ပြီးပြည့်စုံသော အောင်မြင်မှု
Vol. 25 Ch. 369
လီရှူးသည် သူ့အရှေ့က တုန်ယင်နေသော လေနှင့်မိုးတုတ်ကို ကြည့်ကာ ပျော်ရွှင်သွားသည်။
"ဆရာကြီးကျူ ခင်ဗျားက အသက်ကြီးနေပါပြီ၊ ကျန်နေတဲ့ဘဝကို ထောင်ထဲမှာ မကုန်ဆုံးချင်လောက်ပါဘူး ဟုတ်တယ်မလား၊ အဲ့ဒီမှာ ဘာတွေရှိတယ်ထင်လို့လဲ၊ တစ်ခါလောက်ဝင်လိုက်တာနဲ့ ခင်ဗျားရဲ့ဂုဏ်သတင်းက တစ်သက်လုံး ပျက်စီးသွားလိမ့်မယ်!"
လီရှူးသည် "ဥပဒေ"ဟူသည့်စကားလုံးအကြောင်းကိုကျူဟွာအား စိတ်ခံစားမှုအပြည့်ဖြင့် ပြောပြနေသည်။ လီရှူး၏ပါးစပ်ထဲမှာတော့ ဥပဒေဆိုသည့်အရာမှာ လူများကို စားသုံးနိုင်သော ဘီလူးတစ်ကောင်ကဲ့သို့ပင်။ ပိုက်ဆံမရှိသောသူ၊ အာဏာမရှိသောသူများအား အရိုးတောင်မချန်ဘဲ စားပစ်လိမ့်မည်။
"ဆရာကြီးကျူ ခင်ဗျား ကိုယ့်အတွက်ကိုယ် မစဉ်းစားရင်တောင်မှ ခင်ဗျားရဲ့မိသားစုအတွက်တော့ စဉ်းစားပေးသင့်တယ် မဟုတ်လား၊ ခင်ဗျားမှာ တက္ကသိုလ်
တက်နေတဲ့မြေးမလေးတစ်ယောက်ရှိတယ်ဆိုပြီး ကျွန်တော် ကြားထားတယ်၊ စဉ်းစားကြည့်
လိုက်...ခင်ဗျားသာ တကယ်လို့ ထောင်ထဲဝင်သွားခဲ့ရင် ခင်ဗျားမြေးမလေးရဲ့ နာမည်ကောင်းရော အနာဂါတ်ကောင်းပါ ပျက်စီးသွားလိမ့်မယ်!"
ထိုအရာကို ကြားလိုက်သောအခါ ကျူဟွာ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ခါသွားလေသည်။ သူ့လက်ထဲရှိ လေနှင့်မိုးတုတ်အား လီရှူး၏မျက်နှာထံမှ ပြန်ဆွဲယူလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ထွက်သွား! နောင်ကျရင် ဒီလိုယုတ်မာတဲ့အလုပ်မျိုးတွေ မလုပ်နဲ့! ငါကျူဟွာက မင်းအသက်ကိုချမ်းသာပေးလိုက်ပြီ"
သို့သော် လီရှူးသည် ရုတ်တရက်ပင် သတ္တိရဲလာပြီး ဒုက္ခတွေ့နေသောအမူအရာဖြင့် ပြောလာသည်။
"ဆရာကြီးကျူ...ဒါက အဆင်မပြေဘူး မဟုတ်လား၊ ကျွန်တော်တို့ သဘောတူထားတာက ယွမ်နှစ်သိန်းနဲ့ ဒီဒိုဂျိုကို ခင်ဗျားက ကျွန်တော့်ဆီ တစ်ရက်အတွင်း ရောင်းမယ်ဆိုတဲ့အချက်ပဲ၊ ခင်ဗျားကို တခြားသင်တန်းသားတွေရဲ့ဆေးဖိုးအတွက်ရော၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် လျော်ကြေးနဲ့ နစ်နာကြေးတွေအတွက်ရော ကမ်းလှမ်းခဲ့ပြီး အချိန်လည်းအလုံအလောက် ပေးခဲ့ပြီးပြီ၊ ခင်ဗျား အခု ကျွန်တော့်ကို ထွက်သွားခိုင်းတာက ဥပဒေချိုးဖောက်နေတာပဲ!"
