ဘုရင်အဖြစ် ကျူဟွာ
Vol. 26 Ch. 383
ထိုစကားကို ကြားလိုက်ရသောအခါ တုယာလည်း အံ့အားသင့်သွားခဲ့သည်။ သူ့ရင်ဘတ်အောက်ခြေထဲကနေ ရှက်ရွံမှုတစ်ခုက ပူပူလောင်လောင်ထွက်ပေါ်လာပြီး သူ၏ကျန်ရှိနေသော ဆင်ခြင်တုံတရားကို ဆက်တိုက် လှုံ့ဆော်နေလေသည်။
ဒူးထောက်ရမှာလား။
ဒူးထောက်ခြင်းဆိုသည်မှာ အမြဲတမ်း သူများတွေအတွက်သာ ဖြစ်ခဲ့သည်။ တုယာဆိုသည့်သူက ဘယ်သူ့ကိုမှ ဒူးထောက်ခဲ့ဖူးခြင်းလုံးဝမရှိပေ။ သို့သော် အခုအချိန်မှာတော့ အခြေအနေက လုံးဝ ပြောင်းလဲသွားလေပြီ။ သူ့အသက်က တစ်စုံတစ်ဦး၏လက်ထဲမှာ ရှိနေသည်ဖြစ်ရာ တုယာအတွက် လက်ခံလိုက်ရုံကလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။
"ကျွန်တော် ဒူးထောက်ပါ့မယ် ဆရာကြီးရွှီ၊ ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော် ဒူးထောက်ပါ့မယ်!"
တုယာသည် သူ့ရင်ထဲမှ ရှက်ရွံမှုများကို လုံးဝ ဖယ်ရှားလိုက်ပြီဖြစ်သည်။ သူ့မျက်လုံးများမှာလည်း တောင်းပန်သောအမူအရာများပြည့်နှက်နေပြီးတုန်လှုပ်စွာဖြင့် ခွင့်လွှတ်ရန် တောင်းပန်နေမိသည်။
အခုအချိန်၌ အနောက်ပိုင်းဒေသ၏ ယခင်က အလွန်ကြီးမြတ်ခဲ့သောမြေအောက်ဘုရင်သည် တရားဝင် ကျဆုံးသွားခဲ့လေပြီ။
တုယာက လက်နက်ချ၍ ခွင့်လွှတ်ပေးရန် တောင်းပန်နေသည်ကို ကြားသော်လည်း ရွှီဖန်း၏ မျက်နှာပေါ်၌ မာန်မာနအရိပ်အယောင် နည်းနည်းလေးမှ မရှိပေ။ မြေအောက်ဘုရင်ကို ကျဆုံးစေခဲ့ခြင်းသည် ရွှီဖန်းအတွက် သာမန်ကိစ္စလေးတစ်ခုပင်။
သာမန်ကိစ္စလေးတစ်ခုပါဆိုမှတော့ ဘာဂုဏ်ယူစရာရှိမှာလဲ။
ရွှီဖန်းသည် သူ့လက်ညှိုးကို တည်ငြိမ်စွာ ဆန့်ထုတ်ပြီး အနည်းငယ် ကွေးလိုက်သည်။ ထို့နောက် တုယာဘေးနားရှိ နံရံကို ညင်သာစွာ တောက်လိုက်သည်။ သို့သော် နံရံဘေးမှာ ရှိနေသည့် တုယာကတော့ တုန်ယင်ကာ လဲကျသွားခဲ့သည်။
လက်ညှိုးတစ်ချောင်းတည်းဖြင့် လူသတ်နိုင်သလို လက်ညှိုးတစ်ချောင်းတည်းဖြင့် လူကယ်နိုင်လေသည်။
သူတို့နှစ်ယောက် စကားပြောနေစဥ်မှာပင် တုယာလက်အောက်ရှိ ရာနှင့်ချီသော ထူးချွန်သည့် လက်သည်းနှင့် အစွယ်များအားလုံးမှာ ဖျက်ဆီးခံလိုက်ရလေပြီ။ ခေါင်းဆောင်ဖြစ်သူကျားကပင် တစ်ဖက်လူ၏ လက်ညှိုးတစ်ချောင်းကို ကြောက်နေလေရာ လက်ပါးစေများလည်း ပြိုကွဲရတော့သည်။
