လင်းရှောင်ရှောင်း၏စိုးရိမ်ပူပန်မှု
Vol. 23 Ch. 338
ဆေးဝါးပညာရှင်နှင့် အခြားလူများ အံ့အားသင့်သွားကြသည်။ စမ်းသပ်ခံနှစ်ဦးသည် ဒီလောက်ထိ မြန်မြန် ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
တကယ်တော့ ရွှီဖန်းအတွက်လည်း သူတို့ကို အနိုင်ယူရန်မှာ မလွယ်ကူခဲ့ပေ။ ရွှီဖန်းသည် အချိန်ယူ၍ အဘိုးအိုနှင့် လူငယ်တို့၏တိုက်ခိုက်ပုံကို လေ့လာကာ ဘယ်လိုကာကွယ်တိုက်ခိုက်ရမလဲဆိုတာကို စမ်းသပ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ မှားယွင်းမှုတစ်ခုပင် လုပ်ခဲ့ရသည်။ ဤနည်းဖြင့်
စမ်းသပ်ခံလူငယ်ဆီမှ လက်သီးတစ်ချက် အထိုးခံရလျှင်တောင် သူ အချိန်တိုအတွင်းမှာ ပြန်လည်တုံ့ပြန်
နိုင်မှာဖြစ်သည်။
ရွှီဖန်းသည် သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်
လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"လျိုမိသားစုကို ဒီနေ့တရုတ်ပြည်ကနေ ဖယ်ရှားဖျက်ဆီးပစ်မယ်လို့ ငါပြောခဲ့တယ်"
ထိုစကားကိုပြောပြီးသည်နှင့် ရွှီဖန်းသည် လူအုပ်ထဲကို ပြေးဝင်လာတာကြောင့် ဆေးဝါးပညာရှင်နှင့် ကျန်လူများမှာ နောက်ဆုတ်ကုန်ကြသည်။
လက်ရှိအချိန်၌ ရွှီဖန်းသည် သေမင်းနတ်ဘုရားတစ်ပါးလိုပင်။ ပိုင်ယွီ ကူထောက်ပေးထားသည့် လင်းရှောင်ရှောင်းကလည်း ဘေးနားကနေ ဖြူဖျော့နေသည့် မျက်နှာဖြင့် အရာအားလုံးကို ကြည့်နေခဲ့သည်။
"ရွှီဖန်း မင်းလုပ်ရဲရင် ငါတို့ကိုသတ်ကြည့်လိုက်၊ နိုင်ငံတော်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး!"
ဆေးဝါးပညာရှင်သည် ရွှီဖန်းကို အော်ဟစ်ရင်း နောက်ဆုတ်သွားလေသည်။
ရွှီဖန်း မျက်မှောင်ကြုတ်ကာ...
"ငရဲကို သွားစမ်း!"
မကြာခင်မှာပင် သူ့လက်ထဲမှ လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်ဒါဇင်ပေါင်းများစွာ ထွက်လာပြီး စုဝေးနေသော လူအုပ်ကြီးသည် ချက်ချင်းဆိုသလိုပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။
သို့သော် ထိုအချိန်၌ တံခါးအပြင်ဘက်ကနေ မြည်ဟိန်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ရွှီဖန်း လှည့်ကြည့်လိုက်တော့ လျိုယွမ်ချန်နှင့် သူနှင့်လိုက်ပါလာသည့် ကာကွယ်စောင့်ရှောက်သူများ ဖြစ်နေသည်။
လျိုယွမ်ချန်သည် ဓာတ်ခွဲခန်းထဲမှ အခြေအနေကို လှမ်းတောင်မကြည့်ဘဲ လမ်းလျှောက်ရင်း အော်ဟစ်လာသည်။
"စိတ်ဝိညာဥ်မွမ်းမံဆေးနဲ့ သူ့ကိုပြုပြင်ပြီးရင် အဲ့ဒီရွှီဖန်းကို ငါအရှက်ခွဲပြမယ်!"
