ခြေတစ်လှမ်းစွမ်းအား
Vol. 24 Ch. 357
ရွှီဖန်း၏ ထိုလှုပ်ရှားမှုက ဝမ်ဖေးအား လက်နက်ချမိလုနီးပါး ဖြစ်စေခဲ့သည်။ ဝမ်ဖေးသည် တိုက်ကွမ်ဒို ခါးပတ်နက် ကိုင်ဆောင်ထားသူတစ်ဦးဖြစ်သည်။ သို့သော်ငြားလည်း ခွန်အားအပြည့်အဝအသုံးမပြုထားသည့် ရွှီဖန်း၏ခြေတစ်လှမ်းကပင် သူ၏ ထူးခြားသောအော်ရာကို ထုတ်လွှတ်နေခဲ့သည်။
ဝါရင့်စစ်သားများ သို့မဟုတ် ယခင်က လူသတ်မှု ကျူးလွန်ဖူးသော ရာဇဝတ်သားများအား မြင်ဖူးကြ
သူများသည် ရွှီဖန်းကို မြင်လျှင် မေးခွန်းတစ်ခုကို မေးမိကြလိမ့်မည်။
"ဒီလူက ဘာလို့ ဒီလောက်တောင် အော်ရာမြင့်နေရတာလဲ"
မှန်ပေ၏။ တကယ်ပင် လူသတ်ဖူးသူ သို့မဟုတ် သွေးမြင်တိုင်း လူသတ်လိုစိတ်ပေါ်လာတတ်သော လူတိုင်း၌ ထက်ရှသောအော်ရာတစ်ခု ရှိနေတတ်သည်။
ပထမဆုံးအကြိမ်ဖြင့် ထိုသို့သော သတ်ဖြတ်လိုစိတ်ရှိသူနှင့် ကြုံတွေ့ခဲ့ရသူများ ဥပမာအားဖြင့် ဝမ်ဖေးကဲ့သို့သောလူများအတွက် ထိုအော်ရာအောက်၌ သူတို့၏ခွန်အားသည် အနည်းဆုံး တစ်ဝက်ခန့် လျော့ကျသွားလိမ့်မည်ဖြစ်ပြီး တုန်လှုပ်ကာ အော်ဟစ်၍ မိဘများဆီ ပြေးချင်ကြလိမ့်မည်။
ဝမ်ဖေးလည်း သူ့လက်ထဲမှတုတ်တိုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။ ခွန်အား အလွန်အကျွံ သုံးစွဲထားသောကြောင့် သူ့လက်များမှာ အနည်းငယ် ဖြူဖျော့နေပြီး သူ့မျက်နှာအမူအရာကလည်း ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ဖြစ်နေသည်။ ရွှီဖန်းသာ အနည်းငယ် လှုပ်ရှားလိုက်
သည်နှင့် ဝမ်ဖေးသည် တုတ်ဖြင့်ရိုက်တော့မည့်အလား သို့မဟုတ် တုတ်ကိုသာ ပစ်ချပြီး ထွက်ပြေးတော့မည့်အလား ဖြစ်နေလေသည်။
ဝမ်ဖေးသည်လည်း ကိုယ်ခံပညာ သင်ယူထားဖူးသူဖြစ်ရာ သူ၏ရဲရင့်မှုသည် သာမန်လူများထက် များစွာ မြင့်မားလေသည်။ လျိုချောင်ဖန်အတွက် လက်စားချေမည်ဟု အော်ဟစ်ခဲ့ကြသော ဝမ်ဖေး၏ သူငယ်ချင်းများဖြစ်သည့် သခင်လေးများမှာ ယခုဆိုလျှင် ပို၍ပင် အကူအညီမဲ့နေကြသည်။
ချွေးများက သူတို့၏ရောင်စုံဆံပင်များအောက်မှ စတင်စီးကျနေပြီ ဖြစ်သည်။ သူတို့၏ခြေထောက်များမှာ တုန်ရီနေပြီး ဘယ်အချိန်မဆို ဒူးထောက်ကျတော့မည့်အတိုင်း ဖြစ်နေ၏။ လက်ရှိအချိန်တွင် ရွှီဖန်းက သူတို့ကို ထွက်ပြေးခွင့်ပေးလျှင်ပင် သူတို့ လုပ်နိုင်မည် မဟုတ်ပေ။
