ဒေါသထွက်နေသောအဆိပ်နဂါးဂိုဏ်းခေါင်းဆောင်
Vol. 26 Ch. 378
ရွှီဖန်းသည် ရှယန်ယွိကို ဒိုဂျိုအပြင်သို့ ဆွဲထုတ်လာပြီးနောက် ဖြည်းညင်းစွာ သက်ပြင်းချလိုက်သည်။
ရွှီဖန်းအတွက်ကတော့ ဒိုဂျိုများသည် နေရာတိုင်းတွင် ရှိနေသည်ပင်။ ဒီနေရာကိုသာ ရရှိရန် မလိုအပ်ချေ။
ကျူပင်းလို့ခေါ်တဲ့ကလေးမလေးအတွက်ကတော့...သူ နားလည်မှုလွဲနေရင်လည်း လွဲနေတဲ့အတိုင်းပါ ရှိပါစေတော့။
သူ ပထမဆုံးအကြိမ် ရှင်းပြခဲ့ခြင်းမှာ ကျူဟွာကြောင့်ပဲ။ ဒုတိယအကြိမ်ဆိုလျှင်တော့ သူ ဘယ်လိုလုပ် ရှင်းပြရတော့မည်နည်း။
ဂုဏ်သိက္ခာရှိသည့် ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူ တစ်ဦးက ကလေးမလေးတစ်ယောက်နှင့် တန်းတူဖြစ်အောင် သူ့အဆင့်ကို နှိမ့်ချ၍ ဆက်ရှင်းပြနေလိမ့်မည်မဟုတ်ချေ။
ရှယန်ယွိကတော့ နားမလည်နေတာကြောင့် ပျက်ယွင်းနေသော မျက်နှာထားဖြင့် မေးလာသည်။
"ဘာဖြစ်တာလဲ၊ ခုနကအထိ အဆင်ပြေနေတာ မဟုတ်ဘူးလား၊ အဲ့ဒီကလေးမလေး ကျူပင်းနဲ့ ထပ်ပြီး ရန်ဖြစ်လာပြန်ပြီလား"
ရှယန်ယွိသည် မတိုင်ခင်က ခြံထဲမှာ ထိုင်နေခြင်းပင်။ ရွှီဖန်းသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကိုယ့်ကို နှင်ထုတ်လိုက်တာ၊ အခု မထွက်သွားရင် ရဲတွေက ကိုယ့်ကို ဖမ်းလိမ့်မယ်တဲ့"
ရှယန်ယွိကမူ သူ့ကို ကြည့်ကာ တစ်ကိုယ်လုံးတုန်ယင်သည်အထိ ရယ်မောလာသည်။
"ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးက ဂုဏ်သိက္ခာရှိတဲ့ ဥက္ကဋ္ဌကို နောက်ဆုံးမှာတော့ ကလေးမလေးတစ်ယောက်က အပြစ်ပေးလိုက်တာပေါ့လေ၊ ကျွန်မဖြင့် တကယ်ကို ရယ်ရလို့သေတော့မှာပဲ!"
ရွှီဖန်းသည် ရယ်မောနေသော ရှယန်ယွိကို ကြည့်ကာခါးသက်သက် ပြုံးလိုက်မိသည်။
"ဒီနေ့ တစ်နေကုန် အလုပ်ရှုပ်နေခဲ့ရပြီး လုပ်ငန်းကလည်း အောင်မြင်တော့မလို့ပဲ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကလေးမလေးတစ်ယောက်ကြောင့် အကုန်လုံး ရှုပ်ထွေးသွားရပြီ! အခုတော့ တခြားဒိုဂျိုကို ထပ်ရှာရတော့မယ်"
သို့သော်ငြား ရှယန်ယွိက ရုတ်တရက်ကြီး လေးနက်သွားသည်။
"ဒိုဂျိုကိစ္စကတော့ ဝန်ထမ်းလက်ထဲကိုပဲ အပ်ထားလိုက်ပါ၊ ဆရာကြီးကျူက ကောင်းမွန်တဲ့လူဖြစ်ပြီး သူ့ဆီမှာ သူရဲကောင်းစိတ်ဓာတ်ရှိတယ်၊ ရွှီဖန်း...အဲ့ဒီကလေးမလေးကြောင့်နဲ့ ဆရာကြီးကျူအတွက် ထည့်မစဉ်းစားပေးဘဲ မနေရဘူးနော်"
ရွှီဖန်း၏လက်သည် ရှယန်ယွိ၏ခါးပေါ်သို့ ခိုးကြောင်ခိုးဝှက် တက်သွားလိုက်ပြီး ခါး၏အံ့သြဖွယ်ရာ နူးညံ့ပျော့ပြောင်းမှုကို ခံစားနေသည်။ သူ မကောင်းဆိုးဝါးဆန်ဆန်ဖြင့် ပြုံးလိုက်ကာ...