ခန်းမထဲရှိ လူတိုင်းသည် မီးကဲ့သို့တောက်ပသော အကြည့်များဖြင့် မာန်ပါပါ ရပ်နေသော ရွှီဖန်းအား ကြည့်လိုက်မိကြသည်။ အခုအချိန်၌ ဘယ်သူကမှ ခုခံချင်သည့် စိတ် မရှိကြတော့ပေ။ သူတို့ထက် နှစ်ဆလောက် သန်မာသော ရန်သူနှင့် ရင်ဆိုင်ရလျှင်တောင် သူတို့စုဝေး၍ ဦးနှောက်ခြောက်အောင် စဉ်းစားလျှင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ပေသည်။
သို့သော် သူတို့ထက် ဆယ်ဆလောက် သန်မာသည့် ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ.... သို့မဟုတ် ထောင်ပေါင်းများစွာကနေ သောင်းချီသော အဆပေါင်းများစွာအထိ သန်မာသောလူနှင့် ရင်ဆိုင်ရလျှင်...
ဂိုဏ်းခေါင်းဆောင်ဒါဇင်ပေါင်းများစွာသည် တစ်ဦးနှင့်တစ်ဦးကြည့်ကာ ခေါင်းညိတ်လျက် ရှေ့ကိုတိုးကာ တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြသည်။
"ဆရာကြီးရွှီကို ဂါရဝပြုပါတယ်၊ ဆရာကြီးရွှီကို ဂုဏ်ပြုပါတယ်၊ အနောက်ပိုင်းဒေသရဲ့နေရာတွေက အနာဂတ်မှာ ဆရာကြီးရွှီရဲ့ ပိုင်ဆိုင်မှုတွေပါပဲ!"
တုယာ၏မျက်နှာက ပြာနှမ်းနေသော်လည်း သူ အံကြိတ်ကာ ရွှီဖန်း၏ခြေထောက်နားတွင် ဒူးထောက်ချလိုက်သည်။ သူ ခပ်တိုးတိုး ပြောလိုက်သည်။
"ဆရာကြီးရွှီကို ဂုဏ်ပြုပါတယ်"
သူ့ထက် အဆပေါင်းတစ်သောင်းလောက် သန်မာသည့် ရွှီဖန်းနှင့် ရင်ဆိုင်ရသည့်အခါ တုယာလည်း သူ၏ကံကြမ္မာကို လက်လျှော့လိုက်တော့သည်။ သူ့ဘဝလေးကို ရွှီဖန်း ချမ်းသာပေးရန်သာ မျှော်လင့်နေမိသည်။
ရွှီဖန်းသည် တုယာဘက်ကို ယင်ကောင်များအား မောင်းထုတ်သလိုမျိုး လက်ဝှေ့ယမ်းပြလိုက်သည်။
"အပြင်ထွက်ပြီး ဒူးထောက်နေ"
ထိုစကား၌ သေချာမှုများ ပြည့်နှက်နေသည်။ တုယာထံ၌ ခုခံရန်ပင် အခွင့်အရေး လုံးဝမရှိဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ကာဖြင့် တိတ်တိတ်ဆိတ်ဆိတ်ပင် ဒိုဂျိုထဲကနေ တွားသွားခဲ့ရသည်။
