You Are So Cruel (1)
Vol. 6 Ch. 94
အိမ်အပြန်လမ်းတွင် ယာဉ်မောင်းသည် ကားကို ဂရတစိုက်မောင်းနှင်လာရင်း နောက်ကြည့်မှန်မှတဆင့် ကားနောက်ခန်းတွင် ထိုင်နေသော ဥက္ကဋ္ဌနှင့် ဇနီးဖြစ်သူကို မကြာခဏ လှမ်းကြည့်နေသည်။
၎င်းတို့သည် ယခင်က ထိုင်ခုံတစ်ခုတည်းတွင် နီးနီးကပ်ကပ် ထိုင်လေ့ရှိကြပြီး နှစ်ယောက်သား တီးတိုးစကားပြောကာ အပြန်အလှန်ထိတွေ့ရင်း ယာဥ်မောင်းအား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများလုပ်တတ်ကြသော်လည်း ယခုမူ ထိုင်ခုံ၏ ဘယ်ညာနှစ်ဖက်တွင် ခွဲထိုင်နေကြပြီး သူတို့ကြားအကွာအဝေးသည် ခပ်ဝဝ လူတစ်ယောက် သက်သောင့်သက်သာ ဝင်ထိုင်နိုင်လောက်သည်အထိ ကျယ်ပြန့်နေသည်။
လုလီ၏မျက်လုံးများသည် ကားပြတင်းပေါက်မှ အပြင်ကိုငေးကြည့်ရင်း လွန်ခဲ့သော လအနည်းငယ်အတွင်း ဖြတ်သန်းခဲ့သည့် ကြည်နူးစရာမြင်ကွင်းများကို သူမစိတ်ထဲတွင် ပြန်လည်မြင်ယောင်နေမိသည်။
သူမတို့ အချင်းချင်း နမ်းရန် ၊ ပွေ့ဖက်ရန် မကြာခဏ တောင်းဆိုတတ်ကြသည်သာမက သန်းခေါင်တွင် တစ်ယောက်၏အိပ်ရာထဲသို့ဝင်ကာ "ကူညီဖို့" တောင်းဆိုတတ်ကြပြီး ၎င်းတို့ကြား ဆက်ဆံရေးမှာ ပျားရည်ထက် ပိုပြီးချိုမြိန်ခဲ့သည်။
သူမသည် အခြားသူများနှင့် တွေ့ဆုံသည့်အခါတိုင်း သူမတို့၏ဆက်ဆံရေးသည် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး သမုဒ္ဒရာကဲ့သို့နက်ရှိုင်းကြောင်း ကြွားလုံးထုတ်ခဲ့သည်။ ခင်ပွန်းဖြစ်သူအား သူမ၏အချစ်ကိုပြသသည့် ဝန်ခံအကကို ကပြခဲ့ဖူးသလို ရှန့်ကျင် သတင်းစာရှင်းပွဲအထိ သွားရောက်ကာ သူမ၏ အချစ်များကို ထုတ်ဖော်ပြသခဲ့သည်။
ဒါတင်မကသေးပဲ သူမ၏ Super Chat တွင် အချိန်ရရင်ရသလို ချီချန်းရန်းအား ကောင်းကင်ကြီးလောက် ချီးကျူးပြောဆိုခဲ့သေးသည်။
နောက်ဆုံးတွင် သူမသည် ကြွေးကြော်ပြရုံနှင့် မကျေနပ်တော့ပဲ ချီချန်းရန်နှင့် ကလေးယူရန်ပါ အလေးအနက်တောင်းဆိုခဲ့သည်။
ဤသည်ကို တွေးပြီး လုလီ ကူကယ်ရာမဲ့စွာဖြင့် သူမနဖူးကို ကိုင်ထားလိုက်သည်။
နောက်ဆုံးတွင် လောင်ကုန်းဖြစ်သူသည် မိမိအား မချစ်ဟု ထင်မှတ်ကာ အိမ်မှ ထွက်ပြေးသွားခဲ့သည်။ ထိုနည်းဖြင့် လောင်ကုန်းဖြစ်သူအား သူ၏ခံစားချက်များကို ဝန်ခံလာရန်နှင့် သူမနှင့်အတူ ကလေးယူရန်သဘောတူစေခဲ့သည်။
လုလီသည် ဤအဖြစ်အပျက်များကို တစ်ခုပြီးတစ်ခု ပြန်သတိရရင်း ခေါင်းမော့ကာ မိမိကိုယ်မိမိ မြေကြီးထဲ နစ်ဝင်သွားချင်သည့်စိတ်များပင် ပေါ်လာသည်။
ဤနည်းဖြင့် သူမ ချီချန်းရန်နှင့် မျက်နှာချင်းဆိုင်ဖို့ ကြောက်ရွံ့နေရန် မလိုအပ်တော့ပြီ မဟုတ်ပါလား?
