← Chapters

မင်းက ငနုံလား

Vol. 26 Ch. 381

မင်းက ငနုံလား

Vol. 26 Ch. 381

ရုတ်တရက်ပင် ပြင်ပအသံထွက်ပေါ်လာတာကြောင့် လူတိုင်း မျက်မှောင်ကြုတ်ကုန်ကြသည်။

ကျူဟွာ၏မျက်နှာပေါ်တွင် ခံစားချက်များ ရောထွေးနေလေသည်။ ခဏတာမျှ တုံ့ဆိုင်းပြီးနောက် သူ အံကြိတ်ကာ ဒိုဂျိုဝင်ပေါက်ဘက်ကို လှမ်းအော်

လိုက်သည်။

"ညီလေးရွှီ! ငါတို့ကိစ္စကို စိတ်မပူပါနဲ့၊ သူတို့မှာ သေနတ်တွေ ရှိတယ်! မြန်မြန်ပြေး!"

တုယာသည် ကျူဟွာ၏အော်သံကို မတားဆီးခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် အခုအချိန်မှာ ထိုတစ်စုံတစ်ယောက်က ထိတ်လန့်တကြား ထွက်ပြေးပြီး သူ၏ဘယ်ညာမှာ ပုန်းအောင်းကာ စောင့်ကြည့်နေသောလူတွေ၏လက်ထဲအမိခံလိုက်ရမှာကို မျှော်လင့်နေမိသည်။ 

မျက်နှာကြောမာပြီး ခေါင်းမာသော ကျူဟွာနှင့်ယှဥ်လျှင် တုယာသည် နူးညံ့သောမျက်နှာပေါ်မှ စိတ်ပျက်အားငယ်မှုများကို မြင်တွေ့ရတာ ပိုကြိုက်ပေသည်။

သို့သော်လည်း တုယာတစ်ယောက် စိတ်ပျက်မိသွားဖို့သာ ကံပါလာခဲ့လေသည်။ 

ထိုလူ၏ခြေလှမ်းများက မမြန်မနှေးပင်။ သူ့ခြေလှမ်းထဲ၌ နက်နဲသော စည်းချက်တစ်ခု ရှိနေသည့်အတိုင်းပင်။ သစ်သားကြမ်းပြင်ပေါ် နင်းလိုက်တိုင်းမှာ တကျွီကျွီ မြည်သံများထွက်ပေါ်လာသည်။ သူသည် အမှောင်ထဲကနေ လူအုပ်ကြီးဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

တုယာလည်း ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ကွယ်သွားခဲ့သည်။ သူ လက်ဝှေ့ယမ်းကာ တိုးတိုးလေး ပြောလိုက်သည်။

"သတ်!"

သူ့အသံ မဆုံးခင်မှာပင် ရောထွေးနေသောခြေသံများ ထွက်ပေါ်လာသည်။ ဝင်ပေါက်မှတဆင့်ဖြတ်လာရသော ဥမင်သဏ္ဍာန် လမ်းကြောင်း၏ အမှောင်ထဲတွင် မရေမတွက်နိုင်သော ခေါင်းများက စုပြုံလာကြသည်။ ဝင်ပေါက်ပတ်ပတ်လည်၌ လုပ်ကြံသတ်ဖြတ်သူများ ပြည့်နှက်နေလေသည်။

ညတာ၏အမှောင်ထုထဲတွင် လမ်းကြောင်းတစ်ခုလုံး၌ ဆူပွက်နေသော ရေအိုးတစ်လုံးကဲ့သို့ ကျယ်လောင်သော အသံများဖြင့် ပြည့်နှက်နေခဲ့သည်။ 

တုယာ၏မျက်လုံးများသည် မှောင်မိုက်နေသော လမ်းကြောင်းမှ ဖယ်ခွာ၍ စိတ်ပျက်အားငယ်နေသည့် ကျူဟွာ၏မျက်နှာပေါ်သို့ ကျရောက်လာသည်။ သူ၏အက်ကွဲနေသောအသံထဲ၌ လှောင်ပြောင်မှုများပြည့်နှက်နေသည်။

"ဒါလား ခင်ဗျားရဲ့နောက်ဆုံးဖဲချပ်က"