တုယာသည် ထွက်ပြေးရန် မရွေးချယ်ခဲ့သလို ရဲခွေးကိုလည်း မခေါ်ခဲ့ပေ။ သူသည် ဟွာချန်းကိုယ်ခံပညာကျောင်း၏ဝင်ပေါက်၌ ရှုံးနိမ့်သောပုံစံဖြင့် ဒူးထောက်နေပြီး သူ့ခေါင်းအား အေးစက်သောမြေကြီးထဲသို့ နက်ရှိုင်းစွာ မြှုပ်နှံထားခဲ့သည်။
ထွက်ပြေးရမှာလား။
အနောက်ပိုင်းဒေသတစ်ခုလုံးအား ဆုပ်ကိုင်ထားသည့်လက်မှာ ပြောင်းသွားလေပြီ။ ကမ္ဘာကြီးက ကြီးသည်ဆိုသော်လည်း တုယာက ဘယ်ကို ထွက်ပြေးနိုင်မည်နည်း။
ရဲခွေးကို ခေါ်ရမှာလား။ ဒါ သေတွင်းတူးနေတာပင်။
မြင့်မားသောပလ္လင်ပေါ်ကနေ ပြုတ်ကျလာသည့် သခင်တစ်ယောက်က လောဘကြီးသော ခွေးတစ်ကောင်ကို ဘယ်လိုလုပ် အမိန့်ပေးနိုင်မည်နည်း။
တုယာမှာ ရွေးချယ်စရာမရှိတော့ဘဲ ဟွာချန်းကိုယ်ခံပညာကျောင်း၏ဝင်ပေါက်မှာသာ ဒူးထောက်နေရတော့သည်။ အေးစက်သော ညလေကြောင့် သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေခဲ့သည်။
ဟွာချန်းကိုယ်ခံပညာကျောင်းထဲတွင် ဂိုဏ်းဆယ်ဂဏန်းကျော်၏ခေါင်းဆောင်များသည် ခါးကို ကုန်းကာ တည်ငြိမ်အေးဆေးနေသော ရွှီဖန်းကို ကြည့်နေကြသည်။
တုယာ ထွက်ခွာသွားသည်နှင့် ပတ်သက်၍ သူတို့ရင်ထဲ၌ အနည်းငယ်မျှပင် စိတ်လှုပ်ရှားသွားခြင်း မရှိပေ။သူတို့သည် စိတ်ဓာတ်ကျလွယ်သောသူများ မဟုတ်ပေ။ သူတို့အတွက် ရွှီဖန်းကို ဘယ်လို ကျေနပ်အောင် လုပ်ပြရမလဲဆိုတာက အရေးအကြီးဆုံးပင်။
ရွှီဖန်း လှည့်ကြည့်လာတာကို မြင်သောအခါ ဂိုဏ်းခေါင်းဆောင်ဒါဇင်ကျော်သည် သူတို့၏ခါးများကို ပိုကုန်းလိုက်ကြသည်။
ဂိုဏ်းခေါင်းဆောင်ဆယ်ဦး၏ဟန်ပန်များကို ရွှီဖန်း ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ မထီမဲ့မြင်ပြုသော အရိပ်အယောင်တစ်ခု ပေါ်လာကာ သူ၏အေးစက်သော အသံထဲ၌ ပြင်းထန်သည့် လှောင်ပြောင်မှု များ ပါဝင်နေသည်။
"မင်းတို့က ဒီနှစ်တွေတစ်လျှောက်မှာ အဆိပ်နဂါးဂိုဏ်းရဲ့ ခွေးတစ်ကောင်ဖြစ်ဖို့ တော်တော်လေး ကြိုးစားခဲ့ကြရမှာပဲ"
ရွှီဖန်း၏ မဖုံးကွယ်ထားသော မထီမဲ့မြင်ပြုမှုကို ရင်ဆိုင်ရသည့်အခါ ဂိုဏ်းခေါင်းဆောင် ဒါဇင်ကျော်သည် ရွှီဖန်းအရှေ့၌ ဒူးထောက်ကျကာ တုန်ယင်သွားကြသည်။
"ဆရာကြီးရွှီ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချူပ်လို့မရနိုင်ခဲ့ပါဘူး!"
