တောတွင်းအိမ်လေး
Vol. 23 Ch. 339
စကားပြောနေရင်းဖြင့် အဘိုးအိုသည် ရွှီဖန်းနှင့် ကျန်လူများကို သတိထားကြည့်နေခဲ့သည်။ လင်းရှောင်ရှောင်းနှင့် ပိုင်ယွီတို့၏အဝတ်အစားများက ရှုပ်ပွနေသော်လည်း သာမန်လူတွေ မဟုတ်ဘူးဆိုတာကိုတော့ သိနိုင်သည်။ ဒါကိုမြင်တော့ သူ စိတ်သက်သာရာ ရသွားကာ...
"မင်းတို့က..."
"အဘိုး သမီးတို့က နည်းနည်းဒုက္ခကြုံပြီး လမ်းပျောက်သွားရာကနေ ဒီကိုရောက်လာတာပါ၊ သမီးတို့ အရင်က ရွာတွေမှာမနေခဲ့ဖူးတော့ လမ်းမှာ ဘယ်ဆိုင်မှလည်း မတွေ့ခဲ့ရဘူး၊ အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ်၊ တစ်ညတာလောက် တည်းခိုခွင့်ပြုပါနော်"
ပိုင်ယွီသည် ယဉ်ကျေးစွာ ပြောလိုက်သည်။
အဘိုးအိုသည် ထပ်မံ၍ အကဲဖြတ်နေသည်။ ရွှီဖန်းကလည်း ကြည့်ကောင်းပြီးခန့်ညားကာ လူဆိုးတစ်
ယောက်နှင့် မတူပေ။ သူတို့က လူဆိုး သို့မဟုတ် ဓားပြသာဆိုလျှင် ဒီလောက်အထိ ယဉ်ကျေးနေမှာ မဟုတ်ပေ။
ထိုအကြောင်းကို စဉ်းစားမိတော့ အဘိုးအိုသည် ရွှီဖန်းနှင့် တခြားသူများကို အလျင်အမြန်ပင် အထဲသို့ ဖိတ်ခေါ်လိုက်သည်။
"တောထဲက အိမ်ဆိုတော့ ရိုးရိုးရှင်းရှင်းပါပဲ၊ စိတ်တော့မရှိပါနဲ့...မင်းတို့ ခဏလောက်ထိုင်နေကြဦးပေါ့၊ အဘိုး တစ်ခုခုသွားကြည့်ပြီး စားစရာ ယူခဲ့မယ်"
ထိုမြင်ကွင်းကိုမြင်တော့ ပိုင်ယွီလည်း အလျင်အမြန် ကျေးဇူးတင်လိုက်သည်။
ထိုအချိန်မှာ အဘွားအိုတစ်ဦးကလည်း စကားပြောသံများကို ကြားသွားပုံရကာ ထွက်လာသည်။ သူမသည် ရွှီဖန်းတို့အဖွဲ့အား ခြံထဲမှာ ထိုင်ခိုင်း၍ စကားစမည်ပြောလေသည်။
"သားတို့ ဘယ်လိုဒုက္ခရောက်ခဲ့လို့လဲ၊ ဒီကောင်မလေးရဲ့အခြေအနေကလည်း သိပ်မကောင်းတဲ့ပုံပဲနော်"
"ကျွန်တော်တို့ကားက တောထဲမှာ ပျက်ပြီး ဒုက္ခရောက်သွားတာမလို့ အကူလိုက်ရှာရင်း ဒီနေရာကို လမ်းပျောက်ပြီး ရောက်လာတာပါ၊ သူမကလည်း ဒဏ်ရာရသွားတယ်"
ရွှီဖန်းသည် အဘွားအို၏မေးခွန်းကို ပြန်ဖြေလိုက်သည်။ အဘွားအိုက သူတို့ကို အတော်လေး သတိထားနေမှန်း သူသိသည်။ ရွှီဖန်း၏စကားများက အဘွားအိုကို စိတ်ချစေရန်အတွက် ပြောခဲ့တာဖြစ်ပြီး တစ်ကယ့်အမှန်တရားကတော့ ထိတ်လန့်စရာပင်။
