← Chapters

ကျော်ကြားသောကြယ်ပွင့်၏ ပြောင်းလဲသွားမှု

Vol. 26 Ch. 385

ကျော်ကြားသောကြယ်ပွင့်၏ ပြောင်းလဲသွားမှု

Vol. 26 Ch. 385

ည၏မှောင်မိုက်မှုက မှေးမှိန်ပျောက်ကွယ်လာပြီး မိုးသောက်ချိန်သို့ ရောက်ရှိလာပေသည်။

နီရဲစိုနေသော မနက်ခင်းနေရောင်ခြည်မှာ ဖြာထွက်လာပြီး နွေးထွေးစွာ လင်းထိန်လာသည်။ ရှယန်ယွိသည် sportscarထဲမှာ မှန်သေးသေးလေးတစ်ချပ်ကို ကိုင်၍ မိတ်ကပ်လိမ်းနေလေသည်။

ရှယန်ယွိသည် ကားမောင်းနေသော ရွှီဖန်းကို တစ်ချက်ကြည့်၍...

"မနေ့ညက ခိုးထွက်သွားတာလား"

ရွှီဖန်း အံ့သြသွားသော်လည်း သူတည်ငြိမ်မှုကို ထိန်းထားဆဲပင်။ 

"မဟုတ်တာ၊ မင်း လဲလျောင်းလိုက်တာနဲ့ ကိုယ်က အဝတ်တွေ စချွတ်နေပြီ၊ ဒီလို လှပလွန်းတဲ့ အလှပဂေး လေးကို ထားခဲ့ပြီး ခိုးထွက်သွားစရာလား"

ရှယန်ယွိ၏မျက်နှာမှာ နီမြန်းသွားလေသည်။ သူမသည် လက်တွေ့ဘဝဆီသို့ ပြန်ရောက်လာပြီး သူမ၏ခွန်အားများ အနည်းငယ် လျော့သွားသလို ခံစားလိုက်ရသည်။ ထိုကြောင့် သူမ မြန်မြန်ဆန်ဆန်ပင် ရွှီဖန်းကို စိုက်ကြည့်ပြီး ဆူပူလိုက်သည်။

"တော်စမ်းပါ ရွှီဖန်း... ရှင် လိမ်တတ်လာပြီမလား ဟမ်... ရှင် တခြားကောင်မလေးတွေကိုပဲ သွားလှည့်စားလို့ရမယ်၊ ဒါပေမဲ့ ကျွန်မ ရှယန်ယွိကို လှည့်စားချင်တယ်ဆိုရင်တော့ ဟွန်း!"

မနေ့ညက ရှယန်ယွိ အန္တရာယ်ကင်းနေမှာ သေချာတာကြောင့် ရွှီဖန်း တစ်ယောက် ဖုန်းပင် မဆက်ခဲ့ချေ။ အကယ်၍ သူမကို မပြောဘဲ ညက ဒိုဂျိုကိုသွားပြီး အဆိပ်နဂါးဂိုဏ်းကို ပညာပြခဲ့တာသာ သိသွားပါက သူတော့ ကွိုင်တက်ရလိမ့်မည်။

ရွှီဖန်း ပြုံးလိုက်ကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"မနေ့ညက အိပ်နေတုန်းမှာ တစ်ခုခုများ ခံစားခဲ့ရလို့လား"

ရှယန်ယွိ ခေါင်းခါလိုက်သည်။

"မရှိပါဘူး... ကျွန်မ ခန္ဓာကိုယ်တောင် မသယ်ချင်တော့တဲ့အထိ နုံးနေတာလေ"

ရှယန်ယွိက သူအပြင်ထွက်သွားကြောင်း ဘာလို့ သေချာသိနေတာလဲ ဆိုတာကိုတော့ အံ့သြစရာ မရှိပေ။ မိန်းမတစ်ယောက်၏အသေးစိတ်အာရုံခံစားသိရှိမှုက တကယ်ကို ကြောက်စရာကောင်း၏။