သို့သော် သူ့စကားများက ထိုနေရာမှာတင် ရပ်တန့်သွားခဲ့သည်။ အကြောင်းမှာ သူက ဓာတ်ခွဲခန်းထဲသို့ ရောက်နေပြီဖြစ်ပြီး ရပ်နေသည့်ရွှီဖန်းကိုအပြင် ဓာတ်ခွဲခန်းထဲမှ အခြေအနေကိုပါ မြင်လိုက်ရသောကြောင့်ပင်။ သူက လူအတစ်ယောက်မဟုတ်ပေ။ လက်ရှိအခြေအနေက မကောင်းနေဘူးဆိုတာကို သူသိလိုက်သည်။ သူ အလျင်အမြန်ပင် လှည့်ကာ ထွက်သွားရန် ပြင်လိုက်သော်ငြား ရွှီဖန်းက မြန်ဆန်စွာ သူ့ကို ဖမ်းနိုင်လိုက်သည်။ ရွှီဖန်းသည် သူ့လက်ကို ဆန့်ထုတ်၍ လျိုယွမ်ချန်၏လည်ပင်းကို ဆုပ်ကိုင်ကာ မြေပြင်ပေါ် ပစ်ချလိုက်သည်။
"ထွက်သွားချင်သေးလား"
မြေပြင်ပေါ်မှာ လဲကျနေသည့် လျိုယွမ်ချန်ကို ကြည့်
ရင်း ရွှီဖန်း၏မျက်နှာက အေးစက်နေသည်။
"ဟိုအဘိုးကြီးကရော ဘယ်မှာလဲ"
ရွှီဖန်း၏မျက်လုံးထဲမှ ကြောက်မက်ဖွယ်ရာအရိပ်အယောင်ကို မြင်လိုက်သည်နှင့် လျိုယွမ်
ချန်သည် တုန်ယင်နေသောအသံဖြင့် ပြောလိုက်မိသည်။
"ရွှီဖန်း မင်းသိပ်ပြီး မောက်မာမနေနဲ့၊ ငါပြောမယ်...မင်းက ငါ့ကို ဒေါသထွက်အောင် လာလုပ်နေတာ၊ ငါမင်းကို အလွတ်ပေးမှာ မဟုတ်ဘူး၊ မင်းမသိဘူးလား...ငါတို့လျိုမိသားစုက ပေကျင်းရဲ့ မိသားစုကြီးလေးခုထဲက တစ်ခုဖြစ်ပြီး နိုင်ငံတော်က ကာကွယ်ပေးထားတယ်ဆိုတာကို၊ မင်းငါ့ကို သတ်ရဲရင် မုရုန်မိသားစုနဲ့ လင်းမိသားစုကတောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး!"
ရွှီဖန်းကတော့ လုံးဝပင် မလှုပ်မယှက်ရှိနေပြီး အတည်ဖြစ်သောအသံဖြင့် ပြောလိုက်သည်။
"ငါထပ်မေးမယ်...မင်းရဲ့အဘိုး ဘယ်မှာလဲ၊ ပြောပြရင် မင်း နည်းနည်းလေးပိုပြီး မြန်မြန်သေရလိမ့်မယ်!"
