင်လိုက်ရပြီး ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ ဝတ်စုံအပြည့်ဖြင့် စားပွဲထိုးထက် ပိုပြီးချောမောခန့်ညားနေသော မျက်နှာတစ်ခုကိုမြင်လိုက်ရသည်။

စားပွဲထိုး၏ကြွက်သားများကို ကိုင်တွယ်နေသည့် သူမလက် ရုတ်တရက်ရပ်တန့်သွားသည်။

စားပွဲထိုးလေးသည် ဘာကြောင့်မှန်းမသိပေမယ့် နောက်ကျောမှ လေအေးတစ်ချက် ဖြတ်တိုက်သွားသကဲ့သို့ စိမ့်ခနဲ ခံစားလိုက်ရပြီး အဝတ်အစား ပြန်ဝတ်ချင်စိတ်ပင် ပေါက်သွားသည်။

စိုးရိမ်သောကရောက်နေသော ချောင်ကျာယိသည် ကယ်တင်ရှင်ကိုမြင်ပြီး ချက်ချင်းထရပ်လိုက်ကာ "နောက်ဆုံးတော့ ရှင်ရောက်လာပြီပေါ့၊ သူ့ကို အိမ်ပြန်ခေါ်သွားပေးပါ"

ချောင်ကျာယိသည် အခြားတစ်ယောက်အား မှီထားသောလုလီကို တစ်ချက်ကြည့်လိုက်ပြီး ချီချန်းရန် ဒေါသထွက်နေမည်ဟု ခံစားမိသောကြောင့် "သူ့ကို စိတ်မဆိုးပါနဲ့၊ သူ မူးပြီး အသိစိတ်ပျောက်နေလို့ပါ"

လေးယောက်မြောက် အမျိုးသမီးကြီးသည် ကျယ်ဝန်းသောပခုံးနှင့် သေးသွယ်သောခါးကို ပိုင်ဆိုင်ထားသော လူငယ်တစ်ယောက် ဤနေရာတွင် ရုတ်တရက် ပေါ်လာသည်ကိုမြင်ပြီး ချောင်ကျာယိ၏စကားများကို နားထောင်ကာ ထိုအမျိုးသားသည် နာမည်ကြီး စုံတွဲအတုမှ ခင်ပွန်းဖြစ်သည်ကို သူမသဘောပေါက်သွားခဲ့သည်။

စားပွဲထိုး၏လက်ထဲတွင် အရက်မူးပြီးလှဲနေသော ဇနီးသည်အား မည်းမှောင်နေသော မျက်နှာဖြင့်စိုက်ကြည့်နေသော ထိုအမျိုးသား၏ အငွေ့အသက်က မြင်သူတိုင်းကို ထိတ်လန့်စေသည်။

ချောင်ကျာယိသည် စားပွဲထိုး၏ ကြွက်သားကိုကိုင်ထားသည့် လုလီ၏ လက်ကို ပုတ်ချလိုက်သော်လည်း သူမချက်ချင်းပင် ပြန်ကိုင်လိုက်သည်။

အမျိုးသမီးလေးယောက်သည် ၎င်းတို့၏ မိန်းကလေးအဖွဲ့ဝင်အသစ်လေးကို သနားနေကြသည်။ ဒီတစ်ခါတော့ သူမသည် လောင်ကုန်းဖြစ်သူ၏ ဖမ်းဆီးခြင်းကိုခံရပြီး အိမ်ကို ဆွဲခေါ်ခံရတော့မည်ဖြစ်သည်။

လူတိုင်းက လုလီကို ကာကွယ်ချင်နေကြသည်။

"မင်းက လုလီရဲ့လောင်ကုန်းလား?"

"မင်းကျတော့ အပြင်မှာ အချိန်ဖြုန်းခွင့်ရှိပြီး မင်းမိန်းမကျတော့ အရက်သောက်ပြီး ဝမ်းနည်းမှုတွေဖြေဖျောက်ဖို့ အပြင်ထွက်လို့မရဘူးလား?"