ရွှီဖန်း ပြုံးလိုက်ကာ စတီယာရင်ဘီးပေါ် လက်တစ်ဖက်တင်၍ သူ၏ကြီးမားသောလက်မည်းကြီးဖြင့် ရှယန်ယွိ၏ပေါင်ကို ထိလိုက်သည်။ 

"ပြန်မှတ်မိအောင် လုပ်ကြည့်ပါဦး၊ စဉ်းစားကြည့်လေ...ဒီလိုမျိုး ခံစားခဲ့ရလား"

ရှယန်ယွိမှာ အလွန်ရှက်ကာ ဒေါသထွက်သွားရသည်။ သူမ ရွှီဖန်း၏လက်မည်းကြီးကို ရိုက်ထုတ်ကာ သူ့ခါးကို ကုတ်ခြစ်လိုက်သည်။ 

ယင်ကောင်လေးတစ်ကောင်က ယားလို့ ကုတ်ခြစ်သလိုမျိုး အားမပါလှသော်လည်း ရွှီဖန်းသည် မြန်မြန်ဆန်ဆန်ပင် အရှုံးပေးပြီး ခွင့်လွှတ်ရန် တောင်းပန်လိုက်သည်။

"မမလေး ကားပေါ်မှာပဲ ရှိသေးတယ်၊ ကျွန်တော်မျိုး မသေချင်သေးပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ချမ်းသာပေးပါ!"

သူတို့နှစ်ယောက်စလုံး ခဏတာမျှ ဆက်၍ စနောက်ကစားနေခဲ့ကြသည်မှာ sportscarပင် လမ်းကြောင်းလွဲလုမတတ်ပင်။ 

ရှယန်ယွိကို ကုမ္ပဏီသို့ ပြန်ပို့ပေးပြီးနောက်မှာ ရွှီဖန်းသည် ပေါ့ပေါ့ပါးပါးပင် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးသို့ ပြန်မောင်းလာခဲ့သည်။ 

ရွှီဖန်း ပေါ့ပေါ့ပါးပါး လျှောက်ဝင်လာတာကို မြင်သည့်အခါ ရှောင်ပိုင်တစ်ယောက် ညည်းညူတော့သည်။

"ဥက္ကဌရွှီ ကျွန်မတို့ကုမ္ပဏီက ဒီလိုအရေးကြီးတဲ့ အခြေအနေမှာ ရောက်နေတာတောင် ရှင်က အနောက်ပိုင်းဒေသကို ခရီးသွားဖို့အတွက် ကားမောင်းရမှာကို စိတ်ပါနေတုန်းပဲနော်၊ အမယ်လေး...သူဌေးဖြစ်ရတာ တကယ်ကောင်းတာပဲနော်၊ ရှင် လိုချင်သလို ကိစ္စတွေကို အတွင်းရေးမှူးလက်ထဲ တွန်းထည့်ပြီး အလှပဂေးလေးနဲ့ လျှောက်လည်လို့ရတယ်၊ ဟင်း...အတွင်းရေးမှူးရဲ့ဘဝကို ဘယ်သူက လာဂရုစိုက်မှာလဲ"

ထိုစကားကို ကြားလိုက်ရတော့ ရွှီဖန်းတစ်ယောက် ခေါင်းကိုက်သွားတော့သည်။ သူ ချက်ချင်းပင် နှစ်သိမ့်ပေးကာ ဒီကာလပြီးရင် ခရီးထွက်ခွင့်ပေးမည်ဟု ကတိပေးလိုက်သည်။ ထိုအခါမှသာ ရှောင်ပိုင်က ဒေါသပြေပြီး ရွှီဖန်းကို လုပ်ငန်းအခြေအနေများ တင်ပြလာသည်။

"မမျှော်လင့်ထားတဲ့ပြဿနာလေးတစ်ခု ဖြစ်သွားတယ်၊ ကြော်ငြာရဲ့အကြောင်းအရာ၊ ခေါင်းဆောင်မင်းသမီးနဲ့ ထုတ်လွှင့်မယ့် ရုပ်သံလိုင်းတွေ အပါအဝင် အရာအားလုံးကို အရင်ကတည်းက ကြိုတင်စီစဥ်ပြီး ဆုံးဖြတ်ထားပြီးသား၊ ဒါပေမဲ့ ခေါင်းဆောင်မင်းသမီးက ရုတ်တရက်ကြီး စိတ်ပြောင်းသွားတယ်"

ရွှီဖန်း၏မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ..

