← Chapters

နံရံထဲဝင်ရောက်ခြင်း

Vol. 26 Ch. 376

နံရံထဲဝင်ရောက်ခြင်း

Vol. 26 Ch. 376

ဆံနီလူမိုက်တို့က အသုံးမဝင်တော့တာကြောင့် ရွှီဖန်း သူတို့ကို ပြန်လွှတ်လိုက်သည်။ သူကတော့ ကျူဟွာနှင့် ရှယန်ယွိဆီပြန်ရန် တစ်ဖက်ကို လှည့်လိုက်သည်။

ရုတ်တရက်ပင် ရွှီဖန်း၏ရင်ဘက်ထဲရှိ ခေါင်းလောင်း သည် တချွင်ချွင်မြည်သံဖြင့် တုန်ခါလာသည်။ ရွှီဖန်း၏နှလုံးသားမှာ တင်းကြပ်သွားခဲ့ပြီး ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ 

သူ့ခန္ဓာကိုယ်သည် မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်သွားကာ ပူပြင်းသော ကျည်ဆံတစ်တောင့်သည်လည်း ရွှီဖန်း၏ပခုံးကို ကပ်၍ ဖြတ်သွားခဲ့သည်။

သေနတ်လား။ 

ရွှီဖန်း လှည့်ကြည့်လိုက်သည်။ မူလက သူ လွှတ်ပေးခဲ့သော ဆံနီလူမိုက်သည် ယခုအခါတွင် အနက်ရောင် ပစ္စတိုတစ်လက်ကို ကိုင်ထားကာ လုံးဝ တောင့်တင်းနေပြီး ကြောင်တောင်တောင်အမူအရာ ဖြစ်နေလေသည်။ 

ဆံနီလူမိုက်က ထိုကဲ့သို့သော အမူအရာမျိုးပြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ခုနက ရွှီဖန်း၏ နောက်ကျောသည် ဆံနီလူမိုက်ဘက်သို့ လှည့်ထားတာကြောင့် ဆံနီလူမိုက်တွင် သေနတ်ရှိသည်ကို သတိမထားမိခဲ့ပေ။ 

သို့သော် ဆံနီလူမိုက်မှာတော့ အံ့သြမဆုံး ဖြစ်နေလေသည်။ နှလုံးသားကို ဦးတည်ထားသော ကျည်ဆံကို ရွှီဖန်းက ရှောင်တိမ်းနိုင်ခဲ့သည်။

ဆံနီလူမိုက်သည် ရွှီဖန်းက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ လုံးဝထိတ်လန့်သွားလေသည်။ သူ ဒီလောက်အထိ ခံနိုင်ရည်ရှိကာ အမျိုးမျိုးသည်းခံခဲ့ပြီးနောက် နောက်ဆုံးမှာတော့ အနိုင်ရရန် အခွင့်အရေးရခဲ့သည်။ ထိုအခွင့်အရေးက ဒီလိုနှင့်ပင် ပျောက်

ကွယ်သွားခဲ့သည်။ 

"ဆရာကြီး ဒါက နားလည်မှုလွဲတာပါ...နားလည်မှုလွဲတာပါ"

ဆံနီလူမိုက်သည် သူကိုယ်တိုင်ပင် သူ၏စကားများကို မယုံကြည်နိုင်တာကြောင့် သူ့သဘောထားကို ချက်ချင်းပင် ပြောင်းလဲလိုက်ပြီး ကြမ်းတမ်းရက်စက်သော မျက်နှာကို ပြသလိုက်သည်။

"ဒီကို မလာနဲ့! ငါ့လက်ထဲမှာ သေနတ်ရှိတယ်! နောက်တစ်လှမ်းထပ်လှမ်းလာရင် ငါ ပစ်သတ်ပစ်

မယ်!"