လုလီ ငိုချင်သော်လည်း မျက်ရည်မကျပဲ နေသည်။
သူမ မည်မျှ ဆာလောင်မွတ်သိပ်နေခဲ့လို့ ခင်ပွန်းအတုနှင့် ဤအရာတွေကို လုပ်ခဲ့ရသနည်း။
သူမ Idol တွေနောက်လိုက်တာကမှ ပိုကောင်းသေးသည် မဟုတ်ပါလား? အဘယ်ကြောင့် ရုတ်တရက် စိတ်ဖောက်ပြန်ကာ ခင်ပွန်းအတု ချီချန်းရန်အား စစ်မှန်သောအချစ်ဖြင့် ချစ်သည်ဟု ထင်မှတ်ပြီး ၎င်းတို့ကြား ဆက်ဆံရေးကောင်းတွေရှိခဲ့သည်ဟု ယူဆမိခဲ့သနည်း?
သူမ ထိုသို့ စိတ်ဖောက်ပြန်နေချိန်တွင် ချီချန်းရန် မျက်ကွယ်ပြုခဲ့သည်က ပိုကောင်းမည်ထင်သည်။ သို့သော် သူသည် လွန်ခဲ့သည့်လများအတွင်း၌ ဇနီးဖြစ်သူအား ချစ်မြတ်နိုးသော ယောကျာ်းတစ်ဦးအဖြစ် ပီပြင်စွာသရုပ်ဆောင်နေခဲ့သည်။
လောင်ကုန်းဖြစ်သူ၏ သရုပ်ဆောင်မှုအား အခကြေးငွေပေးရမည်ဆိုပါက သူမသည်သန်းရာနှင့်ချီပြီး အကြွေးတင်သွားမည်ကိုပင် ကြောက်ရွံ့နေမိသည်။
လုလီသက်ပြင်းချလိုက်သည်။
ချီချန်းရန်သည် သူ၏ညာဘက်ခြမ်းသို့ တစ်ချက်ကြည့်လိုက်ရာ ကားတံခါးနှင့်ထိကပ်ပြီး ခေါင်းကို အပြင်ဘက်သို့လှည့်ကာ ခန္ဓာကိုယ်အား ကျုံပြီးထိုင်နေသော လုလီကို တွေ့လိုက်ရသည်။
ဆေးရုံတွင် ဆရာဝန်ပြောခဲ့သောစကားကို သူ ပြန်အမှတ်ရမိသည်။
မူလက မှတ်ဥာဏ်ချို့ယွင်းမှု တစ်ခုဖြစ်သော်လည်း ရုတ်တရက် လှုံ့ဆော်မှုတစ်ခုကြောင့် ပြန်လည်သက်သာလာခဲ့သည်။
ဇနီးသည် ပုံမှန်ပြန်ဖြစ်သွားသည့်အတွက် ဆရာဝန်မှ ဂုဏ်ယူကြောင်းပြောခဲ့သည်။
ချီချန်းရန်သည် ထိုဂုဏ်ပြုစကားများကို နားထောင်နေရင်း ပြုံးပင် မပြုံးပြနိုင်ခဲ့ပေ။
ဤအခြေအနေသည် နောက်ဆုံးတွင် ရောက်ရှိလာမည်ကို သူသိထားပြီး စိတ်ကို ကြိုတင်ပြင်ဆင် ထားခဲ့သော်ငြားလည်း ဤမျှမြန်ဆန်စွာ ကြုံတွေ့ရလိမ့်ဟု သူ လုံးဝထင်မထားခဲ့ချေ။
သူခေါင်းလှည့်လာပြီး မျက်နှာလွှဲထားသော လုလီအား ကြည့်လိုက်သည်။ လုလီသည် အတွေးများနှင့်သက်ပြင်းများကို မှုတ်ထုတ်နေရင်း ရုတ်တရက် သူမခန္ဓာကိုယ်အား စူးစူးစိုက်စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို ခံစားမိသွားသည်။ ထိုလူ၏ စူးရှသော အကြည့်သည် သူမ၏ ဦးခေါင်းနောက်ဘက်ကို ထိုးဖောက်လုနီးနီးပင် ဖြစ်နေခဲ့သည်။
သူမ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ရာ ချီချန်းရန်၏ အကြည့်ကို မြင်လိုက်ရသည်။
လုလီ ချက်ချင်းခေါင်းကိုပြန်လှည့်လိုက်သည်။
ချီချန်းရန်သည် ရုတ်တရက် နာကျင်သွားသလို ခံစားလိုက်ရသည်။
Suhe Bay တွင်…
နှစ်ယောက်သား ကားပေါ်ကဆင်းပြီး 62ထပ်ကို ဓာတ်လှေကားဖြင့် တက်လာကြသည်။
