← Chapters

Free Trail Card Has Expired (2)

Vol. 6 Ch. 93

Free Trail Card Has Expired (2)

Vol. 6 Ch. 93

ရှန့်ကျင် ကုမ္ပဏီတွင်...

ချီချန်းရန်သည် လုလီ ယနေ့ အိမ်ပြန်ရောက်မည့်အကြောင်းနှင့် ညစာအတွက် စဉ်းစားနေမိသည်။

ထိုစဉ် အတွင်းရေးမှူးကျောက်သည် ဖြူဖတ်နေသောမျက်နှာဖြင့် ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။

ငါးမိနစ်အကြာတွင် ချီချန်းရန်သည် တံခါးကို ဒိန်းခနဲမြည်နေအောင် ပိတ်ကာ ခြေလှမ်းကျဲများဖြင့် ရုံးခန်းထဲမှ ပြေးထွက်သွားသည်။ သူ၏ ကမန်းကတန်း ပြေးထွက်သွားပုံအား ကြည့်ခြင်းဖြင့် မည်မျှတုန်လှုပ်ခြောက်ခြားနေမှန်း သိသာထင်ရှားနေသည်။

ချီချန်းရန်သည် ဆေးရုံသို့သွားရာလမ်းတွင် ယာဉ်ထိန်းရဲများ၏ဖုန်းသတင်းကို နားထောင်ရင်း မျက်လုံးများကို မှိတ်ထားပြီး စိတ်သက်သာရာရသွားသည်။

နာမည်ကြီး ကြယ်ပွင့်နောက်သို့ လိုက်ဖမ်းခဲ့ကြသော အရူး Fan များ၏ ကားသည် အရှိန်ဖြင့်မတော်တဆဖြစ်ကာ လုလီ၏ကားကို အနောက်မှ ဝင်ဆောင့်ခဲ့ပြီး ဗန်ကားပေါ်ရှိ Fanတစ်ယောက် ဒဏ်ရာရရှိခဲ့သည်။ Bentley ပေါ်ရှိလူများသည် အဆင်ပြေနေပုံရသော်လည်း အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

ဤသည်မှာ လုလီ၏ နှစ်ဝက်အတွင်း ဒုတိယအကြိမ်မြောက် ကားမတော်ဆမှုဖြစ်ပြီး လူအားမထိခိုက်သော်လည်း သူမ အတော်ထိတ်လန့်သွားသည်။

ချီချန်းရန်၏ စိတ်ထဲတွင် လွန်ခဲ့သောလအနည်းငယ်က လုလီကားမတော်တဆမှုဖြင့် သတိလစ်မေ့မြောနေပြီး ဆေးရုံသို့ ပို့ဆောင်ခံရသည့်သတင်းကို ကြားခဲ့ရစဉ်က အဖြစ်အပျက်ကို ပြန်ပြောင်းသတိရမိသည်။

ထိုစဉ်က လုလီသည် ဥပဒေအရ သူ၏ဇနီးဖြစ်နေသောကြောင့် သူထံတာဝန်ရှိသည်ဟု မှတ်ယူခဲ့သည်။ ထိုကြောင့် ဝတ္တရားအရ စိတ်ပူပေးခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူ၏စိတ်ထဲတွင် မီးတောက်များ တောက်လောင်နေသကဲ့သို့ ခံစားနေရသည်။

အကြောင်းရင်းမှာ ရိုးစင်းလှပေသည်- လုလီသည် သူ မြတ်နိုးတန်ဖိုးထားရပါသော အမျိုးသမီးဖြစ်နေသောကြောင့် ဖြစ်သည်။

လုလီ အဆင်ပြေကြောင်း ကြားရတော့ ချီချန်းရန် သူမထံ ဖုန်းဆက်လိုက်သည်။

တစ်ဖက်က ဖုန်းကိုင်သည်နှင့် ချီချန်းရန် ချက်ချင်းမေးလိုက်သည်။ “ လုလီ ဘယ်လိုနေသေးလဲ? ဒဏ်ရာရသွားသေးလား?”