"ငါမင်းကို ပြောပြရင်တောင် မင်း ငါ့အဘိုးကို သတ်နိုင်မှာ မဟုတ်ဘူး၊ အခု ငါ့အဖိုးက နိုင်ငံတော်ရဲ့အကာအကွယ်အောက်မှာ ရှိနေတယ်၊ မင်းမှာ နတ်ဘုရားစွမ်းအားတွေ ရှိရင်တောင် သူ့ကို မသတ်နိုင်ဘူး"
လျိုယွမ်ချန်သည် နိုင်ငံတော်၏အကြောင်းကို ပြောရင်း သူ့မျက်နှာပေါ်မှ ကြောက်ရွံ့မှုများလည်း လျော့ပါးသွားခဲ့သည်။ သူ ထရပ်ကာ သွေးအန်နေသော စမ်းသပ်ခံလူငယ်နှင့်အဘိုးအိုကို ကြည့်ပြီးမျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ဒီမဟာနတ်ဆိုးဘုရင်နှစ်ယောက်က ကြီးမြတ်သောနတ်ဆိုးဘုရင်ထက် ပိုပြီး အစွမ်းထက်တယ်လို့ ဆေးဝါးပညာရှင်က ပြောခဲ့တယ်မဟုတ်ဘူးလား။
ထိုအကြောင်းကို စဉ်းစားမိတော့ လျိုယွမ်ချန်သည် ရွှီဖန်း၏ခွန်အားအပေါ်၌ မအံ့ဩဘဲ မနေနိုင်တော့ချေ။
နတ်ဆိုးဘုရင်များ၏ခွန်အားကို လျိုယွမ်ချန်လည်း အပြည့်အဝ သိထားပေသည်။ သူတို့တောင် ရှုံးနိမ့်သွားခဲ့သည်ဆိုလျှင် ရွှီဖန်း၏ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာနေခြင်းဟု ဆိုလို၏။
လျိုယွမ်ချန်သည် လက်ရှိအချိန်၌ သူ၏ဆုံးဖြတ်ချက်ကို နောင်တရနေခဲ့သည်။ အစကတည်းက သူ ရွှီဖန်းကို မဆန့်ကျင်ခဲ့သင့်ပေ။ သို့သော် အခုတော့ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။
"မင်းက ဒီလိုတောင်ပြောပြီဆိုမှတော့ သေဖို့သာ ပြင်ထားတော့!"
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည့်အခါ သူ့မျက်လုံးထဲ၌ သွေးဆာသောအမူအရာတစ်ခု လင်းလက်သွားခဲ့သည်။ သူ မျက်လုံးမှေးစင်းကာ လျိုယွမ်ချန်ဆီကို လျှောက်သွားလိုက်သည်။
ရွှီဖန်းက "နိုင်ငံတော်" ဟူသည့် စကားလုံးကိုတောင် မကြောက်ဘဲ ဒီလောက်အထိရူးသွပ်နေမည်ဟု လျိုယွမ်ချန် မထင်ထားတာကြောင့် အနည်းငယ် ထိတ်လန့်သွားပေသည်။
အဝေးမှာ ရပ်နေသည့် လင်းရှောင်ရှောင်းလည်း ပါးစပ်ကို အနည်းငယ်ဖွင့်လိုက်မိသည်။ သူမ ရွှီဖန်းကို တားရန် လက်မြှောက်လိုက်သော်လည်း နောက်ကျသွားလေပြီ။ ရွှီဖန်း၏လက်သီးက လျိုယွမ်ချန်၏ နားထင်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ရုတ်တရက်ပင် လျိုယွမ်ချန်၏မျက်လုံးမှာ သွေးရောင်များ ထွက်ပေါ်လာပြီး မြေပြင်ပေါ် လဲကျသွားခဲ့သည်။ သူ့နှုတ်ခမ်းက အနည်းငယ် ပွင့်ဟနေပြီး သူ့မျက်နှာပေါ်၌ မယုံနိုင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
ရွှီဖန်းသည် မြေပြင်ပေါ်လဲကျနေသော လျိုယွမ်ချန်ကို ကြည့်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့မျက်လုံးထဲ၌ ရှုပ်ထွေးသွားသောအမူအရာတစ်ခု ပေါ်သွားသော်လည်း သူ့ဆုံးဖြတ်ချက်ကတော့ ခိုင်မာနေလေသည်။