ဝမ်ဖေးသည် ရုတ်တရက်ပင် သူ၏တုတ်တိုအား သိမ်း၍ ရွှီဖန်းကို ပြုံးပြလိုက်သည်။
"ညီအစ်ကို မင်းကို ဘယ်လို ခေါ်ရမလဲ၊ ကျွန်တော်တို့ တစ်ခုခု ဆွေးနွေးရအောင်လား"
ဝမ်ဖေးသည် ကိုယ်ခံပညာရှင်တစ်ဦးဖြစ်ရာ ထိုကဲ့သို့သော အော်ရာများကို ဆန်းစစ်ရာ၌ အလွန်ပင် သိလွယ်သည်။ သူ့အရှေ့မှ လူက ကျွမ်းကျင်သူတစ်ဦးဖြစ်သည်ကို သူ မသိဘဲ မနေပေ။
ဒီလူထံ၌ ထူးခြားသောပုံစံမျိုး ရှိသည်ဟု သူ ခံစားခဲ့ရတာ မဆန်းပေ။ ကိုယ်ခံပညာ လေ့ကျင့်ထားသူ အထူးသဖြင့် ရှေးဟောင်းကိုယ်ခံပညာအတတ် ကျွမ်းကျင်သူတစ်ယောက်သာဆိုလျှင် စည်းမျဉ်းများကို အများဆုံး ဂရုစိုက်တတ်ကြသည်။
ခေတ်သစ်ကမ္ဘာမှာတော့ ဒီလိုကျွမ်းကျင်သူများသည် တခြားလူများအား အနိုင်မယူနိုင်ကြတော့ပေ။ သေနတ်တစ်လက်တည်းဖြင့် သူတို့အား ဘယ်လို
လေ့ကျင့်ရမည်ဆိုတာကို ပညာပြလို့ရလေသည်။သို့သော် ပြဿနာက သူ့မှာ သေနတ် မပါလာပေ။
တခြားကျွမ်းကျင်သူသာဆိုလျှင်တော့ ဝမ်ဖေးသည် သဘာဝကျစွာပင် အရှုံးခံမည် မဟုတ်ပေ။ အထောက်အထားနှင့် နောက်ခံရှိသည့် ဝမ်ဖေးအား မည်သူက ထိရဲမည်နည်း။
သို့သော် သူ့ရှေ့မှ လူက စိတ်မမှန်သည့်ပုံပင်။ ကြည့်ရသည်မှာ သူသာ မရပ်ခဲ့လျှင် အခုအချိန် သူ လဲနေလောက်ပြီဖြစ်သည်။
တိုက်ခိုက်ခြင်း အထူးသဖြင့် ရန်ပွဲဖြစ်ခြင်းမှာ ဦးနှောက်မရှိသူများအတွက် တားမြစ်ထားသောအရာဖြစ်သည်။ ထိုကဲ့သို့ရူးနေသောလူမျိုးသည် တခြားကျွမ်းကျင်သူများကဲ့သို့ စည်းမျဥ်းများကို ဘယ်တော့မှ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။ ဓားမြှောင်တစ်ချောင်းသာပေးလိုက်ပါက သင့်ကို ထိုးရဲသည့်လူမျိုးပင်။
ထို့ကြောင့် ဝမ်ဖေး ကြောက်လန့်နေခဲ့ခြင်းပင်။
ဟုတ်၏။ ဝမ်ဖေး၏စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ် ကြောက်တတ်သူဟု ခေါ်မည်မဟုတ်ပေ။ ဤအရာကို အလျှော့ပေးခြင်းဟုသာ သတ်မှတ်လေသည်။ ထို့အပြင် အခြေအနေကိုလိုက်၍ စဥ်းစားတတ်သူဟုလည်း သတ်မှတ်ထားပေသည်။ ထိုအရာကို ကြောက်တတ်သူဟု အဓိပ္ပာယ်မရပေ။ လူကြီးလူကောင်းတစ်ယောက် လုပ်သင့်သောအရာပင်။ ဤနည်းလမ်းမှာ ပြိုင်ဘက်၏ဉာဏ်ရည်
ဉာဏ်သွေးအား ဖိချခြင်းဟု ခေါ်ဝေါ်သည်။
