လီစီးချီ၏ သွားပုပ်လေလွင့်စကား
Vol. 24 Ch. 350
"တဏှာရူး ရွှီဖန်းတဲ့လား"
ဖန်ယွီနင်းသည် ယွီကျန့်ဟိုင်၏စကားကို ကြားသောအခါ သူမ၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ သူမ ရှယန်ယွိအား တောင်းပန်သောအပြုံးဖြင့် ကြည့်ကာ ချက်ချင်းပင်လှည့်၍ ယွီကျန့်ဟိုင်၏ လက်မောင်းကို ဆွဲလိုက်သည်။
"ရှင် ဘာတွေပြောနေတာလဲ...လူမှားနေပြီ! ရွှီသာ့ကောက ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးရဲ့ဥက္ကဋ္ဌပါဆို"
ဒီကိုမလာခင်ကတည်းက သူ၏မာနတရားကို အနည်းငယ်လျှော့ပေးရန် သူမ မျှော်လင့်မိကြောင်း ထပ်ခါတလဲလဲ ပြောခဲ့ပေသည်။ ထို့အပြင် ရွှီဖန်း၏ပုံရိပ်ကို ထိပါးခြင်းမှာ သူမတို့ မစော်ကားသင့်သောကိစ္စဖြစ်ပြီး ရှယန်ယွိပင်လျှင် သူမချစ်သူသူမ စော်ကားပြောဆိုခွင့်မရှိပေ။
ယွီကျန့်ဟိုင်က ဖန်ယွီနင်း၏စကားများကို သိသာစွာပင် အဖက်မလုပ်ပေ။ သူ ရွှီဖန်းအား မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ ဒေါသအရိပ်အယောင်ပင် ရှိနေလေသည်။
"လီစီးချီကို သိတယ်မလား"
သူ ရွှီဖန်းကို ကြည့်၍ မေးလိုက်သည်။
ရွှီဖန်းလည်း ထိုနာမည်ကိုကြားတော့ မှင်သက်သွားခဲ့သည်။ ထို့နောက် စဉ်းစားဟန်ဖြင့် ယွီကျန့်ဟိုင်ကို ခေါင်းညိတ်ပြကာ....
"သူမက လရောင်ကြော်ငြာကုမ္ပဏီကပဲ၊ ငါ့ကို ကြော်ငြာအဆိုပြုချက်ပေးခဲ့ပေမယ့် ငြင်းလိုက်သေးတယ်"
ရွှီဖန်း ပြောနေရင်းဖြင့် ယွီကျန့်ဟိုင်ကို ဒေါသထွက်တော့မည့် ရှယန်ယွိကို တားရန်အတွက် လက်ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူ ခေါင်းမော့ကာ ယွီကျန့်ဟိုင်ကို ဆက်ပြောရန် အချက်ပြလိုက်သည်။
ဖန်ယွီနင်းသည် ယွီကျန့်ဟိုင်၏လက်မောင်းကို ထပ်ဆွဲခဲ့သော်ငြား အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
"ဟမ့်! ဟုတ်တယ်... မင်း ငြင်းမှာပဲမလား"
ယွီကျန့်ဟိုင်သည် နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာပေါ်
တွင် အပြုံးတစ်ခုတင်ကာ ရွှီဖန်းကို ကြည့်လိုက်သည်။
"သူ့ရဲ့အဆိုပြုချက်ကို မင်း စိတ်မဝင်စားဘူးလို့ မပြောနဲ့"
"ငါ သူ့အဆိုပြုချက်ကို တကယ်စိတ်မဝင်စားဘူး၊ မဟုတ်ရင် ဘာလို့ငြင်းမှာလဲ"
ရွှီဖန်း လက်ဖြန့်လိုက်သည်။ သူ ယွီကျန့်ဟိုင်၏စကားကို နားမလည်သော်လည်း ရိုးရိုးသားသားပင် ပြန်ဖြေခဲ့သည်။
"ဟားဟားဟား!"