"မင်းရဲ့ယောကျ်ားက ဘယ်သူဆိုတာ မသိသေးဘူးလား၊ ဟမ်...မင်းယောကျ်ားကို သံသယဝင်ရဲတယ်ပေါ့...အပြစ်ပေးခံရသင့်တယ်"
ရှယန်ယွိ၏မျက်နှာမှာ မှည့်နေသောပန်းသီးကဲ့သို့ နီရဲ နေပြီး အလွန်ဆွဲဆောင်မှုရှိလှသည်။ ရှယန်ယွိသည် ရွှီဖန်း၏လက်မောင်းကို ဖက်ကာ ရှက်ရွံ့စွာ ပြောလိုက်သည်။
"ကဲပါ...မရစ်နေနဲ့တော့၊ အိမ်ပြန်ရောက်မှ အပြစ်ပေး...နော်"
ဒီမိန်းမဆိုးလေးကတော့!
ရွှီဖန်းမှာ ရှယန်ယွိ၏မျက်နှာအမူအရာကို မြင်သောအခါ ထိန်းချုပ်နိုင်မှု လွတ်သွားမတတ်ဖြစ်သွားရသည်။
သူ ရှယန်ယွိ၏လက်သေးသေးလေးကို ဆွဲကာ အိမ်ရောက်ရန် အလောတကြီးပြုမူတော့သည်။
sportscarထဲသို့ ရောက်သည်နှင့် ရွှီဖန်း ကားကို အရင် စက်နှိုးလိုက်သည်။
သို့သော် ရှယန်ယွိက ရုတ်တရက်ကြီး စိတ်ပြောင်းသွားခဲ့သည်။ သူမက အနောက်ပိုင်းဒေသအား ကားဖြင့် လျှောက်သွားချင်နေသည်။ ရွှီဖန်းကတော့ ဘယ်လိုလုပ် ဆန္ဒရှိမည်နည်း။ သို့သော် ရှယန်ယွိက ကလေးဆန်ဆန် ရစ်လာပြီး ရွှီဖန်း၏လက်မောင်းကို ဖက်ကာ ကလေးလိုမျိုး လှုပ်ခါလာသည်။
ရွှီဖန်းမှာ ကူကယ်ရာမဲ့စွာပင် sportscarကို မောင်း၍ ရှယန်ယွိအား အနောက်ပိုင်းဒေသ၌ လျှောက်သွားရန် ခေါ်သွားရတော့သည်။
sportscarတစ်စီးသည် မီးခိုးငွေ့တစ်မျှင်ပမာ မြန်ဆန်စွာ မောင်းနှင်သွားခဲ့ပြီး ကျယ်လောင်သော အသံတစ်သံက ပဲ့တင်သံထပ်သွားခဲ့သည်။
ရွှီဖန်းသည် လှပစိမ်းစိုသော အနောက်ပိုင်းဒေသကို ဖြတ်သန်းသွားလာနေရင်း သူ့စိတ်ထဲရှိ မပျော်မရွှင်မှုများ မေ့ပျောက်သွားခဲ့သည်။ သူ ရှယန်ယွိနှင့်အတူ နယ်နိမိတ်မဲ့ကာ အလွန်လှပသော ရှုခင်းများကြား လျှောက်သွားနေခဲ့သည်။
ရွှီဖန်း၏အနည်းငယ်သောမပျော်ရွှင်မှုနှင့် နှိုင်းယှဉ်လျှင် တုယာကမူ ယနေ့က သူ့ကပ်ဆိုးနေ့ဖြစ်သည်ဟု ခံစားနေရသည်။ သူ ရူးမတတ် ဖြစ်နေလေသည်။
အနောက်ပိုင်းဒေသရှိ မြေအောက်အဖွဲ့အစည်းများမှ တစ်ခုအပါအဝင်ဖြစ်သော အဆိပ်နဂါးဂိုဏ်း၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် တုယာသည် သူ၏စကားကို အမြဲတည်ခဲ့သူဖြစ်သည်။
မည်သူကမျှ တုယာ၏ကျော်ကြားမှုကို စိန်ခေါ်ရဲသူမရှိပေ။ စိန်ခေါ်ရဲသူမှန်သမျှကိုလည်း တုယာက ငါးစာကျွေးရန် ရေကန်ထဲသို့ ပစ်ချခဲ့သည်။
တုယာသည် အနောက်ပိုင်းဒေသတွင် ဒေသခံမင်းဆိုးမင်းညစ်ဖြစ်ကြောင်း လူတိုင်းက ကောင်းစွာသိထားကြသည်။ သူ၏အာဏာစက်က ပြင်းလှသည်။ ၎င်းမှာ အနောက်ပိုင်းဒေသ၏ မပြောင်းလဲသောနိယာမဖြစ်သည်။