ထိုစကားကို အဘွားအိုကြားသည့်အခါ စိတ်ခံစားမှုအပြည့်ဖြင့် သက်ပြင်းချသည်။
"အပြင်ထွက်လည်တာတောင် မလွယ်ပါလားနော်... ဘေးကင်းရေးကို ဦးစားပေးရမှာပဲ"
"သမီးတို့ကို လက်ခံပေးတဲ့ အဘိုးနဲ့အဘွားကို ကျေးဇူးတင်ပါတယ်...မဟုတ်ရင် တောနက်ထဲမှာ နေနေရမှာ၊ ဒီပစ္စည်းလေးက တန်ဖိုးရှိပါတယ်၊ ဒါကို သမီးတို့ရဲ့ကျေးဇူးဆပ်မှုအဖြစ် သဘောထားပေးပါ"
လင်းရှောင်ရှောင်း၏လေသံက အနည်းငယ် နူးညံ့နေခဲ့သည်။ သူမသည် သူမလက်ချောင်းကနေ လက်စွပ်
တစ်ကွင်းကို ချွတ်ယူကာ အဘွားအိုကို လှမ်းပေးလိုက်သည်။ လင်းရှောင်ရှောင်း၏လက်ပေါ်မှာရှိသည့် လက်စွပ်က များစွာတန်ဖိုးရှိကြောင်းကို စဉ်းစားစရာပင် မလိုပေ။ ဒီလိုရိုးရှင်းသည့် အဘွားအိုအတွက်တော့ တကယ်ကိုတန်ဖိုးမဖြတ်နိုင်သောပစ္စည်းတစ်ခုပင်။
အဘွားအိုသည် လင်းရှောင်ရှောင်း ချွတ်ပေးလာသော စိန်လက်စွပ်အား ပြန်တွန်းပေးကာ ခေါင်းအသာခါယမ်းလိုက်သည်။ ထို့နောက်...
"ကောင်မလေး ဒီပစ္စည်းတွေကို ကောင်းကောင်းသိမ်းထားတာ ပိုကောင်းတယ်...မကောင်းတဲ့သူတွေမြင်ရင် အန္တရာယ်ဖြစ်လိမ့်မယ်"
ထိုစကားကို ရွှီဖန်းကြားတော့ သူ့မျက်လုံးထဲ၌ သံသယအချို့ ပေါ်လာသည်။
"အဘွား အခုချိန်မှာတောင် ဓားပြတွေရှိသေးတာလား"
အခုခေတ်သည် တရားဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းတစ်ခုပင်။ လူဆိုးများ ရှိလျှင်တောင် ဒီလောက် ရဲတင်းလိမ့်မည်မဟုတ်ပေ။
"ဓားပြတွေကတော့ မရှိတော့ပါဘူး၊ အခုခေတ်မှာ လူ့အဖွဲ့အစည်းနဲ့ ချမ်းသာပါးနပ်တဲ့လူတွေရဲ့ကြားမှာ ဘာမှထူးခြားတာမရှိပါဘူးကွယ်"
အဘွားအိုသည် ရွှီဖန်းအား ကြည့်၍ပြောကာ သူမ၏မျက်လုံးထဲ၌ အားမလိုအားမရဖြစ်နေသော အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။
ထိုအခြေအနေကို မြင်တော့ ရွှီဖန်း ပို၍စိတ်ဝင်စားသွားခဲ့သည်။ ရွှီဖန်းသည် တစ်ပါးသူကို ကူညီရန် ဆန္ဒရှိသည့် လူကောင်းတစ်ယောက် မဟုတ်