ယွီကျန့်ဟိုင်၏မျက်လုံးက ကျဉ်းမြောင်းသွားကာ...
"ငါ ပြောပြမယ်၊ အဲ့ဒီလီစီးချီက ငါ့ဂျူနီယာရဲ့ ညီမလေးပဲ၊ သူ့ကို ငါ နားလည်ထားပုံအရဆိုရင် သူက တက္ကသိုလ်ပထမနှစ်ကနေ ဘွဲ့ရတဲ့အထိ ဌာနတစ်ခုလုံးမှာ ထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်ခဲ့တယ်၊ မင်းက သူ့အဆိုပြုချက်ကိုမကြိုက်ဘူးလို့ ပြောနေတာ တကယ်ရယ်စရာကောင်းတယ်"
"ဒါဆို မင်းက သူ့အတွက် ငြင်းခုန်ပေးနေတာလား"
ရွှီဖန်းကတော့ မှင်သက်နေသည်။
ငါ လီစီးချီရဲ့အဆိုပြုချက်ကို ငြင်းခဲ့တာ ယွီကျန့်ဟိုင် သိသွားတာလား ဒါမှမဟုတ် ငါ့ကိုလက်စားချေချင်လို့ လီစီးချီက ယွီကျန့်ဟိုင်ကို သွားပြောထားတာလား။
ထိုအကြောင်းကို တွေးမိသောအခါ ရွှီဖန်း၏မျက်လုံးများက မည်းမှောင်သွားခဲ့သည်။ ဒါကသာ ယွီကျန့်ဟိုင်၏အစီအစဉ်ဆိုလျှင် ရွှီဖန်း မည်သူ့မျက်နှာမှ ထောက်တော့မည် မဟုတ်ပေ။
"မင်းက ဟန်ဆောင်နေတုန်းပဲလား...တကယ် ရယ်စရာကောင်းလွန်းတယ်၊ မင်းရဲ့ဆိုးရွားတဲ့ မျက်နှာကို ဒီနေ့ ဖော်ထုတ်ပြမယ်! မင်းမှာ ပိုက်ဆံတွေရှိတာကို ငါ သိတယ်၊ ဒါပေမဲ့ လောကမီဒီယာရဲ့ ငါက မင်းလို လိင်ပိုင်းဆိုင်ရာတဏှာရူးကောင်ကို ဖော်ထုတ်ဖို့အတွက်၊ အပြစ်မဲ့မိန်းကလေးတွေ မင်းရဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို မခံရအောင် ကာကွယ်ဖို့အတွက် ငါ့ဘဝကိုတောင် စွန့်ပြီး ကုမ္ပဏီဒေဝါလီခံရရင်တောင်မှ မင်းကိုဖော်ထုတ်ပြမယ်!"
ထိုသို့ပြောရင်း ယွီကျန့်ဟိုင်၏မျက်နှာပေါ်၌ ဖြောင့်မတ်၍သူရဲကောင်းဆန်သောအမူအရာ ပေါ်လာလေသည်။
"ရှင့်ရဲ့သေးငယ်တဲ့ မီဒီယာကုမ္ပဏီလေးက ပြဿနာရှာနိုင်မယ်လို့ ထင်နေလား"
ရွှီဖန်းကို ထပ်ခါထပ်ခါ စော်ကားနေသည့် ယွီကျန့်ဟိုင်ကို ကြည့်၍ ရှယန်ယွိသည် သူမစိတ်ထဲရှိဒေါသကို မထိန်းနိုင်ခဲ့ပေ။ လက်ရှိအချိန်၌ သူမ ဖန်ယွီနင်း၏မျက်နှာကိုတောင် ဂရုမစိုက်နိုင်တော့ပေ။ ယွီကျန့်ဟိုင်က အရမ်းလွန်နေလေပြီ။
"နားလည်မှုလွဲနေတာဖြစ်ရမယ်၊ ယန်ယွိ...ဒေါသမထွက်ပါနဲ့၊ ငါ ယွီကျန့်ဟိုင်ကိုမေးကြည့်ပါရစေဦးနော်"
ထိုသို့ပြော၍ ဖန်ယွီနင်းသည် ချက်ချင်းပင် ယွီကျန့်ဟိုင်ဘက်ကို လှည့်ကာ ယွီကျန့်ဟိုင်ကို မျက်စိမှိတ်ပြကာ..