ရွှီဖန်း၏ကျောဘက်ကို မျက်နှာမူထားပြီး အဝေးမှာ ရပ်နေသော လင်းရှောင်ရှောင်း၏မျက်ဝန်းများမှာ ရုတ်တရက်ပင် အရည်များ ဝေ့ဝဲလာသည်။ သူမ တံတွေးမျိုချလိုက်ပြီး စကားပြောရန် ပါးစပ်ဟအံ့ဆဲမှာပင် ရွှီဖန်းက လှည့်လာတာကို တွေ့လိုက်ရသည်။
လင်းရှောင်ရှောင်းသည် သူမ၏လက်တွေကို ဆုပ်နယ်ရင်း နှုတ်ခမ်းကို စေ့ပိတ်ထားကာ ရွှီဖန်းကို ကြည့်နေခဲ့သည်။
"အဆင်ပြေရဲ့လား"
ရွှီဖန်းက အနားကိုလျှောက်လာပြီး လင်းရှောင်
ရှောင်း၏ပိန်သွယ်သော ခန္ဓာကိုယ်ကို စိုးရိမ်တကြီး ကြည့်ကာ မေးလာသည်။
"အခု ဘယ်လိုခံစားနေရလဲ၊ နေလို့ရောကောင်းရဲ့လား"
လင်းရှောင်ရှောင်းသည် ရွှီဖန်း၏စိုးရိမ်နေသောအမူအရာကို ကြည့်ကာ ရင်ထဲ၌ နွေးထွေးသောခံစားမှုတစ်ခုကို ရရှိသွားခဲ့သည်။ သူမ ခေါင်းကို ညင်သာစွာ ငြိမ့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
သူမ ဘာမှမပြောတာကို မြင်တော့ ရွှီဖန်း မေးလိုက်
သည်။
"သူ့ကို မသတ်ခဲ့သင့်ဘူး"
လင်းရှောင်ရှောင်းသည် ရွှီဖန်း၏အင်္ကျီလက်ကို ကိုင်
ဆွဲကာ စိုးရိမ်တကြီး ပြောလိုက်မိသည်။
"ရှင်က နိုင်ငံတော်ရဲ့စွမ်းအားကို မသိဘူး၊ နိုင်ငံတော်က မိသားစုကြီးလေးခုထဲက တစ်ခုခုပြိုလဲသွားမှာကို ခွင့်ပြုမှာမဟုတ်ဘူး"
လင်းရှောင်ရှောင်း၏စကားကိုကြားတော့ ရွှီဖန်း မျက်မှောင်ကြုတ်လိုက်တာ...
"ဒါဆို သူတို့ လာသတ်သွားမှာကို ငါက ထိုင်စောင့်နေရမှာလား"
ထိုစကားကိုကြားတော့ လင်းရှောင်ရှောင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ သက်ပြင်းချလိုက်
ပြီး တခြားဘာမှ မပြောတော့ပေ။
သူမ ရွှီဖန်းကို ပြောလို့နိုင်မှာ မဟုတ်ဘူးဆိုတာကို သိသည်။ ရွှီဖန်း၏စိတ်နေစိတ်ထားအရ လျိုမိသားစု ပြိုလဲသွားရန်မှာ ကံကြမ္မာအလျောက် ဖြစ်နေလေပြီ။ သို့သော် နိုင်ငံတော်ကလည်း ရွှီဖန်းကို စောင့်ကြည့်လာလိမ့်မည်။ လက်ရှိအချိန်၌ လင်းရှောင်ရှောင်းမှာ ဘာပြောရမှန်း မသိတော့ပေ။
ရွှီဖန်းကတော့ လင်းရှောင်ရှောင်း၏စိုးရိမ်ပူပန်မှုများကို လုံးဝ ဂရုမစိုက်ပေ။ သူ တစ်ဖက်ကိုလှည့်ကာ ပိုင်ယွီကို မေးလိုက်သည်။
"မင်းဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ၊ ပိုင်ပင်းက မင်းပျောက်နေတယ်လို့ပြောတာ မအံ့သြတော့ဘူး"
"အဲ့ဒီနေ့က ရှင်ထွက်သွားပြီးတော့ ကျွန်မလည်း ရှောင်းမိသားစုဆီ တစ်ခေါက်ပြန်သွားရင်း အဲ့ဒီလူအုပ်နဲ့ ဆုံခဲ့တာ၊ ကျွန်မ ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ အရည်တစ်ခု ထိုးသွင်းခံလိုက်ရပြီး သတိလစ်သွားခဲ့တယ်"
ထိုစကားကိုကြားတော့ ရွှီဖန်း၏မျက်လုံးများက မှေးစင်းသွားကာ...
