သူတို့ သူ့ကို ပြန်ပေးဆွဲချင်ကြပေမယ့် မလုပ်နိုင်ခဲ့ဘူး
Vol. 23 Ch. 333
ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်စခန်းရုံးမှ ရွှီဖန်းထွက်ခွာလာပြီးနောက် အခြေစိုက်ရုံးလည်း ပုံမှန်
အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးမှ ကောင်းကင်ဘုံမြေသြဇာကျေးဇူးဖြင့် ရင့်မှည့်နေသော အပင်များကို အများက မြင်သောအခါ ဟိုတယ်များ၊ တောင်သူလယ်သမားဈေးကြီးများ အပါအဝင် သေးငယ်သောစားသောက်ဆိုင်အချို့ကပင် သူတို့နှင့် ပူးပေါင်းဆောင်ရွက်လာကြသည်။
ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ဈေးကွက်လည်း ဆက်တိုက်မြင့်တက်လာခဲ့သည်။ အလားတူပင် ထိုကဲ့သို့ ဝယ်လိုအားနှင့်ရောင်းလိုအားကြောင့် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးသည် ငွေကြေးဆုံးရှုံးမှုပေါ်နေရာမှ နှစ်လိုဖွယ်ရာအမြတ်ရရှိသည့်အခြေအနေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အခြေစိုက်ရုံးမှ လုပ်သက်မြင့်သောဝန်ထမ်းများသည် ထိုမြင်ကွင်းကို မြင်သောအခါ နောင်တတရားကြောင့် အူလှိုက်သည်းလှိုက်ပင် ဖြစ်ကုန်ကြသည်။ ရွှီဖန်းက ရှယ်ယာများကို လိမ်လည်၍ဝယ်ခဲ့သည်ဟု ဆိုကာ ရွှီဖန်းထံမှ ရှယ်ယာများကို ပြန်တောင်းဆိုရန်အတွက် အခြားပြဿနာလှိုင်းတစ်ခုကို စတင်ရန် စုစည်းနေသူများပင် ရှိခဲ့သည်။
ရွှီဖန်း၏မြင်ကွင်းမှ အချိန်ကြာမြင့်စွာ ပျောက်
ကွယ်နေခဲ့သော ဝမ်ကျုံးကျန့်လည်း နောက်ဆုံးမှာလှုပ်ရှားလာခဲ့သည်။
သို့သော် ရွှီဖန်းကတော့ ထိုအရာများအားလုံးကို မမြင်နိုင်ခဲ့ပေ။ လက်ရှိအချိန်တွင် ရွှီဖန်းသည် ပေကျင်းရှိ လင်းမိသားစုတွင် လင်းကျန့်ကျန်း၏ ရောဂါကို ကုသပေးနေသည်။
"ဖြည်းဖြည်းသက်သာလေး လုပ်ပေးပါဦး"
ရွှီဖန်းမှ လင်းကျန့်ကျန်းအား အပ်ထိုးပေးနေသည်ကို မြင်သောအခါ လင်းရှောင်ရှောင်းက စိုးရိမ်တကြီး ပြောလာသည်။
"တော်ပြီ မြေး အခုထွက်သွားလို့ရပြီ၊ မြေး ဘာသိလို့လဲ...ရောဂါကုသတာက ဒီလိုပဲ"
ရွှီဖန်းက သူမအား ဘာမှမပြောခဲ့ပေ။ဆန့်ကျင်ဘက်အနေဖြင့် လင်းကျန့်ကျန််းသည် သူ့မြေးမလေး၏စိုးရိမ်ပူပန်မှုကြောင့် စိတ်မရှည်တော့ပေ။
"ဟုတ်ပါပြီ ဟုတ်ပါပြီ ဟုတ်ပါပြီနော် သမီးထွက်သွားပါ့မယ်၊ သမီးက အသုံးမဝင်တဲ့မြေးမလေးပါ"
လင်းရှောင်ရှောင်းသည် လင်းကျန်းကျန်း၏ သဘောထားကို သိသိသာသာ မကျေနပ်ပေ။ သူမသည် သူ့အဘိုးအား အနည်းငယ် စနောက်ပြီးမှ လှည့်ထွက်သွားခဲ့သည်။
နှစ်နာရီခန့်အကြာတွင် ရွှီဖန်းသည် ချွေးသုတ်
လိုက်ကာ ငွေအပ်များကို ပြန်ထုတ်ယူ၍ လင်းကျန့်
ကျန်းကို ခေါင်းညိတ်ပြလိုက်သည်။
"ရပြီ အဘိုး အသက်ပြင်းပြင်းရှူသွင်းကြည့်ပြီး ရင်ဘတ်နာသေးလား စစ်လိုက်ပါဦး"
လင်းကျန့်ကျန်းသည် ထိုစကားကိုကြားသောအခါ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူ့မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး ပျော်ရွှင်မှုများက သူ့နှလုံးသားထဲတွင် ပြည့်လျှံလာလေသည်။
"တကယ် မနာတော့ဘူးပဲ ဟားဟားဟား!"