"ဘာတွေဖြစ်နေတာလဲ"
သူမ၏အမူအရာသည် ယွီကျန့်ဟိုင်အား ဘာကိစ္စပဲဖြစ်ဖြစ် ဆက်မလုပ်ရန် ပြောလိုသည်မှာ သိသာပေသည်။
ဖန်ယွီနင်းကိုတွန်းဖယ်ပြီးနောက် ယွီကျန့်ဟိုင်သည် ရှယန်ယွိကို ကြည့်၍...
"ဟမ့်! မစ္စရှ ဒေါသမထွက်ပါနဲ့ဦး၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်ပြောပြရင် မင်းဘေးနားက လူကို သေချာပေါက်မုန်းသွားရလိမ့်မယ်"
"ရှင်..."
ရှယန်ယွိသည် ယွီကျန့်ဟိုင်၏စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူမမျက်နှာပေါ်ရှိ ဒေါသများက ပိုတိုးလာသည်။ သူမ ရှေ့တက်ရန် ပြင်တုန်းမှာပင် ရွှီဖန်းက လက်မြှောက်ပြီး သူမကိုနောက်ပို့ကာ အရှေ့မှာ ကာလိုက်သည်။
"သူ ပြောပါစေ"
ရွှီဖန်း ယွီကျန့်ဟိုင်ကိုကြည့်ကာ ပြောလိုက်သည်။
ရှယန်ယွိသည် ဘာမှပြန်မပြောခဲ့သော်ငြား ခြေတစ်
လှမ်းဆုတ်လိုက်လေသည်။ သို့သော် သူမ၏အမူအရာကတော့ ယွီကျန့်ဟိုင်ကိုကြည့်စဥ်၌ အေးစက်နေခဲ့သည်။ ရှယန်ယွိသည် ရွှီဖန်း၏အရှေ့၌ နူးညံ့သောအမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း တခြားသူများရှေ့မှာတော့ အေးစက်သည့် ဥက္ကဌတစ်ဦး ဖြစ်နေဆဲပင်။
ရှယန်ယွိ၏တုံ့ပြန်မှုကြောင့် ယွီကျန့်ဟိုင် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ခဏအကြာမှာတော့ သူ လှောင်ပြောင်လိုက်သည်။
"ကိစ္စမရှိဘူး...မစ္စရှကို အခုချက်ချင်း ပြောပြမယ်၊ မင်းအရှေ့က ဒီလူက ဘယ်လိုလူမျိုးလဲဆိုတာကိုပေါ့"
ထိုလိုပြောရင်း ယွီကျန့်ဟိုင်သည် သူ့အကြည့်ကို ရွှီဖန်းဆီလှည့်ကာ စိုက်ကြည့်လိုက်သည်။
ရွှီဖန်း၏အမူအရာကတော့ တည်ငြိမ်နေဆဲပင်။ သူက ယွီကျန့်ဟိုင်ကို ဆက်ပြောရန်အတွက် လက်ဟန်ခြေဟန် ပြလိုက်သည်။
"လီစီးချီက ချန်ဟိုင်းတက္ကသိုလ်က ကျောင်းအလှမယ်တစ်ဦးပဲ၊ သူ့ပုံစံက ဘယ်ယောက်ျားမဆို မတောင့်ခံနိုင်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ စွမ်းရည်ကိုလည်း မင်း ငြင်းဆန်နိုင်မှာမဟုတ်ဘူး"
သူ ရွှီဖန်းအား ဖြောင့်မတ်သောအမူအရာဖြင့် လက်ညှိုးထိုးကာ...
