မျက်လုံးထဲကနေ မျက်ရည်တွေကျလာပြီ!
Vol. 25 Ch. 373
"ညီငယ်လေး ငါ မင်းကို အကူအညီတောင်းစရာတစ်ခု ရှိတယ်..."
ကျူဟွာသည် လူနှစ်ယောက်ကို စားသောက်ဆိုင်ထဲသို့ ခေါ်သွားခဲ့သည်။ သူ ထိုင်လိုက်သည်နှင့် သူ့မျက်နှာပေါ်၌ တွေဝေသောပုံစံ ပေါ်လာသည်။
"ဆရာကြီးကျူ ဘာကိစ္စလဲ"
အဘိုးအိုနှင့် တွေ့ဆုံမှုက ခဏလေးသာ ရှိသေးသော်လည်း ရွှီဖန်းသည် အဘိုးအို၏စိတ်နေစိတ်ထားကို အကြမ်းဖျင်း နားလည်ထားသည်။ သူသည် ဘာမှ မတောင်းဆိုတတ်သော ပုံစံမျိုးပင်။ ထိုကြောင့် ရွှီဖန်း လည်း ကျူဟွာ၏တောင်းဆိုမှုကို အလွန်သိချင်နေမိသည်။
ကျူဟွာက ညင်သာစွာ သက်ပြင်းချသည်။
"ငါ့မှာ ကျူပင်းလို့ခေါ်တဲ့ မြေးမလေးတစ်ယောက် ရှိတယ်... ဒီနှစ်တွေမှာ"
ရွှီဖန်းသည် ကျူဟွာ ပြောပြသော ဇာတ်လမ်းကို တိတ်တိတ်လေး နားထောင်နေခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ကျူဟွာထံတွင် ရန်ငြိုးတစ်ခုရှိခဲ့ပြီး သူ့သားနှင့်ဇနီးသည် ရန်သူဆီမှ ဘေးသင့်ခြင်းခံခဲ့ရသည်။ ကျူဟွာသည် လက်စားလည်းမချေနိုင်ခဲ့သည်ဖြစ်ရာ စိတ်ပျက်အားငယ်စွာဖြင့် ဒီနေရာမှာ လာပုန်းပြီး ဒိုဂျိုကို တည်ထောင်ခဲ့သည်။ ထိုကိစ္စကြောင့် သူ့မြေးမလေးသည် သူ့ကို အမြဲ စိမ်းကားစွာ ဆက်ဆံခဲ့သည်။
"ညီငယ်လေး ငါက ရှောင်ပင်းကို စိတ်ပျက်အောင် လုပ်ခဲ့မိတာ၊ ကလေးက ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မိဘမဲ့ ဖြစ်သွားရတယ်၊ အဲ့ဒီကောင်မလေးက ဒေါသတွေကို ရင်ထဲမှာ နှစ်တွေအကြာကြီး သယ်ဆောင်ထားခဲ့ရတယ်"
ကျူဟွာသည် ရှိုက်ကြီးတငင် ငိုကြွေးနေလေပြီ။
ဒါကိုကြားတော့ ရွှီဖန်းလည်း သက်ပြင်းချလိုက်သည်။ သူ ကျူဟွာ၏ကျောပြင်ကို ညင်သာစွာပုတ်ကာ ပြောလိုက်သည်။
"ဆရာကြီးကျူ စိတ်သက်သာရာရအောင် ခင်ဗျားရဲ့မြေးမလေးကို ဖုန်းခေါ်ချင်နေလား"
ကျူဟွာက မျက်ရည်များသုတ်၍ ခေါင်းညိတ်လာသည်။
"လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ရန်ကျင်းမှာ ပညာသင်ဖို့ဆိုပြီး ထွက်သွားခဲ့တယ်၊ ငါ ဖုန်းခေါ်ပေမယ့်လည်း မြေးက မကိုင်ဘူး၊ နောက်ထပ် မခေါ်ဖို့ပဲ တစ်ယောက်ယောက်နဲ့ ငါ့ကို ပြောခိုင်းခဲ့တယ်၊ ဒါကြောင့် ဒီနှစ်တွေမှာ သူ့ကို ဖုန်းမခေါ်ရဲခဲ့ဘူး"
ရှယန်ယွိသည် မထိန်းနိုင်ဘဲ ဝင်ပြောလိုက်မိသည်။