"ဘယ်တုန်းက ဖြစ်သွားတာလဲ"

ရှောင်ပိုင်က လုံးဝဒေါသထွက်နေတာ သိသာလှသည်။

"ခုနလေးတင်ကပဲ... ခေါင်းဆောင်မင်းသမီးက ရုတ်တရက်ကြီး ဖုန်းဆက်လာပြီး ကျွန်မတို့ရဲ့ ကြော်ငြာကို မရိုက်ကူးနိုင်တော့ဘူးလို့ ပြောလာတယ်၊ အရေးပေါ်ကိစ္စတစ်ခုရှိလို့ ချန်ဟိုင်းကနေ ချက်ချင်း ထွက်သွားဖို့လိုတယ်လို့ ပြောတယ်၊ ဒါပေမဲ့ ဒီမတိုင်ခင်မှာကတည်းက ကျွန်မတို့တွေ သဘောတူညီမှု ရထားပြီးသား၊ နှစ်ဖက်စလုံးက ကျေနပ်နေခဲ့ကြတာလေ၊ အဲ့ဒီမင်းသမီးက ရုတ်တရက် စိတ်ပြောင်းသွားမယ်လို့ မထင်ထားခဲ့ဘူး"

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ကိစ္စတစ်ခုခုတော့ မှားကို မှားနေတာပင်။ ခေါင်းဆောင်မင်းသမီးဘက်က ရုတ်တရက် စိတ်ပြောင်းသွားသည်မှာ တစ်ခုခု ဖြစ်ပျက်ခဲ့ခြင်းပင်။

"ခေါင်းဆောင်မင်းသမီးရဲ့နာမည်က ဘယ်သူလဲ"

ရွှီဖန်းသည် ထိုနာမည်ကို မေ့နေခဲ့သည်။ အမျိုးသမီး နာမည်ကြီးများနှင့် ပတ်သက်၍ ဘယ်တုန်းကမှ သိပ်ပြီး စိတ်ဝင်တစား မရှိခဲ့ရာ သူတို့၏ နာမည်က သူ့ခေါင်းထဲ ကြာကြာမနေတတ်ကြပေ။

"စွန်းဖေးဖေး ပေါ့၊ နိုင်ငံရဲ့ထိပ်တန်းအမျိုးသမီး နာမည်ကြီးတွေထဲက တစ်ယောက်ပဲ၊ မကြာသေးခင်ကမှ အရမ်းနာမည်ကြီးလာတာလေ"

ရွှီဖန်း လက်ဝှေ့ယမ်းကာ ရုံးခန်းထဲကနေ ထွက်ရန် လှည့်လိုက်သည်။

"ခုနလေးတင်ကပဲ ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာဆိုတော့ တစ်နည်းအားဖြင့် အဲ့ဒီစွန်းဖေးဖေးက ငါတို့ ချန်ဟိုင်းပြည်နယ်ကနေ မထွက်ရသေးဘူးဆိုတဲ့ သဘောပေါ့"

ရှောင်ပိုင်သည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားခဲ့ရသည်။

"ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ဥက္ကဌက ဘာလုပ်ချင်လို့လဲ၊ သူမက နာမည်ကြီးစတားတစ်ယောက်ပဲ၊ သူ စိတ်ပြောင်းသွားပြီဆိုကတည်းက... မဖြစ်နိုင်.."