"မင်းက တကယ်တမ်းကျတော့ သူ့အလှကို တပ်မက်လို့ အကျပ်ကိုင်ချင်ခဲ့တာ၊ ဒါပေမယ့် ဟိုက ငြင်းတော့ မင်း ရှက်သွားပြီး သူ့ရဲ့အဆိုပြုချက်ကို ငြင်းခဲ့တာပဲ၊ မင်းလိုလူက ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အမှိုက်ပဲ! ငါ့ရဲ့လောကမီဒီယာက နောက်ဆုံးအထိ မင်းကိုဆွဲချဖို့ တိုက်ပွဲဝင်သွားမယ်!"
"ထင်ထားတဲ့အတိုင်းပဲ"
ရွှီဖန်းသည် ယွီကျန့်ဟိုင်ကို ကြည့်၍ သူ့ဘာသာသူ ရေရွတ်မိသည်။ ထို့နောက် လီစီးချီ၏ပုံရိပ်က သူ့စိတ်ထဲမှာ ပေါ်လာကာ ရွှီဖန်း၏နှုတ်ခမ်းထောင့်၌ ဆိုးသွမ်းသည့်အပြုံးတစ်ခု တောက်ပသွားခဲ့သည်။
"ရှင် ပြောလို့ပြီးပြီလား"
ရွှီဖန်း ပါးစပ်မဖွင့်ရသေးခင်မှာပင် ရှယန်ယွိက ယွီကျန့်ဟိုင်ကို မေးလာသည်။ ရှယန်ယွိ၏စကားကို ကြားတော့ ယွီကျန့်ဟိုင်လည်း မှင်သက်သွားခဲ့သည်။ ထို့နောက် သူ တစ်ခုခုကို တွေးမိပုံရကာ...
"မစ္စရှ မယုံရင် ကျွန်တော့်ဂျူနီယာရဲ့ ညီမလေးနဲ့ လိုက်တွေ့လို့ရတယ်၊ သူ ကိုယ်တိုင်ပြောခဲ့တာ...အထူးတလည်လာရှာပြီးကို ပြောပြခဲ့တာ၊ ကျွန်တော်လည်း အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဒီအမှိုက်ကို သူမအတွက် အပြစ်ပေးရလိမ့်မယ်"
ယွီကျန့်ဟိုင်ကတော့ ရှယန်ယွိက သူ့ကို မယုံဘူးဟု ထင်နေခဲ့သည်။
"ဟမ့်!"
ရှယန်ယွိသည် ထိုစကားကို ကြားသည့်အခါ နှာမှုတ်
လိုက်သည်။ ထို့နောက် သူမ ယွီကျန့်ဟိုင်အရှေ့တွင် ရွှီဖန်း၏လက်မောင်းကို ဆွဲကိုင်လိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
"ရှင်ဘာပဲလုပ်ချင်လုပ်ချင် အဲ့ဒါ ရှင့်ကိစ္စပဲ၊ ဒါပေမဲ့ ယွီ
နင်းအတွက်ထောက်ထားပြီး ကျွန်မ ရှင့်ကို ဆုံးမပေးဦးမယ်၊ မစော်ကားသင့်တဲ့လူတွေကို ရှင် မစော်ကားသင့်ဘူး၊ မဟုတ်ရင် နောင်တရဖို့ အချိန်တောင် မီမှာ မဟုတ်ဘူးနော်၊ ပြီးတော့ ကျွန်မရဲ့ခင်ပွန်းက အဲ့ဒီလိုလူမျိုး မဟုတ်ဘူး"