"ဆရာကြီးကျူက အရမ်းရိုးတာပဲ၊ အဲ့ဒီကောင်မလေးက ရှင့်ကို ဒေါသထွက်နေတာ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဆရာကြီးဘက်က လေးလေးနက်နက်အတွေးလွန်နေတာလည်း ဖြစ်နိုင်ပါတယ်၊ ပြောလို့မရဘူးလေ...အဲ့ဒီကလေးမလေးလည်း ဖုန်းခေါ်ချင်နေမှာ၊ ဒါပေမယ့် သူမ ဖုန်းခေါ်ချင်ရင်တောင်မှ မျက်နှာမပြရဲမှာ စိုးရိမ်နေလို့ဖြစ်ပါလိမ့်မယ်"
ကျူဟွာ လန့်သွားမှာစိုး၍ ရွှီဖန်းသည် ရှယန်ယွိအား မျက်လုံးဖြင့် ချက်ချင်း အချက်ပြလိုက်သည်။
"ဆရာကြီးကျူ ခင်ဗျားရဲ့မြေးမလေးကို ဂရုစိုက်ပေးနိုင်မယ့်လူကို ရှာချင်နေတယ်ဆိုရင်တော့ လူမှားကို ရှာမိနေပါပြီ၊ ကျွန်တော်က ယောက်ျားလေးတစ်
ယောက်ဆိုတော့ မိန်းကလေးတစ်ယောက်နဲ့ စကားပြောရတာ အဆင်ပြေမှာမဟုတ်ဘူး၊ ကျွန်တော့်ဘေးကလူကို ခင်ဗျား ရှာသင့်တယ်၊ မိန်းကလေးအချင်းချင်းဆို အဆင်ပြေတယ်လေ"
ကျူဟွာသည် ထိုအရာကိုကြားသောအခါ မျက်လုံးအရောင်များ တောက်ပသွားခဲ့သည်။ သူ ချက်ချင်းပင် ခန္ဓာကိုယ်ကို မတ်ကာ တောင်းပန်သလိုမျိုး ကုန်း၍ ရှယန်ယွိကို ပြောလိုက်သည်။
"မိန်းကလေး ဒီအဘိုးကြီးကို ကူညီပေးပါဦး...ငါ့ရဲ့ ယွမ်တစ်သိန်း..."
ရှယန်ယွိလည်း အံ့အားသင့်သွားရသည်။ သူမ ရွှီဖန်းကို စူးစူးစိုက်စိုက်ကြည့်ကာ ကျူဟွာကို အလျင်အမြန် ထူပေးလိုက်သည်။
"ဆရာကြီးကျူ ဒီလိုတွေမလုပ်ပါနဲ့...ကျွန်မက မကူညီဘဲနေနိုင်ပါ့မလားရှင်"
ရုတ်တရက်ပင် အလွန်အေးစက်သော အသံတစ်သံက ထွက်ပေါ်လာသည်။
"ယွမ်တစ်သိန်းက ဘာလဲ! ရှင်တို့လူတွေ အဘိုးအိုကြီးတစ်ယောက်ကို ဒီလိုလုပ်ရက်တာ အသိတရားမရှိကြတော့ဘူးလား...ရင်ထဲ လုံးဝမနာကျင်ကြဘူးလား"
သူတို့သုံးယောက်စလုံး အသံလာရာဘက်ကို လှည့်
ကြည့်လိုက်ကြသည်။
အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် ဆံပင်တိုကာ ဘဲဥပုံမျက်နှာ ရှိပြီး အဖြူရောင်လက်တိုအင်္ကျီနှင့် ဘောင်းဘီတစ်
ထည်ကို ဝတ်ဆင်ထားသည်။ သူမ၏ ကိုယ်လုံးကိုယ်ထည်က ကောက်ကြောင်းလှပသော်လည်း မျက်နှာသေးသေးလေးကမူ နူးညံ့လှပခြင်း မရှိပေ။ သူမ၏အမူအရာသည် ရန်သူကို သွားသတ်တော့မည့် ဗိုလ်ချုပ်တစ်ဦးနှင့်ပင် တူနေပြီး ထူးခြားသောအငွေ့အသက်ကို ပေးစွမ်းနေသည်။
*မနာကျင်ပါဘူး...ကောင်းမှုလုပ်ရင် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်ဆိုပြီး ခံစားရစေတယ်လို့ မင်း ထင်နေတာလား*
ရွှီဖန်းသည် တစ်ကယ်ပင် ထိုသို့ ပြောချင်ခဲ့သည်။ သို့သော် သူ့ဘေးနားတွင် ရှယန်ယွိက ထိုင်နေတာကြောင့် ရွှီဖန်းသည် ဒီလိုမျိုး ညစ်ကျယ်ကျယ်စကားများ ပြောရန် သတ္တိမရှိပေ။