လင်းကျန့်ကျန်းဆီမှ စိတ်အေးလက်အေး ရယ်မောသံတစ်ခုထွက်ပေါ်လာပြီး ရွှီဖန်းကို ကြည့်ကာ ချီးကျူးလာသည်။
"သူရဲကောင်းတစ်ဦးက လူငယ်လေးနဲ့အတူတူပေါ်ထွက်လာတာပဲ"
ထို့နောက် သဘာဝကျစွာပင် သူတို့ အစားအစာများစွာ တည်ခင်းခဲ့ကြသည်။ သို့သော် စားသောက်ပြီးနောက်မှာ ရွှီဖန်းသည် ကုမ္ပဏီမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပြီး စိုးရိမ်တကြီးမျက်နှာဖြင့် ထွက်ခွာလာခဲ့ရသည်။
လမ်းတစ်လျှောက်တွင် လင်းရှောင်ရှောင်းက ရွှီဖန်းကို လေဆိပ်သို့ မောင်းပို့ခဲ့သော်လည်း လမ်းတွင် သေးငယ်သောမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ရွှီဖန်းက ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နေစဉ် ကားသည် လေဆိပ်သို့သွားရာလမ်းရှိ သစ်တောကို ဖြတ်မောင်းသွားခဲ့သည်။
"ပုံမှန်ဆိုရင်တော့ ဒီလမ်းကို မသွားပါဘူး၊ ဒါပေမဲ့ ရှင်က အလျင်လိုနေတာကြောင့် ကျွန်မ ဖြတ်လမ်းကို
သွားလိုက်တာ"
လင်းရှောင်ရှောင်းသည် ရွှီဖန်းနှင့် စကားပြောရင်း မောင်းနှင်နေခဲ့သည်။ ရွှီဖန်း၏မျက်နှာအမူအရာမှာအစကတော့ အလွန်တည်ငြိမ်နေခဲ့သည်။ သို့သော် လင်းရှောင်ရှောင်း၏စကားဆုံးသည်နှင့် ရွှီဖန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူချက်ချင်းပင် လက်မြှောက်ကာ လင်းရှောင်ရှောင်း၏ ခေါင်းကို ဖိလိုက်သည်။
"ဖောင်း!"