သော်ငြားလည်း ဒီအဘိုးအဘွားစုံတွဲက သူတို့ကို ညအိပ်လက်ခံပေးခဲ့တာကြောင့် တတ်နိုင်လျှင် သူတို့ကို ကူညီပေးချင်ပေသည်။
"အဘွားတို့ ဒုက္ခရောက်နေတာလား"
ရွှီဖန်း အဘွားအိုကို မေးလိုက်သည်။
"ဟင့်အင်း မေ့လိုက်ပါတော့၊ သူတို့က အဘွားတို့ရဲ့ဘိုးဘွားပိုင်မြေကို လိုချင်နေတာ၊ အဘွားတို့က ခုခံနိုင်မှာ မဟုတ်ဘူးလေ၊ ရွာထဲက လာဘ်ထိုးခံရတဲ့လူတွေ၊ ခြိမ်းခြောက်ခံရတဲ့လူတွေအားလုံး ပြောင်းသွားကြပြီ၊ အဘွားတို့လည်း ရေရှည်ခံနိုင်ရည်မရှိတော့ဘူး၊ ပစ္စည်းတွေ အကုန်ထုပ်ပိုးပြီး မကြာခင်ထွက်သွားဖို့တော့ စီစဉ်ထားတာပဲ၊ ဒါပေမယ့် ဘယ်သွားရမလဲ မသိဘူး၊ ပိုက်ဆံကလည်းသိပ်မရှိဘူးလေ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး...အခုတောင် အိုမင်းနေပြီဆိုတော့ ဘယ်မှာသေသေ အတူတူပါပဲ"
ထိုသို့ပြောနေရင်း အဘွားအို၏မျက်နှာပေါ်၌ ဝမ်းနည်းမှုများ ပေါ်လာလေသည်။ ဓာတ်ကူးစက်ခံလိုက်ရသည့် ပိုင်ယွီနှင့် လင်းရှောင်ရှောင်းတို့၏မျက်လုံးများကလည်း အရည်များဝဲတက်လာကြသည်။
ရွှီဖန်း အခန်းပတ်လည်ကို ကြည့်လိုက်သည်။ ပစ္စည်းတော်တော်များများကို သေသေချာချာ ထုပ်ပိုးထားပြီး
တချို့ကို ထုပ်ပိုးပြီးစီးနေလေပြီ။ အဘိုးအဘွားစုံတွဲက ထွက်ပြေးရန် ပြင်ဆင်ထားသည့်ပုံပင်။
သူ ခေါင်းလှည့်လိုက်တော့ ပိုင်ယွီနှင့် လင်းရှောင်
ရှောင်းတို့၏ သနားကရုဏာသက်နေသော အကြည့်များကို မြင်လိုက်ရသည်။
ရွှီဖန်း သက်ပြင်းချမိတော့သည်။ ဒီလောကထဲ၌ အခုလိုကိစ္စမျိုးတွေက အလွန်များသည်။ သို့သော် ရွှီဖန်းအတွက်ကတော့ ဒီလိုကိစ္စနှင့် ကြုံရခြင်း မကြုံရခြင်းက အရေးမကြီးပေ။ ရွှီဖန်း ပါးစပ်ဟရန် ပြင်စဥ်မှာပင်
အဘိုးအိုသည် အစားအစာများ ယူ၍ ရောက်လာလေပြီ။ သူက အဘွားအိုအား မကျေနပ်သောအကြည့်ဖြင့် ကြည့်ကာ...
"ဘာလို့ ဒီအကြောင်းတွေ ပြောနေရတာလဲ၊ ငါ့ကို ခက်ခဲအောင် လုပ်နေတာလား"
"စကားပြောရုံသက်သက်ပါပဲ"
အဘိုးအို၏စကားကိုကြားတော့ အဘွားအိုကလည်းသဘောတူလိုက်ပြီး ထိုကိစ္စများကို ထပ်မပြောတော့ပေ။ ထိုမြင်ကွင်းကို မြင်တော့ ရွှီဖန်းလည်း သူ့စကားများကို မျိုချလိုက်ရသည်။ လူတိုင်းမှာ ကိုယ်ပိုင်ဘဝရှိတာမလို့ သူလည်း သူတို့ကို တစ်သက်လုံး ကူညီပေးနိုင်မည် မဟုတ်ပေ။