ကျူဟွာ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေခဲ့သည်။ သူ နေ့နေ့ညညတောင့်တခဲ့သောမိသားစုဝင်က သူ့ရှေ့မှာတင် ရှိနေလေပြီ။ သို့သော် ကျူဟွာသည် ဘာစကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
ကျူပင်းသည် သူမအဘိုး၏မျက်နှာအမူအရာကို မြင်သောအခါ ရင်ထဲ၌ နာကျင်သွားရသည်။ သို့သော် ရွှီဖန်းမျက်နှာပေါ်ရှိ အမူအရာကို မြင်သည့်အခါ ချက်ချင်းပင် ဒေါသထွက်လာပြန်သည်။
ဥပဒေကို ကောင်းစွာသိသည့် အနာဂတ်ထူးချွန်သူ တစ်ဦးအနေဖြင့် ကျူပင်းသည် ရွှီဖန်းဆီသို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်သွားလိုက်သည်။ သူမ ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ကာ ရွှီဖန်းဘေးမှာ ဝင်ထိုင်လိုက်သည်။
"ရှင်တို့နှစ်ယောက် ဒီဝတ်စုံတွေနဲ့ ကြည့်ကောင်းသားပဲ...ပိုက်ဆံအများကြီး ကုန်ခဲ့မှာပေါ့...ဟုတ်တယ်မလား၊ ဒါတဲ့ အရမ်းကိုကောင်းမွန်တဲ့ အရောင်းအဝယ် ပါလားနော်၊ တစ်သိန်းလေးနဲ့ ကိုယ်ခံပညာကျောင်းတစ်ကျောင်းကို ဝယ်တယ်၊ ရောင်းလိုက်ရင်ကျ သိန်းပေါင်းများစွာ ရလိမ့်မယ်၊ မဆိုးဘူးပဲ...ဒါပေမဲ့ ဒီလုပ်ရပ်က ဥပဒေနဲ့ မညီဘူးဆိုတာ ရှင်တို့ မသိဘူးလား"
သူ့ကို မျက်ခုံးကျုံ့၍စိုက်ကြည့်ကာ ဖြောင့်မတ်မှု
အပြည့်ဖြင့် ပြောနေသည့် မိန်းကလေးကိုကြည့်ရင်း ရွှီဖန်း၏ ရင်ထဲ၌ ငိုချင်စိတ်ပင် ပေါက်သွားရသည်။ အခု နောက်ပိုင်း မတရားမှုကို မြင်လျှင် တရားမျှတမှုကို လက်ကိုင်ဆွဲသုံးလာကြသော မိန်းကလေးများစွာရှိလာကြသည်ပင်။
*ဒါပေမဲ့ မင်း တရားမျှတမှုအတွက် မလုပ်ပေးခင်မှာ ကျေးဇူးပြုပြီး ကိစ္စတွေကို ရှင်းရှင်းလင်းလင်းသိအောင် အရင်လုပ်ပါဦးလား*
ရွှီဖန်း၏မျက်နှာအမူအရာကိုကြည့်၍ ကျူပင်းသည် ရန်သူက သူမပြောသည့် ဥပဒေကို ကြောက်သွားတာကြောင့် တုန်ယင်နေပြီး ဘာမှဆက်မပြောနိုင်တော့ဘူးဟု ထင်သွားခဲ့သည်။ ထို့ကြောင့် သူမ ချက်ချင်းပင် ဆုံးဖြတ်ကာ ရန်သူကို ထပ်မေးလိုက်သည်။
"ရှင်တို့က လူမိုက်အုပ်စုတွေနဲ့လည်းပေါင်းပြီး စက်မှုနှင့်ကုန်သွယ်ရေးဗျူရိုက လူတွေနဲ့လည်း ပူးပေါင်းထားကြတယ်မဟုတ်လား၊ အရင်ဆုံးခြိမ်းခြောက်
တယ်...ပြီးတော့မှ ယုံကြည်မှုကိုရအောင်ယူပြီး နောက်ဆုံးမှာ ပိုက်ဆံချေးတဲ့ဖြစ်ရပ်မျိုးတွေ ကျွန်မ အများကြီး မြင်ဖူးတယ်၊ ဒါပေမဲ့ ရှင်တို့ ဒါကို သေချာ စဉ်းစားသင့်တယ်နော်၊ ကျွန်မ ဖုန်းတစ်ချက်ခေါ်
လိုက်တာနဲ့ ရှင်တို့အားလုံးကို အမြစ်ကနေ ဆွဲနုတ်ပစ်
နိုင်တယ်၊ ဥပဒေအရှေ့မှာ ရှင်တို့လိုအမှိုက်တွေအတွက် နေရာမရှိဘူး!"