မှန်ကွဲသံသည် တောအုပ်ထဲ၌ ပဲ့တင်သံထပ်သွားခဲ့ပြီးလင်းရှောင်ရှောင်း၏ ဘရိတ်အုပ်သံလည်း ဆက်၍ ထွက်ပေါ်လာခဲ့သည်။
လင်းရှောင်ရှောင်းသည်လည်း သေနတ်သံကြောင့် ကြောက်လန့်တကြားဖြင့် တောင့်တင်းသွားကာ သူမ ခေါင်းပင်မမြှောက်ရဲတော့ပေ။
"မလှုပ်နဲ့ ခန္ဓာကိုယ်ကို နှိမ့်ထား၊ ငါ အပြင်ထွက်
ကြည့်လိုက်မယ်"
အချိန်အတော်ကြာစောင့်ပြီးသည်အထိ ဘာလှုပ်ရှားမှုမှ မရှိတော့တာကြောင့် ရွှီဖန်းသည် သူမကိုသတိပေးကာ ထကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"မလုပ်ပါနဲ့၊ ကျွန်မ...ကျွန်မ တစ်ယောက်တည်းဆို ကြောက်တယ်...ဒီမှာ အရမ်းမှောင်နေတာ"
သို့သော် လင်းရှောင်ရှောင်းသည် ရွှီဖန်းကိုဆွဲထားပြီး မလွှတ်ပေးပေ။
တစ်ကယ်ကို ဤနေရာက အနည်းငယ် မှောင်မိုက်
နေသည်။ လရောင်ကြောင့် စိမ်းလန်းစိုပြည်သော အရွက်များမှာ အခုအချိန်၌ ကြောက်မက်ဖွယ်
ကောင်းသော အစိမ်းရောင်အလင်းတန်းကို ပေးစွမ်းနေလေသည်။
ရွှီဖန်း နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ နောက်ဆုံးမှာ သူ လင်းရှောင်ရှောင်း၏ခါးကို လက်ဖြင့် ဖက်လိုက်ပြီး ကူရှင်ကို လေထဲသို့ မြှောက်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် သေနတ်တစ်ချက်က ကူရှင်ကို ထိုးဖောက်သွားခဲ့သည်။
ရွှီဖန်းသည် ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ လင်းရှောင်ရှောင်းအား ကားထဲမှ ခေါ်ထုတ်သွားခဲ့သည်။ ချက်ချင်းပင် သူတို့နှစ်ယောက်စလုံး တောအုပ်ထဲသို့ ပြေးဝင်သွားလိုက်သည်။
တောအုပ်၏အခြားတစ်ဖက်တွင် လူဆယ်ဦးခန့်ကမြေပြင်ပေါ်တွင် အလျားလိုက်လဲလျောင်းနေသည်။ ထိုထဲမှ တစ်ဦးကစနိုက်ပါရိုင်ဖယ်ကို ကိုင်ဆောင်
ထားသည်။
"ထိသွားလား"
သူတို့ထဲမှ တစ်ဦးသည် အသက်၄၀ခန့်ရှိသော အမျိုးသားကို ကြည့်ပြီး စနိုက်ပါသမားအား တိုးတိုးလေး မေးလိုက်သည်။ သူသည် လင်းရှောင်ရှောင်း၏ ကားကို စိုက်ကြည့်နေသော်လည်း ဤမျှဝေးသော အကွာအဝေး၌ ရွှီဖန်းကားပေါ်မှခုန်ချသွားသည်ကို သူ မမြင်နိုင်ခဲ့ပေ။
"မကောင်းတော့ဘူး၊ ပစ်မှတ်က ပျောက်သွားပြီ၊ တခြားတစ်ဖက်က တောအုပ်ထဲကို ဝင်သွားတယ်
ထင်တယ်"
ရုတ်တရက်ပင် စနိုက်ပါသမားက ထိတ်လန့်တကြား အော်လာသည်။
"လိုက်စမ်း!"
သို့သော် သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ထိုစကားကို ကြားသောအခါ လုံးဝမတွန့်ဆုတ်နေခဲ့ပေ။ သူ ချက်ချင်းပင် လက်ဝှေ့ယမ်းကာ ကိုယ်တိုင်
ဦးဆောင်၍ လိုက်ဖမ်းခဲ့သည်။ ကျန်လူဆယ်ဦးခန့်ကလည်း ထရပ်ပြီး သူ့အနောက်မှ လိုက်သွားကြသည်။ သူတို့တစ်ဦးစီတိုင်းက အလွန်လျင်မြန်ကြသည်။
ရွှီဖန်းသည် လင်းရှောင်ရှောင်းကို ထမ်း၍ တောအုပ်ထဲတွင် ခဏတာမျှ ပတ်ပြေးပြီးနောက် သစ်ပင်တစ်ပင်ပေါ်သို့ တိုက်ရိုက်ခုန်တက်ကာ ရပ်လိုက်သည်။ သူလင်းရှောင်ရှောင်းကို ဘေးနားရှိ သစ်ကိုင်းပေါ်တွင် တင်ပေးကာ ထိုင်လိုက်သည်။
"ဘာလို့ ရပ်တာလဲ"
လင်းရှောင်ရှောင်းသည် ရွှီဖန်း၏လုပ်ရပ်များကြောင့် နားမလည်နိုင်ဖြစ်နေသည်။
"ဘယ်သူက ငါတို့ကို သတ်ချင်နေတာလဲဆိုတာ ငါသိမှဖြစ်မယ်"
"ဒါပေမဲ့..."