ထို့နောက် အဘိုးအိုက ပေါက်စီတချို့ကိုလည်း ယူလာပေးခဲ့သည်။ ရွှီဖန်း၊ လင်းရှောင်ရှောင်းနှင့် ပိုင်ယွီတို့လည်း အနည်းငယ် ဆာလောင်နေကြလေပြီ။ သူတို့ပေါက်စီ၊ ဆားရည်စိမ်ဟင်းသီးဟင်းရွက်များနှင့်အတူ ဆန်ပြုတ်ပူပူကို သောက်သုံးလိုက်ကြသည်။
စားသောက်ပြီးနောက်မှာ လင်းရှောင်ရှောင်းက အဘိုးအိုကို လက်စွပ်လက်ခံပေးရန် ဆက်လက်၍ အတင်းတောင်းဆိုခဲ့သည်။ အဘိုးအိုကတော့ ရိုးရှင်းသည့် အကူအညီမလို့ ဆုလာဘ်မယူဘူးဟု ပြောကာ မယူခဲ့ပေ။
သို့သော်လည်း ဒီတစ်ကြိမ်မှာတော့ လင်းရှောင်ရှောင်းသည် ဆက်၍ အတင်းအကျပ်ပေးခဲ့သည်။ နောက်ဆုံးမှာတော့ အဘိုးအိုလည်း သဘောတူကာ လက်စွပ်ကို သိမ်းလိုက်ရလေ၏။
ရွှီဖန်းသည် လင်းရှောင်ရှောင်း၏ခန္ဓာကိုယ်ကို ထပ်မံစစ်ဆေးခဲ့ရာ တည်ငြိမ်သွားပြီဖြစ်၏။ နောက်ထပ် ကြီးကြီးမားမား ပြဿနာများ မဖြစ်လာနိုင်တော့ပေ။ မနက်ဖြန်ရောက်လျှင် မြို့ထဲကိုပြန်ပြီး ဆေးရုံမှာ ခဏတာ အနားယူရမည်။
ထို့နောက်မှာတော့ သူတို့သုံးယောက်စလုံး အဘိုးအဘွားစုံတွဲ၏အိမ်မှာ တည်းခိုခဲ့ကြသည်။သို့သော် အိမ်ထဲတွင် အခန်းနှစ်ခန်းသာ ရှိတာကြောင့် သူတို့သုံးယောက် ပြွတ်သိပ်ကာ တည်း၍မရခဲ့ပေ။ ကုတင်ကလည်း သေးတာကြောင့် ရွှီဖန်းသည် လင်းရှောင်ရှောင်း၊ ပိုင်ယွီတို့နှင့် တစ်ကုတင်တည်းမှာ ပြွတ်သိပ်ပြီးအိပ်လို့ မရနိုင်ပေ။ ကံကောင်းစွာနှင့်ပင် ရွှီဖန်းကလည်း ဒါကို ဂရုမစိုက်တာကြောင့် ဖျာတစ်
ချပ်ခင်းကာ ကြမ်းပြင်ပေါ်မှာ အိပ်ရန် ပြင်ဆင်လိုက်
သည်။
"ရှင် ကုတင်ပေါ်မှာ အိပ်သင့်တယ်၊ ကျွန်မတို့ ပြွတ်
သိပ်ပြီးအိပ်လည်း ကိစ္စမရှိပါဘူး၊ ကျွန်မတို့တွေ သေခြင်းရှင်ခြင်းကိုတောင် အတူတူကျော်ဖြတ်ခဲ့ပြီးပြီပဲ၊ ဘာလို့ ဒါကို ဂရုစိုက်နေရမှာလဲ"
လင်းရှောင်ရှောင်းသည် ရွှီဖန်းအား ကုတင်ပေါ်မှာ အိပ်ရန် ပြောလိုက်သည်။ ရွှီဖန်း စကားပြောရန် ပြင်စဥ်မှာပင် သူ့မျက်ခုံးများ ရုတ်တရက် ကျုံ့သွားခဲ့သည်။
"ရှူး!"