ကျူဟွာလည်း ထိတ်လန့်အားငယ်သောခံစားချက်ကို ခံစားနေရသည်။

ရွှီဖန်းက အလွန်သန်မာသည်ဆိုတာကို ကျူဟွာ သိသော်လည်း သူ ဘယ်လောက်ပင် သန်မာပါစေ လူတစ်ဦးတည်းသာရှိခြင်းဖြစ်သည်။ မည်သည့်လက်နက်မှမပါဘဲ ဝင်ရောက်လာပြီး မှောင်မိုက်နေသော လမ်းကြောင်းတစ်ခုထဲ ရောက်နေသေးသည်။ ထိုထဲ၌ ရှေ့၊ နောက်၊ ဘယ်၊ ညာ၊ ဓားသမားများ အကုန်ရောက်နေလေပြီ။ ရွှီဖန်းက နတ်ဘုရားတစ်ပါးဖြစ်လျှင်တောင်မှ အခြေအနေက သူ့ဘက်မှာ မရှိပေ။ 

ထို့အပြင် ကျူဟွာသည် တုယာလက်ထဲ၌ သေနတ်ရှိသေးတာကိုလည်း သိသည်။ ရွှီဖန်းက ကံကောင်း၍ လမ်းသွယ်ကို ဖြတ်ကျော်နိုင်ခဲ့လျှင်တောင်မှ ဒဏ်ရာများဖြင့် ပင်ပန်းနွမ်းနယ်နေမည်ဆိုလျှင် တုယာ၏ပစ္စတိုကို တားနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ရွှီဖန်းသည်လည်း ဒီနေ့ သေခြင်းတရားမှ လွတ်မြောက်ရန် ခဲယဥ်းနေလေပြီ။

ကျဉ်းမြောင်းသောလမ်းသွယ်လေးသည် အမှောင်ထုထဲ၌ တအီအီ ညည်းတွားသံများ ထုတ်လွှတ်နေလေသည်။ လက်နက်များ အချင်းချင်း တိုက်ခတ်မိနေသည့် အသံများက အလွန်ပြတ်သားစွာ ထွက်ပေါ်နေသည်။

ကျူဟွာ တိတ်ဆိတ်နေတာကို မြင်တော့ တုယာ၏မျက်နှာက ပို၍တောက်ပလာသည်။ သူ့လက်များကို နောက်ပစ်ကာ ပြုံးလျက်...

"ကျူဟွာရာ ကျူဟွာ...နောက်ဆုံးမှာတော့ ခင်ဗျားရဲ့မိသားစုဝင်တွေကို ဆုံးရှုံးရရုံသာမက ခင်ဗျားရဲ့မိသားစုတစ်ခုလုံးကပါ ခင်ဗျားနဲ့အတူတူ သေရတော့မယ်၊ ခင်ဗျားနဲ့ ဘာမှမဆိုင်တဲ့လူတစ်ယောက်တောင်မှ ခင်ဗျားကြောင့် ရေညစ်ထဲဆွဲချခံရတော့မယ်၊ ဒီလိုကံကြမ္မာမျိုးက တကယ်ကို ကောင်းကင်ရဲ့ကပ်ဆိုးပဲ..."

ကျူဟွာ၏ခန္ဓာကိုယ်က တုန်ယင်သွားလေသည်။ 

ရုတ်တရက်ပင် လမ်းသွယ်ထဲမှ အော်သံများနှင့် ငိုယိုသံများကို ကြားလိုက်ရသည်။ လူဆယ်ဂဏန်းလောက်အား ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခုက တပြိုင်နက်တည်း ထိမှန်သွားသကဲ့သို့ပင်။ သတိမေ့ပြီး မသေဆုံးသွားခင်မှာ သူတို့ထံရှိ ခွန်အားအားလုံးကို အသုံးပြု၍ သူတို့ခံစားခဲ့ရသော ပြင်းထန်သည့်နာကျင်မှုများကို အသံများဖြင့် ထုတ်ဖော်ခဲ့ကြသည့်ပုံပင်။ 

"ဘုန်း!"