သို့သော်လည်း ရွှီဖန်းကတော့ ဂရုမစိုက်ပေ။ အစောပိုင်းကမ္ဘာမြေအဆင့်၏အရှိန်အဝါဖြင့် သူ ဆံနီ လူမိုက်ထံသို့ တစ်လှမ်းချင်းစီ အေးစက်စွာ လျှောက်သွားလိုက်သည်။

တချို့လူများသည် သင်က လွှတ်ပေးခဲ့သော်လည်း သူတို့ကိုယ်တိုင်ပင် သေခြင်းတရားကို ဖိတ်ခေါ်ချင်ကြပေသည်။ ထိုကဲ့သို့သော တောင်းဆိုမှုများကို ရွှီဖန်းကလည်း အမြဲတမ်း တုံ့ပြန်လေ့ရှိသည်။

"မလာနဲ့! မလာပါနဲ့! ကျွန်တော် တောင်းပန်ပါတယ်!"

ဆံနီလူမိုက်မှာ စိတ်လွတ်မတတ် ဖြစ်နေလေပြီ! သူ့လက်ထဲရှိ ပစ္စတိုကိုပင် မနည်း ကိုင်ထားရသည်။ သူ့အသံထဲတွင်ပင် ရှိုက်သံအနည်းငယ် ပါဝင်နေခဲ့သည်။ 

အဆိပ်နဂါးဂိုဏ်း၊ ခေါင်းဆောင်တုယာ၏ ယုံကြည်ရသောလက်ထောက်တစ်ဦးအနေဖြင့် ဆံနီလူမိုက်သည် သွေးထွက်သံယို မြင်ကွင်းများစွာကို မြင်ဖူးသူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူသည် အခုလို ဆိုးရွားလှသော အခြေအနေမျိုးတွင် မရှိနေသင့်ပေ။ အဆိပ်နဂါးဂိုဏ်းတစ်ခုလုံးတွင်ပင် ဓားကို အမြန်ရှောင်နိုင်သူ အနည်းငယ်သာရှိသည်။  

သို့သော် ဆံနီလူမိုက်သည် ရွှီဖန်း၏ကျည်ဆံကို ရှောင်တိမ်းပုံနှင့် သူ့ကို ဦးတည်လာသော တိုက်ခိုက်မှုအား ရှောင်တိမ်းပုံတို့၏ အံ့သြဖွယ်ရာနည်းလမ်းများကို မြင်သောအခါ သူ့ရင်ထဲတွင် အေးစက်သွားရသည်။ ယခုအခါ ရွှီဖန်း၏ ကြီးမားလှသောဖိအားပေးမှုကြောင့် ဆံနီလူမိုက်သည် မငြိမ်သက်နိုင်တော့ပေ။ 

ခြေသံတဖျပ်ဖျပ်မြည်သံက တိတ်ဆိတ်သော လမ်းကျဉ်းထဲတွင် အထူးပင် စူးရှနေသည်။ အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ဆံနီလူမိုက်အတွက်မူ သူ့နှလုံးသားကို ထုနှက်နေသော ဗုံသံကဲ့သို့ပင်။

ဆံနီလူမိုက်သည် နောက်ဆုံးမှာတော့ စိတ်မထိန်းနိုင်တော့ပေ။ သူ သေနတ်မောင်းကို ရူးသွပ်စွာ ဆွဲတင်ပြီး မျက်စိမှိတ်၍ ရွှီဖန်းဘက်သို့ ရမ်းသမ်းကာ ဆက်တိုက်ပစ်ခတ်တော့သည်။ သို့သော် သူ့ပါးစပ်ကမူ ရွှီဖန်းကို သူ့ဆီ မလာရန် ရူးသွပ်စွာ တောင်းပန်နေဆဲပင်။ 

သူ့ပုံစံမှာ လုံးဝရူးသွားသည့်အတိုင်းပင်။ 

ရွှီဖန်းသည် ဆံနီလူမိုက်ထံသို့ ပေါ့ပေါ့ပါးပါးပင် လျှောက်သွားနေသည်။ တစ်ခါတစ်ရံမှာ သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး ဝင်လာသောကျည်ဆံများကို ရှောင်ရှားရန်အတွက် ခြေထောက်ကို အနည်းငယ် လှည့်လိုက်သည်။ 

ဆယ်မီတာအတွင်း၌ သေနတ်သမား၏လုပ်ကြံသတ်ဖြတ်မှုကို ခံရခြင်းမှာ ကျွမ်းကျင်သော ဓားသမားတစ်ယောက်ကို ရင်ဆိုင်ရသည်ထက် ပိုမိုခဲယဥ်းပြီး ကောင်းမွန်သည့် အခြေအနေမရှိနိုင်ပေ။ 