ရွှီဖန်းသည် သူ့လက်ညှိုးကို နှုတ်ခမ်းပေါ်တင်၍ တိတ်ဆိတ်ရန် အချက်ပြလိုက်သည်။ ဘေးနားမှာ ကုတင်ပြင်နေသည့် ပိုင်ယွီနှင့် အဘွားအိုတို့လည်း ရွှီဖန်း၏အပြုအမူကို မြင်သောအခါ စကားပြောတာကို ချက်ချင်း ရပ်လိုက်ကြသည်။ အဘွားအိုနှင့်အဘိုးအိုတို့နှစ်ယောက်လည်း ဘာမှထပ်မပြောရဲကြတော့ပေ။
"ဘာဖြစ်တာလဲ"
လင်းရှောင်ရှောင်းသည် အသံကို နှိမ့်ချပြီး မေးလိုက်သည်။
"တစ်ယောက်ထက်ပိုတဲ့လူတွေ ချဉ်းကပ်လာနေတယ်"
ရွှီဖန်းက သူ့လက်ညှိုးကို နှုတ်ခမ်းပေါ်မှာ တင်ထားတုန်းပင်။ ညသန်းခေါင်ကြီးမှာ ဘယ်သူတွေ လာမှာလဲ။
အဘိုးအိုတို့နှစ်ယောက်လည်း ကြောက်လန့်တကြားဖြင့် စကားမပြောရဲတော့ပေ။ သူတို့ မီးကို မှုတ်ပစ်
ချင်သော်လည်း ရွှီဖန်း တားဆီးခဲ့သည်။
ထို့နောက် အဘိုးအိုသည် တံခါးဆီသို့ လျှောက်သွားကာ အနည်းငယ် ဆွဲဖွင့်လိုက်သည်။ အပြင်ဘက်မှာ မှောင်မည်းနေပြီး လေတိုက်သံကလွဲ၍ တခြားဘာအသံမှ မကြားရပေ။
သို့သော် ရွှီဖန်းက တစ်ယောက်ယောက်ရှိတယ်ဟု ပြောခဲ့မှတော့ မသေချာပေ။ ပိုင်ယွီနှင့်
လင်းရှောင်ရှောင်းတို့လည်း ရွှီဖန်းနှင့် တော်တော်လေး ရင်းနှီးပြီးသားဖြစ်ရာ စိတ်မလုံမခြုံ ဖြစ်လာကြသည်။ သူတို့ တစ်ဖက်ကိုလှည့်ကာ ရွှီဖန်းအား မေးလိုက်သည်။
"လူ ဘယ်နှစ်ယောက်လဲ"
ရွှီဖန်းသည် တံခါးအပြင်ဘက်ကို ကြည့်ကာ...
"မသေချာဘူး၊ ယာဉ်မောင်းတစ်ယောက်ထက်တော့ ပိုတယ်၊ သူတို့ ဒီဘက်ကို လာနေကြပြီ"
ရွှီဖန်း၏မျက်နှာအမူအရာမှာ ဘာမှမပြောင်းလဲသွားဘဲ ပုံမှန်အတိုင်းသာ အေးအေးဆေးဆေးပင် ရှိနေခဲ့သည်။ ဒါကို မြင်တော့ ပိုင်ယွီနှင့် လင်းရှောင်ရှောင်းတို့လည်း အနည်းငယ် စိတ်အေးသွားကြသည်။ စဉ်းစားကြည့်တော့လည်း မှန်ပေ၏။ ရွှီဖန်းသာရှိနေလျှင် ဘယ်သူကမှ သူတို့ကို ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ပေ။
သို့သော် အဘိုးအဘွားစုံတွဲကတော့ မတူပေ။ သူတို့စိတ်ရှုပ်ထွေးကာ စိုးရိမ်နေကြသည်။ ဘယ်သူတွေ လာတာလဲဟု မေးလိုက်သော်လည်း အသံကျယ်ကျယ်ဖြင့် မမေးရဲခဲ့ကြပေ။ သူတို့၏နှလုံးခုန်နှုန်းမှာ မြန်ဆန်နေပြီး ခပ်တိုးတိုးရေရွတ်နေကြသည်။
"အဲ့ဒီလူတွေတော့ မဖြစ်နိုင်ဘူးမလား"
"ဘယ်သူတွေလဲ"
ရွှီဖန်းလည်း မှင်သက်သွားသည်။ သူ အဘိုးအိုတို့နှစ်ယောက်ကို အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
"အဘိုးတို့ရွာသားတွေကို မောင်းထုတ်ခဲ့တဲ့သူတွေ၊ ဒီနေ့ မင်းတို့ကို ပြောပြခဲ့တဲ့လူတွေပေါ့"
အဘိုးအို၏ခန္ဓာကိုယ်မှာ ပြောနေရင်းဖြင့် တုန်ယင်နေဆဲဖြစ်ကာ သူ့မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုအခြေအနေကို မြင်တော့ ရွှီဖန်းလည်း မျက်မှောင်