"ဆရာကြီးရွှီ အဲ့ဒီတုယာက ကျွန်တော့်ညီကို သတ်ခဲ့တာ၊ သူ့ဘေးမှာနေနေတာက လက်စားချေဖို့ ကြိုးစားနေတာပါ!"
"ဟုတ်တယ်၊ ကျွန်တော်တို့တွေက တုယာကို အရိုးထဲထိ မုန်းတီးနေကြတာပါ၊ ကောင်းကင်နဲ့ မြေကြီး ကိုယ်တိုင်ကတောင် မြင်သိနိုင်ပါတယ်!"
ရွှီဖန်းသည် ဂိုဏ်းခေါင်းဆောင်ဒါဇင်ကျော်၏ငိုကြွေမှုများကို မှတ်ချက်မပေးခဲ့ပေ။ တကယ်တော့ အနောက်ပိုင်းဒေသအတွက် ငြိမ်းချမ်းမှုသာ မလိုလားခဲ့လျှင် ရွှီဖန်းသည် ဒီလို ခိုင်းဖက်များနှင့် စကားတောင် ပြောမည်မဟုတ်ပေ။ သူတို့ သခင်ဖြစ်သော တုယာကပင် သူ့စာရင်းထဲမှာ မရှိပေ။
သို့သော်လည်း အနောက်ပိုင်းဒေသ၏မြေအောက်အင်အားစုသည် ဒီနေ့မှာ ပြန်လည်ဖွဲ့စည်းလိုက်ပြီဟု ဆိုသည်။ အနောက်ပိုင်းဒေသတစ်ခုလုံးဟာ သွေးချောင်းစီးမှုများကို ကြိုဆိုနေကြသည်။ ရွှီဖန်းက ခွေးဆယ်ဂဏန်းလောက်ကို သတ်ပစ်ခဲ့တာတောင်မှ မျက်ကွယ်ပြုထားကြသည်။ ရွှီဖန်းကိုတောင်မှ အနောက်ပိုင်းဒေသ၏ မြေအောက်ဘုရင်အဖြစ် တင်မြှောက်နေကြသေးသည်။
ရွှီဖန်းဆိုတာမည်သူနည်း။ သူ ဘာကြောင့်များ အနောက်ပိုင်းဒေသလို သေးငယ်သည့် နေရာလေးကို ဂရုစိုက်ရမည်နည်း။ ထို့အပြင် ချန်ဟိုင်းစားနပ်ရိက္ခာ အခြေစိုက်ရုံးတစ်ခုတည်းကတောင် ရွှီဖန်းကို အလုပ်များစေရန် လုံလောက်နေလေပြီ။ နောက်လာမည့် ဟွာချန်းကိုယ်ခံပညာကျောင်းကိုပါ ထပ်ပေါင်းထည့်လိုက်လျှင် ပင်ပန်းနွမ်းနယ်နေသော ရွှီဖန်းတစ်ယောက် ဘယ်လိုလုပ်ပြီး မြေအောက်အင်အားစုကို စီမံခန့်ခွဲရန် အချိန်ရမည်နည်း။
ရွှီဖန်းသည် အလင်းရောင်နှင့် လုံးဝမထိတွေ့နိုင်သော အခုလို ကိစ္စရပ်များဖြင့် ပတ်သက်မိမှာကို မလိုချင်ပေ။ ထို့ကြောင့် သူ့ခြေရင်းမှာ ဒူးထောက်နေကြသော ဂိုဏ်းခေါင်းဆောင်ဒါဇင်ကျော်နှင့် မြေပြင်ပေါ်မှာ ဒူးထောက်နေကြသည့် ရာနှင့်ချီသော လက်အောက်ခံလူများကို ကြည့်ကာ ရွှီဖန်း၏အသံထဲ၌ အေးစက်မှုများ ပြည့်နေခဲ့သည်။
"မင်းတို့နဲ့တုယာကြားက ရန်ငြိုးတွေက ငါနဲ့ ဘာမှ မဆိုင်ဘူး၊ အနောက်ပိုင်းဒေသရဲ့မြေအောက်အင်အားစုတွေကိုလည်း ငါ စိတ်မဝင်စားဘူး"
ထိုအထိ စကားပြောပြီးသည့်အခါ ရွှီဖန်း၏လေသံမှာ ပို၍ အေးစက်သွားခဲ့ပြီး အအေးဓာတ်များမှာ ပိုပြင်းထန်လာလေသည်။
"ဒီတစ်ခါ အနောက်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးတွေထဲက တစ်ခုအနေနဲ့ အဆိပ်နဂါးဂိုဏ်းရဲ့ခေါင်းဆောင်က ကျရှုံးခဲ့တာကြောင့် မင်းတို့က အကြီးမားဆုံး အကျိုးခံစားခွင့် ရှိသူတွေ ဖြစ်လာလိမ့်မယ်၊ ဒါပေမဲ့ ကိစ္စတစ်ခုရှိတာက ငါ မင်းတို့ကို အမြင်မကြည်တာပဲ..."
