မင်း အခု ဒူးထောက်လို့ရပြီလား
Vol. 26 Ch. 382
ရွှီဖန်း၏ စကားကြောင့် ခန်းမထဲရှိ ဂိုဏ်းခေါင်းဆောင် ဒါဇင်ပေါင်းများစွာသည် တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြလေသည်။
တုယာ၏အနောက်မှ ခက်ထန်သောမျက်နှာရှိသည့် လူဆိုးဒါဇင်များစွာကမူ သူတို့လက်ထဲရှိ သေနတ်များကိုပင် ဆွဲထုတ်လုနီးပါးပင် ဖြစ်ခဲ့ကြသည်။
ရွှီဖန်းကတော့ တည်ငြိမ်အေးဆေးစွာ ရှိနေသည်။
အကြွင်းမဲ့ခွန်အား၏ရှေ့မှောက်တွင် အရာအားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်သည်။
တုယာသည် လက်ဝှေ့ယမ်းလျက် သူ့လက်ပါးစေများကို သေနတ်များသိမ်းလိုက်ရန် အချက်ပြပြီးနောက် ရွှီဖန်းကို မည်းမှောင်နေသော အကြည့်ဖြင့်ကြည့်ကာ ပြုံးပြလိုက်သည်။
"အနောက်ပိုင်းဒေသတစ်ခုလုံးမှာ မင်းလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့လူမျိုး မပေါ်လာတာ အတော်ကြာပြီ၊ ဒါကြောင့် မင်းနဲ့ ဂိမ်းတစ်ခု ကစားချင်တယ်၊ မင်းနိုင်ရင် ငါ မင်းရှေ့မှာ ဒူးထောက်မယ်၊ မင်းရှုံးရင် သေရမယ်!"
ရွှီဖန်းလည်း အသာခေါင်းညိတ်ကာ ကြည်လင်အေးစက်သောအသံဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ"
တုယာ၏မျက်နှာပေါ်တွင် ဒေါသထွက်နေသောအမူအရာ ပေါ်လာလေသည်။ ရွှီဖန်း၏ထပ်မေးမြန်းခြင်းမရှိဘဲ ခေါင်းညိတ်ခဲ့သည့် ပုံစံကြောင့် သူ ဒေါသထွက်သွားခြင်းဖြစ်သည်။ သို့သော် တုယာသည် နောက်ဆုံးမှာတော့ အလွန် ဉာဏ်နီဉာဏ်နက်ရှိသူဖြစ်ရာ ခပ်အေးအေးပင် နှာမှုတ်လျက် သူ့အနောက်ကို လက်ဝှေ့ယမ်းလိုက်သည်။
"ကင်းကောင် ထွက်ခဲ့!"
ဂေါ်ရီလာကဲ့သို့ ထွားကြိုင်းသောလူတစ်ဦးသည် ကြီးမားသောခြေလှမ်းများဖြင့် အရှေ့သို့ တက်လှမ်းလာပြီး ကြမ်းပြင်ကို နင်းလိုက်ရာ တဘုန်းဘုန်းမြည်သံများ ထွက်ပေါ်လာသည်။
ခန်းမထဲမှ လူတိုင်းသည် ခန္ဓာကိုယ်တောင့်တင်းသော ထိုအမျိုးသားကို ကြည့်ကာ လေအေးတစ်ချက် ရှူသွင်းမိလိုက်ကြသည်။
ကင်းကောင်သည် တုယာ၏ အဓိက တိုက်ခိုက်ရေးသမားဖြစ်ပြီး တုယာ၏တိုက်ခိုက်မှုအများစုမှာ သူတစ်ဦးတည်းထံမှ ထွက်လာခြင်းဖြစ်သည်။ အယောက်တစ်ရာနှင့် တစ်ယောက်၊ လက်ဗလာဖြင့် ဓားကို ခံယူခြင်း စသည်တို့သည် ကင်းကောင်အတွက် သာမန်ကိစ္စများဖြစ်သည်။ တုယာအနောက်ကို သူ မလိုက်ခင်ကတည်းက ချန်ဟိုင်းပြည်နယ်တွင် မြေအောက်လက်ဝှေ့ဘုရင်တစ်ဦးဖြစ်ခဲ့သည်ဟု ဆိုကြသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း၌ ကင်းကောင်ကိုယ်တိုင် လှုပ်ရှားသည်ကို မြင်တွေ့ရခဲသည်။
