← Chapters

လှုပ်ရှားမှုတစ်ခု

Vol. 25 Ch. 366

လှုပ်ရှားမှုတစ်ခု

Vol. 25 Ch. 366

အဘိုးအိုသည် ရုတ်တရက်ပင် သူ၏ကိုယ်ဟန်

အနေအထားကို ပြန်ရုတ်သိမ်းလိုက်ပြီး တည်ကြည်သောမျက်နှာဖြင့် ပြောလာသည်။

"မင်းက တိုက်ခိုက်ရေးသမားတစ်ယောက်မဟုတ်ဘူးလို့ ထင်ရပေမယ့် ခုနက ငါ့ရဲ့ထိုးနှက်မှုကို ခံနိုင်ခဲ့လို့ ငါ မင်းကို မျက်နှာသာပေးမယ်၊ ငါတို့ တိုက်ခိုက်ရေးသမားတွေရဲ့စည်းမျဉ်းအတိုင်း တိုက်ကြမယ်၊ မင်းနိုင်ရင်တော့ ဒီဒိုဂျိုက မင်းဟာဖြစ်မယ်၊ မင်း ရှုံးရင်တော့ တတ်နိုင်သမျှ ဝေးဝေးကိုထွက်သွား!"

"ဟားဟား!" 

ရွှီဖန်းပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရှယန်ယွိကို ဆွဲခေါ်၍ ခန်းမဘက်ကို လျှောက်သွားလိုက်

သည်။ 

အစကတည်းက ဒီဒိုဂျိုဝယ်မည့်ကိစ္စကို အောက်ကဝန်ထမ်း၏လက်ထဲ ထည့်ထားလို့ရသည်။ သို့သော် သူ၏ရိုးသားမှုကို ပြသရန်အတွက် ရွှီဖန်းသည် သူကိုယ်တိုင် ကားမောင်းလာခဲ့ပြီး တစ်ဖက်လူနှင့် ဆက်သွယ်ပြောဆိုခဲ့သည်။ သူ၏လေသံကလည်း ယဥ်ကျေးကာ အပြစ်တင်စရာ မရှိပေ။ သို့သော် ဤအဘိုးအိုသည် သူကိုသတိမပေးဘဲ တိုက်ခိုက်ရုံသာမက ရှယန်ယွိကိုပါ ကျိန်ဆဲခဲ့သည်။ 

ဒီအတိုင်းသာလိုဆိုလျှင်တော့ သက်ကြီးသူကို လေးစားပြီး ငယ်သူကိုချစ်ခင်ပေးရမည့် ဓလေ့အား စိတ်ပူနေစရာ မလိုတော့ပေ။ 

ရှယန်ယွိသည် ရွှီဖန်း၏အင်္ကျီကို ဆွဲလိုက်သည်။ သူမက ရွှီဖန်း၏ဘေးကင်းရေးအတွက် စိုးရိမ်နေတာ သိသာပေသည်။ ရွှီဖန်းကတော့ ရှယန်ယွိကို လက်

ဝှေ့ယမ်းပြလိုက်သည်။ 

ဒီတိုက်ပွဲက တိုက်ကို တိုက်ရမှာပင်။

"ဒီမှာပဲ တိုက်ကြရအောင်...အဝေးကြီး သွားနေဖို့ မလိုပါဘူး၊ တုတ်နှစ်ချောင်း...သုံးချောင်းလောက် ကိစ္စလေးပဲ"

ရွှီဖန်းသည် တစ်ဖက်ကိုလှည့်ကာ လက်ပိုက်၍ အဘိုးအိုကို ကြည့်လိုက်သည်။ 

ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူတစ်ယောက်က ဒီအဘိုးအိုဆီကနေ တုတ်ဘယ်နှစ်ချောင်းရလိမ့်မလဲ။ 

ရှယန်ယွိသည် ရွှီဖန်း ဒေါသထွက်နေတာကို မြင်သည့်အခါ ခြေဆောင့်ပြီး အပြင်ကို အနည်းငယ် လျှောက်သွားလိုက်သည်။ သူမ တစ်ဖက်ကိုလှည့်ကာ မာနကြီးသောအဘိုးအိုကို လှမ်းပြောလိုက်သည်။ 

"ဒီမှာ ကျောင်းသားတွေတစ်ယောက်မှ မရှိတာ အံ့သြစရာမကောင်းတော့ဘူး၊ အထဲမှာ ရူးနေတဲ့ အဘိုးကြီးတစ်ယောက် ရှိနေတာကိုး!"