ရွှီဖန်း၏စိတ်အစဥ်မှာလည်း စတင်လှုပ်ရှားလာသည်။ အကြောင်းမှာ သူ့အရှေ့မှလူများသည် ချမ်းသာသူများ သို့မဟုတ် အာဏာရှိသူများဖြစ်ကြသည်ကို သူ ကောင်းစွာ သိရှိမိသောကြောင့် ဖြစ်သည်။ ကြုံရာကျပန်းအဆင့်မြင့် sport carတစ်စီးကပင် သိန်းပေါင်းများစွာတန်ဖိုးရှိသည် မဟုတ်ပါလော။
ထို့ကြောင့် သူသာ ဤလူအုပ်စုအား ခြောက်လှန့်၍ အပြစ်ပေးခြင်း မပြုလုပ်ခဲ့ပါက သူ့အတွက် ဒုက္ခများစွာ ယူဆောင်လာကြလိမ့်မည်။
ထို့အပြင် သူ အစီအစဉ်တစ်ခုကိုလည်း စောနကမှ စဉ်းစားထားခဲ့သေးသည်။ ဒိုဂျိုတစ်ခု ဖွင့်လှစ်ကာ မြေအောက်အင်အားစုတစ်စုကို တည်ထောင်
ရန်ဖြစ်သည်။ သူ့အရှေ့မှ လူများသည် အကောင်းဆုံး ကိုယ်စားလှယ်များ မဟုတ်ပါလော။
*ဆံဖြူကောင်ကို ကြည့်ရတာ သိပ်ပြီးတော်တဲ့ပုံတော့ မပေါက်ပေမယ့်လည်း...*
ရွှီဖန်းသည် သူ၏sport carအား ပေါ့ပေါ့ပါးပါး ပြန်မှီလိုက်သည်။
"ငါ မင်းတို့နဲ့ အသက်သိပ်မကွာပါဘူး၊ အစ်ကိုရွှီလို့ပဲခေါ်...ဘာပြောမှာလဲ"
နောက်ဆုံးထိ ခေါင်းကြောမာရန် ပြင်နေကြသော သူ၏သူငယ်ချင်းများအား ဝမ်ဖေး တားလိုက်သည်။ ပညာရှိတစ်ဦးသည် အနိုင်ရနိုင်ခြေမရှိလျှင် မတိုက်ခိုက်ပေ။ အစ်ကိုရွှီဟု ခေါ်ရခြင်းသည် အသားပဲ့ပါသွားခြင်း မဟုတ်ပေ။ နောက်ဆုံး၌ ရယ်မောရမည့်သူက သူသာ ဖြစ်သည်။
ထိုအရာကို တွေးလိုက်မိသောအခါ ဝမ်ဖေးလည်း ရိုးရှင်းစွာပင် သူ၏လက်နှင့်ခြေထောက်များကို သက်သောင့်သက်သာထား၍ မျက်နှာတစ်ခုလုံး အကြိုက်ဆောင်ချင်သည့် အပြုံးဖြင့် ပြည့်နှက်သွားခဲ့သည်။
"အစ်ကိုရွှီ ကျွန်တော်တို့မှာမျက်လုံးတွေရှိပေမဲ့ တောင်ကြီးကို မမြင်နိုင်ခဲ့ဘူး...လူမှားသွားခဲ့ပါတယ်၊ ကျွန်တော်တို့အားလုံးကလည်း ချန်ဟိုင်းပြည်နယ်က လူတွေပါ၊ ကြည့်ပါဦး...ပြည်နယ်တစ်ခုလုံးက ကျယ်ဝန်းတော့ ကျွန်တော်တို့တောင်မှ တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးမလား"
ဝမ်ဖေးသည် ခေါင်းဆောင်လုပ်ရန်သာ သိသည့် သခင်လေးတစ်ဦးဖြစ်ရာ မြှောက်ပင့်ပြောဆိုရာ၌ အရည်အချင်းမရှိသည်မှာ သဘာဝကျလေသည်။
ထို့ကြောင့် ရွှီဖန်းသည် ဟန်ဆောင်မှုအပြည့်နှင့် မလျော်မကန်ပုံစံဖြင့် ပြုံးပြနေသော ဝမ်ဖေးကို ကြည့်ကာ သူ၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်ခဲ့သည်။ သူက ပြိုင်ဘက်ကို အလဲထိုးရန်အတွက် လက်နက်ကိုချခဲ့ပြီး မြှောက်ထိုးပင့်ကော်လုပ်သည့်နည်းလမ်းကို ပြောင်းလဲအသုံးပြုခဲ့သည်။
ရွှီဖန်း လှောင်ပြောင်လိုက်ကာ...