"မင်းက သူနဲ့ကလေးမလိုချင်ဘူးဆိုတော့ အပြင်မှာ တခြားမိန်းမနဲ့ ကလေးမွေးထားလို့လား?"

"ကိုယ့်မိန်းမကို အချိန်မပေးဘဲနဲ့ အခုမှ လာဟန်ဆောင်ပြနေတာလား?"

"ဒီနေ့ မင်းမိန်းမကို ရိုက်ဝံ့ရင် မင်း ယောက်ျားမဟုတ်တော့ဘူး"

လုလီသည် စားပွဲထိုး၏လက်မောင်းထဲသို့ ထပ်မံတိုးဝင်ကာ ပုန်းလိုက်သည်။ သူမ ဘားထဲဝင်ပြီး တစ်စုံတစ်ယောက်၏ကြွက်သားအား ကိုင်တွယ်နေသည်ကို လောင်ကုန်းဖြစ်သူ မြင်သွားပြီး သေချာပေါက် ဒေါသထွက်နေမည်ကို သိနေသည်။ ထို့ကြောင့် သူမ ငိုချလိုက်သည်။ "အီး...ဟီး...ကျွန်မမှားပါတယ်၊ ကျွန်မကိုမရိုက်ပါနဲ့၊ ဆူလည်း မဆူပါနဲ့နော်၊ ကျွန်မရဲ့ Creditကတ်ကိုလည်း မပိတ်ပစ်ပါနဲ့"

စားပွဲထိုးလေးသည် သူ့လက်မောင်းအောက် ရောက်နေသော အမျိုးသမီးကို ငုံ့ကြည့်ပြီးနောက် ထိုလူ၏ လူသတ်လိုသောအကြည့်ကို တစ်ဆက်တည်း တွေ့လိုက်ရသည်။ သူ မလှုပ်ရဲတော့ဘဲ အလံဖြူ လွှင့်ထူချင်စိတ်ပင် ပေါက်သွားသည်။

ထိုအဓိပ္ပါယ်မရှိသော စကားများကို နားထောင်ရင်း ချီချန်းရန် အသက်ရှုကြပ်သွားသည်။ ထို့နောက် အေးစက်သောမျက်နှာဖြင့် သူ့အားစွပ်စွဲနေသော သက်လတ်ပိုင်းအမျိုးသမီးများကို စိုက်ကြည့်လိုက်ပြီးနောက် လုလီထံသို့ လက်ကိုဆန့်ထုတ်လိုက်သည်။

၎င်းတို့သည် ချီချန်းရန်၏အပြုအမူကို မြင်သောအခါ ကြောက်ရွံ့မှုဖြင့် အသက်ရှုများပင်ကြပ်သွားကြသည်။

လူတိုင်းသည် လုလီအား ဆွဲထားချင်သော်လည်း ထိုအမျိုးသား၏ မည်းမှောင်နေသောမျက်နှာနှင့် အစွမ်းထက်သော အရိပ်အယောင်တို့ကို မြင်လိုက်ရသဖြင့် မည်သူမှ ကြားမဝင်ရဲကြတော့ပေ။

သေချာသည်မှာ နောက်တစ်စက္ကန့်အတွင်း ချီချန်းရန်သည် အရက်မူးနေသော အမျိုးသမီးကို ဆွဲထူလိုက်သည်။

ဆံပင်ကောက်ကောက်နှင့် အမျိုးသမီးသည် ထိတ်လန့်တကြားဖြင့် သူမ၏မျက်လုံးများကို အပြင်းအထန် မှိတ်ထားလိုက်သည်။ စားပွဲထိုးများသည်လည်း ထွက်ပြေးသင့်မသင့် စဉ်းစားနေကြသည်။

အားလုံး အသက်ရှုကြပ်နေကြပြီး နောက်ဆက်တွဲ ပြဿနာကို မစဥ်းစားရဲကြပေ။

ချီချန်းရန်သည် ပတ်ဝန်းကျင်ရှိလူတိုင်း၏ ထိတ်လန့်သောအကြည့်များကို တစ်ချက်ကြည့်လိုက်ပြီး လုလီ၏ မျက်ရည်ရွဲနေသော မျက်နှာကို ပြန်ကြည့်လိုက်သည်။ သူမ၏မျက်နှာအမူအရာမှာ သူမကိုအော်ရင် ခေါင်မိုးပေါ်တက်ပြီး ခုန်ချပစ်မည် ဆိုသည့် သဘောကို ဖော်ပြနေသကဲ့သို့ ရှိသည်။