ရှယန်ယွိကတော့ စားပွဲကို ရိုက်ချလုနီးပါး ဒေါသထွက်နေလေပြီ။ ရွှီဖန်း၏အရှေ့၌ ရှယန်ယွိသည်
စိတ်ရှည်သူတစ်ယောက် ဖြစ်သော်လည်း လူတိုင်းရှေ့မှာတော့ ရှယန်ယွိသည် သူမ၏စိတ်ရှည်မှုကို ပြသမှာ မဟုတ်ပေ။
သို့သော် ရှယန်ယွိသည် သူမ၏လက်သေးသေးလေးအား စားပွဲပေါ် မရိုက်ချခင်မှာ ကျူဟွာက ထရပ်လာပြီး အော်လာသည်။
"ရှောင်ပင်း! အရှုပ်တွေလုပ်မနေနဲ့! သူတို့တွေက အဘိုးရဲ့ ကျေးဇူးရှင်ကြီးတွေ၊ မြေးမလေးရာ တစ်ကယ်ပဲ ဘာတွေပြောနေတာလဲ၊ အခုပဲ ကျေးဇူးရှင်တွေကို
ပြန်တောင်းပန်လိုက်ပါ"
ကျူဟွာ၏စကားများကို ကြားသောအခါ ရှယန်ယွိသည် ဒေါသထွက်ရန် စိတ်မပါတော့ချေ။ သူမက ကျူဟွာ၏မြေးမလေး ကျူပင်းမှန်း နောက်ဆုံးမှာတော့ နားလည်သွားခဲ့သည်။
သို့သော်လည်း ကျူပင်းကတော့ လုံးဝပင် ဒေါသပေါက်ကွဲနေပြီ။
သူမ၏အဘိုးသည် ဘာမှမပြောဘဲ ငြိမ်ခံနေသည့်
အပြင် အခု အပြင်လူတစ်ယောက်ကိုပါ ကူညီနေသည်။
သူတို့ အဘိုးကို ရောင်းစားပြီး ပိုက်ဆံနဲ့လဲချင်နေတာလို့!
ကျူပင်းသည် မျက်လုံးများနီရဲစွာဖြင့် သူမ၏မျက်ရည်များကို တိတ်တဆိတ်ပင် သုတ်
လိုက်သည်။ သူမ၏အဘိုးကို မကြည့်တော့ဘဲ ရွှီဖန်းကိုသာ ထက်ရှသောအကြည့်ဖြင့် ဆက်ကြည့်နေခဲ့သည်။
"ကျွန်မအဘိုးကို ရှင်တို့ ယုံအောင်လှည့်စားပြီးပြီဆိုတိုင်း ရှင်တို့ လုပ်ချင်တာ လုပ်လို့ရမယ်လို့ မထင်
လိုက်နဲ့! ဥပဒေက ဒီလိုလှည့်ကွက်တွေအတွက်ပါ ထည့်စဉ်းစားထားပြီးသား၊ ကျွန်မ ကျူပင်းက အဘိုးရဲ့တိုက်ရိုက်ဆွေမျိုးတစ်ယောက်အနေနဲ့ စကားအနည်းငယ် ပြောလိုက်ရင် ရှင်တို့ကို တရားရုံး ခေါ်သွားလို့ရတယ်၊ အခု ရှင်တို့ ဒီကနေ ထွက်သွားဖို့ ကျွန်မ အခွင့်အရေးပေးထားတယ်!"
