Naive (1)
Vol. 6 Ch. 90
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေသည် မြန်ဆန်လွန်းလှ၏။ လူတိုင်းသည် မည်သို့ပင် စဉ်းစားချင့်ချိန်နိုင်ပါစေ ဘားစုံတွဲမှာ ချီချန်းရန်နှင့်လုလီတို့ ဖြစ်ကြောင်း မည်သည့်အခါမှ ဆက်စပ်မိကြမည်မထင်ပေ။
၎င်းတို့သည် စုံတွဲအတုအယောင် ဖြစ်ကြသည့်အပြင် ၎င်းတို့၏ဂုဏ်သိက္ခာနှင့်မလိုက်ဖက်သော အရာများကို လုပ်လိမ့်မည်မဟုတ်ဟု လူတိုင်း မှတ်ယူထားသောကြောင့်ပင် ဖြစ်သည်။
ယခုမူ ဓာတ်ပုံများ၊ ဗီဒီယိုများ ဆက်တိုက်ထွက်ပေါ်လာသည်။
“အိမ်ပြန်ပြီး ကိုယ်တို့ရဲ့ ကလေးလေးတွေ ဖန်တီးရအောင်” ဟူသော စကားသည် ခိုင်လုံသော အထောက်အထားဖြစ်ကြောင်း သက်သေပြနေသည်။
အရေးအကြီးဆုံးအချက်မှာ လူများသည် အစပိုင်းတွင် ၎င်းတို့၏သံသယများကို ဖယ်ရှားချင်ပုံရသော်လည်း နောက်ပိုင်းတွင် ဖြတ်သွားဖြတ်လာများကဲ့သို့ တိတ်ဆိတ်သွားကြသည်။ ဘားစုံတွဲအား အသုံးချကာ အတုအယောင်စုံတွဲကို နင်းချေဖို့ ကြိုးစားခဲ့ကြသည့် ၎င်းတို့၏ အကြံအစည်များမှာလည်း အရှိန်အဟုန်ဖြင့် ဖြိုခွင်းခံခဲ့ရသည်။
လူတိုင်းသည် ရုတ်တရက်ကြီး အလှည့်အပြောင်းကို မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။
ထိုအတုအယောင်စုံတွဲသည် ၎င်းတို့အား စော်ကားပြီးမှ အချိုတောင်းတာမျိုး ခွင့်ပြုမည်မဟုတ်ကြောင်း ဆိုထားသည်။
၎င်းတို့သည် အလွန်ချစ်ခင်ကြသော စုံတွဲများဖြစ်ကြောင်း ကြိမ်ဖန်များစွာ ပြောပြခဲ့သော်လည်း ယုံကြည်လက်ခံခြင်းမရှိကြပေ။ ယခုမူ Single Dog များသည် မိမိကိုကိုယ် သတ်သေချင်လောက်သည်အထိ လှည့်ဖြားခြင်းကို ခံလိုက်ရပြီဖြစ်သည်။ ဒါတောင်မှ သူမတို့အား အပြစ်တင်နေကြဆဲဖြစ်သည်။
Netizen များသည် နှစ်ယောက်သား လက်ချင်းချိတ်ကာ ဟိုတယ်ထဲမှ ထွက်လာသော မြင်ကွင်းကို ပြန်သတိရသွားပြီး လုလီ၏ ဝန်ခံချက်ပေါင်းများစွာကိုလည်း သတိရသွားသည်။
ယခင်က လက်မခံနိုင်ကြသော်လည်း ယခုမူ ငြင်းဆန်၍ မရနိုင်တော့ပေ။
ဤစုံတွဲအတုယောင်သည် အစစ်အမှန်စုံတွဲ ဖြစ်ရုံတင်မကဘဲ တစ်ယောက်နှင့်တစ်ယောက် အလွန်ချစ်ခင်ကြပြီး အပြင်တွင် 8999တန် အချစ်ခန်းပင် ဖွင့်ခဲ့ကြသည့် ကောင်းမွန်သောအနေအထားမှာ ရှိနေသည်။
ဇနီးဖြစ်သူကို ချော့ရန် ဘားသို့ရောက်လာပြီး အရက်မူးနေသော လုလီအား ချော့မော့ကာ အတူအိပ်ရန် တောင်းဆိုနေသည့် အမျိုးသား၏အပြုအမူသည် ဇနီးအပေါ် မည်မျှတန်ဖိုးထားကြောင်း ထင်ရှားနေသည်။
[T/N - ရှေ့က ဘာသာပြန်ဆိုချက်တွင် “ကလေးယူရန်” ဟု ဆိုထားသော်လည်း ယခု “အတူအိပ်ရန်” ဟု ဆိုထားပြီး ၎င်းသည် အရှေ့က ဘာသာပြန်ဆိုချက်နှင့် အတူတူပင်ဖြစ်သည်]
အဖြစ်အပျက်များ ရှင်းလင်းပြီး နောက်ပိုင်းတွင် လူတိုင်း ဒေါသထွက်ကုန်ကြသည်။
[နမ်းတာ ပွေ့ဖက်တာက ဘာများ ထူးဆန်းနေလို့လဲ?]