သို့သော်ငြား ရူးသွပ်နေသည့်သေနတ်သမားက ဆယ်မီတာအတွင်းမှာ ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူ တစ်ယောက်ကို ရင်ဆိုင်ရလျှင်တော့ ရလဒ်က ရှင်းပေသည်။ ဒုတိယရလဒ်ဆိုတာ မရှိတော့ပေ။ 

တစ်လှမ်းချင်းစီဖြင့် ရွှီဖန်းသည် ဆံနီလူမိုက်၏အရှေ့ကို လျှောက်သွားကာ ဆံနီလူမိုက်၏အင်္ကျီကော်လာ ကို ဆွဲကိုင်၍ မလိုက်သည်။ ဆံနီလူမိုက်သည် သေနတ်မောင်းကို အဆက်မပြတ် ဆွဲနေတုန်းပင်။ သူက ရမ်းသမ်းကာ အော်ဟစ်နေသည်။

"ကျွန်တော့်ကို မသတ်ပါနဲ့! ကျွန်တော့်ကို မသတ်ပါနဲ့! ခင်ဗျားကို မိန်းမတစ်ယောက် ပေးပါ့မယ်! ကျွန်တော်ကလည်း ခင်ဗျားရဲ့ကျွန်ဖြစ်ပေးပါ့မယ်! ကျွန်တော့်ကို မသတ်ပါနဲ့!"

ရွှီဖန်းက လက်သီးဆုပ်၍ ဆံနီလူမိုက်ခေါင်း၏ဘေးမှ နံရံကို ထိုးလိုက်သောအခါ နံရံထက်၌ လက်သီးပေါက်ရာအကြီးကြီးတစ်ခု ဖြစ်သွားခဲ့သည်။ 

"မင်းက ထက်မြက်တဲ့လူတစ်ယောက်ပဲ၊ ငါ့ကို လာပြီး အရူးကွက်တွေ လာနင်းစရာမလိုဘူး၊ မင်း ငါ့ကို အကူအညီပေးရင် ငါ မင်းကို မသတ်ဘူး"

ရွှီဖန်းသည် ဆံနီလူမိုက်အား မြေပြင်ပေါ်သို့ ပစ်ချကာ သူ့လက်များကို ပေါ့ပေါ့ပါးပါး ဖုန်ခါလိုက်သည်။ သို့သော် သူ့လေသံကတော့ အေးစက်နေလေသည်။

ဆံနီလူမိုက်သည် ရွှီဖန်း၏စကားများကို ကြားသောအခါ ရုတ်တရက်ပင် သတိပြန်ဝင်လာသည်။ သူသည် ခွေးနီတစ်ကောင်လိုမျိုး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသံကျယ်လောင်စွာဖြင့် မြေကြီးကို ခေါင်းတိုက်၍ တောင်းပန်လိုက်သည်။

"အစ်ကိုကြီး! အဘိုး! ခင်ဗျားသာ ဒီခွေးရဲ့ ဘဝလေးကို ချမ်းသာပေးမယ်ဆိုရင် ခင်ဗျားရဲ့စကားအတိုင်း မီးတောင်ကိုဖြတ်ပြီး ပင်လယ်ကို ကျော်ဖြတ်ပါ့မယ်"

ရွှီဖန်း၏မျက်နှာပေါ်၌ ပြုံးရယ်ခြင်းမဟုတ်သည့် အပြုံးတစ်ခုရှိနေခဲ့ပြီး သူ၏အေးစက်သောအသံမှာ ကစားလိုစိတ်ဖြင့် ပြည့်နှက်နေသည်။ 

"တာဝန်က အရမ်းရိုးရှင်းပါတယ်၊ ငါ မင်းကို ခုနက ပြောလိုက်တာကို မင်းရဲ့ခေါင်းဆောင်ဆီ တဆင့်ပြန်ပြောပေးရုံပဲ၊ မှတ်ထား...တစ်ရက်ပဲ အချိန်ရှိတယ်၊ တစ်ရက်ကျော်သွားလို့ သူသာ ဟွာချန်းကိုယ်ခံပညာကျောင်းရဲ့ရှေ့မှာ ဒူးထောက်နေတာကို ငါ မတွေ့ခဲ့ရင် ငါ ပျော်မှာမဟုတ်ဘူး၊ ငါ မပျော်ရင် မင်းလည်းပဲ.....နားလည်တယ်မလား"

ဆံနီလူမိုက်၏မျက်နှာပေါ်၌ တွေဝေမှုအနည်းငယ် ပေါ်လာခဲ့သည်။ သို့သော် သူ ချက်ချင်းပင် တုံ့ပြန်ကာ ခေါင်းငုံ့လိုက်သည်။ သူ့ခေါင်းကို မြေပြင်ဖြင့် ကျယ်လောင်စွာ ရိုက်လျက်...