"ရှူး!"
လင်းရှောင်ရှောင်း စကားပြောတော့မည့်အချိန် ရွှီဖန်း က သူမကို တိတ်ဆိတ်နေရန် အချက်ပြလာသည်။ မလှမ်းမကမ်းမှ တရှဲရှဲ အသံများ ထွက်ပေါ်လာသည်။
ရွှီဖန်း ရပ်လိုက်ရသည့် အကြောင်းအရင်းမှာ သူ၏ကျင့်ကြံမှုအဆင့်က တစ်ဆင့်တက်လာပြီး သူ့သတ္တိလည်း တိုးလာခဲ့သောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့၏အမြင့်ဆုံးကျင့်ကြံမှုမှာ နက်နဲခြင်းအဆင့်အထွတ်အထိပ်တွင်သာ ရှိနေမှာဖြစ်ပြီး ရွှီဖန်း ၏ကျင့်ကြံမှုကတော့ ကမ္ဘာမြေအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
"ဘာအကြောင်းပြချက်မှမရှိဘဲ ဘယ်လိုလုပ် ပျောက်ကွယ်သွားနိုင်မှာလဲ"
လူအုပ်စုတစ်စုသည် ရွှီဖန်းရှိရာ သစ်ပင်အောက်သို့ရောက်ရှိသောအခါ ရပ်တန့်သွားကြသည်။ ဦးဆောင်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားသည် အနည်းငယ်ဒေါသထွက်နေဟန်ရှိသည်။
"ဒီကောင်လေးရဲ့ သတိရှိမှုက အရမ်းကို မြင့်တယ်၊ ဒီလိုပစ်ချက်ကိုတောင် သူ ရှောင်တိမ်းနိုင်ခဲ့တယ်"
စနိုက်ပါသမားကလည်း ဒေါသထွက်နေခဲ့သည်။
"ရွှီဖန်းက ရိုးရှင်းတဲ့သူမဟုတ်ဘူးလို့ ငါ ပြောခဲ့ပြီးသားပဲ"
ထိုအချိန်တွင် ရင်းနှီးသောအသံတစ်သံက ရွှီဖန်း၏ နားထဲသို့ ဝင်ရောက်လာသည်။ ထိုသူမှာ လျိုထိုက်
ဖြစ်သည်။ ယခင်က ရွှီဖန်းသည် ရှယန်ယွိအား ကယ်တင်ရန်သာ စိုးရိမ်နေခဲ့သဖြင့် လျိုထိုက်ကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
"ဒါ လျိုမိသားစုကပဲ"
ရွှီဖန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ သူ့ကို ဘယ်သူက ရန်ပြုနေသလဲဆိုတာ သိသွားပြီဖြစ်
တာကြောင့် သူ့ကိုယ်သူ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
"ဘယ်သူလဲ"
ရွှီဖန်း၏တီးတိုးပြောသံကို သက်လတ်ပိုင်းအရွယ်
အမျိုးသားကလည်း ကြားလိုက်သည်။ သို့သော် သက်လတ်ပိုင်းအမျိုးသားမှ ခေါင်းမြှောက်လိုက်
သောအခါ သစ်ပင်ပေါ်တွင် ဘယ်သူမှ မရှိတော့ပေ။
"သတိထား!"