"ဒါဆို ရှောင်းမိသားစုနဲ့ လျိုမိသားစုကလည်း ဆက်စပ်မှု ရှိတာလား"
ပိုင်ယွီက ခေါင်းညိတ်သည်။
"ရှောင်းမိသားစုနဲ့ လျိုမိသားစုက အရမ်းရင်းနှီးကြတယ်၊ သူတို့က တစ်အုပ်စုတည်းလားဆိုတာကိုတော့ ပြောဖို့ခက်တယ်"
ရွှီဖန်း ခေါင်းခါယမ်းကာ ရယ်မောလိုက်သည်။
"မြွေတွေက အသိုက်လာတူနေတာပဲ"
လင်းရှောင်ရှောင်းသည် ရွှီဖန်းအား လေးနက်သော မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ကျွန်မ တကယ်မလိုချင်တာက ရှင် မိသားစုကြီးလေးခုနဲ့ ပဋိပက္ခဖြစ်သွားမှာရယ်၊ နိုင်ငံတော်ရဲ့အာရုံစိုက်မှုကို ရသွားမှာကိုပဲ၊ ရွှီဖန်း နိုင်ငံတော်က ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို ရှင် နားမလည်သေးဘူး၊ အခု ရှင့်မှာ မြင့်မားတဲ့ခွန်အားတွေ ရှိနေရင်တောင်မှ နိုင်ငံတော်ရှေ့ရောက်ရင် ခေါင်းငုံ့ရမှာပဲ"
ရွှီဖန်းကမူ လင်းရှောင်ရှောင်းကို ဘာမှပြန်မပြောဘဲ ကြည့်နေခဲ့သည်။ လင်းရှောင်ရှောင်းက သူ့အတွက် စိုးရိမ်ပေးနေမှန်း သူသိသည်။ သို့သော် ရွှီဖန်းကလည်း "နိုင်ငံတော်"ဟူသည့် စကားလုံးကို တစ်ကြိမ်ထက်မက ကြားဖူးပေ၏။ အဲ့ဒီနောက်ကွယ်မှာ ဘာရှိနေတာလဲ။ ဘာလို့ ဒီလူတွေက ဒီလောက်တောင် ထိတ်လန့်နေကြတာလဲ။ သို့သော်ငြား ရွှီဖန်းသည် ထိုအကြောင်းများကို မမေးခဲ့ပေ။
လင်းရှောင်ရှောင်းမှ သူ့အား နိုင်ငံတော်၏လိပ်စာကို ပြောပြရန် မဖြစ်နိုင်ဘူးဆိုတာကိုလည်း သူသိသည်။ ဒါကြောင့် အပြင်ရောက်မှပဲ ကိုယ်တိုင်ရှာကြည့်တာက ပိုကောင်း၏။
ရွှီဖန်းသည် လင်းရှောင်ရှောင်းကိုတွဲ၍ သူတို့သုံးယောက်သား ဓာတ်ခွဲခန်းထဲကနေ ထွက်လာခဲ့ကြသည်။ သူတို့ ဥမင်လိုဏ်ခေါင်း၏ထွက်ပေါက်မှာ ရပ်ပြီး တစ်ဖက်ကိုလှည့်ကာ ဓာတ်ခွဲခန်းကို ကြည့်
လိုက်သည်။ ထို့နောက် လျှပ်စီးဆင့်ခေါ်ခြင်းအဆောင် တစ်ရာနီးပါးကို ရွှီဖန်း ပစ်လွှတ်လိုက်သည်။
ဒီလောကကြီးကနေ ဤဓာတ်ခွဲခန်းက လုံးဝပျောက်
ကွယ်သွားသင့်သည်ဟု သူ တွေးမိရုံပင်။ ထို့နောက် ရွှီဖန်းသည် လင်းရှောင်ရှောင်းကို ပွေ့ချီ၍ ပြေးထွက်လာခဲ့သည်။
မကြာခင်မှာပင် သူတို့အနောက်ကနေ ပြိုကျသံများ မြည်ဟိန်းလာသည်။ သူတို့သုံးယောက်စလုံး နောက်
လှည့်မကြည့်ဘဲ တောအုပ်ထဲကနေ ထွက်လာခဲ့ကြသည်။