အဘိုးအိုသည် ထိုအရာကို ကြားသောအခါ ကြောင်

အသွားရသည်။ ထို့နောက် သူ ရှယန်ယွိအား ဒေါသတကြီးဖြင့် ကြည့်လိုက်သော်ငြား ခေါင်းကိုသာခါယမ်းလိုက်ပေသည်။ သူ ရွှီဖန်းဘက်ကို လှည့်ပြီး ပြောလိုက်သည်။

"ငါ ကျူဟွာက အမျိုးသမီးတစ်ယောက်ရဲ့အဆင့်

အထိ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမှာ မဟုတ်ဘူး၊ မင်းပဲ စပြီး လှုပ်ရှားလိုက်၊ ငါ မင်းကို သုံးချက်ပေးမယ်"

သူ့ကို သုံးချက်ပေးမယ်တဲ့လား။

ဒီအဘိုးအိုက တကယ်ကို ထောင်ထောင်လွှားလွှားပြောရဲသည်ပင်။ 

ရွှီဖန်းသည် ဒီလိုရူးကြောင်ကြောင်အဘိုးအိုနှင့်

အချိန်ဖြုန်းရန် ပျင်းရိနေတာကြောင့် သူပဲ ခြေတစ်

လှမ်းတက်လိုက်သည်။ သူ၏ဘယ်ဘက်လက်အား အနောက်မှာထား၍ ညာဘက်လက်ဖြင့် နဂါးတစ်

ကောင်လိုမျိုး အဘိုးအို၏ရင်ဘတ်ကို ဆွဲကုတ်

လိုက်သည်။ 

အဘိုးအို၏မျက်နှာကတော့ မာနကြီးနေတုန်းပင်။ သူ့တုတ်ကို ဘေးနားမှာချထား၍ ပြောလာသည်။

"မင်းရဲ့အရှိန်ကမဆိုးပေမယ့် မင်းရဲ့ခွန်အားကို ကောင်းကောင်း အသုံးမပြုတတ်ဘူး၊ တကယ့်

ပြိုင်ဘက်သာဆိုရင်တော့ မင်းရဲ့တိုက်ခိုက်မှုကို ငါ တမင်ခံယူပြီး မင်းရဲ့လည်ချောင်းကို တုတ်နဲ့ ရိုက်ချိုးပစ်မှာ"

သူ ရွှီဖန်းကို ဘာလို့ သုံးချက်ပေးခဲ့သနည်း။ 

အကြောင်းမှာ သူ၏ 'လေနှင့်မိုး'တုတ်အပေါ်၌ ကျူဟွာသည် ယုံကြည်မှုရှိ၍ပင်။ 

တစ်သက်လုံး တုတ်ပညာကို လေ့ကျင့်ခဲ့ပြီးနောက် ကိုယ်ခံပညာလောကမှ ကျွမ်းကျင်သူများနှင့် သူ ဘယ်နှစ်ကြိမ်လောက်များ ထိပ်တိုက်တွေ့ဆုံဖူးသနည်း။ ဘယ်နှစ်ယောက်သော ကျွမ်းကျင်သူများကို သူ သင်ပြခဲ့ဖူးသနည်း။

သူ ကိုယ်တိုင်တောင်မှ ရေတွက်၍ မကုန်နိုင်ပေ။ 

သူ့အရှေ့မှ လူငယ်လေးသည် အသက်ဘယ်လောက်မှ မကြီးသေးပေ။ ကိုယ်ခံပညာမှာ ပါရမီရှင်ဖြစ်နေရင်တောင်မှ ဘယ်လောက်များ ထူးချွန်နိုင်မည်နည်း။ 

ထို့အပြင် သူထံ၌ ဖြူစင်သည့်မျက်နှာထားနှင့် ချမ်းသာကြယ်ဝသည့်စရိုက်မျိုးရှိသည်။ သူ စလာကတည်းက ယဉ်ယဥ်ကျေးကျေးပြုမူနေခဲ့သော်လည်း သူ၏အထက်ဆီးဆန်သောပုံစံကိုတော့ ဖုံးကွယ်လို့မရပေ။ 

ထို့ပြင် သူ့အရှေ့မှာ လှပသောအမျိုးသမီးတစ်ယောက် လည်း ရှိနေတာကြောင့် ဒီလူငယ်လေး၏ကိုယ်ပိုင်