ဂိုဏ်းခေါင်းဆောင်များသည် ရွှီဖန်း၏စကားတစ်ဝက်ကို ကြားသောအခါ သူတို့မျက်နှာပေါ်၌ ပျော်ရွှင်မှုများ ပေါ်လာခဲ့သည်။ သို့သော် ရွှီဖန်း၏ ဆက်လာသည့် ဒုတိယစကားကို ကြားလိုက်ရသည့်အခါမှာတော့ သူတို့အားလုံး ကြောက်လန့်တကြားဖြင့် တုန်ယင်ကုန်ကြလေသည်။
ဂိုဏ်းခေါင်းဆောင်တစ်ဦးသည် တုန်ယင်နေသောအသံဖြင့် ပြောလိုက်မိသည်။
"ဆရာကြီးရွှီ ကျွန်တော့်ရဲ့ တုန်အန်းဂိုဏ်းက ငွေ ၁၀ သန်း ပေးဖို့ ဆန္ဒရှိပါတယ်၊ ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ပါ၊ အဆိပ်နဂါးဂိုဏ်းရဲ့ပါးစပ်ကနေ ကယ်တင်လိုက်တာက ကျွန်တော့်အသက်ကို ကယ်တင်လိုက်တာနဲ့ အတူတူပါပဲ၊ ငွေ၁၀သန်းကတော့ လေးစားမှုတစ်ခုအနေနဲ့ပဲ ဖြစ်ပါတယ်၊ ကျေးဇူးပြုပြီး လက်ခံပေးပါ!"
ဂိုဏ်းခေါင်းဆောင်များသည် တစ်ဦးပြီးတစ်ဦး သတိပြန်ဝင်လာကြပြီး အလုအယက် ပြောကုန်ကြသည်။
ရွှီဖန်းက သူတို့ကို မသတ်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းပြသရန် မွှေးရနံ့ပျံ့နေသောရထားလှည်းကြီးများ၊ ရွှေငွေအပြည့်ထားသည့်ဗီလာကြီးများကိုပင် ပေးချင်နေကြသည်။
ထိုအရာကို ကြားသောအခါ ရွှီဖန်း၏မျက်လုံးထဲမှ အအေးဓာတ်များမှာ ပေါက်ကွဲထွက်လုမတတ် ဖြစ်လာခဲ့သည်။
အနောက်ပိုင်းဒေသသာ ဒီလူအုပ်စု၏လက်ထဲ ရောက်သွားပါက ဒီနေ့ကစပြီး နည်းနည်းလေးမှ ငြိမ်းချမ်းမှု ရှိတော့မည် မဟုတ်ပေ။
ဂိုဏ်းခေါင်းဆောင်ဒါဇင်ကျော်သည် ရွှီဖန်း၏မျက်နှာပေါ်မှ အေးစက်မှုကို မြင်သောအခါ စိုးရိမ်စိတ်ဖြင့် ငိုကျွေးလုမတတ် ဖြစ်ကုန်ကြသည်။
တုယာ၏နောက်လိုက်ခွေးတစ်ကောင်လိုမျိုး တစ်လျှောက်လုံး နေခဲ့ရသော်လည်း သူတို့အတွက် အလှည့်ကျ အသားစားခွင့်ရရန်မှာ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။ အများဆုံးမှ ဟင်းရည်နည်းနည်းသာ သောက်ခွင့်ရခဲ့ခြင်းပင်။ သူတို့ ခုနက ပေးကမ်းခဲ့သောအရာများသည် သူတို့ သုံးနိုင်သည့် အမြင့်ဆုံး ပမာဏပင်။
