Mosaic Couple (1)
Vol. 6 Ch. 86
'ဒီကမ္ဘာပေါ်မှာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ တကယ်ရှိပါတယ်၊ ဝမ်းနည်းနေတဲ့ အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး ဖွင့်ထားတဲ့ဘားတစ်ခုမှာ မြင်တွေ့ရတဲ့ အချိုမြိန်ဆုံးစုံတွဲက သက်သေပါပဲ” ဟူသော သတင်းကို လုလီမြင်သောအခါ အံ့အားသင့်သွားခဲ့သည်။
The sorrowful woman’s Bar …ဒါ သူမ မနေ့ညက သွားခဲ့တဲ့ ဘားမဟုတ်လား?
ချီချန်းရန်သည် ယခင်က ဖျော်ဖြေရေးသတင်းအသစ်များကို ဂရုစိုက်လေ့မရှိပေ။ သို့သော် ယခုမှ ထိုသတင်းကို အဘယ်ကြောင့် သူမထံ အလိုအလျောက်ပို့လာရသနည်း?
သူ့အကောင့်ထပ်ပြီး ဟက်ခံရတာလား?
လုလီ သိချင်စိတ်ဖြင့် ထိုသတင်းကို နှိပ်ကြည့်လိုက်သည်။
ဤသည်မှာ လတ်တလော လူကြိုက်များလာသော ဘားတစ်ခုအကြောင်းဖြစ်ပြီး နာမည်ကြီး မီဒီယာတစ်ခုမှ ပြုလုပ်ထားသော အထူးသတင်းတစ်ပုဒ်ဖြစ်ကာ WeChat တွင် တင်ထားသည်။
ဆောင်းပါးသည် သိပ်မရှည်လျားပဲ ဘားတွင် တစ်ပတ်ကြာ သွားရောက်ခဲ့သည့် အကြောင်းကို ရေးသားထားသည်။
'အပြင်ပန်းကကြည့်ရင်တော့ Eight Pack ရှိတဲ့ အမျိုးသားတွေနဲ့ ပြည့်နှက်နေတဲ့ သာမန်ဘားတစ်ခုလို့ ထင်ရပေမယ့် အမှန်က ဒီနေရာမှာ နေရာမျိုးစုံက အမျိုးသမီးတွေနဲ့ ပြည့်နှက်နေတယ်၊ ဧည့်သည်တိုင်းမှာ စိတ်ပျက်မှု၊ကြေကွဲဝမ်းနည်းမှု၊ အားငယ်မှု စတဲ့ခံစားချက်မျိုးစုံ ပါလာကြပြီး ကိုယ်ပိုင်ဇာတ် လမ်းရှိကြတယ်။ ဒါပေမယ့် ကျွန်တော် ရောက်သွားတော့ အဲ့မှာ ဝမ်းနည်းစရာတွေပဲ မြင်ရမယ်လို့ ထင်ခဲ့ပေမယ့် မမျှော်လင့်ပဲ ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို ရှာတွေ့ခဲ့တယ်၊ အဲ့ဘားမှာ ချစ်စရာကောင်းတဲ့ စုံတွဲတစ်တွဲ ရှိနေခဲ့တယ်"
စိတ်ဆိုးပြီး ဘားရောက်လာတဲ့ ဇနီးသည်ကို ခင်ပွန်းဖြစ်သူက ဘားကို လိုက်လာပြီး ချော့ခဲ့တယ်၊ ဒီစုံတွဲရဲ့ ကြည်နူးစရာကောင်းတဲ့ အပြုအမူကြောင့် သူတို့ရဲ့အချစ်ကို အခြားသူများ အားကျခဲ့ကြတယ်…
ဆောင်းပါးအား ခေါင်းစဉ်နှင့်ကိုက်ညီအောင် အဆုံးသတ်ထားသည်။ - ဒီကမ္ဘာမှာ စစ်မှန်တဲ့အချစ် ဆိုတာရှိတယ်၊ ပြီးတော့ အမျိုးသမီးဘားတစ်ခုမှာ ခွေးတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ အဖြစ်အပျက်တွေတောင် ရှိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့အားလုံး အချစ်ကိုယုံကြည်ဖို့လိုပါတယ်”