"မဟုတ်ဘူး...မစ္စရှ"
ယွီကျန့်ဟိုင်သည် ရှယန်ယွိ၏စကားကို ကြားသောအခါ ထိတ်လန့်သွားခဲ့သည်။ ရှယန်ယွိ ဘာလို့ သူ့ကို မယုံရတာလဲဆိုတာကို နားမလည်ခဲ့ပေ။
ယွီကျန့်ဟိုင်မှ ရှယန်ယွိရှိရာသို့ တိုးတော့မည့်အချိန် ရွှီဖန်းသည် လက်လှမ်း၍ သူ့ခြေလှမ်းများကို တားလိုက်သည်။
သို့သော်လည်း ထိုလုပ်ရပ်က ယွီကျန့်ဟိုင်ကို ဒေါသထွက်သွားစေခဲ့သည်။ ယွီကျန့်ဟိုင်သည် အရှေ့ကိုလျှောက်နေတာ ရပ်သွားသော်လည်း သူ့မျက်လုံးကတော့ ရွှီဖန်းကို ဒေါသအပြည့်ဖြင့် ကြည့်နေသည်။
"မင်းလက်ကို ဖယ်လိုက်"
"ဘာလုပ်နေတာလဲ"
ထိုအချိန်၌ ဘေးမှာ ရပ်နေသည့် ဖန်ယွီနင်း၏မျက်နှာအမူအရာကလည်း မကောင်းတော့ပေ။ သူမ ယွီကျန့်ဟိုင်ကို နောက်ပြန်ဆွဲရန် လက်လှမ်းလိုက်သည်။
ဖန်ယွီနင်း၏လက်က ယွီကျန့်ဟိုင်လက်မောင်းကို ထိသွားသည်နှင့် ယွီကျန့်ဟိုင်သည် ဖန်ယွီနင်း၏လက်မောင်းကို အရင်ခါထုတ်ကာ ချက်ချင်းပင်လှည့်၍ စိုက်ကြည့်လာသည်။
"မင်းရဲ့ခင်ပွန်းဘက်က ရပ်တည်ရကောင်းမှန်းတော့မသိဘဲ ငါ့ကို ဆွဲဖို့ပဲ သိတာလား! မင်း ရူးနေပြီလား! ဟမ်! သွားစမ်းပါ!"
ယွီကျန့်ဟိုင်သည် ဒေါသထွက်လွန်း၍ သူ့မျက်နှာကတောင် တုန်ရီနေလေသည်။
"ရှင်!"
ဖန်ယွီနင်းလည်း အံ့သြသွားသည်။ ယွီကျန့်ဟိုင်
ကြောင့် လန့်သွားတာပဲလား သို့မဟုတ် ယွီကျန့်ဟိုင်၏အမူအရာကြောင့် မှင်သက်သွားတာပဲလား မသိနိုင်ပေ။ သူမ ယွီကျန့်ဟိုင်ကို မယုံကြည်နိုင်စွာ ကြည့်နေပြီး အချိန်အကြာကြီးအထိ စကားမပြောနိုင်ခဲ့ပေ။ သူမ၏ မျက်လုံးများက နီရဲလာ၏။
"မင်းက ငိုဖို့ပဲ သိတယ်! ငိုတာကလွဲရင် တခြားဘာသိသေးလဲ!"
ယွီကျန့်ဟိုင်သည် ဖန်ယွီနင်းအား စိုက်ကြည့်၍ ပြောလိုက်သည်။ ထို့နောက် သူ လှည့်ကာ ရွှီဖန်းကို တဖန်
စိုက်ကြည့်လိုက်သည်။
"မင်းမှာ သတ္တိရှိရင် ငါ့ကို ထောက်ပြစမ်းပါ!"