အခုအချိန်အထိ တိတ်ဆိတ်နေခဲ့သော ကျူဟွာက ရုတ်တရက် ထပြောလာသည်။
"ညီလေးရွှီ ဒီအနောက်ပိုင်းဒေသကို အခုချိန်ကစပြီး ဒီအဘိုးကြီးက တာဝန်ယူပြီး စီမံခန့်ခွဲပေးရမလား"
ရွှီဖန်း အံ့အားသင့်သွားရသည်။ ကျူဟွာသည် ကိုယ်ခံပညာလောကထဲကနေ ကိုယ်ရောင်ဖျောက်ကာ ကိုယ်ပျောက်လူသားလိုမျိုး နေထိုင်ခဲ့သည်။ရုတ်တရက်ကြီး ကိုယ်ခံပညာလောကထဲ ပြန်ဝင်ချင်သည့် ရည်ရွယ်ချက်က ဘာလို့များ ပေါ်လာသနည်း။ ကျူဟွာကို ကြည့်လျက် ရွှီဖန်းမှာ ငြင်းဆန်ခြင်း မရှိခဲ့ပေ။
ရွှီဖန်းက သဘောတူညီကြောင်း ခေါင်းညိတ်တော့မည့်အချိန်မှာ ကျူဟွာသည် ရွှီဖန်း ရင်ထဲရှိ ရှုပ်ထွေးမှုများကို မြင်နေသကဲ့သို့ ရှင်းပြလာသည်။
"ဒီအဘိုးကြီးက အနောက်ပိုင်းဒေသမှာ ဆယ်စုနှစ်အနည်းငယ်လောက် နေခဲ့ပြီးပြီ၊ ဒီမြေအပေါ်မှာလည်း ခံစားချက်တွေ ရှိတယ်၊ ဒါကြောင့် ဒီအုပ်စုကို လွှဲပေးခဲ့ရင် စိတ်ချမှာ မဟုတ်ဘူး"
ကျူဟွာသည် ကျူပင်းအပေါ်၌ နောက်ထပ် ထိခိုက်မှုများ မဖြစ်စေချင်ပေ။ မည်သို့ပင်ဆိုစေ သူ့ထံ၌ လက်အောက်ခံလူအနည်းငယ်ရှိတာက ကောင်းပေသည်။
ရွှီဖန်းလည်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ဒါဆို ဆရာကြီးကျူကိုပဲ တာဝန်အပ်ခဲ့လိုက်မယ်"
ကျူဟွာ၏မျက်လုံးများမှာ ကျေးဇူးတင်စိတ်ဖြင့် လင်းလက်သွားခဲ့ပြီး လေနှင့်မိုးတုတ်ကို ထောက်ကာ ထရပ်ရန် ရုန်းကန်လိုက်သည်။
ကျူဟွာ၏ခြေထောက်အောက်ရှိ ဂိုဏ်းခေါင်းဆောင် ဒါဇင်ကျော်ကတော့ မြေပြင်ပေါ်မှာသာ ဒူးထောက်လျက် ရှိနေကြတုန်းပင်။ အခုအချိန်မှစ၍ အနောက်
ပိုင်းဒေသရှိ မြေအောက်လောကဘုရင်၏ရာဇပလ္လင်သည် ကျူဟွာထံသို့ တရားဝင် ပြောင်းလဲသွားခဲ့လေပြီ။
*********************