လင်မယားနှစ်ယောက်၏ ကိုယ်ရေးကိုယ်တာကို ကာကွယ်ရန်အတွက် ၎င်းတို့၏မျက်နှာများကို ဝါးထားပေးသည်။
“ဒီလင်မယားနှစ်ယောက်က စိတ်ဖိစီးမှုတွေကိုဖြေဖျောက်ဖို့ ဘားကိုမကြာခဏသွားလေ့ရှိပုံရတယ်”
လုလီသည် အောက်မှဓာတ်ပုံအား မမြင်သေးခင်အချိန်ထိ ထိုဆောင်းပါး၌ မည်သည့် ထူးခြားချက်မှ မတွေ့သေးပေ။ သို့သော် သူမ ဓာတ်ပုံကို မြင်လိုက်ရချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေသလို ခံစားမိလိုက်သည်။
ဓာတ်ပုံထဲတွင် ခင်ပွန်းဖြစ်သူသည် စားပွဲထိုး၏လက်မှ ဇနီးအားဆွဲခေါ်နေပုံ၊ ဇနီးသည်အား နူးညံညင်သာစွာ ချော့မြူနေပုံ၊ ခေါင်းငုံ့ပြီး အနမ်းပေးနေပုံနှင့် နောက်ဆုံးတွင် သူမ ခါးကိုပွေ့ပြီး အပြင်ခေါ်ထွက်သွားပုံ စသည့် ဓာတ်ပုံအချို့လည်း ပါဝင်သည်။
မျက်နှာများကို ဝါးထားသော်လည်း ဓာတ်ပုံထဲက လူနှစ်ယောက်ကိုမြင်သောအခါ လုလီ အံ့အားသင့်သွားခဲ့သည်။
မျက်နှာမှာ ရှင်းရှင်းလင်းလင်းမရှိသော်ငြားလည်း ထိုအရပ်အမောင်း၊အဝတ်အစား၊ အမူအရာတို့မှာ...
ဒါ သူမနဲ့ခင်ပွန်းဖြစ်သူတို့ မဟုတ်ပါလား?
မဟုတ်သေးဘူး၊ ဒါကသူမနဲ့သူမရဲ့ယုတ်မာတဲ့လောင်ကုန်းဆိုတာ သေချာသည်မဟုတ်ပါလား?
ဤသည်မှာ လုလီသည် လောင်ကုန်းဖြစ်သူနှင့် ဟိုတယ်တစ်ခုသို့ သွားရောက်တည်းခိုခဲ့စဉ်က Hot search ပေါ် ရောက်လာခဲ့သည့် အချိန်ထက်ပင် ယခုအဖြစ်က ပိုရှက်စရာကောင်းနေသည်။
ထို့နောက် ဘားတွင် သတင်းထောက်များ ရှိနေကြောင်း ချောင်ကျာယိ ပြောခဲ့သည်ကို သူမ သတိရမိသော်လည်း ဤကဲ့သို့သော သတင်းမျိုးတွင် သူမ ကိုယ်တိုင်ပေါ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
သူမ မည်သို့တုံ့ပြန်ရမှန်းမသိတော့ဘဲ ဆောင်းပါး၏အဆုံးသတ်ကို ဆွဲကြည့်လိုက်ရာ View 10,000+ ကျော်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဤသည်မှာ WeChat သတင်းများတွင် ကြည့်ရှုမှုအမြင့်မားဆုံး ဖြစ်သည်။
Blogger အမျိုးမျိုး၏ မှတ်ချက်များလည်းရှိနေခဲ့သည်။
[လောကမှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ ရှိတယ်ဆိုတာ တကယ်ယုံသွားပြီ၊ ဒီစုံတွဲကိုကြည့်ရတာ တကယ့်ကို ချိုမြိန်လွန်းတယ်။]
[သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေ နှစ်ပေါင်းရာချီ အဓွန့်ရှည်ခိုင်မြဲပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်၊ နောင်မှာလည်း စကားမများကြပါစေနဲ့]
[လင်မယားဆိုတာ ဒီလိုပဲ ဖြစ်နေရမယ်၊ ဒီလိုခင်ပွန်းမျိုးတွေ များလာရင် အမျိုးသမီးဘားဆိုတာ လိုအပ်တော့မှာ မဟုတ်ဘူး]
[ဒီလို နူးညံ့သိမ်မွေ့တဲ့အပြုအမူအတွက် ချီးကျူးမိတယ်]
[ရှေ့လျှောက် တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်ဘဲ နားလည်မှုရှိရှိနဲ့ တစ်သက်လုံး ချစ်ချစ်ခင်ခင် ရှိသွားကြဖို့ မျှော်လင့်ပါတယ်]
[နောက်လည်း ဒီလိုသတင်းတွေပဲ ကြားချင်တယ်။ စုံတွဲအတုအယောင် ရွေးချယ်ပွဲတွေ မမြင်ချင်ဘူး]
လုလီစိတ်ထဲတွင် မေးခွန်းအမှတ်အသား ပေါ်လာသည်။
သူမ သိချင်စိတ်ကို မျိုချလိုက်ပြီး WeChat blogger ၏ Weibo စာမျက်နှာကို ကြည့်လိုက်သည်။
Weibo တွင်လည်း WeChat ထဲကအတိုင်း ဖြစ်သည်။ မှတ်ချက် ရာဂဏန်းလောက်သာ ရှိသော်လည်း အတော်လေး ရေပန်းစားနေခဲ့သည်။
လုလီသည် သူမ၏ ပင်မစာမျက်နှာကို ဝင်လိုက်သည်။ ဤ Weibo ပို့စ်အား မျှဝေထားသည့် အကောင့်များစွာ ရှိနေသည်။
"မနေ့ညက XX club မှာ စုံတွဲတစ်တွဲရှိနေခဲ့တယ်။ မြင်ကွင်းကတော့ ကြည်နူးစရာပဲ! စိတ်ကောက်နေတဲ့ ဇနီးလေးကို ချော့ဖို့ ရုပ်ဖြောင့်ဖြောင့် ခင်ပွန်းသည်က ဘားကို လူကိုယ်တိုင် တိတ်တဆိတ်သွားပြီး လာရောက်ခေါ်ဆောင်သွားခဲ့တယ်။ သူငယ်ချင်းတို့ရေ...ဒီ မျက်နှာဝါးထားတဲ့စုံတွဲရဲ့ ချစ်စရာကောင်းတဲ့ အခိုက်အတန့်တွေကို လာကြည့်လှည့်ပါဦး... လီမွန်သီး အီမိုဂျီ"
Weibo ပို့စ် အောက်ရှိ မှတ်ချက်များသည် အမျိုးအစား စုံလင်ကြသည်။ ၎င်းတို့အားလုံးသည် public account များဖြစ်ပြီး အသက်အရွယ်အပိုင်းအခြားအရ အများစုများ ငယ်ရွယ်သူများဖြစ်ကြကာ WeChat စာမျက်နှာ နှင့်နှိုင်းယှဉ်ပါက ပိုတက်ကြွပြီး ပေါ့ပေါ့ပါးပါးဖြစ်နေသည်။
[ဒီလို Novel Plot မျိုး ကြိုက်တယ်!]
[အိုက်!ဒီပွေ့ဖက်မှု၊ ဒီနမ်းရှုံမှု! အားကျလွန်းလို့ သေတော့မှာပဲ]
[ငါ့ကောင်လေးက ငါနဲ့စကားများတိုင်း ဘယ်တုန်းကမှ ဒီလိုချော့မြူတာမျိုး မလုပ်ခဲ့ဘူး]
[ဒီမိန်းကလေးက အဲ့ဘားကိုဘာသွားလုပ်တာလဲ? အဆင်သွားငမ်းတာလား?]