ကင်းကောင်၏အကြီးမားဆုံးထူးခြားချက်မှာ သူ၏ ခွန်အားသာမဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်မှုဖြစ်သည်ဟု အများက ဆိုကြသည်။ တစ်စုံတစ်ဦးနှင့် တိုက်ခိုက်တိုင်းမှာ သူ၏ပြိုင်ဘက်တိုင်းသည် စင်ပေါ်မှ သယ်ထုတ်ခံကြရပြီး လူပုံစံအဖြစ် ကျန်ခဲ့တာ ရှားပေသည်။ ထိုသူတို့၏အရိုးများမှာ ကြေမွသွားကြတာများ၏။ သို့မဟုတ် နေရာမှာပင် သေဆုံးသွားကြလေသည်။
တကယ်တော့ တုယာသည်လည်း ကင်းကောင်ကို ပွဲထုတ်ရန် ရည်ရွယ်ထားခဲ့ခြင်း လုံးဝမရှိပေ။ သို့သော် ရွှီဖန်း၏စွမ်းရည်များက တုယာမျှော်မှန်းထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူ၏လူရာပေါင်းများစွာမှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။ ဤသည်မှာ တုယာအတွက် အကျိုးအမြတ်မရှိသော အခြေအနေဖြစ်လေသည်။
ကံကောင်းစွာဖြင့် တုယာသည် သူ၏ အားသာချက်၊ အားနည်းချက်ကို ရှင်းရှင်းလင်းလင်း သိထားသည်။ အနည်းဆုံးတော့ ဓားစာခံများက သူ့လက်ထဲတွင် ရှိနေဆဲဖြစ်သည်။
ပစ်ရမည်လား။ သေနတ်ပစ်ရမည်ကတော့ သေချာသည်။ သို့သော် အခုတော့ မဟုတ်သေးပေ။ ရွှီဖန်းက ကျည်ဆန်အားလုံးကို ရှောင်နိုင်ခြင်း မရှောင်နိုင်ခြင်းအပေါ်၌ တုယာ မသေချာသေးပေ။ ဆံနီလူမိုက်က ကျည်ဆန်အားလုံးကို အသုံးပြု၍ လုပ်ကြံခဲ့သော်လည်း ထိုလူငယ်ကို ထိမှန်ခြင်းမရှိဟု သူကြားထားသည်။
သတိထားခြင်းသည် မှားယွင်းနိုင်ဖွယ်ရာမရှိပေ။ ဒါကြောင့် တုယာသည် ရွှီဖန်း၏စွမ်းရည်ကို စမ်းသပ်ရန်အတွက် ကင်းကောင်ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ရွှီဖန်းသာ ကင်းကောင်ကြောင့် ဒဏ်ရာရခဲ့ပါက တုယာသည် သူ့လူများအားလုံးကို ချက်ချင်းပင် သေနတ်များ ထုတ်စေပြီး သေနတ်ဆယ်လက်မှ ကျည်ဆန်တစ်တောင့်စီဖြင့် ရွှီဖန်းဆီသို့ ပစ်ခတ်စေမည်ဖြစ်သည်။
ကင်းကောင်ကတော့ သူ၏ထူထဲသောပေါင်လုံးများကို ရွှေ့ကာ ရွှီဖန်းဆီကို ဖြည်းဖြည်းချင်း လျှောက်လာလေသည်။ သူ၏အသံက နားထဲတွင် တစ်မျိုးကြီး မြည်ဟိန်းနေပြီး ဒိုဂျိုတစ်ခုလုံးကိုပင် လှုပ်ခါသွားစေနိုင်သည်။
"ကောင်လေး မင်း ငါ့နာမည်ကို ကြားဖူးလား"
ရိုးသားစွာပင် ရွှီဖန်း ခေါင်းခါလိုက်သည်။ ဒီလို ပုရွက်ဆိတ်တစ်ကောင်အကြောင်းကို ရွှီဖန်း ဘယ်တုန်းကမှ မကြားခဲ့ဖူးချေ။
ရွှီဖန်း ခေါင်းခါလိုက်တာကို မြင်သောအခါ ကင်းကောင်တင်မက ခန်းမထဲမှ လူရာပေါင်းများစွာက ရယ်မောလာကြသည်။
"အနောက်ပိုင်းဒေသက ကင်းကောင်ရဲ့နာမည်တောင် မင်းက မကြားဖူးဘူးဆိုတော့ ဘယ်လိုလုပ်ပြီး သူများတွေဆီက သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့ သင်ယူနိုင်တော့မှာလဲ"
"ငါပြောမယ်...ခုနက ငါတို့ရဲ့ ညီအစ်ကိုရာပေါင်းများစွာကို ဒီကောင်လေးက မီးခိုးတွေ ဘာတွေနဲ့ မှိုင်းတိုက်ပြီး ချခဲ့တာတော့ မဟုတ်ပါဘူးနော်"
"ဒီကောင်လေးက ကင်းကောင်နဲ့ သုံးချီတောင် ခံနိုင်မှာ မဟုတ်ဘူးလို့ ငါ လောင်းမယ်!"