လီရှူးသည် တွေဝေနေသောကျူဟွာကို ကြည့်ကာ သူ့စိတ်ထဲ၌ ပြုံးလိုက်သည်။
*နှစ်ဆယ့်တစ်ရာစုရဲ့ စကားလုံးတွေအကြောင်းတောင် မသိတဲ့လူတစ်ယောက်က ငါ့ကို စစ်ခင်းရဲတာလား! *
*ခင်ဗျားရဲ့တုတ်ဘယ်လောက်ပဲမာမာ ကျုပ်ကို ထိရဲမယ်တဲ့လား!*
ရှိနေသည့် နောက်ထပ်နှစ်ယောက်ကလည်း အမျိုးသမီးတစ်ယောက်နှင့် ချမ်းသာသောဒုတိယမျိုးဆက်တစ်ယောက်သာ ဖြစ်သည်။
*သူတို့က ဥပဒေအကြောင်း ဘာသိမှာမို့လို့လဲ! ငါ ပြောတဲ့အတိုင်းက ဥပဒေပဲ မဟုတ်လား!*
*ဒီနေရာမှာ လီရှူးဆိုတဲ့ သူက ဥပဒေပဲ!*
ကျူဟွာသည် ဒေါသတကြီးဖြင့် သူ့လက်ထဲမှ လေနှင့်မိုးတုတ်ကို ထပ်မြှောက်လိုက်သော်လည်း တစ်ခုခုကို ပြန်စဉ်းစားမိပုံရကာ ကြမ်းပြင်ပေါ် ဒေါသတကြီး ဖြင့် ရိုက်ချရုံသာ တတ်နိုင်ခဲ့သည်။
"နောက်ဆုံးတစ်ခါက မင်းတို့ စဉ်းစားကြည့်ဖို့ပဲ ပြောခဲ့တာ၊ ငါတို့ စာချုပ်မချုပ်ခဲ့ဘူး! ဥပဒေဆိုတာ လူတွေအတွက်ကွ...မင်းပိုင်တဲ့ဟာ မဟုတ်ဘူး!"
လီရှူးသည် သူ အနိုင်ရဖို့နီးနေပြီမှန်း မသိဘဲ မနေချေ။ ချက်ချင်းပင် သူ့မျက်နှာပေါ်မှအပြုံးကို ဖျောက်လိုက်ပြီး အေးစက်သော မျက်နှာဖြင့် ထရပ်လိုက်သည်။
"အဘိုးကြီး...ကျုပ် ပြောတာကို နားမထောင်လို့မရဘူးနော်၊ ဒီနေ့ ကျုပ်တို့ဆယ်ယောက်ကျော်ကို ဒဏ်ရာရအောင်လုပ်ခဲ့လို့ ခင်ဗျားကို ဖမ်းလို့ရတယ်၊ ဆေးဖိုးတင်မကဘူး...စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း ရှိတယ်၊ အဘိုးကြီး...ကျုပ်တို့က ခင်ဗျားကို ပိုက်ဆံပေးပေမယ့် ခင်ဗျားက မရောင်းဘူး၊ ခင်ဗျား ကိုယ်တိုင် ပြောကြည့်စမ်းပါဦး၊ ဘယ်ဥပဒေကများ ခင်ဗျားကို ဒီလိုလုပ်ခွင့်ပြုထားတာလဲ၊ အသက်ကြီးတာကိုအမှီသဟဲပြုပြီး အသက်ကြီးတဲ့အချက်ကို ရောင်းစားနေတဲ့လူ!"