ချက်ချင်းဆိုသလိုပင် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ထိတ်လန့်တကြား အော်လိုက်ပြီး သူ့အရှေ့မှ လျိုထိုက်ကလည်း လွင့်ထွက်သွားခဲ့သည်။
ထို့နောက် ရွှီဖန်းနှင့်သူ့လက်ထဲရှိ လင်းရှောင်ရှောင်းတို့ ပေါ်ထွက်လာခဲ့သည်။
ရွှီဖန်းသည် လင်းရှောင်ရှောင်းအား မြေပြင်ပေါ်သို့ ဦးစွာ ချပေးလိုက်ပြီး သက်လတ်ပိုင်းအရွယ်
အမျိုးသားကို တည်ငြိမ်သောအမူအရာဖြင့် ကြည့်
လိုက်သည်။
"ကျုပ်နဲ့ခင်ဗျားတို့လျိုမိသားစုကြားက ရန်ငြိုးကနက်ရှိုင်းပုံရတယ်"
သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ရွှီဖန်းအား ခဏတာမျှ ကြည့်ပြီး ရုတ်တရက် ရယ်မောလာသည်။
"ဟားဟားဟား မင်းကြောင့် အားလုံးဆုံးရှုံးပြီလို့ ထင်ခဲ့တာ"
သက်လတ်ပိုင်းအရွယ်အမျိုးသား၏စကားများသည် လူဆယ်ဦးကျော်အား ဆွဲဆောင်နိုင်ခဲ့ဟန်ရှိသည်။ သူတို့အားလုံးသည် ရွှီဖန်းအား လှောင်အိမ်ထဲတွင် ပိတ်မိနေပြီး မလွတ်မြောက်နိုင်တော့သောလူကဲ့သို့ သက်သောင့်သက်သာရှိသောအမူအရာဖြင့် ကြည့်
နေကြသည်။
"အိုး..."
ထိုလူက ဘာကြောင့် ထိုကဲ့သို့ပြောလာသည်ကို ရွှီဖန်း နားမလည်နိုင်ဖြစ်နေသည်။
"မင်းရဲ့ခွန်အားက မြင့်မားတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ဒီတစ်ခါမှာ နက်နဲခြင်းအဆင့်
အထွတ်အထိပ်ကကျွမ်းကျင်သူငါးယောက်ပါ
ရောက်လာပြီ၊ မင်း ထွက်ပြေးလို့မရတော့တာမလို့ ဒါတွေ ပြောပြဖို့ ငါမကြောက်နေဘူး၊ မင်း လျိုထိုက်ကို အနိုင်ယူနိုင်ရုံနဲ့ မင်းကို ဘယ်သူမှ မနိုင်တော့ဘူးလို့ ထင်ပြီး ကိုယ့်ကိုယ်ကိုယ် ဖော်ပြရဲတာ တကယ်သတ္တိရှိသားပဲ"
ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသားသည် အလျင်လိုခြင်းမရှိဘဲ ရွှီဖန်းအား စိတ်ရှည်စွာ ရှင်းပြနေသည်။
ရွှီဖန်းနှင့်လင်းရှောင်ရှောင်းလည်း ကြောင်သွားခဲ့ကြသည်။ ရွှီဖန်းသည် ထိုကဲ့သို့သောလူမျိုးကို ကြုံတွေ့ရသောအခါ ရုတ်တရက် ရယ်ချင်စိတ်ပေါက်လာခဲ့သည်။
လင်းရှောင်ရှောင်းကမူ နက်နဲခြင်းအဆင့်၊အထွတ်အထိပ်မှ လူငါးဦးအကြောင်းကို ကြားလိုက်သောအခါ သူမ၏နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။
"လင်းမိသားစုရဲ့တိုက်ရိုက်မျိုးဆက်ဖြစ်တဲ့ငါ့ကို မင်းတို့ သတ်ရဲလား!"
"ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့လင်းမိသားစုက ရွှီဖန်းဘက်မှာ ရှိနေပြီပဲ၊ ငါ မင်းကို သတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ မင်းရဲ့လင်းမိသားစုက နောက်ဆုံးမှာ ငါ့ကို ပြဿနာလာရှာကြမှာပဲ"
သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် လင်းရှောင်ရှောင်းကို ကြည့်ကာ ရက်စက်သော အပြုံးဖြင့် ထိုစကားများကို ပြောလိုက်သည်။
လင်းရှောင်ရှောင်း၏ခန္ဓာကိုယ်မှာ ဒေါသကြောင့် တုန်ယင်သွားရသည်။ လျိုမိသားစုမှလူတစ်ဦးက ဤမျှအထိ ရဲတင်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ထိုအချိန်တွင် ရွှီဖန်းကလည်း သက်လတ်ပိုင်းအရွယ်အမျိုးသားကို ကြည့်ကာပြောလိုက်သည်။
"မင်းရူးနေတာပဲ"
သူ့လေသံမှာ အလွန်တည်ကြည်ပြီး ရန်သူသည် ပုံမှန်
မဟုတ်ဘဲ ရူးနေသည်ဟူ၍ တကယ်ထင်နေသည့်အလားပင်။
"မင်း!"
သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ထိုစကားကို ကြားသောအခါ နဖူးပေါ်တွင် ဒေါသများထွက်ပေါ်လာခဲ့သည်။ သူ ရွှီဖန်းအားကြည့်၍ တိုက်ခိုက်ရန် ပြင်
လိုက်သည်။
"အစ်ကိုကြီး ခဏစောင့်ပါ"
မထင်မှတ်ထားစွာပင် ဘေးမှလူတစ်ဦးက သက်လတ်ပိုင်းအရွယ်အမျိုးသားကို တားလာသည်။
"သူ ဘယ်လိုမှထွက်ပြေးနိုင်မှာမဟုတ်ဘူးလေ၊ သူ့ကို ဖမ်းသွားတာက ပိုကောင်းမယ်လို့ထင်တယ်၊ ဒီလိုဆိုရင် ပြန်ရောက်လို့ လျိုယွမ်ချန်ကို ပေးလိုက်ရင် ပိုပျော်သွားလိမ့်မယ်"
ထိုလူက အကြံပြုသည်။ သက်လတ်ပိုင်းအရွယ်
အမျိုးသားလည်း ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး တွန့်ဆုတ်မိခဲ့သည်။
သို့သော် ရွှီဖန်းကတော့ ထိုစကားကို ကြားသောအခါ တစ်ခုခုကို ကြံစည်နေသကဲ့သို့ မျက်လုံးအရောင်များ လင်းလက်သွားလေသည်။
"ကောင်းပြီ မင်းပြောသလိုပဲလုပ်ရအောင်"
သက်လတ်ပိုင်းအရွယ်အမျိုးသားသည် နောက်ဆုံးမှာတော့ ထိုလူကို သဘောတူလိုက်လေသည်။
"လုပ်ရဲရင်လုပ်ကြည့်စမ်း!"
လင်းရှောင်ရှောင်းသည် လျိုမိသားစုအား ဒေါသမျက်လုံးများဖြင့် လက်ညှိုးထိုးလိုက်သည်။
သို့သော် ရွှီဖန်း၏မျက်နှာအမူအရာကတော့ အလွန်
တည်ငြိမ်နေခဲ့သည်။ လျိုမိသားစုမှလူများ ရွှီဖန်းကို ဖမ်းချုပ်ရန် ရောက်လာသောအခါ သူ လုံးဝ မခုခံခဲ့ပေ။
"ဟားဟား ဒီလိုမှ ပိုကောင်းတာပေါ့၊ ဟုတ်တယ်
မလား...ဉာဏ်ကြီးရှင်တစ်ယောက်က ဘာလုပ်ရမယ်ဆိုတာကို သိတယ်၊ ဒီလိုဆိုရင် ငါတို့အတွက်
လည်း ဒုက္ခနည်းသွားလိမ့်မယ်"
သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ရွှီဖန်း
အား ပေါ့ပေါ့ပါးပါး ကြည့်ရင်း ပြုံးနေလေသည်။
လင်းရှောင်ရှောင်းကမူ ရွှီဖန်းအား နားမလည်သော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။ ရွှီဖန်းသည် မခုခံဘဲ လက်နက်ချမည့်သူမျိုးမဟုတ်မှန်း သူမ သေချာသိထားသော်လည်း ဘာကြောင့် မခုခံသည်ကိုတော့ သူမ နားမလည်ခဲ့ပေ။