[အိမ်ထောင်ကျတာဖြင့် သုံးနှစ်ကျော်ပြီ အပိုတွေလုပ်ပြနေသေးတယ်၊ ချီချန်းရန်ရေ မင်းမိန်းမကို ပွေ့ဖက်ပေးဖို့ မလိုဘူး၊ သူ့အသက်ရွယ်နဲ့ သူ့ဘာသာ လမ်းလျှောက်လို့ရတယ်။]
[သူတို့ ဆက်ဆံရေးကောင်းတာ ဒီလောက်ကြွားနေစရာလိုလို့လား? ။ 8999 အချစ်ခန်းသွားတာရော ဘာများထူးဆန်းနေလို့လဲ?မသိရင် လူတိုင်းမှာ xxx မရှိသလိုပဲ]
[ချီချန်းရန်ရေ မင်းကအေးစက်ပြီး မာနကြီးတဲ့ CEO တစ်ယောက်ဆိုတာ သတိရစမ်းပါ၊ လုလီ မင်းရော ပုံရိပ်ကောင်းတွေပဲ အမြဲ ပြသတဲ့ အထက်တန်းလွှာက သူဌေးသမီးဆိုတာ မေ့သွားပြီးလား? ကျေးဇူးပြုပြီး မင်းတို့ ပုံရိပ်နဲ့လိုက်ဖက်အောင် နေပေးကြပါလား?]
[မင်းတို့ရဲ့ခွေးစာကို စားလိမ့်မယ် မထင်နဲ့]
[သစ်တော်သီးစုံတွဲ? အဟက်...သူတို့ CP တံခါးကို ခေါက်စေချင်တာလား?]
[အိမ်မက်မက်နေလိုက်! လုံးဝ မခေါက်ဘူး!]
[ +1 ငါရောပဲ]
[+10086 လုံးဝ မခေါက်ဘူး]
…
လုလီသည် သူမအား ထပ်ပြီး ကြိမ်းမောင်းနေကြလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူမ မဖြေရှင်းချိန်တွင်လည်း အပြစ်တင်ပြောဆိုခံခဲ့ရပြီး ယခု ရှင်းလင်းချက်ပေးပြီးသည့်တိုင် အပြစ်တင်ခံနေရဆဲဖြစ်သည်။
လုလီသည် ပြစ်တင်ပြောဆိုခံနေရသော်လည်း “သစ်တော်သီးစုံတွဲ”၏ Super Chatသည် ရေပန်းစား လာသည်ကို တွေ့ရသည်။
Fan အသစ် တော်တော်များများမှာလည်း ရင်းနှီးသကဲ့သို့ ဟန်ဆောင်နေကြပြီး တစ်ဖက်တွင် လုလီ နှင့်ချီချန်းရန်တို့အား ကြိမ်းမောင်းခဲ့ကြပြီး တစ်ဖက်မှာတော့ ခွေးစာစားရန်အတွက် ရောက်လာကြသည်။ CP တံခါးကို မည်သည့်အခါမှ လာခေါက်လိမ့်မည်မဟုတ်ဟု ရှေ့က ရင်ဘက်ကိုပုတ်ကာ ပြောဆိုခဲ့သူများအားလုံးသည် "သစ်တော်သီးစုံတွဲ”၏ Super Talk သို့ ရောက်ရှိလာကြသည်။
ယခင်က Anti Fan များသည် ယခုအခါ အချိုရှာဖွေသူများ ဖြစ်လာကြပြီး “သစ်တော်သီးစုံတွဲ”၏ Super Talk တွင် လူများဖြင့် ပြည့်လျှံနေသည်။
လုလီ : “…”
ထိုလူများသည် သူ့လောင်ကုန်းထက်ပင် မျက်နှာအပြောင်းအလဲ မြန်ကြသည်ဟု လုလီတွေးလိုက်သည်။
CP Fan အများအပြားသည် “သစ်တော်သီးစုံတွဲ”၏ နံပါတ် 1 Fan ဖြစ်သည့် 'Pear-Flavored Little Fairy' ၏ Weibo သို့သွားကာ သူမအား ပြန်လာရန် တောင်းဆိုခဲ့ကြသည်။ ယခုဆို “သစ်တော်သီးစုံတွဲ” သည် အစစ်အမှန်စုံတွဲများ ဖြစ်လာကြပြီဖြစ်၍ အချိုပွဲများ ရှာဖွေရန် လာရောက်မေးမြန်း နေကြခြင်းဖြစ်သည်။