"ဆရာကြီး စိတ်မပူပါနဲ့! ကျွန်တော် သေချာပေါက်... အား!"

ဆံနီလူမိုက်၏ စကားမဆုံးခင်မှာပင် ရွှီဖန်းသည် ဆံနီလူမိုက်၏ လက်တစ်ဖက်ကို နင်းကာ နံရံထဲသို့ ထိုးထည့်လိုက်သည်။ 

"အစ်ကိုကြီး! ဆရာကြီး! သခင်ကြီး!... အား! အား!အား!"

ဆံနီလူမိုက်မှ စကားကို ထပ်မပြောနိုင်သေးခင် သူ၏နောက်လက်တစ်ဖက်အား ရွှီဖန်းက နံရံထဲသို့ထပ်ပြီးထည့်လိုက်ပြန်သည်။ 

လက်နှစ်ဖက်လုံးမှ ထွက်ရှိလာသော နာကျင်မှုများက သူ့ရင်ဘတ်တစ်ခုလုံးအား ဆုတ်ဖြဲနေသကဲ့သို့ပင်။ ဆံနီလူမိုက်သည် သူ့လက်မောင်း၏အရိုးများကြေမွသွားပြီဆိုတာကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

ပဲစေ့အရွယ် ချွေးစက်များက ဆံနီလူမိုက်၏နဖူးကနေ စီးကျလာသည်။ ဆံနီလူမိုက်သည် ရင်ဘတ်ဆုတ်လုမတတ် နာကျင်မှုကို ခံစားနေရကာ အသံတိုးတိုးဖြင့် တောင်းပန်လိုက်သည်။

"ကျွန်တော့်ကို မသတ်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား... အား! အား! အား!"

ဒီတစ်ခါမှာတော့ သူ၏ဘယ်ခြေထောက်ပင်။

ဆံနီလူမိုက်သည် အခုလိုနာကျင်မှုမျိုးအား တစ်ခါမှ မခံစားခဲ့ဖူးပေ။ သူ၏အာရုံကြောများပင် ပေါက်ထွက်လုမတတ်ပင်။ ချင်မင်းဆက်တစ်လျှောက်လုံး၏ ထိပ်တန်းညှဉ်းပန်းနှိပ်စက်သူဆယ်ယောက်တောင်မှ ဒီလောက်အထိ နှိပ်စက်နိုင်ခဲ့လိမ့်မည်မဟုတ်ချေ။

လက်ရှိအချိန်၌ ဆံနီလူမိုက်သည် သေဆုံးရမည်ကိုပင် ပျော်ရွှင်နေမိပြီး အဆုံးမရှိသော နာကျင်မှုကနေ လွတ်မြောက်ချင်ခဲ့သည်။

"အား! အား! အား! အား!"

သူ့အော်သံက တိုးကာအက်ကွဲနေလေသည်။ သူ့ခွန်အားများ အကုန်ကုန်သွားသကဲ့သို့ပင်။ ယခုအချိန် ဆံနီလူမိုက်၏ခန္ဓာကိုယ်တစ်ခုလုံးမှာ နံရံထဲ၌ ပိတ်မိနေသလိုမျိုး ဖြစ်နေခဲ့သည်။ အပြင်၌ သူ့ခေါင်းသာ ကျန်တော့သည်။ ဆံနီလူမိုက်၏ မျက်နှာမှာ နာကျင်မှုကြောင့် တွန့်လိမ်နေပြီး ကြောက်ရွံ့ကာ တုန်ယင်နေသည်။ 

အရမ်းနာတယ်!