အမှတ်အသားက ထင်ရှားလှသည်။ သူသည် စိတ်

ပါ၍ ရက်အနည်းငယ်လောက် လေ့ကျင့်ခဲ့ဖူးသော ချမ်းသာသည့်မိသားစုမှ သခင်လေးတစ်ယောက်သာ ဖြစ်လိမ့်မည်။ 

ဒီလိုလူမျိုးအပေါ်၌ ကျူဟွာသည် အဘယ်၍စိတ်အားထက်သန်စွာ ပြောဆိုဆက်ဆံနိုင်မည်နည်း။ 

အဘိုးအိုသည် သူ၏ဆုံးဖြတ်ချက်အတွက် ရုတ်တရက်ပင် နောင်တရသွားခဲ့သည်။

ဒီလိုလူမျိုးနှင့်တိုက်ခိုက်ခြင်းက သူ၏ဂုဏ်သိက္ခာကိုသာ ထိခိုက်စေလိမ့်မည်။ 

ရွှီဖန်း၏ညာဘက်လက်က သူနှင့် တစ်မီတာအကွာမှာ ရှိနေသည်ကို မြင်သောအခါ အဘိုးအိုသည် သူ့ဘေးမှ တုတ်ကိုမြှောက်၍ ရွှီဖန်း၏ညာဘက်လက်ကို ရိုက်ချလိုက်သည်။ 

အဘိုးအိုသည် တုတ်တစ်ချက်ဝှေ့ယမ်းကာ ထိုလူငယ်ကို နောက်ပြန်တွန်းထုတ်လိုက်ပြီးနောက် ထိုလူငယ်၏ပျင်းရိစွာ ပြောလိုက်သံကို ကြားလိုက်ရသည်။ 

"တစ်ချက်!" 

အချိန်ကျလေပြီ။

ရုတ်တရက်ပင် အဘိုးအို၏နှလုံးသားမှာ တင်းကျပ်သွားခဲ့သည်။ သူ့ဆီကနေ ကြီးမားသော အန္တရာယ်ခံစားမှုတစ်မျိုး ပေါ်ပေါက်လာခဲ့သည်။ ရွှီဖန်း၏လက်မှာ ပိုမြန်လာပြီး လက်သည်းများအဖြစ် ပြောင်းလဲကာ သူ့ရင်ဘတ်အား ယခင်ကထက် အဆပေါင်းများစွာ ပိုပြင်းထန်သော အင်အားဖြင့် ထိုးနှက်လာသည်။ 

သူ မတားနိုင်ဘူး! သူ ဒီအရှိန်ကိုမလိုက်နိုင်ဘူး!

သူ့လက်ထဲမှ ရေကိုတောင်ထိုးခွဲနိုင်သည့် လေနှင့်မိုးတုတ်ဟာ ရွှီဖန်း၏လက်ကိုတော့ တကယ်တမ်း မတားဆီးနိုင်ခဲ့ပေ။

အဘိုးအိုလည်း အံ့အားသင့်သွားလေသည်။ ဦးနှောက်နှင့်ပင် တွေးစရာမလိုတော့ဘဲ သူ့လက်ထဲမှ လေနှင့်မိုးတုတ်သည် ရွှီဖန်း၏လည်ချောင်းဆီသို့ တည့်တည့် ဦးတည်သွားခဲ့သည်။ ထိုကဲ့သို့ ရန်သူကို တိုက်ခိုက်ခြင်းမှာ သေခြင်းဟု ဆိုလိုပေသည်။ 

လူငယ်လေး၏ လက်ဖဝါးက သူ့အသက်ကို မယူနိုင်

သော်လည်း ဤတုတ်ကတော့ ဒီလူငယ်လေး၏ အသက်ကို ယူနိုင်ပေသည်။ 

ဒီလူငယ်လေး၏လက်က သူ၏လေနှင့်မိုးတုတ်ထက် ပိုရှည်နိုင်မယ်တဲ့လား။

အဘိုးအိုသည် အစောပိုင်းမှ သူ၏မထီမဲ့မြင်ပြုမှုအား လုံးဝ ပယ်ဖျက်ထားလိုက်ပြီဖြစ်သည်။ သူ့လက်ထဲရှိ လေနှင့်မိုးတုတ်ကလည်း လေထိုးခွင်းသံများ ထွက်ပေါ်လာသည်။