"ဘာလဲ...ခုနကပဲ ငါ အမှားတစ်ခုလုပ်ခဲ့တယ်ဆိုပြီးပြောခဲ့သေးတာမဟုတ်ဘူးလား၊ ငါ ဘာမှားလဲဆိုတာကို စဉ်းစားနေတုန်းမှာ မင်းက အခု မင်းတို့ရဲ့အမှားဆိုပြီး ပြောပြန်တယ်"
ဝမ်ဖေး၏စိတ်နှလုံးထဲ၌ ဒေါသများဖြင့် ပြည့်နှက်လာသည်။ ဝမ်ဖေးသည် ဘယ်တုန်းကမှ ဤကဲ့သို့ မတရားပြောခြင်း မခံရဖူးပေ။ ဘယ်တုန်းကမှ သူ့ကို ထိုသို့ ပြောဆိုရဲသူ မရှိခဲ့ပေ။
ထားလိုက်ပါတော့...သူ ခဏလောက် ဟန်ဆောင်ပါစေဦး...နောက်ကျရင် သူ ငိုရလိမ့်မယ်။
ဝမ်ဖေး၏အပြုံးက ပို၍ကျယ်ပြန့်လာသည်။
"အစ်ကိုရွှီ ကျွန်တော်တို့ မှားသွားပါတယ်၊ ချန်ဟိုင်းက ကြယ်ငါးပွင့်ဟိုတယ်တွေထဲက ဘယ်ဟိုတယ်ကိုမဆို ရွေးလိုက်ပါ၊ ကျွန်တော်တို့ညီအစ်ကိုတွေက အစ်ကိုရွှီကို တောင်းပန်တဲ့အနေနဲ့ဆိုပြီး သဘောထားပေးပါဗျာ"
သခင်လေးများသည် ဝမ်ဖေး၏အမူအရာနှင့် သူ၏စကားများကို ကြားသောအခါ ဘာလုပ်ချင်
နေသည်ကို နားမလည်ခဲ့ကြပေ။
သခင်လေးတချို့သည် အချင်းချင်း မျက်စပစ်
ကြပြီး ရွှီဖန်းကို မြှောက်ပင့်ပြောဆိုလာကြသည်။
"အစ်ကိုရွှီ ကျွန်တော်တို့ မှားသွားပါတယ်၊ ပွဲတစ်ခုလောက် ကျင်းပပြီး အစ်ကိုရွှီကို တောင်းပန်ရမယ်!"
"ဟုတ်တယ် အစ်ကိုရွှီကို မြင်လိုက်တာနဲ့တင် ကျွန်တော်တို့က စိတ်ရင်းအမှန်နဲ့ လေးစားမိပါတယ်!"
"အစ်ကိုရွှီ ကျွန်တော်တို့ကို အခွင့်အရေးလေးပေးပါ၊အခုကစပြီး အစ်ကိုရွှီကသာ အရှေ့ဘက်သွားခိုင်းချင်တယ်ဆိုရင် ကျွန်တော်တို့ အနောက်ဘက်ကို လုံးဝ မသွားပါဘူး!"