ဖုန်း၏အခြားတစ်ဖက်ရှိလူသည် ခဏတာတိတ်ဆိတ်သွားပြီးမှ “အင်း..ဘာမှမဖြစ်ပါဘူး”

ချီချန်းရန် သည် သူမ၏အသံကို ကြားလိုက်ရပြီးမှ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ “ကိုယ် ဆေးရုံကို လာနေပြီ”

ဖုန်း၏အခြားတစ်ဖက်မှ အမျိုးသမီးသည် တုံ့ဆိုင်းစွာဖြင့် “အော်၊ အင်းပါ”

ချီချန်းရန် သည် ဖုန်းကိုချကာ တစ်ဖက်မှ တုံ့ဆိုင်းနေသော လုလီအသံကို နားထောင်ပြီး စဉ်းစားနေမိသည်။ သူမ ထိတ်လန့်သွားသောကြောင့် ထိုသို့ဖြစ်နေသည်ဟုသာ ချီချန်းရန် အဖြေထုတ်လိုက်သည်။

…

လူနာခန်းထဲတွင် လုလီ ဖုန်းကိုချလိုက်ပြီး ချောင်ကျာယိဘက်သို့ လှည့်ကြည့်လိုက်သည်။

ချောင်ကျာယိသည် ခန္ဓာကိုယ်စစ်ဆေးမှူအပြီးတွင် သူမဘက်သို့ လှည့်ကြည့်ရန် ကြိုးစားလိုက်သော်လည်း သူမ၏လည်ပင်းတွင် ထိန်းညှိပေးသည့် ကိရိယာတပ်ထားသောကြောင့် လည်ပင်းကို လှည့်၍မရပေ။ သို့ဖြစ်ရာ သူမသည် ဤကားမတော်တဆမှု၏ တရားခံဖြစ်သော အရူး Fan များကို ပြင်းပြင်းထန်ထန် ဆဲဆိုနေခဲ့သည်။

ချောင်ကျာယိသည် ဆဲဆိုနေရင်း လုလီ၏မျက်လုံးများတွင် ထူးဆန်းသောအကြည့်မျိုး ရှိနေသည်ကို သတိထားမိသွားသည်။ -“လုလီ ဘာဖြစ်လို့လဲ?”

သူမလည်ပင်းတွင် တပ်ဆင်ထားသော ပြုပြင်ထိန်းကိရိယာကြောင့် ရယ်စရာကောင်းသဖြင့် လုလီ ထိုသို့ဖြစ်နေသည်ဟု ချောင်ကျာယိ ထင်လိုက်သည်။ -“ ဘာလဲ? နင် ငါ့ကိုကြည့်ပြီး ရယ်ချင်နေတာလား? နင်ရယ်ရင် ငါတို့ ခင်မင်မှုကို မချိုးဖျက်ဘူးလို့ နင်ထင်နေတာလား?”

လုလီ မရယ်မပြုံးဘဲ ချဉ်းကပ်လာပြီး သူမအား ဖက်လိုက်သည်။ “ကျေးဇူးပါပဲဟာ”

ချောင်ကျာယိ ကြက်သီးထသွားသည်- "Fck! ငါ့ကို အဲ့လိုမလုပ်ပါနဲ့ဟာ၊ ငါနင့်လောင်ကုန်းမဟုတ်ဘူး”

ချောင်ကျာယိပါးစပ်မှ 'လောင်ကုန်း' ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ လုလီ ရုတ်တရက် နေရခက်သွားသလို ခံစားလိုက်ရသည်။

သူမသည် ချောင်ကျာယိကို အမှန်တကယ်ပင် ကျေးဇူးတင်သင့်သည်။ သူမ ချီချန်းရန်နှင့် ကလေးယူမည့်ကိစ္စကို ချောင်ကျာယိ က နှောင့်ယှက်ဟန့်တားထားခဲ့ခြင်း ဖြစ်သည်။

ချောင်ကျာယိ: "ချီချန်းရန်ဖုန်းဆက်တာလား? သူလာနေပြီတဲ့လား?”