ဓားများကို ကိုင်ဆောင်ထားသော အဆိပ်နဂါးဂိုဏ်းဝင် ဆယ်ဂဏန်းလောက်သည် အမှောင်ထုထဲကနေ လွင့်ထွက်လာပြီး ခန်းမထဲ၌ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။ ပြန့်ကျဲနေသောဓားများသည် ကြမ်းပြင်ပေါ်သို့ ကျလာပြီး ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။ ဒိုဂျိုတစ်ခုလုံးက တိတ်ဆိတ်သွားလေသည်။

တုယာ၏မျက်စိသူငယ်အိမ်များက အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။ သူ ခေါင်းထောင်ကာ မှောင်မိုက်နေသည့် ဥမင်လမ်းကြောင်းဘက်ကို ကြည့်လိုက်သည်။

မှောင်မိုင်နေသော လမ်းကြောင်းထဲမှ ခြေသံခပ်ပေါ့ပေါ့များ ထပ်ကြားလာရပြန်သည်။ ရံဖန်ရံခါ အားနည်းလှသော နာကျင်မှုအသံများ ရှိနေသော်လည်း ထိုကဲ့သို့ မယှဥ်သာသော ခြေသံများကိုတော့ မဖုံးနိုင်ခဲ့ပေ။ 

မိနစ်အနည်းငယ်ကပင် ပွက်ပွက်ဆူနေသောရေအိုးတစ်လုံးကဲ့သို့ ဆူနေသည့် လမ်းသွယ်ထဲ၌ အခုတော့ လူတစ်ယောက်၏ခြေသံသာ ကျန်ရစ်တော့သည်။

လမ်းသွယ်က သိပ်မရှည်ပေ။ ခြေသံများ ခဏတာ ကြားရပြီးနောက်မှာ လူတစ်ယောက် ဝင်ရောက်လာပြီး ခန်းမ၏တောက်ပသောမီးရောင်များသည် ထိုလူအပေါ်သို့ ထိုးကျနေခဲ့သည်။

ထိုလူက ခရီးသွားတစ်ဦးလိုမျိုး ဝတ်ဆင်ထားလေသည်။ ရှပ်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် အဖြူရောင် အားကစားဖိနပ်တစ်ရံကို ဝတ်ဆင်ထားကာ ပေါ့ပေါ့ပါးပါးပင်။ သူ၏ပုံစံမှာ အလွန်ကို သဘာဝကျပြီး ဖော်ရွေပုံရသော်လည်း ဓားကဲ့သို့ထက်ရှနေသောမျက်နှာပေါ်တွင် နှုတ်ခမ်းထောင့်မှာ အနည်းငယ် မသိမသာ မြင့်တက်နေပြီး အေးစက်မှုတစ်ခု ရှိနေသည်။

ရောက်လာသူက ရွှီဖန်းပင်။

ရွှီဖန်းကတော့ သူ့အိမ်ကို ပြန်ရောက်လာသလိုမျိုး ပြုမူနေသည်။ ခန်းမထဲရှိ တင်းမာနေသောမျက်နှာထားပိုင်ရှင်များကိုတောင် တစ်ချက်မကြည့်လာဘဲ ကျူဟွာကို တောင်းပန်သည့်အပြုံးဖြင့် ပြုံးပြနေသည်။

"ဆရာကြီးကျူကို အကြာကြီး စောင့်စေခဲ့မိပြီ၊ လူတွေက များတော့ ကျွန်တော် နည်းနည်းလေး နောက်ကျသွားတယ်"

သူ့အသံက မကျယ်သော်လည်း တိတ်ဆိတ်နေသောကိုယ်ခံပညာကျောင်းထဲ၌ ရှင်းရှင်းလင်းလင်း ကြားနိုင်လေသည်။ 

ကျူဟွာက ပြန်မဖြေခဲ့ပေ။ အကြောင်းမှာ ကျူဟွာသည် ရွှီဖန်းကို မြင်လိုက်ရသည့် အခိုက်အတန့်မှာ သူ ဘာစကားမှ မပြောနိုင်အောင် အံ့အားသင့်သွားခဲ့၍ပေ။

ရာနှင့်ချီသော ဓားသမားများသည် သေချာပြင်ဆင်ထားခဲ့ကြတာဖြစ်သည်။ သူတို့ ခဏတာ ပူးပေါင်းလုပ်ဆောင်ပြီးနောက်မှာ အမှောင်ထဲတွင်နေ၍ အားသာချက်ကို ရရှိခဲ့ကြသည်။ သို့သော် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုလူအားလုံးက ဖယ်ရှားခံခဲ့ရသည်။ ရွှီဖန်းကတော့ သူ့ဆံပင်တောင် မရှုပ်ထွေးခဲ့ပေ။