ရွှီဖန်းသည် အစကတော့ ထိုသခင်လေးများအား သူ၏ကမ္ဘာမြေအဆင့်စွမ်းအားကို ပြသ၍ သူတို့အား အလျှော့ပေးစေကာ သူ၏မြေအောက်အင်အားစု၊ ပထမဆုံးအသုတ်ဝင်များ ဖြစ်လာစေရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ဒီကောင်လေးတွေက နည်းတစ်မျိုး ပြောင်းလာသည်။
"ဒါဆိုလည်း ကောင်းပြီလေ၊ ညီအစ်ကိုတွေ ဖြစ်သွားပြီဆိုတော့ မင်းတို့ကို အခွင့်အရေး ပေးလိုက်မယ်၊ သွားကြရအောင်...နေရာတစ်ခု ရွေးပြီး ငါ့ကို လမ်းပြ"
ရွှီဖန်း၏စကားကို ကြားသောအခါ သခင်လေးအချို့သည် လက်ဖဝါးများ ယားလာကြပြီး အသက်နှင့်ရင်းကာ တိုက်ခိုက်တော့မလို ဖြစ်သွားကြသည်။ ကံကောင်းစွာဖြင့် ဝမ်ဖေးက သူတို့ကို တားဆီးလာသည်။
"အစ်ကိုရွှီ ခင်ဗျားရဲ့အဖိုးတန်တဲ့အချိန်လေးရရှိတာ ဂုဏ်ယူမိပါတယ်! ဒါဆိုရင် ကျွန်တော်တို့ညီအစ်ကိုတွေ အရှေ့ကနေ သွားပါ့မယ်၊ အစ်ကိုရွှီက ကျွန်တော့်နောက်ကနေ လိုက်လာတာ ပိုကောင်းမယ်၊ 'ပန်' မင်းက အစ်ကိုရွှီရဲ့ အနောက်ကနေ လိုက်ပြီးအစ်ကိုရွှီ လမ်းမပျောက်သွားအောင် ဂရုစိုက်ပါ"
ဆံပင်အဝါရောင်နှင့် သခင်လေးက ပြန်ဖြေသည်။
"ဟုတ်ကဲ့ အစ်ကိုဖေး စိတ်မပူပါနဲ့! အစ်ကိုရွှီ သွားကြရအောင်ပါ"
ရွှီဖန်း လှောင်ပြောင်ပြုံးမိကာ လက်ဝှေ့ယမ်းလိုက်
သည်။
"သွားကြစို့"
sport car ခုနစ်စီး သို့မဟုတ် ရှစ်စီးခန့်က ပြန်လည်၍ ကားစက်နှိုးခဲ့ကြသည်။ ထို့နောက် ဝမ်ဖေးသည် ညည်းတွားနေသေးသော လျူချောင်ဖန်အား သူ့sport carထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ဦးဆောင်လျက် အရှိန်ပြင်းစွာ မောင်းနှင်သွားပြီးနောက် အဆင့်မြင့်sport carတချို့က အနောက်ကမေ လိုက်ပါသွားကြသည်။
ရွှီဖန်းကလည်း သူ၏sport carထဲသို့ ဝင်ကာ ဖြည်းဖြည်းချင်း မောင်းနှင်လျက် သူတို့အနောက်သို့ လိုက်သွားခဲ့သည်။
ရွှီဖန်းနှင့် မီတာရာချီကွာဝေးသော အနောက်၌ ဆံပင်
အဝါရောင်သခင်လေးက ဖြည်းဖြည်းချင်း လိုက်ပါလာသည်။
"ဟယ်လို...အစ်ကိုဟူ၊ ရှောင်ဖေးပါ...ကျွန်တော့်ကို ကူညီပါဦး"
"ရိုး...အစ်ကိုဟူလို့ မင်းကို မခေါ်ခိုင်းရဲပါဘူး၊ ညီအစ်ကိုဖေး ဘာလိုအပ်လို့လဲ...လွတ်လွတ်လပ်
လပ်သာ မှာကြားပါ"
"အစ်ကိုဟူက အရမ်းယဉ်ကျေးလွန်းတာပဲ၊ ကောင်းကင်ပြာဟိုတယ်၊ အခန်း ၃၄ကို ညီအစ်ကို နှစ်ယောက်သုံးယောက်လောက် ခေါ်လာပြီး ဒီကကိစ္စကို ကူညီဖြေရှင်းပေးပါဦး၊ ဪ ဒါနဲ့ အဲ့ဒီလူရဲ့ ဦးနှောက်က သိပ်အလုပ်မလုပ်ဘူး"
"ကောင်းပြီ ညီအစ်ကိုဖေး စိတ်မပူနဲ့၊ တဖက်လူက ရူးနေတော့ရော ဘာဖြစ်လဲ၊ ငါကလည်း လူကောင်း မဟုတ်ပါဘူး...နည်းလမ်းတွေ အများကြီးရှိပါတယ်!"
ထို့နောက် ဝမ်ဖေး ဖုန်းချကာ ရွှီဖန်းကို သရော်လိုက်တော့သည်။
**********************