လုလီ အသံတိုးတိုးဖြင့် တုံ့ပြန်လာသည်။ “အင်း”

ချောင်ကျာယိ တစ်စုံတစ်ခု ထပ်ပြောချင်သော်လည်း လုလီ၏ တုံ့ပြန်ပုံကို ကြည့်ပြီး တစ်ခုခုမှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။

ချောင်ကျာယိသည် လုလီ၏ အမူအရာကို သေချာဂရုစိုက်ပြီး စောင့်ကြည့်လိုက်သည်။

ယခင်က လောင်ကုန်းဖြစ်သူအကြောင်း ပြောသောအခါ ကြယ်များကဲ့သို့ တောက်ပနေသော သူမ၏ မျက်လုံးများသည် ယခုအခါ အလွန်အေးဆေးတည်ငြိမ်နေသည်။

ချောင်ကျာယိ တစ်စုံတစ်ခုကို သတိပြုမိလိုက်ပြီး ရုတ်တရက် သူမပါးစပ် အဟောင်းသားဖြစ်သွားကာ “Fck ...နင်သတိပြန်ရသွားတာတော့ မဟုတ်ပါဘူးနော်”

လုလီသည် သူမ၏နှုတ်ခမ်းကို ဖိကိုက်ကာ ချောင်ကျာယိ ၏ ထိတ်လန့်တုန်လှုပ်သော အမူအရာဆီသို့ ခန့်မှန်းချက်မှန်းကန် ကြောင်း သူမ၏မျက်လုံးများဖြင့် အတည်ပြုခဲ့သည်။

…

ချီချန်းရန် ဆေးရုံသို့ ကမန်းကတန်း ပြေးဝင်လာခဲ့သည်။

အမူအခင်းကိစ္စများကို အတွင်းရေးမှူးကျောက်က ကိုင်တွယ်ဖြေရှင်းနေပြီး ချီချန်းရန်သည် လုလီရှိရာ လူနာခန်းဆီသို့ တိုက်ရိုက်လျှောက်လာခဲ့သည်။

သူမ အဆင်ပြေသည်ဟု ဆိုသော်ငြားလည်း သူ စိတ်ချလက်ရှိရန်အတွက် သူမအား မျက်ဝါးထင်ထင် စစ်ဆေးကြည့်ချင်နေသည်။

ချီချန်းရန်သည် ရုတ်တရတ် ရှေ့က မတော်တဆမှုကို သတိရသွားသည်။ သူမ နိုးလာသောအခါ လောင်ကုန်းဖြစ်သူအား ငိုယိုပြီး ရှာဖွေနေကြောင်း သူနာပြုဆရာမလေးမှ ပြောခဲ့ဖူးသည်ကို သူ ရုတ်တရက် သတိရသွားသည်။

ထိုစဉ်က လုလီသည် သူ့အားပွေ့ဖက်ရန် လက်များဆန့်ထုတ်လာပြီး သူငြိမ်သက်နေသောအခါ ခြေဗလာဖြင့် ပြေးကာ သူ့အားပွေ့ဖက်ခဲ့သည်။

ယခုလည်း လုလီ သူ့ကိုပွေ့ဖက်ချင်နေမှာ‌ သေချာသည်။

ထိုအတွေးနှင့် ချီချန်းရန် သူ့ခြေလှမ်းများကို မထိန်းနိုင်တော့ပဲ ပိုမြန်အောင် လျှောက်နေမိသည်။

သူ လူနာခန်းသို့ရောက်သည်နှင့် တံခါးကို တိုက်ရိုက်ဆွဲဖွင့်လိုက်သည်။

အခန်းထဲတွင် ချောင်ကျာယိနှင့်လုလီ နှစ်ယောက်လုံး ထိုင်နေကြသည်။

တံခါးဖွင့်သံကြားသောအခါ နှစ်ယောက်သား တစ်ပြိုင်နက်တည်း လှမ်းကြည့်လာကြသည်။

ချီချန်းရန်သည် ချောင်ကျာယိ ၏လည်ပင်းတွင် ထိန်းညှိပေးသည့် ကိရိယာတစ်ခုရှိသည်ကို တွေ့လိုက်ရပြီး လုလီ ၏ခန္ဓာကိုယ်သည် လုံခြုံပြီး အားလုံးအဆင်ပြေပုံပေါ်သည်။