လူတွေ အရမ်းများလို့ အနည်းငယ် နောက်ကျသွားတယ်တဲ့လား။ မင်းရဲ့စိတ်ထဲမှာ ဒါကို လူသတ်တဲ့ဂိမ်းလို့ ထင်နေတာလား။

တုယာလည်း ထိတ်လန့်တကြားဖြစ်သွားခဲ့သည်။ သို့သော် ခဏအတွင်းမှာပင် တုယာသည် ထိတ်လန့်မှုကနေ လျင်မြန်စွာ နာလန်ထူနိုင်ခဲ့သည်။ မိနစ်အနည်းငယ်အတွင်း သူသေချာပေါက် ဖမ်းမိတော့မည်ဟု သတ်မှတ်ထားသော ထိုလူက ဘာကြောင့် သူ့လူများအား မြေပြင်ပေါ်သို့ ထိုးလှဲသိပ်နိုင်ခဲ့လဲဆိုတာကို နားမလည်နိုင်သေးသော်လည်း တုယာသည် အနည်းငယ်မျှပင် ထိတ်လန့်နေသောအမူအရာကို မပြခဲ့ပေ။

အနောက်ပိုင်းဒေသ၏ဘုရင်တစ်ပါးအနေဖြင့် တုယာထံတွင် အနည်းငယ်မျှပင် ထိတ်လန့်စရာမလိုသောယုံကြည်မှုနှင့် နောက်ဆုံးသောဖဲချပ်ကို ပိုင်ဆိုင်ထားသည်။

"ဖြောင်း! ဖြောင်း! ဖြောင်း!" 

တုယာသည် သူ၏ဖြူဖျော့သောလက်များကို မြှောက်ကာ ရွှီဖန်းအတွက် လက်ခုပ်သံခပ်ဖွဖွ တီးပေးလိုက်သည်။ သူ့အရှေ့က လူငယ်ကို ချီးကျူးနေပုံရသော်လည်း သူ၏အက်ကွဲနေသောအသံကတော့အနည်းငယ်မျှပင် နှစ်လိုသောအရိပ်အယောင် မရှိပေ။ 

"လူငယ်က တုယာဆိုတဲ့ ငါ့ကို စကားပါးပြီး ဒီမှာ ဒူးထောက်စောင့်ခိုင်းခဲ့တာ အံ့သြစရာမရှိတော့ပါဘူး၊ ဒါက တကယ်ကို ကောင်းမွန်တဲ့နည်းလမ်းပဲ၊ ဒါပေမဲ့ ဒါက မင်းရဲ့နောက်ဆုံးဖဲချပ်ဆိုရင်တော့ တုယာဆိုတဲ့ငါ့ကို ဒီမှာဒူးထောက်စေဖို့ မလုံလောက်သေးဘူးလို့ ငါထင်တယ်"

ရွှီဖန်းသည် အနည်းငယ် မျက်ခုံးပင့်လိုက်ကာ...

"မလုံလောက်သေးဘူးလား"

တုယာက သူ့မျက်လုံးများကို မှေးကျဥ်းလျက်... 

"မလုံလောက်ဘူး"

ထိုအက်ကွဲနေသောအသံမှာ အဆိပ်ပြင်းသည့်မြွေမှ ၎င်း၏လျှာကို ထုတ်လိုက်သကဲ့သို့ပင်။ တစ်စုံတစ်ယောက်အား အချိန်မရွေးဘဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေပြီး မျိုချရန် အသင့်ဖြစ်နေသည့်အလားပင်။

ရွှီဖန်းသည် ကျူဟွာနှင့် ကျူပင်းခေါင်းပေါ်ရှိ သေနတ်နှစ်လက်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့အသံက တဖြည်းဖြည်း အေးစက်လာကာ...