[ဒါကတကယ့်ကို drama ကားထဲက အတိုင်းပဲ၊ စိတ်ကောက်နေသော ချစ်စရာဇနီးချောလေး x လှည့်စားတတ်တဲ့ ဥက္ကဌကြီး]
[အား…ချိုလိုက်တာ…ချိုလိုက်တာ…အရမ်းချိုတာပဲ]
[ဒီခင်ပွန်းက အရမ်းတော်တာပဲ၊ သူ့ အပြုအမူတွေက အရမ်းကို နူးညံသိမ်မွေ့နေတယ်၊ ဝူး~]
[ငါလည်း အဲလို လောင်ကုန်းတစ်ယောက်လောက် လိုချင်လိုက်တာ]
[ဒီအမျိုးသားက ငယ်သေးတဲ့ပုံပဲ ၊ သူ့ခန္ဓာကိုယ်က ကျစ်လစ်နေပြီး အရပ်ကလည်း အရှည်ကြီးပဲ၊ Ugly အီမိုဂျီ]
[ဘေးက မိန်းကလေးလည်း လှတာပဲ၊ ဓာတ်ပုံကို ဝါးထားတော့ မြင်ကွင်းကောင်းကို ဖျက်ဆီးလိုက်တာပဲ]
[ဒီဘားက အရမ်းဈေးကြီးတာ၊ လာတဲ့သူအားလုံးနီးပါးကလည်း အတော့်လေးချမ်းသာကြတယ်]
[ဒါဆို City S က ချမ်းသာတဲ့အသိုင်းအဝိုင်းထဲမှာ ဒီလိုချစ်စရာကောင်းတဲ့ စုံတွဲလေးရှိနေတာပေါ့ ]
[City S က ချမ်းသာတဲ့ စုံတွဲတွေအကြောင်း ပြောရင် ပထမဆုံး စဉ်းစားမိတာက ဟိုနာမည်ကြီး စုံတွဲအတုကိုပဲ၊ ဟား…ဟား…]
[ငါ ဘာလို့ သူတို့ကို ဟိုစုံတွဲအတုနဲ့တူတယ်လို့ ခံစားနေရတာလဲ?]
[မဖြစ်နိုင်တာ…အိမ်မက်က နိုးထတော့၊ ဒီစုံတွဲက အရမ်းချစ်ဖို့ကောင်းတယ်၊ ဟို စုံတွဲအတုနဲ့ ယှဉ်လို့ရမှာတဲ့လား?]
[ဟုတ်တယ်၊ ဟုတ်တယ်]
[သူတို့ အိမ်ပြန်ရောက်တော့ ဘာဆက်လုပ်ဖြစ်လဲဆိုတာကို သိချင်တာ ငါတစ်ယောက်တည်းလား?]
[သေချာပေါက်ပဲ ! ဒီလိုဇာတ်လမ်းမျိုးမှာ ဘာဆက်ဖြစ်နိုင်လဲ ငါပြောနိုင်တယ်]
[ဟုတ်တယ်! ဟုတ်တယ်! သူတို့အတွက် ရှည်လျားတဲ့ ညတစ်ညဖြစ်ခဲ့မှာ သေချာတယ်၊ ချစ်စရာကောင်းတဲ့ဇနီးသည်လေးကတော့ အခုမှ နိုးပြီး အိမ်ယာထဲက ထနိုင်သေးမှာမဟုတ်ဘူး]
[အိုင်းယား! ဘာ့ကြောင့် မျက်နှာကို ဝါးထားရတာလဲ? သူတို့မျက်နှာကို မြင်ချင်တယ်၊ သူတို့ CP တံခါးကိုခေါက်ချင်တယ်!]
လုလီ - အခုမှ နိုးပြီး မထနိုင်သေးဘူး “…”