ကျူဟွာ၏ထက်ရှသောမျက်နှာမှာ နီရဲသွားခဲ့ပြီး လေနှင့်မိုးတုတ်ကို ကိုင်ဆောင်ထားသည့် လက်ချောင်းများက ဖြူဖျော့သွားခဲ့သည်။
လီရှူးသည် ကျူဟွာကို မထီမဲ့မြင်ပြုသောအကြည့်ဖြင့် ကြည့်ကာ ထူးဆန်းသည့်လေသံဖြင့် ပြောလိုက်သည်။
"အဘိုးကြီး ခင်ဗျား ဒါကို သေချာစဉ်းစားသင့်
တယ်နော်၊ ခင်ဗျား ထောင်ထဲကို တစ်ခါဝင်သွားတာနဲ့ ခင်ဗျားရဲ့အချစ်ဆုံးမြေးမလေးက လာတွေ့နေရဦးမယ်၊ ခင်ဗျား လုပ်ရဲလား"
ကျူဟွာ၏ခွန်အားအကုန်လုံး ဆုံးရှုံးသွားသကဲ့သို့ပင်။ ရုတ်ချည်းပင် အသက်ဆယ်နှစ်လောက် ကြီးသွားသလို ခံစားရကာ သူ့ခေါင်းကိုငုံ့လိုက်မိသည်။
"ရောင်းမယ်...ရောင်းမယ်၊ ငါ ရောင်းလိုက်ပြီ...ဒီဒိုဂျိုကို ငါရောင်းလိုက်ပြီ...မင်းကို ရောင်းလိုက်ပြီ"
ရှယန်ယွိသည် နောက်ဆုံးမှာတော့ မအောင့်နိုင်တော့ဘဲ ဆဲဆိုလိုက်မိသည်။
"လူ့အရေခြုံထားတဲ့ သားရဲကောင်"
လီရှူးကတော့ ဘာကိုမှဂရုမစိုက်သလိုမျိုး ခေါင်းမော့ကာဖြင့် ရူးသွပ်စွာ ရယ်မောနေသည်။
လီရှူးဆိုတာ ဘယ်သူလဲ။ စိတ်တိုတတ်သောမိန်းမများကို ကိုင်တွယ်ရန်အတွက် သူ့မှာ နည်းလမ်းများစွာ ရှိပေသည်။
"ဒိုဂျိုကိုရောင်းဖို့ ငါ သဘောတူတယ်၊ ဒီနေ့ဖြစ်ခဲ့တာ ငါတို့ကြားကကိစ္စပဲ၊ တခြားသူတွေကို မပတ်သက်ပါစေနဲ့"
လီရှူးသည် ကျူဟွာဆီသို့ တံတွေးထွေးလိုက်သည်။
"အဘိုးကြီး ခင်ဗျားကိုယ်ခင်ဗျား အရေးပါတဲ့လူတစ်ယောက်လို့ ထင်နေတာလား၊ ခုနက ကျုပ်ရဲ့ညီအစ်ကိုတွေကို ရိုက်ခဲ့တုန်းက အရမ်းကောင်းခဲ့တယ် မလား၊ တုတ်နဲ့ကျုပ်ကို ထိုးခဲ့တုန်းကလည်း အရမ်းကောင်းခဲ့တယ်မလား၊ ကျုပ် ပြောမယ်...ဒီဒိုဂျိုကို ကျုပ် မလိုချင်တော့ဘူး! ဒီလိုပျက်စီးနေတဲ့ဒိုဂျိုကို ခင်ဗျားတို့ တကယ်ကြီး ရတနာလို သဘောထားနေကြတာလား၊ ခင်ဗျား ထောင်ကနေထွက်လာမယ့်အချိန်
ကိုသာ စောင့်နေလိုက်! မှတ်ထား! ခင်ဗျားလက်ထဲက တုတ်က ခင်ဗျားမြေးမရဲ့ဘဝကို ဖျက်ဆီးခဲ့တာပဲ!"
ထို့နောက် လီရှူးသည် လှည့်ထွက်သွားခဲ့သည်။
စိတ်ပညာနှင့်ဥပဒေကို လေ့လာထားသည့် လီရှူးထံ၌ ဒီလိုအဘိုးကြီးကို ကိုင်တွယ်ရန် နည်းလမ်းများစွာ ရှိပေသည်။
ထိုလှုပ်ရှားမှုက သူ့ကို ချုပ်ကိုင်ရန် ကြံစည်ထားခြင်းဖြစ်သည်။
ယခင်က သူဆုံးရှုံးခဲ့ရသော သူ့မျက်နှာကို စိတ်ကိုလှည့်စား၍ ပြန်ရယူရမည်။
"နေဦး!"