ရွှီဖန်း၏စိတ်ထဲမှာလည်း အနည်းငယ် ဒေါသထွက်လာလေပြီ။ ကျူဟွာက ထရပ်ပြီး ကျူပင်းကို ထပ်ဆူပူရန် ပြင်လိုက်သောအခါ ရွှီဖန်းသည် ကျူဟွာကို လက်ဝှေ့ယမ်းပြ၍ ကျူပင်းဘက်ကို လှည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။
"ကလေးမလေး စကားတွေလျှောက်ပြောမနေနဲ့၊ မင်းက စာများများဖတ်တယ်...စာတော်တယ်...ဥပဒေကို နားလည်တယ်ဆိုတာလည်း ငါသိတယ်၊ ဒါပေမဲ့ မင်း ဒီဟာတွေ မပြောခင်မှာ ကိစ္စအရင်းအမြစ်ကို သေချာ သိအောင်လို့ မိနစ်အနည်းငယ်လောက် အချိန်ယူလိုက်လို့ရမလား"
ကျူပင်းသည် ရွှီဖန်းကို မထီမဲ့မြင်ကြည့်နေသည်။ သူမသည် ခေါင်းကိုမော့ထားကာ အောင်ပွဲခံပြီး ပြန်လာတော့မည့် ဗိုလ်ချုပ်တစ်ယောက်ကဲ့သို့ ပြုမူနေသည်။
"ကျွန်မနာမည်က ကျူပင်း၊ ကလေးမလေး မဟုတ်
ဘူး၊ ပြီးတော့ ဒီမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျွန်မ ကောင်းကောင်းသိထားပြီးသားမလို့ ရှင် သတိပေးစရာ မလိုဘူး"
ကျူပင်း၏မျက်နှာအမူအရာကို ကြည့်၍ ရွှီဖန်းရင်ထဲရှိ ဒေါသများက ပေါက်ကွဲထွက်သွားတော့သည်။
"မင်းက ကောင်းကောင်းသိတယ်ဟုတ်လား၊ မင်းအဘိုး ခုနက သေလုနီးပါးဖြစ်သွားတာကို မင်းသိလား၊ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တာရော မင်း သိလား၊ ဓားက တစ်ဝက်လောက်ပဲလိုတော့တယ် ဆိုတာကို မင်း မြင်လိုက်လား၊ နည်းနည်းလေး ပိုထိမိသွားတာနဲ့ မင်းရဲ့ဒီအဘိုးက ရှိတော့မှာ မဟုတ်ဘူး၊ မင်း ဒါကို ကောင်းကောင်းသိတယ်ဟုတ်လား၊ မင်းရဲ့အဘိုးက ဒီလောက်အထိ ကြိုးစားအားထုတ်ပြီး မင်းကို ပြုစုပျိုးထောင်ခဲ့တယ်၊ မင်းကတော့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ မင်းရဲ့အဘိုးကို တစ်ခါလေးတောင် လာတွေ့ဖူးလား၊ သူ့ကို ဖုန်းဆက်ဖူးလား၊ ပြီးတော့ မင်းက တက္ကသိုလ်ကျောင်းသားဟုတ်လား...ဘယ်လိုတောင် သောက်ကျိုးနည်းတဲ့ တက္ကသိုလ်ကျောင်းသားလဲ"
ရွှီဖန်းက သူမ၏အပြစ်များအားလုံးကို စားပွဲပေါ်
တင်ချလိုက်သောအခါ ကျူပင်းသည် အနည်းငယ် စိတ်ဗလာ ဖြစ်သွားခဲ့သည်။
လွန်ခဲ့သည့် သုံးနှစ်အတွင်းမှာ သူမ အဘိုးကို တစ်
ခါလေးတောင် လာမကြည့်ခဲ့ပေ။ သူမပါးစပ်မှ 'အဘိုး'ဟု ခေါ်ရန် ထိုက်ရော ထိုက်တန်ပါရဲ့လား။
ဒီနေရာတွင် သူမ မျက်နှာပြောင်တိုက်ကာ ထိုင်နေနိုင်သည့် ယုံကြည်မှုမျိုးက ဘယ်ကနေ ရောက်လာသနည်း။
*******************