ချီချန်းရန်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် သူ့မျက်နှာပေါ်ရှိ အေးခဲမှုတို့ပျောက်ကွယ်သွားပြီး လုလီမျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ပေးလိုက်ကာ နူးညံစွာပြောလာသည်။ "မင်းကို ဘယ်သူရိုက်မှာလဲ? ဘယ်သူက ကြိမ်းမောင်းမှာလဲ? မင်းရဲ့ credit card ကို ဘယ်သူပိတ်မှာလဲ?"

လောင်ကုန်းဖြစ်သူ သေချာပေါက် စိတ်ဆိုးနေလိမ့်မည်ဟု လုလီထင်ထားသော်လည်း မထင်မှတ်ပဲ လောင်ကုန်းဖြစ်သူထံမှ ဒေါသထွက်နေသော အရိပ်အယောင်မတွေ့ရချေ။ ထို့ကြောင့် သူမ သနားစဖွယ် မျက်နှာလေးဖြင့် မေးလိုက်သည်။ “ဒါဆို ရှင်နေ့တိုင်း အလုပ်ကပြန်ရောက်ရင် အားလီအတွက် အသားလုံးတွေ ချက်ပြုတ်ပေးမှာလား?"

"တကယ်ပဲ အားလီနဲ့ ကလေးယူချင်တာလား? အားလီကလေ ကလေးမလိုချင်ဘူးလို့ ပြောနေပေမဲ့ စိတ်ထဲမှာတော့ တကယ် ကလေးလိုချင်နေခဲ့တာပါ"

ချီချန်းရန်သည် လုလီ၏ခါးကို ကိုင်ထားလိုက်ပြီး သူမအားနှစ်သိမ့်ပေးလိုက်သည်။ “အသားလုံးတင်မကဘူး၊ မင်းစားချင်တာအကုန်ချက်ပေးမယ်။”

"ပြီးတော့ ကိုယ်တကယ်ပဲ ကလေးလိုချင်တယ်၊ ကိုယ်မင်းကို မလိမ်ဘူး"

ချီချန်းရန် သူမ၏နှုတ်ခမ်းကို နမ်းလိုက်သည်။

"ပြန်ကြရအောင်၊ ဒီည ကိုယ်တို့ရဲ့ ကလေးလေးကို ဖန်တီးကြမယ်"

လုလီ နောက်ဆုံးတွင် စိတိသက်သာရာရသွားခဲ့သည်။ သူမ၏ ချွဲပစ်သောအသံဖြင့်ပြောလိုက်သည်။ "အွန်း"

လုလီ နာခံစွာဖြင့် သူနှင့်အတူ ထွက်သွားသည်။ ချီချန်းရန်သည် သူမလဲကျမည်ကိုစိုးရိမ်သဖြင့် လမ်းတစ်လျှောက်လုံး သူမကိုဂရုစိုက်ကာကွယ်ပေးခဲ့သည်။

စားပွဲဝိုင်းတွင်…

လူနှစ်ယောက် ထွက်သွားသည်ကို မြင်သောအခါ အမျိုးသမီးများနှင့် စားပွဲထိုးများ မှင်တက်နေကြသည်။

သူတို့အားလုံး ထိတ်လန့်သွားကြသည်။

ဒါ...သူ့ခင်ပွန်းလား?

သူတို့ နေရာမှာတွင် သွေးအန်လိုက်ကြသည်။

ဒါက တကယ်ကို ဝမ်းနည်းစရာပဲ...

ဒါ ဘယ်လိုခွေးသွေးမျိုးလဲ...?

စားပွဲခုံကို ဆွဲလှန်လိုက်သော အီမိုဂျီ

All Chapters