သူတို့ ထွက်လာပြီးသော်လည်း အပြင်လူများနှင့် ဆက်သွယ်ရန် နည်းလမ်းမရှိနေပေ။
"ကျွန်မတို့ ဘာလုပ်ကြမလဲ"
လင်းရှောင်ရှောင်းကလည်း ရွှီဖန်းကို ကြည့်ပြီး "ဘယ်ကိုသွားရမလဲ"ဟု မေးသည်။
ရွှီဖန်း မျက်လုံးမှေးစင်းကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ပတ်ပတ်လည်၌ သစ်တောချည်းသာရှိပြီး ထွက်ပေါက်ကို ရှာမတွေ့ပေ။
"ရှေ့ကို ဆက်သွားကြည့်ရအောင်၊ ထွက်ပေါက် ဒါမှမဟုတ် လယ်တဲတစ်လုံးများ တွေ့မလားလို့"
ခဏတာ တိတ်ဆိတ်နေပြီးနောက် ရွှီဖန်း ညင်သာစွာ ပြောလိုက်သည်။ လင်းရှောင်ရှောင်းကလည်း ခေါင်းညိတ်သည်။ သူတို့သုံးယောက်စလုံး တောနက်ထဲ၌ ထိုအတိုင်း ဆက်၍ လမ်းလျှောက်ခဲ့ကြသည်။
ကောင်းကင်က မှောင်စပြုနေပြီဖြစ်ပြီး နေဝင်
ချိန်ကြောင့် သူတို့ပတ်ဝန်းကျင်ရှိ တိမ်တိုက်များသည် အနီရောင် တောက်ပနေခဲ့သည်။ တစ်နေ့တာကုန်ဆုံးတော့မည့် အမှတ်အသားပင်။
လင်းရှောင်ရှောင်းသည် ဘာကြောင့်မှန်း မသိသော်ငြား သူမစိတ်ထဲ၌ ရွှီဖန်းအပေါ်တွင် အနည်းငယ်တပ်မက်
စိတ် ပေါ်လာသလိုမျိုးခံစားရသည်။ သူမ ရွှီဖန်း၏အင်္ကျီလက်ကို တင်းတင်းဆုပ်ကိုင်ထားကာ နှုတ်ခမ်းကို စေ့ထားခဲ့သည်။
"မြန်မြန် ကြည့်လိုက်!"
တစ်နာရီနီးပါး လမ်းလျှောက်ပြီးနောက်မှာ ပိုင်
ယွီ၏ထက်မြက်သော မျက်လုံးက အဝေး၌ မှိန်
ပျပျ မီးခိုးဖြူများ ထွက်ပေါ်နေသည်ကို သတိထားမိခဲ့သည်။
"စီးကရက်ငွေ့တွေပဲ! လူရှိရမယ်!"
ပိုင်ယွီက စိတ်လှုပ်ရှားစွာဖြင့် ထိုသတင်းကို ရွှီဖန်းအား ပြောပြနေသည်။
ရွှီဖန်း၏မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း မီးခိုးဖြူများကို မြင်လိုက်ရသည့်အခါ ပျော်ရွှင်မှုကို ခံစားရပြီး သူတို့နှစ်ယောက်ကိုခေါ်ကာ အလျင်အမြန် လျှောက်သွားလိုက်သည်။
နာရီဝက်လောက် လမ်းလျှောက်ပြီးနောက်မှာကောင်းကင်က ဖြည်းဖြည်းချင်း မှောင်လာခဲ့သည်။
လ စထွက်လာချိန်ဖြစ်တာကြောင့် တောကြီးမြက်မည်းကလည်း လင်းထိန်လာကာ အဝေးမှ မီးခိုးဖြူများကလည်း စတင်ထင်ရှားလာလေပြီ။
သူတို့သုံးယောက် ခရီးပန်းတိုင်ကို ရောက်သောအခါ ရိုးရှင်းသည့်လယ်တဲလေးတစ်လုံး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