ရွှီဖန်း၏ပုံမှန်မျက်နှာအမူအရာအနေအထားကို မြင်သောအခါ ကျူဟွာသည် ထိတ်လန့်လာပြီး ကျယ်လောင်စွာ သတိပေးလိုက်မိသည်။
"ညီလေးရွှီ သတိထားပါ! ကင်းကောင်က မြေအောက်လက်ဝှေ့သမားတစ်ဦးပဲ၊ လွန်ခဲ့တဲ့ဆယ်
နှစ်အကြာကတောင် သူ့ရဲ့ညာလက်သီးက ပေါင်၈၀၀ အားရှိတယ်၊ သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကလည်း အရမ်းတောင့်တင်းပြီး သန်မာတယ်၊ သူက သူ့ရဲ့သံလက်သီးတွေကို အသုံးပြုပြီး ပြိုင်ဘက်တွေကို သတ်ဖြတ်တဲ့နေရာမှာ အကျွမ်းကျင်ဆုံးပဲ!"
ကင်းကောင်သည် သူ၏ဘဲဥပုံစံမျက်လုံးများဖြင့် ရွှီဖန်းကို စိုက်ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
"ကြားတယ်မလား"
ရွှီဖန်းကတော့ ပုံမှန်အတိုင်းပင် ခေါင်းညိတ်လိုက်သည်။ သူ ကင်းကောင်ကို အထင်မကြီးသည်မှာ သိသာလှသည်။
ရွှီဖန်း၏အမူအရာက အရင်အတိုင်းပင် ရှိနေသေးတာကို မြင်သောအခါ ကင်းကောင်၏ဒေါသများက ထိန်းမနိုင် သိမ်းမနိုင်ဖြစ်လာလေသည်။ သူ့မျက်လုံးများက ပြူးကျယ်လာပြီး ကြီးမားသောလက်သီးများကို ဆုပ်ကာ ရွှီဖန်းဆီသို့ အပြေးအလွှား တိုးဝင်လိုက်သည်။
ကင်းကောင်သည် တုယာ၏စကားများကို စိတ်ထဲမထားခဲ့ပေ။ သူ၏လက်သီးများ၊ ခြေထောက်များဖြင့် တိုက်ခိုက်ရာတွင် တစ်ခါမှ မရှုံးခဲ့ဖူးချေ။ သူ့ခါးမှာရှိနေသောပစ္စတိုကတော့ သူ မနိုင်တော့သည့်အခါကျမှ ထုတ်သုံးလို့ရသည်။
ဆယ်မီတာအကွာအဝေးက မျက်စိတစ်မှိတ်စာအတွင်းမှာပင် နီးကပ်လာသည်။ ကလေးခေါင်းလောက်ကြီးသော ကင်းကောင်၏လက်သီးက ရွှီဖန်းဆီကို နီးကပ်လာလေပြီ။
ရွှီဖန်းကတော့ အကြောက်လွန်ကာ ရူးသွားသူတစ်ဦးအလား ထိုနေရာမှာတင် မလှုပ်မယှက်ရပ်နေသည်။ ကျူဟွာသည် ခေါင်းအနည်းငယ်လှည့်လိုက်ပြီး ဆက်မကြည့်နိုင်ခဲ့ပေ။
ကင်းကောင်က သူ့အမိန့်ကို မလိုက်နာဘဲ စလှုပ်ရှားလိုက်တာကြောင့် တုယာ ဒေါသထွက်သွားသော်လည်း ရွှီဖန်းက လန့်သွားသည်ကို မြင်သောအခါ သူ့မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။
လူတိုင်းသည် ကင်းကောင်၏လက်သီးက ရွှီဖန်း၏ခေါင်းအား ရိုက်ချတော့မည့်မြင်ကွင်းကို မြင်ပြီးနေသူများကဲ့သို့ ပြုမူနေကြသည်။