အနည်းငယ်ကြုတ်သွားသည်။ လင်းရှောင်ရှောင်းနှင့် ပိုင်ယွီကတော့ ရွှီဖန်းက သူတို့ကို ကာကွယ်ပေးမည်ဟု ပြောကာ အဘိုးအိုတို့ကို နှစ်သိမ့်ပေးနေကြသည်။
သို့သော် အဘိုးအိုတို့နှစ်ယောက်က ရွှီဖန်းအကြောင်းကို မသိပေ။
"သမီးတို့ မြန်မြန်ထွက်သွားပြီး တောထဲမှာ ပုန်းနေကြ၊ သူတို့နဲ့ ပဋိပက္ခမဖြစ်စေကြနဲ့၊ သူတို့ကို ရန်စလို့မရဘူး၊ သူတို့မှာ သေနတ်တွေ ရှိတယ်"
"သေနတ်လား"
ထိုစကားကို ကြားတော့ လင်းရှောင်ရှောင်းမှာ မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒါဆို သာမန်လူဆိုးများ မဖြစ်နိုင်ပေ။
သို့သော် ရွှီဖန်း၏မျက်နှာမှာတော့ ဘာအမူအရာမှမရှိနေပေ။ သူ့ရင်ဘတ်ရှေ့တွင် အချက်ပြခေါင်းလောင်း ရှိနေတာကြောင့် သေနတ်က ရွှီဖန်းအတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။
ပိုင်ယွီကလည်း ထိုအရာကို အသိဆုံးပင်။ သူမ အဘိုးအိုကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။
"မစိုးရိမ်ပါနဲ့၊ သူရှိနေရင် ဘာမှဖြစ်မှာ မဟုတ်ဘူး"
ပိုင်ယွီသည် ရွှီဖန်း၏နောက်ကျောကို ကြည့်နေရင်း သူမ၏မျက်နှာပေါ်၌ လုံးဝ ထိတ်လန့်နေခြင်းမရှိပေ။
"ဒါက..."
ပိုင်ယွီနှင့် လင်းရှောင်ရှောင်းတို့၏ အမူအရာများကို မြင်တော့ အဘိုးအိုတို့နှစ်ယောက်လည်း ဘာလုပ်ရမှန်းမသိတော့ပေ။ သူတို့က ဒီလူငယ်လေးကို ဘာလို့ဒီလောက်တောင်ယုံကြည်နေကြပြီး သေနတ်ကိုတောင် မကြောက်ရသလဲဆိုတာကို နားမလည်နိုင်ဖြစ်နေကြသည်။
ထိုအချိန်၌ ကားသံနှင့်လူသံများအား လေညင်းက အိမ်ထဲသို့ သယ်ဆောင်လာခဲ့သည်။
"ဟင်း...နောက်ကျသွားပြီ"
အဘိုးအဘွားနှစ်ယောက်သည် ထိုအသံများကို ကြားသောအခါ ကုတင်ပေါ် ထိုင်ချလိုက်ကြပြီး ရွှီဖန်း၊ လင်းရှောင်ရှောင်းနှင့် ပိုင်ယွီတို့အား နောင်တရနေသည့် မျက်လုံးများဖြင့် ကြည့်ကာ ခေါင်းခါလိုက်ကြသည်။
"ဒီမှာ အိမ်တစ်လုံး ရှိနေသေးတယ်!"
"ဒါက ဟိုအဘိုးအဘွားစုံတွဲရဲ့ အိမ်ဖြစ်ရမယ်"
"သူတို့ ရွှေ့ပြောင်းသွားပြီမဟုတ်ဘူးလား!"
"မဟုတ်ဘူး"
"မင်း ဘယ်လိုတွေလုပ်နေတာလဲ...ငါနဲ့ အတူလိုက်
ဝင်ခဲ့"
"သူတို့ဆီက ငွေညှစ်နိုင်သေးတယ်ထင်လို့"
အပြင်ကလူများသည် သူတို့၏စကားဝိုင်းကို မကြားရအောင် တားဆီးထားခြင်း မရှိခဲ့ပေ။ ရွှီဖန်းသည် ထိုစကားများကို ကြားသောအခါ တစ်ချက်ပြုံးလိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်သည်။ ဒါဟာ ကြောက်ရွံ့မှု မဟုတ်ဘဲ ပမာမခန့်ပြုမှုပင်။ သူ နောက်ထပ် သတိထားစရာ မလိုတော့ပေ။
ဘုန်း!