ကျူဟွာ၏အသံက ထွက်ပေါ်လာသည်။
လီရှူး ပြုံးလိုက်ကာ သူ့ခြေလှမ်းများကို ခဏတာ ရပ်လိုက်သည်။ ထို့နောက် အေးစက်စွာဖြင့်...
"ဘာလဲ အဘိုးကြီး! ခင်ဗျားမှာ ပြောစရာရှိသေးလို့လား! တရားရုံးမှာ ပြောဖို့အချိန်ရလိမ့်မယ်...စိတ်မပူနဲ့!"
စောနလေးတင်ကမှ မာနထောင်လွှားနေခဲ့သည့် အဘိုအိုသည် အခုအချိန်မှာတော့ သာမန်လူတစ်ယောက်လိုမျိုး တုန်ယင်နေသော အဘိုးအိုအဖြစ် ပြောင်းလဲနေလေပြီ။ သူက တုန်ယင်စွာဖြင့် ပြောလာသည်။
"မင်း ဘာလုပ်ချင်နေတာလဲ...ငါ့ကို လွှတ်ပေးအောင် ငါဘာလုပ်ရမလဲ"
လီရှူးသည် အပြုံးတစ်ခုဖြင့် ထောင်လွှားနေသောဗိုလ်ချုပ်တစ်ယောက်ကဲ့သို့ ကျူဟွာဆီကို လျှောက်သွားလိုက်သည်။
လီရှူးဆိုသည့် သူက ဒီတိုက်ပွဲကို အနိုင်ရခဲ့လေပြီ။
"ဒူးထောက်ပြီး ကျုပ်ရဲ့ခြေထောက်တွေကို လျှာနဲ့လျက်"
သူ၏အေးစက်သောအသံမှာ ကောက်ကျစ်မှုများပြည့်နှက်ပြီး ရူးသွပ်စွာ ပျော်ရွှင်နေသည်။
အဘိုးအို၏ခန္ဓာကိုယ်မှာ တုန်ယင်သွားခဲ့ပြီး သူ့လက်ထဲရှိ လေနှင့်မိုးတုတ်ကဲ့သို့ တည့်မတ်နေသော သူ၏ကျောပြင်မှာ ဖြည်းဖြည်းချင်း ကုန်းညွတ်လာခဲ့သည်။
လီရှူး၏ဘဝ၌ အခုတစ်ခါလောက် ပျော်ရွှင်ခဲ့ဖူးခြင်း မရှိပေ။ သူသည် စစ်တပ်ကို ဦးဆောင်၍ သူ့ထက် အဆတစ်ရာသန်မာသော ပြိုင်ဘက်အား အနိုင်ယူခဲ့ရသလိုမျိုး ခံစားနေရသည်။ သူ့စိတ်များက အလွန်
တက်ကြွနေခဲ့သည်။ အခု လူအများ၏အာရုံစိုက်မှုကို သူ ခံနေရလေပြီ။
သို့သော်လည်း သူ့လက်နက်သည် ရုပ်ပိုင်းဆိုင်ရာ လက်နက်မဟုတ်ဘဲ ဦးနှောက်သာ ဖြစ်သည်။
ကျူဟွာကဲ့သို့ ရိုးသားသောအဘိုးအိုများသည် ဤခေတ်ကြီးထဲ၌ ဖယ်ထုတ်ပစ်ရမည့် လူများဟု သူ ယူဆထားသည်။ ၂၁ရာစုသည် သူ့အတွက် ဖန်တီးထားသော စင်မြင့်တစ်ခုဖြစ်သည်။
"နေဦး!"