သို့သော် ယနေ့တွင်မူ ထိုမပြောင်းလဲသောနိယာမက ပျက်စီးသွားခဲ့သည်။ တစ်စုံတစ်ဦးက တုယာ၏ ဂုဏ်သတင်းကို စော်ကားခဲ့ရုံသာမကဘဲ တုယာ၏ မျက်နှာကို မြေကြီးထဲသို့ပင် ရက်စက်စွာ နင်းချေပစ်ခဲ့သည်။
လီရှုကလည်း ပြင်းပြင်းထန်ထန် အရိုက်ခံခဲ့ရသည်။ လီရှုသည် ကိုယ်ခံပညာစွမ်းအားကို အသုံးမပြုတတ်သော်လည်း သူ၏ထက်ရှသော ပါးစပ်ကြောင့် အလွန်နာမည်ကြီးပေသည်။ နှစ်ပေါင်းများစွာပင် ထို ထက်ရှသောပါးစပ်ဖြင့် အဆိပ်နဂါးဂိုဏ်းအတွက် အလုပ်များစွာ လုပ်ပေးခဲ့သည်။
ထိုအလုပ်များနှင့် ယှဥ်လျှင် လီရှုကို ယနေ့ပေးခဲ့သော တာဝန်မှာ အသေးအဖွဲ့ကိစ္စသာဖြစ်သည်။ သူသည် အဘိုးအိုတစ်ဦးထံမှ ဒိုဂျိုတစ်ခုကို ဝယ်ယူရုံပင်။
ထိုအရာမှာ မစ်ရှင်၏ပထမအဆင့်သာရှိသည်။ ထိုအဘိုးအိုကို မြေမြှုပ်စရာနေရာပင်မရှိဘဲ သေဆုံးစေရန်အတွက် တုယာသည် အဆင့်များစွာကို ပြင်ဆင်ထားခဲ့သည်။
ပထမအဆင့်ကို ချောမွေ့လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် တုယာသည် သူ၏ကိုယ်ပိုင်ဆက်ဆံရေးများကိုပင် အသုံးပြုခဲ့ပြီး စက်မှုနှင့်ကုန်သွယ်ရေးဗျူရို ၊ အကြီးအကဲ၏သားကိုပင် လီရှုကို ကာကွယ်ပေးရန် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်စေခဲ့သည်။
ထိုအရာသည် အမှားအယွင်းမရှိသော အကွက်ဖြစ်သော်လည်း မှားယွင်းစွာ တွက်ချက်မိခြင်းဖြစ်နေခဲ့သည်။
လီရှုက ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သူ့ခန္ဓာကိုယ်၏အရိုး၃၈ချောင်းတောင် ကျိုးခဲ့သည်။ သူ မြင်ခဲ့ရစဥ်က လီရှုသည် ဖက်ထုပ်တစ်လုံးလိုမျိုး ပတ်တီးများဖြင့် အပတ်ခံထားရကာ ပါးပြင်များကလည်း ရောင်ရမ်းနေသည်။
ထိုအရာမှာ လီရှု၏မျက်နှာကို ရိုက်ခဲ့ခြင်း မဟုတ်ပေ။ ၎င်းသည် သူ၏မျက်နှာကို ရိုက်ခဲ့ခြင်းပင်။
တုယာသည် ဒေါသကို ထိန်းချုပ်ခဲ့ကာ ဗျူရိုအကြီးအကဲ၏သား လျိုချောင်ဖန်ကို ဖုန်းခေါ်ဆိုခဲ့ပြီး အခြေအနေ မေးမြန်းခဲ့သည်။ သို့သော် လျိုချောင်ဖန်သည် တုယာအား "မင်းသေချင်နေရင်တောင် ငါ့ကိုမဆွဲထည့်နဲ့" စသည်ဖြင့် စက်သေနတ်ပစ်သလိုမျိုး စကားများကို သူ့နားထဲသို့ အော်ထည့်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
တုယာ ဖုန်းချခဲ့သော်လည်း သူ့ရင်ထဲ၌ ဒေါသများ တောက်လောင်ခဲ့ရသည်။
သို့သော်ငြား လျိုချောင်ဖန်၏ အထောက်အထား ကြောင့် တုယာမှာ မလှုပ်ရှားရဲပေ။ သူကိုယ်တိုင်ကလည်း လှုပ်ရှားရန် ပျင်းရိနေခဲ့သည်။