နှစ်ယောက်သား မျက်လုံးချင်းဆုံသွားကြသည်။

ချီချန်းရန် သူမ၏တုံ့ပြန်ပုံကို ခဏစောင့်နေလိုက်သည်။

လုလီသည် သူ့အား မြင်သည်နှင့် အားကိုးတကြီးပြေးလာကာ ပွေ့ဖက်ထားမည်ဟု ချီချန်းရန် မူလက ထင်ထားခဲ့သော်လည်း လုလီ အချိန်တစ်ခုကြာသည်အထိ ထိုတိုင်းရှိနေပြီး သူထံ ပြေးလာရန် ရည်ရွယ်ချက်မရှိပုံရသည်။

သို့သော် ချီချန်းရန် မည်သို့မှမနေပဲ သူမ ကြောက်စိတ်မပြယ်သေးသောကြောင့် ဖြစ်နိုင်သည်ဟု ခံစားမိသဖြင့် သူမနှင့် နီးစပ်ရန် အစပြုခဲ့သည်။

"ဘယ်လိုနေသေးလဲ? ဒဏ်ရာတွေရထားသေးလား?”

လုလီ မထိန်းနိုင်ဘဲ နောက်ပြန်ဆုတ်ကာ ဝန်လေးသောအပြုံးဖြင့် “ဟင့်အင်း၊ ဘာမှမဖြစ်ပါဘူး”

ချီချန်းရန်သည် လုလီအပြုအမူကို နားမလည်နိုင်ပဲ သူ့ကိုယ်သူ ဖော်ရွေပြီး နူးညံ့သိမ်မွေ့ပုံပေါ်အောင် ပြုံးပြပြီး သူမအား လက်နှစ်ဖက်ကိုဖြန့်ကာ သူမအား ” လာ ကိုယ်ဖက်ပေးထားမယ်” ဟု ပြောလိုက်သည်။

လုလီသည် ချီချန်းရန် ဖြန့်ထားသော လက်နှစ်ဖက်ကို ကြည့်လိုက်သည်။

ထို့နောက် သူမ ဘေးနားရှိ ချောင်ကျာယိ ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ချောင်ကျာယိသည် “ငါမသိဘူး၊ ငါ့ကိုလာမကြည့်နဲ့”ဟူသော အမူအရာဖြင့် ပြန်ကြည့်လိုက်သည်။

ထို့ကြောင့် လုလီသည် သူမ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ဖြည်းဖြည်းချင်းထလိုက်ပြီး ချီချန်းရန်ဆီသို့ ခြေလှမ်းလှမ်းလိုက်သည်။

သူနှင့် ခြေတစ်လှမ်းအကွာမှာပဲ ချီချန်းရန်သည် လုလီအား သူ့လက်ထဲသို့ ဆွဲသွင်းလိုက်သည်။

ချီချန်းရန်သည် လုလီအားပွေ့ဖက်ထားရင်း သူ့ရင်ခွင်ထဲတွင် သူမအမှန်တကယ် ရောက်ရှိနေကြောင်း ခံစားမိကာ သူမနားထဲသို့ တိုးတိုးပြောလိုက်သည်။ “မင်းသတင်းကြားတော့ ကိုယ်စိတ်ပူလွန်းလို့ သေတော့မလိုတောင် ဖြစ်သွားတယ်”

လုလီ သည် ထိုအမျိုးသား၏ နှလုံးခုန်သံကို နားထောင်ပြီး မည်သို့လုပ်ရမှန်းမသိ ဖြစ်နေသည်။

ထိုအမျိုးသားသည် သူမအား စိတ်ကျေနပ်အောင်ပွေ့ဖက်ပြီးနောက် ခေါင်းငုံ့ပြီး နမ်းရန်ကြိုးစားလိုက်သည်။