ချီချန်းရန်သည် ကားပေါ်က ဆင်းတိုင်း သူမလက်ကို ကိုင်ထားတတ်ပေမယ့် လုလီကတော့ သတိမပြုမိပုံပေါ်သည်။ သူ ဆန့်ထုတ်လိုက်သောလက်ကို သတိမထားဘဲ သူမ ချက်ချင်းပင် ကားပေါ်မှဆင်းသွားခဲ့သည်။
ထိုလူ၏လက်သည် လေထဲတွင်သာ အချည်းနှီးဖြစ်ကာ ငြိမ်သက်သွားသည်။
ဓာတ်လှေကားထဲတွင် လုလီသည် ဓာတ်လှေကားနံပါတ်များကို စိုက်ကြည့်နေသည်။
သူမသည် နံဘေးရှိ အမျိုးသား၏ အသက်ရှူသံကို ခံစားမိပြီး ရုတ်တရက် ထိုသူနှင့် မည်ကဲ့သို့ ပြုမူဆက်ဆံရမှန်း မသိတော့ချေ။
လုလီ၏ စိတ်ထဲတွင် လေးလံသော ခံစားချက်မျိုး ခံစားနေရသည်။
ယခင်က နှစ်ယောက်လုံးသည် အလိုက်သင့်နေထိုင်ပြီး အဆင်ပြေပြေ ရှိခဲ့ကြသည်မဟုတ်ပါလား? သူလည်း သူ့ဘဝကို မျှတစွာဖြတ်သန်းလျက်၊ သူမလည်း မိမိကိုယ်ပိုင်လောကတွင် နေထိုင်ကာ သွေးသားဆန္ဒတောင်းဆိုမှု ရှိမှသာ အခါအားလျော်စွာ ဖြည့်ဆည်းလေ့ရှိကြသည်။ ယခုမူ အဘယ်ကြောင့် ဤမျှ စိမ်းသက်နေရသနည်း?
အကြောင်းရင်းကို သူမ ရှာတွေ့ခဲ့သည်၊ ဤသည်မှာ လွန်ခဲ့သည့်လများကြောင့် ဖြစ်သည်။
သူမ သတိပြန်ရလာပြီဖြစ်သော်လည်း သူ့အား အချိုမြိန်ဆုံးခင်ပွန်းအဖြစ် ဆက်ဆံခဲ့စဥ်က အချိန်ကာလကို မေ့သွားခဲ့သည်တော့ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူ့အား အတင်းအကြပ်လုပ်ခိုင်းခဲ့သည်အတွက် သူမစိတ်ထဲတွင်လည်း အပြစ်ရှိသလို ခံစားရသောကြောင့်ဖြစ်သည်။
ဓာတ်လှေကားသည် မိမိတို့ဆင်းရမည့်အထပ်သို့ ဆိုက်ရောက်လာသောအခါ၊ ချီချန်းရန်သည် လည်ချောင်း ရှင်းလိုက်သော်လည်း လုလီကတော့ တံခါးဖွင့်သည်နှင့်တစ်ပြိုင်နက် ပြေးထွက်သွားခဲ့သည်။
ဤအပြုအမူသည် ရှက်စရာကောင်းသော်ငြား အသုံးဝင်သော လှုပ်ရှားမှုတစ်ခုဖြစ်သည်။ လုလီသည် အိမ်ပြန်ရောက်သည်နှင့် သူမ၏သီးသန့်အိပ်ခန်း ထဲသို့ ချက်ချင်းပြေးဝင်သွားခဲ့သည်။ ချီချန်းရန်သည် သူမ၏ချစ်လှစွာသော လောင်ကုန်းအဖြစ် သေချာမှတ်ယူထားသောကြောင့် လွန်ခဲ့သောလအနည်းငယ်က ချီချန်းရန်အိပ်ခန်း သို့ အတင်းအကြပ်ပြောင်းရွှေ့ကာ သူ့အား အချိန်အတော်ကြာ ဒုက္ခပေးခဲ့မိသည်။
လွန်ခဲ့သည့်လများစွာက လစ်လပ်နေခဲ့သော သူမ၏အိပ်ခန်းကို ကြည့်ရင်း ထိုလူနှင့်အိပ်ခန်းတစ်ခုထဲတွင် ကုန်ဆုံးခဲ့ရသော စကားလုံးနှင့်ပင် ဖော်ပြ၍မရနိုင်သည့် ရှက်ဖွယ်ညများကို သတိရပြီး မျက်ရည်မကျပဲ ငိုချင်လာမိသည်။
သူမစိတ်ထဲတွင် အနေအထားတစ်မျိုးတည်းသာ အသုံးပြုမည်ဟု ထင်မှတ်ထားခဲ့ပေမယ့် ချီချန်းရန်သည် များပြားလှသော လှည့်ကွက်ပေါင်းစုံကို ထုတ်သုံးလာလိမ့်မည်ဟု သူမ လုံးဝမမျှော်လင့်ထားခဲ့ပေ။
လုလီ အိပ်ရာကို ထုရိုက်ပစ်လိုက်သည်။