လျိုချောင်ဖန်သည် သာမန်ကိစ္စတစ်ခုခုနှင့်ပင် ကြုံတွေ့ရပါက ကြောက်လန့်တကြား ဖြစ်သွားတတ်သည့် ဒုတိယမျိုးဆက်သူဌေးသားသာ ဖြစ်သည်။ တုယာအတွက် ထိုကဲ့သို့သောလူကို အရေးယူဆောင်ရွက်ရန် အဘယ့်ကြောင့် တန်ဖိုးရှိမည်နည်း။
တစ်ချိန်တည်းမှာပင် တုယာသည် အဘိုးအိုကိုလည်း မျက်စိထဲမထည့်ခဲ့ပေ။
လေနှင့်မိုးတုတ်လေးတစ်စုံကိုတောင် သူတို့ မထိနိုင်ကြဘူးလား! ကျည်ဆံတွေကရော!
၂၁ ရာစုမှာ ကိုယ်ခံပညာက ဘာအသုံးဝင်မည်နည်း။ အဘိုးအိုသည် ခုတ်လှဲရန် ပြင်ဆင်ထားသောငါးသက်သက်ပင်။
တုယာသည် သတိကြီးသူတစ်ဦးဖြစ်သည်။ သူ၏ အလွန်အမင်းသတိထားတတ်သော စရိုက်ကြောင့် သူကိုယ်တိုင် သေမင်းနှင့်အကြိမ်ပေါင်းများစွာတွေ့လုနီးပါးမှ ရှောင်လွှဲနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ အနောက်ပိုင်းဒေသ၏မြေအောက်ခေါင်းဆောင်ရာထူးကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။
တုယာသည် ထိုအဘိုးအိုနှင့်ပတ်သက်သောကိစ္စက အလွန်အရေးကြီးသည်ကို ကောင်းစွာသိထားသည်။ နောက်ဆုံးရလဒ်က ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးအား မကျေနပ်စေခဲ့လျှင် သူ့ကို စောင့်ကြိုနေသည်မှာ ဘေးဆိုးကြီးသာ ဖြစ်သည်။
ထိုအရေးပါသောပုဂ္ဂိုလ်၏လုပ်ဆောင်မှုများကို တွေးမိသောအခါ တုယာမှာ မတုန်ယင်ဘဲ မနေနိုင်ခဲ့ချေ။ ထို့ကြောင့် ဒီတစ်ကြိမ်တွင် တုယာ၏ရင်ထဲတွင် ဒေါသများ တောက်လောင်နေခဲ့သော်လည်း သူ သတိထားရန်ကို ရွေးချယ်ခဲ့သေးသည်။ ထို့ကြောင့် သူယုံကြည်ရသောလက်ထောက်ကို စေလွှတ်ကာ ထိုအဘိုးအိုကို ထောက်လှမ်းစေခဲ့သည်။
တုယာသည် တကယ်တမ်းမှာတော့ အဘိုးအိုအား မျက်စိထဲမထည့်ခဲ့ပေ။ ဤသည်မှာ ကြောင်နှင့် ကြွက်ကစားခြင်းသက်သက်သာဖြစ်သည်။ သန်မာသော ကြောင်တစ်ကောင်သည် အိုမင်းပျက်စီးနေသော ကြွက်တစ်ကောင်ကို ဂရုစိုက်မည်မဟုတ်ပေ။
သို့သော်လည်း တခြားကိစ္စတစ်ခုက ဖြစ်ပျက်ခဲ့သည်။ နားစူးလှသော ရဲကားများ၏အချက်ပေးများမှာ ဆက်တိုက်မြည်နေတာကြောင့် ပုံမှန်အားဖြင့် မထိတ်လန့်တတ်သော တုယာပင်လည်း ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။ မကောင်းသောနိမိတ်တစ်ခုက တုယာ၏ရင်ထဲ၌ စတင်ဖြစ်ပေါ်သွားခဲ့သည်။
တကယ်ပင် သေနတ်ပစ်ခတ်မှုဖြစ်သည်။
သူ၏ယုံကြည်ရသောလက်ထောက်မှာ အလွန်တုံးအတာကြောင့် သေနတ်ကို ထုတ်ခဲသည်။
သို့သော် ထုတ်သုံးတော့လည်း တစ်ဖက်လူကို မပစ်နိုင်ခဲ့သည့်အပြင် နံရံပေါ်သို့ နင်းပါနင်းချေခံခဲ့ရသည်။
လူတစ်ယောက်လုံးကို နံရံထဲသို့နင်းချေထည့်သွင်းနိုင်သော စွမ်းအား! အဲ့ဒီလူက လူရောဟုတ်သေးရဲ့လား!