တံခါးကို ခြေထောက်နှင့် ကန်ဖွင့်လာကြပြီး ကြီးမားသန်မာသော လူငါးယောက်ခြောက်ယောက်သည် ခြံဝင်းထဲသို့ ဝင်လာကြသည်။
အဘိုးအဘွားစုံတွဲခဗျာ ကြောက်လန့်တကြားဖြင့် ခန္ဓာကိုယ်များ တုန်ယင်နေကြသည်။ သူတို့အလျင်အမြန် မတ်တပ်ရပ်ကာ လက်အုပ်ချီ၍...
"ငါတို့ ရွှေ့တော့မှာပါ...ကြည့်ပါဦး...ပစ္စည်းတွေလည်း အကုန်ထုပ်ပိုးပြီးပါပြီ၊ ငါတို့လူအိုကြီးတွေရဲ့အရိုးကို ထပ်ပြီး မခြောက်လှန့်ပါနဲ့တော့"
အဘိုးအဘွားနှစ်ယောက်၏အပြုအမူများက ရွှီဖန်းကို မှင်သက်သွားစေခဲ့သည်။ ရွှီဖန်း၏အမြင်အရဆိုလျှင် အဘိုးအဘွားနှစ်ယောက်သည် သေမှာမကြောက်
ကြပေ။ ခဏတာမျှစဉ်းစားပြီးနောက်မှ ရွှီဖန်း နားလည်သွားခဲ့သည်။ အဘိုးအဘွားနှစ်ယောက်သည် ထိုလူအုပ်စုက သူတို့အား သတိထားမိသွားမှာကို ကြောက်နေကြပုံရ၏။
တံခါးဝရှိ လူအနည်းငယ်သည် ကျယ်လောင်စွာဖြင့် ရယ်မောလာကြသည်။ အဘိုးအိုနှင့် အဘွားအိုအား သူတို့ အဖက်မလုပ်ကြပေ။
လင်းရှောင်ရှောင်းနှင့်ပိုင်ယွီတို့ကို မြင်သောအခါ သူတို့၏မျက်နှာများသည် အနည်းငယ် ပူပြင်းသွားကြသည်။ သူတို့ ရွှီဖန်းကိုလည်း မြင်လိုက်ကြပြီး သူသည် ဖြောင့်ဖြောင့်မတ်မတ်ထိုင်နေပြီး ထိတ်လန့်နေသောအမူအရာလုံးဝမရှိသည်ကို သတိထားမိသွားကြသည်။
ထိုလူအနည်းငယ်သည် သတိမထားဘဲ မနေနိုင်ခဲ့ချေ။ ရွှီဖန်းနှင့်တခြားသူများ၏အဝတ်အစားကို ကြည့်ခြင်းအားဖြင့် ဒီရွာကလူတွေ မဟုတ်မှန်း ထင်ရှားလှသည်။
"မင်းတို့က ဘယ်ကလဲ"
လူတစ်ယောက်သည် အခန်းထဲသို့ဝင်လာပြီး ရွှီဖန်းကို လက်ညှိုးထိုးကာ မေးလာသည်။
"ပေကျင်း"
ရွှီဖန်းလည်း မနှေးမမြန် ပြန်ဖြေလိုက်သည်။
"ဒီကို ဘာလာလုပ်တာလဲ၊ ဘယ်သွားမလို့လဲ"
အနောက်မှ ဥပဓိရုပ်တောင့်တင်းသော လူတစ်
ယောက်က ထပ်မေးလာသည်။ သူက ပြုံး၍မေးနေသော်လည်း မကောင်းသည့် ရည်ရွယ်ချက်ရှိနေတာတော့ ထင်ရှားပေ၏။
ရွှီဖန်းတို့က ပေကျင်းကနေ ရောက်လာသည်ဟု သူတို့ သိလိုက်ရတာကြောင့် ချမ်းသာသည့်လူများဖြစ်ရမည်ဟု အတွေးဝင်သွားသည့်ပုံပင်။
********************