လက်ရှိအချိန်၌ ယွီကျန့်ဟိုင်သည် ရွှီဖန်းနှင့် တစ်လှမ်းသာ ကွာဝေးတော့သည်။ သူ၏ အရပ်ရှည်ပြီး သန်မာသော ခန္ဓာကိုယ်ဖြင့် ရွှီဖန်းအား ဖိအားပေးချင်နေသည့်အလားပင်။ သူ့အကြည့်ကလည်း ရွှီဖန်းကို အထင်သေးနေပြီး စိန်ခေါ်သောအမူအရာအပြည့်ဖြင့် ကြည့်နေခဲ့သည်။
ရှယန်ယွိသည် နောက်ကိုတစ်လှမ်းဆုတ်ကာ ရွှီဖန်း၏လက်ကို လွှတ်လိုက်သည်။ ရွှီဖန်းလည်း ခဏတာ မျှ မှင်သက်သွားကာ ရှယန်ယွိကို လှည့်ကြည့်လိုက်
မိသည်။ ရှယန်ယွိ၏အပြုံးကြောင့် သူမဆိုလိုချင်သောအဓိပ္ပာယ်ကို သူ နားလည်ခဲ့သည်။ ယွီကျန့်ဟိုင်၏စကားများက ရှယန်ယွိကို လုံးဝဒေါသထွက်စေခဲ့တာကြောင့် ယွီကျန့်ဟိုင်အား ရွှီဖန်း သင်ခန်းစာပေးနိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်းပင်။
ရွှီဖန်း သူမကို ပြုံးပြ၍ လက်ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ယွီကျန့်ဟိုင်ကို ကြည့်ကာ...
"ဒီကနေ ခုန်ချလိုက်၊ မဟုတ်ရင် ငါ မင်းကို ပစ်ချမယ်"
ထိုသို့ပြောရင်း ရွှီဖန်းသည် ဘေးနားရှိရေကန်ကို လက်ညှိုးထိုးပြလိုက်သည်။
ယွီကျန့်ဟိုင်သည် ထိုစကားကိုကြားသောအခါ မှင်
သက်သွားခဲ့သည်။ သူ ရွှီဖန်းကို ကြည့်၍ ရယ်လိုက်
မိသည်။
"မင်း ယုံကြည်မှုရှိလို့လား"
ထိုသို့ပြော၍ ယွီကျန့်ဟိုင်သည် သူ့အင်္ကျီလက်ကို ခေါက်တင်ကာ တိုက်ခိုက်ရန် ပုံစံယူလိုက်သည်။
"မြန်မြန်သွားပါ မစ္စတာရွှီ၊ သူက ကိုယ်ခံပညာလေ့ကျင့်ထားတယ်"
သို့သော် ထိုအချိန်၌ ဖန်ယွီနင်းသည် ရုတ်တရက်ပင် ဘေးကနေပေါ်လာကာ ယွီကျန့်ဟိုင်၏အရှေ့မှာရပ်၍
သူမလက်မောင်းများဖြင့် တားလာခဲ့သည်။
"မင်း ... ခွေးမ!"
ယွီကျန့်ဟိုင်သည် ဖန်ယွီနင်း၏လုပ်ရပ်ကြောင့် ဒေါသထွက်သွားခဲ့သည်။ သူ ဆဲဆိုကာ ဖန်ယွီနင်း၏မျက်နှာကို ရိုက်လိုက်သည်။
"ဖြန်း!"
မျက်နှာပေါ်သို့ ကျယ်လောင်စွာ ရိုက်ချလိုက်သည့် အသံက ပတ်ဝန်းကျင်ရှိ ခရီးသွားများကို ဆွဲဆောင်
နိုင်ခဲ့သည်။
"ရှင်..."
ဖန်ယွီနင်းသည် ထိတ်လန့်ကာ ခေါင်းငုံ့လိုက်ပြီးနောက် သူမမျက်နှာကို အုပ်ကိုင်လိုက်မိသည်။
"ရှင် တကယ်ပဲ ကျွန်မကို ရိုက်လိုက်တာလား"
ဖန်ယွီနင်းသည် ယွီကျန့်ဟိုင်မှ သူမကို ရိုက်လာလိမ့်
မည်ဟု မထင်ထားခဲ့ပေ။
"ထွက်သွား!"