ဒီလိုနှင့် လေဆိပ်ကို ဦးတည်ခဲ့သည့် လင်းရှောင်ရှောင်း နှင့် ရွှီဖန်းမှာ ဖမ်းဆီးခံလိုက်ရသည်။
လမ်းတစ်လျှောက်လုံးတွင် သက်လတ်ပိုင်းအရွယ်
အမျိုးသားသည် ဖုန်းဖြင့် လျိုယွမ်ချန်ဆီသို့ အခြေအနေကို သတင်းပို့ခဲ့သည်။ ထို့နောက် လင်းရှောင်ရှောင်းနှင့် ရွှီဖန်းအား သတိလစ်သွားအောင် လုပ်ကာ ကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
သူတို့ ဦးတည်သည့်နေရာကို ရောက်သောအခါ မနက်မိုးလင်းနေပြီဖြစ်သည်။ ကားက တစ်ညလုံး မောင်းလာခဲ့ခြင်းပင်။ ရွှီဖန်းနှင့်လင်းရှောင်ရှောင်းတို့ နိုးလာသောအခါ သူတို့ခေါင်းအား ခေါင်းစွပ်အမည်းဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ခဲ့ရသည်။ တစ်ခုခုအား တမင်တကာ ဖုံးကွယ်ထားပုံရ၏။
ယခုအချိန်၌ ကမ္ဘာမြေအဆင့်၊ ကနဦးအဆင့်တွင် ရှိနေသောရွှီဖန်းသည် လျိုမိသားစုနှင့် တူတူပုန်းတမ်းကစားရန် စိတ်မဝင်စားတော့ပေ။ သူ လျိုမိသားစုထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး တစ်ချက်တည်းဖြင့် အပြတ်ရှင်းရန် စီစဉ်ထားသည်။
ကားပေါ်မှဆင်းပြီးနောက် ရွှီဖန်းနှင့်လင်းရှောင်ရှောင်း ၏ခေါင်းစွပ်များ အချွတ်ခံလိုက်ရသည်။ သို့သော် သူတို့အရှေ့မှ မြင်ကွင်းက သူတို့အား အံ့အားသင့်စေခဲ့သည်။ ကားသည် မြို့ထဲကနေ ထွက်ခွာလာခဲ့ပြီဖြစ်ပြီး လူမနေသည့် တောအုပ်ကြီးတစ်ခုသို့ ရောက်နေတာ သိသာလှသည်။
နောက်ဖြစ်လာသည့် အဖြစ်အပျက်က ပို၍တောင် ထူးဆန်း၏။ သူတို့ကို အဖွဲ့တစ်ဖွဲ့က လာကြိုခဲ့ပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားကမူ သူ့အဖွဲ့ကို မူလနေရာကို ပြန်ခေါ်သွားသည်။ ရွှီဖန်းနှင့် လင်းရှောင်
ရှောင်းတို့မှာလည်း မြေပြင်တွင် သစ်ရွက်များဖုံးအုပ်ထားသည့် ဧရာမသစ်ပင်ကြီးတစ်ပင်နားသို့ ခေါ်ဆောင်ခံခဲ့ရသည်။
ခေါင်းဆောင်က ကြွေကျနေသည့်သစ်ရွက်များကို ရှင်းထုတ်လိုက်သောအခါ မြေပြင်ပေါ်၌ ပြားချပ်နေသည့် သတ္တုတံခါးတစ်ချပ် ပေါ်လာသည်။ ထိုလူက တံခါးကို မလိုက်သည့်အခါ ထိုနေရာက မြေအောက်လှိုဏ်ခေါင်းရှည်ကြီးတစ်ခုဆီကို ဦးတည်နေမှန်း သိလိုက်ရသည်။
ရွှီဖန်းနှင့် လင်းရှောင်ရှောင်းလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ လင်းရှောင်ရှောင်း ၏မျက်လုံးများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသော်လည်း ရွှီဖန်းကတော့ လင်းရှောင်ရှောင်းကို ခေါင်းညိတ်ပြပြီး မကြောက်ရန် ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်စလုံး လမ်းပြအနောက်ကနေလိုက်၍ အတွင်းထဲသို့ ဝင်လာခဲ့ကြသည်။
************************