သို့သော်လည်း ခဏအကြာတွင် လူတိုင်း၏မျက်နှာအမူအရာများက တောင့်တင်းသွားလေသည်။ တုယာ၏ပါးစပ်မှာ ဟောင်းလောင်းပွင့်နေပြီး မယုံကြည်နိုင်စရာတစ်ခုခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေကာ သူ့ပုံစံမှာလည်း အနည်းငယ် ရယ်စရာကောင်းနေသည်။
ကင်းကောင်၏သံလက်သီးချက်က ရွှီဖန်း၏ ခေါင်းကို ထိခါနီးတွင် သူသည် နောက်ဆုံးမှာတော့ ထိတ်လန့်တကြားဖြင့် သူ၏လက်ကို ဆန့်ထုတ်လိုက်ခြင်းအား သူတို့ မြင်တွေ့ခဲ့ရသည်။
ရွှီဖန်းသည် သူ၏လက်အား ကင်းကောင်၏ ကြီးမားသောသံလက်သီးဆီသို့ ထိုးလိုက်သည်။ လက်သီးနှစ်လုံး၏အရွယ်အစားက အကြီး၊အသေး ကွာခြားနေသော်လည်း ရလဒ်ကတော့ လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။
ဧရာမလက်သီးကြီးမှ ရွှီဖန်း၏သေးငယ်သောလက်သီးလေးကို ထိလိုက်သည့်အခိုက်အတန့်တွင် လူအများကို ပို၍တုန်လှုပ်စေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အရိုးကျိုးသံဖြစ်သည်။
ရွှီဖန်း၏လက်သီးက ဓားပူပူဖြင့် ထောပတ်ကို လှီးဖြတ်လိုက်သကဲ့သို့ပင်။ ၎င်းမှာ သာမန်လူတစ်
ဦး၏ပေါင်ထက်ပင် ပို၍ထူတုတ်သော ကင်းကောင်၏ညာဘက်လက်မောင်းတစ်ချောင်းလုံးကို လုံးဝ ပျက်ဆီးစေခဲ့ပြီး နောက်ဆုံးမှာတော့ ကင်းကောင်၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ကင်းကောင်လည်း နောက်ပြန်လွင့်သွားခဲ့သည်။ ပေါင် သုံးရာမှလေးရာအထိ အလေးချိန်ရှိသော ကင်းကောင်သည် ခုနစ်မီတာမှ ရှစ်မီတာအထိ လွင့်စင်သွားခဲ့ပြီးနောက် တုယာ၏ခြေထောက်ဘေးသို့ ပြင်းထန်စွာ ရိုက်ခတ်မိကာ လဲကျသွားခဲ့သည်။
ကင်းကောင်၏ညာဘက်လက်မောင်းမှာ တွဲလောင်းကျကာ အားမရှိဖြစ်နေပြီး သူသည် သွေးတစ်လုတ်ကိုပင် အန်ထုတ်ကာ နေရာမှာပင် သတိလစ်သွားခဲ့သည်။
တုယာလည်း သူ့ခြေရင်းမှ ကင်းကောင်အားကြောင်တောင်တောင်အမူအရာဖြင့် စိုက်ကြည့်
နေမိသည်။ ၎င်းမှာ အိပ်မက်မက်နေသကဲ့သို့ပင်။
ရှုံးပွဲမရှိသော ကင်းကောင်...ဒီလိုနဲ့ပဲ သူ ရှုံးသွားပြီလား၊ တစ်ချက်တည်းနဲ့ ရှုံးသွားတာလား!