"ဒါဆိုရင် ဘယ်လိုနောက်ဆုံးဖဲချပ်မျိုးက မင်းဆိုတဲ့ တုယာကို ငါ့အရှေ့မှာ ဒူးထောက်စေနိုင်မလဲ"

ရွှီဖန်းသည် စာသင်ခန်းထဲ၌ ကျောင်းသားတစ်ယောက်အား မေးခွန်းမေးလိုက်သကဲ့သို့ပင် တည်ကြည်အေးဆေးစွာ မေးလိုက်သည်။

တုယာ၏ပါးစပ်ကတောင် မဖွင့်ရသေးခင်မှာပင် အနောက်ပိုင်းဒေသရှိ ဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းခေါင်းဆောင်တစ်ဦးက ထွက်ရပ်လာပြီး ရွှီဖန်းကို ဒေါသတကြီး အော်ဟစ်လာသည်။

"မိုက်လိုက်တာ! မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲငါတို့ရဲ့ အနောက်ပိုင်းဒေသဘုရင်ကို ဒီလိုပုံစံနဲ့ ဘယ်လိုလုပ်ပြီး စကားပြောရဲတာလဲကွ!"

တုယာ၏လက်အောက်တွင် ရုန်းကန်နေရသော ဂိုဏ်းခေါင်းဆောင်တစ်ဦးအနေဖြင့် ကျောက်နင်းသည် တုယာ၏စိတ်နှလုံးကို ရရှိရန်အတွက် အခွင့်အရေးတိုင်းကို အမြဲတန်ဖိုးထားပေသည်။ ကျောက်နင်းသည် သူ့အရှေ့မှ လူငယ်အကြောင်းကို သေချာမသိသော်လည်း သူကတော့ တုယာ၏ခွေးဖြစ်နေတာကိုတော့ ကောင်းစွာသိထားပေသည်။

အခုလိုအချိန်၌ ခွေးများက ခုန်ထွက်လာပြီး ဟောင်ပြမည်ပင်။ ဒီလိုအချိန်မှာသာ သူကြိုးစားမလုပ်လျှင် သူ့သခင်၏မျက်လုံးထဲ၌ နောက်ပိုင်းတွင် တန်ဖိုးရှိတော့မည် မဟုတ်ပေ။

ရွှီဖန်းကတော့ ကျောက်နင်းကို ခဏသာ လှည့်ကြည့်ခဲ့ပြီး သူ့အကြည့်ကို တုယာဆီ ပြန်လှည့်လိုက်သည်။ သူ၏တည်ငြိမ်နေသောမျက်လုံးများမှာရှေးဟောင်းရေတွင်းထဲမှ ရေသေကဲ့သို့ တည်ငြိမ်နေသည်။

ရွှီဖန်းသည် ခွေးတစ်ကောင်နှင့် သဘာဝကျစွာ ငြင်းခုန်နေမည် မဟုတ်ပေ။ ခွေးဟောင်လျှင် ဟောင်ခွင့်ပေးလိုက်မည်။ သူ ပျင်းလာလျှင်တော့ သတ်လိုက်ရုံပင်။

တုယာ၏မှိုင်းဆဆမျက်လုံးများက ဒေါသများ ပြည့်နှက်နေခဲ့သည်။ ကျောက်နင်းကလည်း ပုံမှန်အတိုင်းပင် သူ့နေရာသို့ ပြန်ဆုတ်သွားခဲ့သည်။ ရွှီဖန်းကို သူ ကြည့်နေသည့်ပုံစံမှာ အလောင်းကောင်ကို ကြည့်နေသည့်အတိုင်းပင်။

"မင်းက သိချင်လို့လား၊ ငါဆိုလိုတာက...မင်း ငါ့ကို မင်းရဲ့အရှေ့မှာ ဒူးထောက်စေချင်တာ သေချာရဲ့လား"

တုယာ၏အေးစက်သောအသံထဲ၌ အဆုံးမရှိသော ဒေါသများ ပါနေပုံရပြီး သူ၏တွန့်ရွနေသောမျက်နှာကလည်း အဆုံးမရှိသောသတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ပြနေသည်။

သာမန်လူတစ်ယောက်သာ တုယာကို အခုလိုပုံစံနှင့် မြင်လျှင် ကြောက်လန့်တကြားဖြစ်ပြီး တုယာရှေ့မှာ ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်နေလောက်ပြီဖြစ်သည်။

ရွှီဖန်းကတော့ အနည်းငယ်သာ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏အေးစက်သောလေသံထဲ၌ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

"မင်းက ငနုံလား...ငါ့ကို မေးခွန်းနှစ်ခါတောင် ထပ်မေးနေတာ"

**********************

All Chapters