သို့သော် ယွီကျန့်ဟိုင်၏မျက်လုံးထဲတွင်တော့ နောင်တတရား သို့မဟုတ် နာကျင်မှုတစ်စုံတစ်ရာ မပြသလာဘဲ ဖန်ယွီနင်းကိုသာ ဒေါသတကြီးဖြင့် ကြည့်နေခဲ့သည်။
"ကျွန်မတို့ မကြာခင် လက်ထပ်တော့မှာလေ"
ဖန်ယွီနင်းသည် မယုံနိုင်သောအမူအရာဖြင့် ယွီကျန့်ဟိုင်ကို ကြည့်နေဆဲပင်။
"ထွက်သွား!"
ယွီကျန့်ဟိုင်၏အကြည့်က ဖန်ယွီနင်းကို ကြည့်နေစဥ်၌ အေးစက်နေလေသည်။ ထိုကြိမ်းမောင်းသံနှင့်အတူ သူ့ခြေထောက်ကိုမြှောက်ကာ ဖန်ယွီနင်း၏ဝမ်းဗိုက်ကို ကန်လိုက်သည်။
ဖန်ယွီနင်းသည် အလွန်အမင်းကြောက်လန့်သွားသဖြင့် သူမ၏မျက်လုံးများကို မှိတ်ထားလိုက်မိသည်။ သို့သော် သူမ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူမဘေးနားတွင် ရပ်နေသည့် ရွှီဖန်းကို တွေ့လိုက်ရသည်။
ထို့နောက် ဖန်ယွီနင်းသည် အော်သံတစ်ခုကိုပါ ကြားလိုက်ရသည်။ ယွီကျန့်ဟိုင်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့ခြေကျင်းဝတ်ကို ဖိကိုင်ထားသည်။ သူ့မျက်နှာကလည်း နာကျင်မှုကြီးကြီးမားမား ခံစားနေရသကဲ့သို့ တွန့်ကွေးနေသည်။
မတိုင်ခင်က ယွီကျန့်ဟိုင် သူ့ခြေထောက်ကို မြှောက်
လိုက်သည်နှင့် ရွှီဖန်း၏မျက်လုံးများက အေးစက်သွားခဲ့သည်။ သူ လျှပ်တစ်ပြက်ပင် ပြေးဝင်သွားကာ တစ်ချက်ကန်လိုက်ရုံဖြင့် ယွီကျန့်ဟိုင်၏ခြေကျင်းဝတ်ကို ထိမှန်ခဲ့သည်။ ရွှီဖန်း၏ဤကန်ချက်မှာ အတော်လေးကို ပျော့သည်ဟု ဆိုနိုင်သည်။ ယွီကျန့်ဟိုင်၏အရိုးများကိုသာ ကျိုးစေခဲ့ခြင်းဖြစ်သည်။
သို့မဟုတ်ဘဲ ရွှီဖန်းသာ တကယ်နင်းချလိုက်ပါက ယွီကျန့်ဟိုင်၏ခြေထောက်သည် အသားပုံကြီးဖြစ်သွားနိုင်ပေသည်။
"ယောကျ်ားဖြစ်ပြီး ဘယ်လောက်တောင်မှ ရှက်စရာကောင်းလိုက်သလဲ"
ရွှီဖန်းသည် အထင်သေးမိသောအပြုအမူကို မထိန်းနိုင်တော့ဘဲ ယွီကျန့်ဟိုင်ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်မိသည်။
ရွှီဖန်း၏စကားကို ကြားသောအခါ ယွီကျန့်ဟိုင်သည် ကြောက်လန့်တကြား အမူအရာဖြင့် ကြည့်ကာ အော်လာခဲ့သည်။
"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ!"
*********************