တုယာကို ပို၍စိုးရိမ်စေသည်မှာ ထိုလုပ်ကြံသတ်ဖြတ်မှုက မှောင်ခိုထဲ၌ ပုန်းအောင်းနေသော အဆိပ်နဂါးဂိုဏ်းကို နေရောင်အောက်သို့ ရောက်သွားစေမည်ကိုပင်။
ကံကောင်းထောက်မစွာဖြင့် အဆိပ်နဂါးဂိုဏ်းမှ ပိုက်ဆံများစွာသုံးကာ မွေးမြူထားခဲ့သော ခွေးတစ်ကောင်သည် သေနတ်ပစ်ခတ်မှုကိစ္စကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရာကနေ ပြန်လွတ်လာပြီးနောက် တုယာအတွက် ထိုလူချန်ထားခဲ့သော စကားတစ်ခွန်းကို ပြောပြခဲ့သည်။
ထိုလူငယ်က သူ့အား ဟွာချန်းကိုယ်ခံပညာကျောင်းရှေ့တွင် လာဒူးထောက်ရန် ပြောခဲ့သည်ဟူ၍ပင်။
စိတ်ဝင်စားစရာကောင်းလွန်းသည်။
အနောက်ပိုင်းဒေသတွင် သူ့ကို ထိုကဲ့သို့သော အမူအရာ၊ အပြုအမူဖြင့် စကားပြောရဲသူ မရှိခဲ့သည်မှာ မည်မျှကြာပြီနည်း။ ဆယ်နှစ်လား...အနှစ်နှစ်ဆယ်လား။
တုယာ၏မြွေကဲ့သို့မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။
သူ အမိန့်ချလိုက်သည်နှင့် တစ်ပြိုင်နက် အနောက်ပိုင်းဒေသ၏ မြေအောက်လောကတစ်ခုလုံး ဆူပူအုံကြွလာခဲ့သည်။ လူရာပေါင်းများစွာနှင့် ဂိုဏ်းကြီးဒါဇင်ကျော်တို့သည် သေးငယ်သော ဟွာချန်းကိုယ်ခံပညာကျောင်းဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့ကြသည်။
တုယာသည် အနောက်ပိုင်းဒေသနှင့် မြေအောက်လောကအဖွဲ့အစည်းတစ်ခုလုံးရှေ့တွင် သူ ဆုံးရှုံးခဲ့သောမျက်နှာကို ပြန်လည်ယူဆောင်တော့မည်ဖြစ်သည်။
ညနေဆည်းဆာရောင်အောက်တွင် တုယာသည် အဓိကဂိုဏ်းကြီးများမှ အဖွဲ့ဝင်ရာပေါင်းများစွာ၏ အရှေ့တွင် ရပ်နေခဲ့သည်။ သူ့အရှေ့ရှိ တောက်ပစွာ လင်းထိန်နေသော ဟွာချန်းကိုယ်ခံပညာကျောင်းကို ကြည့်ကာ သူ့မျက်လုံးထဲရှိ ရက်စက်ကြမ်းကြုတ်မှု က ပို၍ပြင်းထန်လာခဲ့သည်။