ရွှီဖန်း ပြုံးလိုက်သည်။ သူ့ညာဘက်လက်က ရုတ်တရက်ပင် ထပ်အရှိန်တိုးလာပြီး ယခင်ကထက် ဆယ်ဆပိုမြန်သောအရှိန်ဖြင့် အဘိုးအို၏ပခုံးကို ရိုက်ချလိုက်သည်။

ကိုယ်ခံပညာလောက၌ တတ်မြောက်မှုအရည်အသွေးမှာ တစ်ယောက်နှင့်တစ်ယောက် မတူနိုင်ပေ။ ကိုယ်ခံပညာလောက၌ အရှိန်တစ်ခုတည်းကသာ မရှုံးနိမ့်နိုင်သောအရာပင်။ 

အလွန်အမင်း မြန်ဆန်သည့် အရှိန်နှင့်ဆိုလျှင် ဝါဂွမ်းလုံးတစ်လုံးကပင် လူတစ်ယောက်ကို ရိုက်သတ်နိုင်ပေသည်။ 

အဘိုးအို၏လေနှင့်မိုးတုတ်သည် ရွှီဖန်း၏ လည်ချောင်းနားမှာ ရပ်တန့်သွားခဲ့ပြီး အဘိုးအိုနှင့်

အတူ နောက်ပြန်လွင့်သွားခဲ့သည့်အတွက် ရှေ့တစ်

လှမ်းတောင် ထပ်မတိုးနိုင်ခဲ့ပေ။

"ဘုန်း!"

အဘိုးအိုသည် အရှိန်ပြင်းသောကားတစ်စီးဖြင့် တိုက်မိရသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ အပေါ်သို့ခပ်မြင့်မြင့်မြှောက်တင်ခံရပြီးမှ မြေပြင်ပေါ်သို့ ပြန်ကျလာခဲ့ခြင်းပင်။ သစ်သားကြမ်းပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာတာကြောင့် ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာခဲ့သည်။

ကြည့်ရတာ ကြောက်စရာကောင်းသော်လည်း အဘိုးအိုသည် ချက်ချင်းပင် ထရပ်လိုက်သည်။ ပထမအချက်မှာ အဘိုးအိုသည် အသက်ကြီးသော်လည်း အခြေခံက ရှိနေသေးသည်။ ဒုတိယအချက်မှာ ရွှီဖန်း၏အားထိန်းချုပ်မှုက ထူးချွန်သောကြောင့်ပင်။ 

လက်ဝါးတစ်ချက်နှင့်တင် သူ့ကိုလွင့်သွားအောင် ပို့နိုင်သော်လည်း ထိခိုက်မှုတော့ လုံးဝမရှိပေ။ ထိုအရာက လက်ဝါးတစ်ချက်ဖြင့် သတ်ပစ်တာထက်တောင် ပိုခက်ပေသည်။

အဘိုးအိုသည် နေရာမှာတင် ကြောင်တောင်တောင်ဖြင့် ရပ်နေသည်။ ထိုအဆုံးသတ်ကို သူ လက်ခံနိုင်ပုံ မရပေ။ သူ့ပုံစံမှာ ဘာလုပ်ရမှန်း မသိတော့သည့်အတိုင်းပင်။ 

ဒါ ဘယ်လိုအရှိန်မျိုးလဲ။ တကယ်ကြီး ငါ့ရဲ့ လေနဲ့မိုးတုတ်ထက်တောင် မြန်နေတာလား!

ရွှီဖန်းသည် သူ၏တွန့်ကျေနေသော ရှပ်အင်္ကျီကို ပုတ်၍ ကြောင်အနေသောအဘိုးအိုကို ကြည့်လိုက်သည်။

"ကျွန်တော် နိုင်ပြီ"

အသံက မကျယ်သော်လည်း တိတ်ဆိတ်နေသော ဒိုဂျိုထဲ၌ ရှင်းရှင်းလင်းလင်း ကြားနိုင်ပေသည်။

အဘိုးအို၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ခါသွားခဲ့သည်။ ယခင်က ကြောက်မက်ဖွယ်ကောင်းသည့် သူ၏အော်ရာမှာ အခုတော့ မိုင်းခွဲခံထားရသည့်

အဆောက်အဦးတစ်ခုကဲ့သို့ ပြိုလဲသွားလေပြီ။ သူ ရုတ်တရက်ပင် အသက်ဆယ်နှစ်လောက် ကြီးသွားသလို ခံစားလိုက်ရသည်။ 

ရှုံးနိမ့်သွားပြီလား။

ရှုံးသွားတာပဲ! တစ်ချက်တည်းနဲ့ ငါ ရှုံးသွားပြီ!