နောက်ဆုံးမှာတော့ ဆံနီလူမိုက်သည် ခေါင်းစောင်းကာ သတိလစ်သွားခဲ့သည်။

အချက်ပေးသံတစ်သံ မြည်လာသည်။ တစ်စုံတစ်ယောက်က သေနတ်သံများကို ကြားပြီး ရဲကို ဖုန်းခေါ်လိုက်ပုံရသည်။

ရွှီဖန်းသည် သွက်လက်သော တောကြောင်တစ်ကောင်ကဲ့သို့ လမ်းကျဉ်းလေး၏ နံရံကို ကျော်

တက်ကာ သူ့ပတ်ဝန်းကျင်ရှိ ကင်မရာများကို ရှောင်ရှားလိုက်သည်။ ထို့နောက် ရဲကားတစ်စီးက သူတို့ရှိရာဆီသို့ ကျယ်လောင်စွာ အော်ဟစ်မောင်းနှင်လာသည်ကို မျက်နှာချင်းဆိုင်ကြည့်ရင်း ဒိုဂျိုဘက်သို့ မနှေးမမြန်သော ခြေလှမ်းဖြင့် လမ်းလျှောက်သွားလိုက်သည်။ 

တရုတ်ပြည်၌ သေနတ်မှုဆိုလျှင် ဘယ်လောက်ပင်သေးသေးလေးပဲဖြစ်ပါစေ အဓိကအမှုအဖြစ် အမြဲသတ်မှတ်လေသည်။ ထိုကြောင့် ဝမ့်စစ်ချီမှာ ဖုန်းလက်ခံရရှိပြီးပြီးချင်း ချက်ချင်းပင် ရဲများကို စေလွှတ်ပြီး သူမ၏ လုပ်ဖော်ကိုင်ဖက်တစ်စုကို ခေါ်ဆောင်ကာ အခင်းဖြစ်ပွားရာနေရာသို့ သွားခဲ့သည်။ 

အခင်းဖြစ်ပွားရာနေရာကို သူတို့ ရောက်ခါနီးတွင် ရဲကားဘေးကနေ အနည်းငယ် ရင်းနှီးသော ပုံရိပ်တစ်ခုက ဖြတ်သွားသည်ကို ဝမ့်စစ်ချီ တွေ့လိုက်ရသည်။ သို့သော် ဝမ့်စစ်ချီမှာ သူ့နာမည်အား သတိရရန် မည်မျှပင် ကြိုးစားပါစေ ဘယ်လိုမှ မမှတ်မိနိုင်ခဲ့ပေ။ 

ရဲအလုပ်သည် ကမ္ဘာပေါ်တွင် အလုပ်အများဆုံးအလုပ်များထဲမှ တစ်ခုဖြစ်သည်။ နေ့စဥ်နေ့တိုင်းပင် လူများဖြင့် တွေ့ဆုံနေရတာကြောင့် မထင်ရှားသောလူများနှင့် သေးငယ်သောကိစ္စများကို သူတို့၏စိတ်ထဲကနေ မြန်မြန်ဆန်ဆန် မေ့ပစ်တတ်ပေသည်။ 

ရဲကားပေါ်ကနေ ဆင်းပြီးနောက် ဝမ့်စစ်ချီသည် သူမ၏ပစ္စတိုကို ထုတ်ကာ ရဲအရာရှိဒါဇင်များစွာကို ခေါ်ဆောင်၍ အခင်းဖြစ်ပွားရာနေရာကို အလျင်အမြန် သွားခဲ့သည်။ 

သူတို့အရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ရဲအရာရှိ ဒါဇင်ပေါင်းများစွာမှာ အေးစက်လှသော လေကို ရှူသွင်းလိုက်မိကြသည်။ လူတစ်ယောက်ကို နံရံထဲသို့ နင်းထည့်နိုင်ရန်အတွက် ခွန်အားဘယ်လောက်တောင် ရှိရမည်နည်း။ 

လျှပ်စီးလက်သလိုပင် ဝမ့်စစ်ချီ၏စိတ်ထဲသို့ တစ်စုံတစ်ခုဝင်ရောက်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ကာ နောက်ဆုံးမှာတော့ ထိုလူ၏နာမည်ကို မှတ်မိသွားခဲ့သည်။ 

ရွှီဖန်း!

*********************

All Chapters