တစ်ချိန်က လူသူကင်းမဲ့ခဲ့သော Super Talk သည် ရုတ်တရက် ရေပန်းစားလာပြီး လုလီအား CP ကို ဦးဆောင်ရန် တောင်းဆိုနေကြသူသည်ကို မြင်သောအခါ သူမ စိတ်လှုပ်ရှားသွားသည်။
ယခင်ကသာ ထိုသို့ ဖြစ်ခဲ့ပါလျှင် သူမ အရူးအမူးပျော်လိမ့်မည် ဖြစ်သော်လည်း ယခုမူ အရေးမကြီးတော့ချေ။
ချမ်းသာသော စုံတွဲအတုအယောင်၏ ကောလဟာလများကို နောက်ဆုံးတော့ ဖြေရှင်းခဲ့နိုင်ပြီဖြစ်၍ လုလီသည် CP အသိုင်းအဝိုင်းမှ အနားယူရန် ဆုံးဖြတ်ခဲ့သည်။
ယခုအချိန်တွင် သူမအတွက် လောင်ကုန်းဖြစ်သူသာလျှင် အရေးကြီးဆုံးဖြစ်သည်။
လုလီဖုန်းကိုချပြီး ချီချန်းရန်ကို ရှာလိုက်သည်။
ချီချန်းရန်သည် အသားလုံးများအနည်းငယ် အေးစက်သွားပြီးဖြစ်၍ ပြန်နွှေးနေခြင်းဖြစ်သည်။
ထိုလူသည် ထမင်းစားပွဲပေါ်၌ အပူပေးထားသော အသားလုံးများကို ချထားလိုက်ပြီး လုလီ သူထံသို့ လာနေသည်ကို မြင်လိုက်ရသောအခါ အသားလုံးကို ခက်ရင်းနှင့်ယူကာ လုလီ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
"အရသာ ဘယ်လိုနေလဲ?" သူ မေးလိုက်သည်။
လုလီသည် ပျော်ရွှင်မှုဖြင့် မျက်လုံးများကို မှိတ်လိုက်ပြီး "အရမ်း အရသာရှိတယ်" ဟု ပြောလိုက်သည်။
လုလီ - "လောကကြီးမှာ ကျွန်မ လောင်ကုန်းက အကောင်းဆုံးပဲ”
"အားလီ ဒီလိုလောင်ကုန်းနဲ့ လက်ထက်ခွင့်ရခဲ့တာ အရင်ဘဝက ကောင်းချီးတစ်ခုကြောင့်ပဲ"
"လောင်ကုန်းကနေ အစစအရာရာပြည့်စုံလွန်းလို့ တစ်ခါတလေ ကျွန်မလောင်ကုန်းက အစစ်အမှန်ရော ဟုတ်ရဲ့လားလို့တောင် သံသယဝင်မိတယ်၊ လောင်ကုန်းပြုံးနေရင် အားလီ တခြားဘာကိုမှ မတွေးနိုင်တော့ဘဲ လောင်ကုန်းရဲ့အပြုံးနဲ့ ဖန်တီးထားတဲ့ အနက်ရောင်ဝင်္ကပါထဲကို သက်ဆင်းသွားရတယ်”
"ကမ္ဘာပေါ်မှာ မတူညီတဲ့အရာတွေ ထောင်သောင်းမက ရှိပေမယ့် လောင်ကုန်းကသာ ကျွန်မနှလုံးသားထဲက လိုချင်တောင့်တဆုံးအရာပဲ”
“ရပြီ...” ချီချန်းရန်သည် သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ရင်း ချောင်းဟန့်လိုက်ကာ ချိုအီသော စကားတွေပြောနေသည့် လုလီကို နှောင့်ယှက်လိုက်သည်။
လုလီသည် သူမ၏ချီးကျူးစကားများကို လောင်ကုန်းဖြစ်သူ ထိုသို့ ကြားဖြတ်နေကြဖြစ်၍ စကားရပ်လိုက်ပြီး သူ့အား ပြုံးကာ ကြည့်နေလိုက်သည်။