ကျူဟွာက လီရှူး၏အရှေ့၌ ဒူးထောက်တော့မည့်
အချိန်တွင် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
ရွှီဖန်းသည် ကျူဟွာရှေ့သို့ လျှောက်သွားကာ အချိန်
ခဏလေးအတွင်း ဆယ်နှစ်လောက်အိုမင်းသွားပုံရသည့် အဘိုးအိုကိုကြည့်၍ ပခုံးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
"အဘိုးရဲ့တိုက်ပွဲက ပြီးဆုံးသွားပြီ၊ ပြီးပြည့်စုံတဲ့ အောင်ပွဲတစ်ခုပဲ၊ ဒီလိုအမှိုက်မျိုးက အဘိုးရဲ့ ကြိုးပမ်းမှုနဲ့ မထိုက်တန်တော့ဘူး၊ အခု အားလုံးကို ကျွန်တော့်ဆီ လွှဲပေးလိုက်ပါ"
ကျူဟွာ ပြန်မဖြေခင်မှာပင် ရွှီဖန်းသည် လီရှူးကို ရင်ဆိုင်ရန် တစ်ဖက်ကိုလှည့်သွားပြီဖြစ်သည်။ သူ့မျက်နှာပေါ်ရှိ အမူအရာမှာ ရေခဲကဲ့သို့ အေးစက်
နေလေသည်။
"မင်းက ဥပဒေအကြောင်း ပြောချင်နေတာလား"
လီရှူးသည် ရုတ်ချည်း သူ့ဆီကို လျှောက်လာသော ရွှီဖန်းကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ အကြောင်းမဲ့ တုန်ယင်သွားခဲ့ပြီး သူ့လက်နက်ကို ပြန်စဉ်းစားမိကာမှ သတိပြန်ဝင်လာသည်။
"မင်းက ဘာလုပ်ချင်လို့လဲ၊ လူတစ်ယောက်ကို ရိုက်တာက ဥပဒေနဲ့မကိုက်ဘူး"
ရွှီဖန်းသည် ညာဘက်လက်ကို ဆန့်ထုတ်၍ လီရှူး၏ ထိတ်လန့်နေသောအကြည့်အောက်တွင် လီရှူး၏ မျက်နှာကို ရိုက်ချလိုက်သည်။
"လူမိုက်အုပ်စုကိုခေါ်လာပြီး လူသတ်တာက ဥပဒေနဲ့ မကိုက်တာလား၊ ငါ မင်းကို တစ်ချက်ရိုက်တာ ဥပဒေနဲ့ မကိုက်တာလား"
ရွှီဖန်းတစ်ယောက် ဒေါသထွက်နေပြီဖြစ်သည်။ ထိုရိုက်ချက်သည် လီရှူး၏မျက်နှာတည့်တည့်ကို ချိန်ရွယ်ထားခြင်းဖြစ်သည်။
ရွှီဖန်းသည် မိုးပျံအိုးသိုင်းကျမ်းကို အသုံးမပြုထားသော်လည်း ထိုသာမန်ရိုက်ချက်ကပင် လီရှူး ခံနိုင်ရည်ရှိသော အရာမဟုတ်ပေ။
လီရှူး၏ သွားသုံးချောင်းမှာ ကျွတ်ထွက်သွားခဲ့ပြီး လေထဲပျံဝဲသွားကာ ပါးစပ်ထဲမှ သွေးများ ထွက်လာသည်။
လီရှူးကမူ လေထဲတွင် သုံးပတ်ခန့်လည်နေပြီးနောက် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျကာ သတိလစ်သွားခဲ့သည်။
လက်ဝါးတစ်ချက်တည်းနှင့်တင် သူ၏ဒေါသကို ဘယ်လိုလုပ် ဖြေဖျောက်နိုင်မည်နည်း။
ရေအေးတစ်ပုံးလောင်းချလိုက်ပြီးနောက် လီရှူးက ချက်ချင်းပင် သတိပြန်ဝင်လာသည်။ သူ စဉ်းစား၍မရသေးခင်မှာပင် ရေခဲနှင့်နှင်းများ ဖုံးလွှမ်းနေသော နိုင်ငံမှ သယ်ဆောင်လာသကဲ့သို့ အေးစက်လှသော အသံတစ်သံကို ထပ်ကြားလိုက်ရသည်။
"ဒူးထောက်ပြီး ငါ့ခြေထောက်တွေကို လျှာနဲ့လျက်စမ်း!"
*******************