သူ ကိုယ်တိုင်သာ မမြင်ခဲ့လျှင် တုယာသည် ထိုအကြောင်းပြောပြလာသူ၏ ခေါင်းကို သေချာပေါက်ရိုက်နှက်ပစ်လိမ့်မည်။ မြေအောက်လက်ဝှေ့ဘုရင်၊ တိုက်ပွဲပေါင်းရာများစွာကို အနိုင်ယူခဲ့သည့် ကင်းကောင်က ရှုံးနိုင်မယ်တဲ့လား။
ကင်းကောင်၏ပါးစပ်ထဲမှသွေးစိမ်းရှင်များနှင့် သူ့ ရင်ဘတ်ပေါ်ရှိ တစ်လက်မတိတိ ပွင့်ထွက်နေသော လက်သီးရာများက တုယာအား အိပ်မက်မဟုတ်
ကြောင်းကို ပြောပြနေလေသည်။
တုယာတစ်ဦးတည်းသာ နေရာတွင် ကြောင်တောင်တောင် ရပ်နေမိသည်မကဘဲ အဆိပ်
နဂါးဂိုဏ်း၏အတိုက်အခိုက်ထူးချွန်သူ လူတစ်ရာကျော်နှင့် သွေးထွက်သံယို တိုက်ပွဲများကို မြင်တွေ့နေကျ ဂိုဏ်းခေါင်းဆောင်များအားလုံးသည်ပင် စကားမပြောနိုင်အောင် အံ့အားသင့်နေကြသည်။
ကျူဟွာလည်း ရွှီဖန်းမှ ကင်းကောင်ကို တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်တာကို မြင်မှသာ သူ့ရင်ထဲ၌ သက်ပြင်းချလိုက်မိသည်။ တစ်ချိန်တည်းမှာပင် ခန်းမထဲ၌ ကြီးမားသည့် အာမေဋိတ်သံလှိုင်းလုံးကြီးတစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။
မိနစ်အနည်းငယ်အတွင်း လူရာပေါင်းများစွာကို ချနိုင်ခဲ့ခြင်းသည် အထင်ကြီးစရာကောင်းသော်လည်း အမှောင်ထဲမှာဖြစ်ရာ ရွှီဖန်း သူတို့ကို ဘယ်လိုချခဲ့လဲဆိုတာကို ဘယ်သူမှ မမြင်ခဲ့ရပေ။
သို့သော် ရွှီဖန်း၏ယခုလှုပ်ရှားမှုက ခန်းမထဲရှိ လူရာပေါင်းများစွာကို ရှင်းရှင်းလင်းလင်း မြင်တွေ့စေခဲ့သည်။ ရွှီဖန်း၏မျက်နှာအမူအရာကို ကြည့်ရသည်မှာ သူသည် သူ၏ခွန်အားအပြည့်အစုံကိုပင် မထုတ်သုံးရသေးသည့်ပုံပင်။
ဒီလို တုန်လှုပ်ဖွယ်ရာကောင်းသည့် လှုပ်ရှားမှုမျိုးမှာတောင် ခွန်အားအပြည့်အဝကို အသုံးမပြုခဲ့ခြင်းပင်။
ရွှီဖန်းသာ သူ၏ခွန်အားအပြည့်အဝဖြင့် တိုက်ခိုက်ခဲ့ပါက မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်နည်း။
လူတိုင်းက ရွှီဖန်း၏လှုပ်ရှားမှုကြောင့် တုန်လှုပ်နေချိန်တွင် ရွှီဖန်း၏အေးစက်သောအသံမှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး လူတိုင်းကို လန့်နိုးလာစေသည်။
"အခု မင်း ဒူးထောက်နိုင်ပြီလား"
ရွှီဖန်းက နေရာမှာသာ တိတ်ဆိတ်စွာဖြင့် ရပ်နေသည်။ သူသည် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး ကောလိပ်ကျောင်းသားတစ်ဦးကဲ့သို့ တည်ငြိမ်သော မျက်နှာထားရှိသော်လည်း သူ၏အေးစက်သော မျက်လုံးများကမူ ဓားသွားများကဲ့သို့ ထက်ရှနေလေသည်။
*******************