လုလီ အလိုအလျောက် ရှောင်တိမ်းလိုက်သည်။

ချီချန်းရန်း၏ အနမ်းမှာ နေရာလွဲသွားသည်။

ထိုမှသာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူသဘောပေါက်ခဲ့သည်။

လုလီ ခေါင်း‌မော့လာပြီး သူ့ကို မော့ကြည့်လိုက်သည်။

သူမ၏မျက်လုံးထဲတွင် ရှက်ရွံ့ပြီး မသက်မသာဖြစ်ကာ တောင်းပန်နေပုံရသည်။

ထို့အပြင် ယခင်က သူ့ကိုမြင်တိုင်း သူမ၏မျက်လုံးထဲတွင် တောက်ပသည့် အလင်းရောင်မျိုး မတွေ့ရတော့ပေ။

လုလီသည် ချီချန်းရန်အား မျက်နှာမူကာ လည်ချောင်းကို ရှင်းပြီး ပြောလိုက်သည်။- “အာ..အမ်...အဲ့ဒါ ကျွန်မ စိတ်မကောင်းပါဘူး”

ချီချန်းရန် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ လုလီ၏ ယခုပုံစံကိုမြင်ရသောအခါ သူ၏မျက်ခုံးများ တင်းကြပ်စွာ ကျုံဝင်သွားသည်။

သူ မထိန်းနိုင်ဘဲ နောက်သို့ပြန်ဆုတ်သွားသည်။

သူ့ခေါင်းထဲတွင် တစ်စုံတစ်ခုပြောနေသည့် အသံတစ်ခု ကြားလိုက်ရသလို ခံစားလိုက်ရသည်။

*Ting*

သင့်ဇနီးသည်ရဲ့ အခမဲ့ အစမ်းသုံးခွင့်ကဒ်က သက်တမ်းကုန်သွားပါပြီ

စာရေးသူမှာ ပြောစရာရှိပါတယ်။

ချီချန်းရန် - သက်တမ်းတိုးမယ်၊ ငါသက်တမ်းတိုးချင်တယ်

T/N: အောက်က တရုတ်စာဖတ်သူတွေရဲ့ မှတ်ချက်တချို့ပါ။

[ဥက္ကဌချီချမ်းရန်က အရမ်းသနားဖို့ကောင်းတာပဲ၊ အားလီက စိတ်ကြမ်းတဲ့မိန်းမဆိုးကြီးနဲ့တူနေတယ်...ဟား..ဟား]

[မရယ်သင့်မှန်းသိပေမယ့် ရယ်မိပြီ ဟား...ဟား]

[ဥက္ကဌချီချန်းရန်က အမြဲတမ်းခံရတဲ့ ဘက်ကြီးပဲ ..ဟား...ဟား... ]

[ဟား..ဟား...ဟား၊ သက်တမ်းတိုးမယ်၊ ငါ့အတွက် ပိုက်ဆံမရှားဘူး]

[ဥက္ကဌချီ -ဒီလောက်ငွေနည်းနည်းလေးက ဘာမှမဟုတ်ဘူး ၊အမြန်သက်တမ်းတိုးပေးပါ၊ ဘယ်လောက်ကြာကြာခံမလဲ?]

[ပျော်ရွှင်မှုဆိုတာ ငွေနဲ့ဝယ်လို့ရတဲ့အရာ မဟုတ်ဘူးနော်။ ဟား...ဟား]

[ဥက္ကဌချီ- အမြဲတမ်းသုံးဖို့ ဝယ်လို့မရဘူးလား?]

[ဥက္ကဌချီက ချမ်းသာတာပဲ၊ သက်တမ်းပြန်တိုးလို့ရတယ်]

[အာ့...အာ့..ချစ်စရာ အားလီလေး၊ မြန်မြန်ပြန်လာခဲ့နော်၊ သက်တမ်းတိုးမယ်၊ သက်တမ်းတိုးမယ်]

All Chapters