ရှယန်ယွိသည် ရွှီဖန်း၏ဘေးကိုပြေးလာပြီး သူမ၏ခြေဖျားကို ထောက်ကာ သူ့ပါးကို နမ်းလိုက်သည်။

ရှယန်ယွိသည် ရွှီဖန်း အစွမ်းထက်တာကို သိသော်လည်း ဘယ်လောက်ထိ အစွမ်းထက်မှန်းတော့ မသိခဲ့ပေ။ ထို့ကြောင့် ထိုရူးသွပ်နေသည့်အဘိုးအိုက တုတ်ကို ကျားတစ်ကောင်ကဲ့သို့ ဝှေ့ယမ်းနေသည်ကိုမြင်သောအခါ သူမနှလုံးမှာ ဆွဲဆန့်ခံရသလို ခံစားခဲ့ရသည်။ အခုတော့ ရွှီဖန်း နိုင်သွားခဲ့ပြီး ထိုရူးနေသောအဘိုးအိုကလည်း ဒဏ်ရာမရဘဲ အကောင်းပကတိပင်။ 

ရွှီဖန်းသည် ရှယန်ယွိ၏မျက်နှာနီနီရဲရဲလေးကို ကြည့်ကာ သူ့ရင်ထဲ၌ တုန်ခါသွားခဲ့သည်။ သူ ရှယန်ယွိကို နမ်းတော့မည့်အချိန် အဘိုးအို၏အသံကို ကြားလိုက်ရသည်။

"အဲ့ဒီအရှိန်က...မင်း ဘယ်လိုလုပ်ခဲ့တာလဲ"

ရွှီဖန်းသည် တစ်ဖက်ကိုလှည့်ကာ ဝိညာဉ်ဆုံးရှုံးသွားသလို ဖြစ်နေသောအဘိုးအိုကို ကြည့်လိုက်သည်။ သူ ထိုအဘိုးအိုကို ဆူပူချင်ခဲ့သော်ငြား အဆုံးမှာတော့ မဆူပူရက်ဘဲ တိုးတိုးလေး ပြောလိုက်သည်။

"ဒီကမ္ဘာကြီးက အရမ်းကိုကြီးတယ်လေ၊ အဘိုး ထင်တာထက်တောင် ပိုကြီးတယ်၊ ဒါကြောင့် မကြွားဝါတာက ပိုကောင်းတယ်"

အဘိုးအိုသည် ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လာသည်။ ထို့နောက် ဘေးမှာ လဲကျနေသည့် လေနှင့်မိုးတုတ်ကို ကောက်ယူကာ တံခါးဆီကို တုန်တုန်ရီရီ ဖြင့် လျှောက်သွားလိုက်သည်။ 

"ဒီဒိုဂျိုက မင်းဟာပဲ"

ရွှီဖန်းလည်း ခဏတာမျှ အံ့အားသင့်သွားရသည်။  သူ ဘုရင်ဆန်ဆန် စားသောက်သူများကို မြင်ဖူးသော်လည်း ဘုရင်ဆန်သောအစားအစာအား တခြားသူတစ်ယောက်ဆီပို့ပေးတာမျိုးကိုတော့ တစ်ခါမှ မမြင်ခဲ့ဖူးပေ။ အဘိုးအိုသည် သူ ပိုက်ဆံမပေးရသေးခင်မှာပင် ထွက်သွားနှင့်လေပြီ။

ထိုအဘိုးအိုသည် မာနကြီးပြီး ထောင်လွှားမှု၌ အသားကျနေပုံရသည်။ ရုတ်တရက်ပင် အရှုံးကိုကြုံလိုက်ရသောအခါ ဝိညာဉ်ဆုံးရှုံးသွားသကဲ့သို့ ခံစားရမှာ သေချာသည်။

ရွှီဖန်းသည် အဘိုးအိုကိုတားကာ ပိုက်ဆံရှင်းရန် လုပ်တော့မလို့ပင်။ သို့သော် သူ့မျက်လုံးများက ရုတ်တရက် စူးရှသွားကာ လေမုန်တိုင်းတစ်ခုကဲ့သို့ အဘိုးအိုဆီသို့ အပြေးအလွှား သွားလိုက်သည်။ 

******************

All Chapters