"လူရှိလားဗျ"
ရွှီဖန်းက အရင်ဆုံး လျှောက်သွားကာ တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။
"ဘယ်သူလဲ"
အထဲကနေ အဘိုးအိုတစ်ယောက်၏အသံထွက်လာသည်။
"အားနာရပါတယ်၊ ကျွန်တော်တို့ လမ်းမှားလာလို့ ဒီကို ရောက်လာတာပါ၊ တစ်ညတာ တည်းခိုခွင့်ရချင်လို့ပါဗျ"
ရွှီဖန်း ပြောလိုက်သည်။ အိမ်ထဲကလူက ပြန်မဖြေပေ။
သူတို့သုံးယောက်လည်း အပြင်မှာ အချိန်အကြာကြီးစောင့်နေခဲ့ကြသည်။ ရွှီဖန်း လက်လျှော့တော့မည့်
အချိန်မှာပင် အထဲမှ ခြေသံနှေးနှေးလေး ထွက်ပေါ်လာခဲ့သည်။
တံခါးက အနည်းငယ် ပွင့်လာပြီး အဘိုးအိုတစ်
ယောက်က ထွက်ကြည့်လာသည်။ သို့သော် သူကြည့်လိုက်သည့်အချိန်မှာပင် တော်တော်လေး ထိတ်လန့်သွားခဲ့ရသည်။ ရွှီဖန်း၏အဝတ်အစားများက သွေးများပေကျံနေခဲ့သည်ပင်။ အဘိုးအိုကလည်း တံခါးကို အလျင်အမြန် ပြန်ပိတ်သွားသည်။
ထို့နောက် အဘိုးအို၏ တုန်ယင်နေသောအသံက ကြောက်ရွံ့မှုအပြည့်ဖြင့် ထွက်ပေါ်လာသည်။
"မင်း... မင်းတို့ ဘယ်သူတွေလဲ၊ ဘာလုပ်ချင်နေတာလဲ"
"ကျွန်တော်..."
ရွှီဖန်း စကားပြောတော့မည့်အချိန်မှာပင် ပိုင်ယွီက တားလာသည်။ ပိုင်ယွီသည် ရွှီဖန်းအား ပမာမခန့် အမူအရာ လုပ်ပြကာ တံခါးရှေ့ကို လျှောက်သွား၍ အထဲကို ပြော၏။
"ဦးလေး သမီးတို့ နည်းနည်းဒုက္ခရောက်နေလို့ပါ၊ သမီးရဲ့သူငယ်ချင်းကလည်း ဒဏ်ရာရထားတယ်၊ အခု ရေနဲ့ အစားအစာ နည်းနည်းလောက် လိုနေပါတယ်၊ သမီးတို့ ပိုက်ဆံပေးပါ့မယ် ဦးလေးရယ်၊ အဆင်ပြေရင်လေ ဒီမှာ တစ်ညလောက် တည်းခိုခွင့်ပေးပါနော်၊ နေထိုင်ခွင့်မပေးချင်ရင်တော့ သမီးတို့ စားသောက်ပြီးတာနဲ့ ပြန်ထွက်သွားပါ့မယ်၊ ဘာဒုက္ခမှ မပေးပါဘူး"
တကယ်ပင် အမျိုးသမီးတစ်ဦး၏အသံက ပို၍ ယုံကြည်စိတ်ချမှုရစေ၏။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် အဘိုးအိုသည် တံခါးကို အနည်းငယ်ဖွင့်၍ ရွှီဖန်း တွဲထားသည် လင်းရှောင်ရှောင်း၏ဖြူဖျော့နေသော မျက်နှာကို ကြည့်လာသည်။
အဘိုးအိုသည် ခဏတာမျှ တွေဝေပြီးမှသာ တံခါးကို ဖွင့်ပေးလာသည်။ သူက ခြောက်ကပ်ကပ် ရယ်မောကာ...
"စိတ်မရှိပါနဲ့၊ ဒီမှာ ငါနဲ့ ငါ့ဇနီးပဲ ရှိတာဆိုတော့ စိတ်မပူဘဲ မနေနိုင်ခဲ့လို့ပါ"
****************