ရှောင်ပိုင်မှာ နေရာမှာပင် အံ့အားသင့်ပြီး ကျန်ခဲ့လေသည်။ ရွှီဖန်းကတော့ ဝေးဝေးကို ရောက်သွားနှင့်ပြီဖြစ်သည်။ 

ရွှီဖန်းကတော့ အချိန်မဖြုန်းနေဘဲ သူ၏ကားထဲကို ဝင်ကာ ပြည်နယ်ဟိုတယ်သို့ မောင်းသွားလိုက်သည်။ 

သူ မှတ်မိနေခဲ့တာသာ သေချာပါက စွန်းဖေးဖေးသည် ပြည်နယ်ဟိုတယ်၏ အခန်း၅၀၂မှာ တည်းခိုနေခြင်းပင်။ 

စွန်ဖေးဖေးတစ်ယောက်တည်းအတွက်နှင့်တော့ ရွှီဖန်းသည် ဒီလောက်ထိ အလေးအနက်ထားကာ ဆောင်ရွက်လိမ့်မည်မဟုတ်ပေ။ သို့သော် ရှောင်ပိုင်၏ စကားတွေကနေတဆင့် ရွှီဖန်းသည် ထူးခြားမှုကို သတိထားမိခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကို ပစ်မှတ်ထားနေတာပင်။

နှစ်ဖက်စလုံးကျေနပ်ကြသော ကိစ္စတစ်ခုကို စွန်းဖေးဖေးကတော့ ငြင်းပယ်စရာ အကြောင်းမရှိပေ။ သူမက တစ်ခုခု ကြားခဲ့ရတာ သို့မဟုတ် သတိပေးခံခဲ့ရတာ ဖြစ်နိုင်သည်။

လီစီးချီဆိုသည့်မိန်းမက စွန်းဖေးဖေး၏အခန်းထဲသို့ ခိုးဝင်ရန် ကြိုးစားခဲ့ခြင်းကို သူ မှတ်မိနေသေးသည်။ ရွှီဖန်းသည် ထိုလီစီးချီနှင့် တစ်ခါတွေ့ခဲ့ဖူးသည်။ လီစီးချီက စိတ်ရှည်မှုမရှိဘဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး နေတတ်တဲ့သူ ဖြစ်သည်။ ဒါကြောင့် သူမ မအောင်မြင်ခဲ့သည့်အလုပ်ကို သူများကိုလည်း လုပ်စေချင်မည်မဟုတ်ပေ။ သူမ ဖျက်လိုဖျက်ဆီးလုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မည်။ 

ကိစ္စများက ပို၍ စိတ်ဝင်စားစရာ ကောင်းလာလေပြီ။

ရွှီဖန်း၏နှုတ်ခမ်းက အေးစက်စွာ ကွေးညွှတ်သွားလေသည်။ သူ၏sportscarကို ထပ်အရှိန်မြှင့်၍ ပြည်နယ်ဟိုတယ်ဘက်သို့ တဟုန်ထိုး မောင်းနှင်သွားလိုက်သည်။ အစီအစဥ်ကိုဖျက်ဆီးသူက မည်သူပင် ဖြစ်ပါစေ ရွှီဖန်းကို လာရှုပ်သည့်အတွက် တန်ရာတန်ကြေးတော့ ပေးရလိမ့်မည်။

sportscarသည် ရုတ်တရက် ကွေ့ချိုး၍ ကားပါကင်နေရာအရှေ့တွင် ရပ်လိုက်သည်။ 

ရွှီဖန်းသည် ကားပေါ်ကနေ ဆင်းလိုက်ပြီး သူ့ဆီ လျှောက်လာသော စားပွဲထိုးကို လက်ဝှေ့ယမ်း၍ ပြန်လွှတ်လိုက်ကာ စွန်းဖေးဖေး၏အခန်းသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။ 

တံခါးဝကိုရောက်သည်နှင့် သူ ညင်သာစွာ ခေါက်လိုက်သည်။ အတွင်းထဲကနေ စိတ်မရှည်သောအသံ တစ်သံက ချက်ချင်း ထွက်လာသည်။

"ဘယ်သူလဲ!"

သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး၏အသံပင်။ ကြားလိုက်ရသည့် အသံအရ စွန်းဖေးဖေး၏ မန်နေဂျာအစ်ကိုကျန်းပင်။ ရွှီဖန်းသည် တုံ့ပြန်ခြင်းမရှိဘဲ စိတ်ရှည်လက်ရှည်ဖြင့် တံခါးကို ထပ်ခါထပ်ခါ ခေါက်လိုက်သည်။ 

"မင်း စကားမပြောတတ်ဘူးလား! ငါ မေးနေတာ ဘယ်သူလဲလို့! မင်း မကြားဘူးလားကွ!"

တံခါးပွင့်လာသည်နှင့် ဒေါသထွက်နေသော မျက်နှာ တစ်ခုပါ ပေါ်ထွက်လာသည်။ ထိုလူသည် အသက်သုံးဆယ်ကျော်အရွယ်ရှိပြီး ပြောင်လက်နေသောဆံပင်နက်များနှင့် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ 

ရုပ်ရည်က ချောမောသော်လည်း ဝတ်စုံပိုင်ရှင်ကတော့ ဒေါသထွက်နေလေသည်။ ထိုလူ၏မျက်နှာအမူအရာအရ ရွှီဖန်းပေးမည့်အဖြေကသာ သူ့ကို စိတ်ကျေနပ်မှု မပေးနိုင်လျှင် ရိုက်နှက်ခံရမည့်အန္တရာယ်ရှိပုံရ၏။

ရွှီဖန်းသည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ သူ့လက်ချောင်းများကို လက်သည်းကဲ့သို့ ဆုပ်ကာ လျှပ်စီးအလား လျင်မြန်သည့် အရှိန်ဖြင့် မန်နေဂျာအစ်ကိုကျန်း၏လည်ပင်းကို လှမ်းဆုပ်ကိုင်လိုက်သည်။ သူ မန်နေဂျာအစ်ကိုကျန်း၏လည်ပင်းကို တိုက်ရိုက်ဆုပ်ကိုင်ပြီးနောက်မှာ အပေါ်သို့ မြှောက်တင်လိုက်သည်။

မန်နေဂျာအစ်ကိုကျန်း၏မျက်နှာက နီရဲလာသည်။ သူ့ခြေထောက်များမှာ လေထဲ၌ ဦးတည်ရာမဲ့ ကန်ကျောက်နေပြီး ရေနစ်သူတစ်ဦးကဲ့သို့ ရုန်းကန်နေရရှာသည်။

အသက်ရှူလို့မရတော့ဘူး!

ဒီလိုနှင့်ပင် ရွှီဖန်းသည် မန်နေဂျာအစ်ကိုကျန်းကို ဆွဲခေါ်လျက် အခန်းထဲသို့ တစ်လှမ်းချင်း ဝင်လာခဲ့သည်။ သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်နှင့် တံခါးကလည်း ပိတ်သွားလေသည်။

"ဘန်း!"

မန်နေဂျာအစ်ကိုကျန်းအား မြေပြင်ပေါ်သို့ ရွှီဖန်း ပစ်ချလိုက်သည်။ မန်နေဂျာအစ်ကိုကျန်းသည် ပြင်းပြင်းထန်ထန်ပင် ချောင်းဆိုးနေပြီး လည်ချောင်းပျက်စီးနေသောကျွဲတစ်ကောင်ကဲ့သို့ အလွန်ပြင်းထန်စွာ မောဟိုက်နေလေသည်။

ထိုမျှ ကျယ်လောင်နေသည့် အသံကြောင့် အခန်းထဲမှ နောက်တစ်ယောက်လည်း လန့်သွားရလေပြီ။

စွန်းဖေးဖေးက သူမအဝတ်တွေကို ထုပ်ပိုးနေပုံရသည်။ သူမသည် နေရာမှာသာ ကြောင်တောင်တောင်လေးရပ်နေပြီး ရွှီဖန်းကို ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်နေလေသည်။ သူမ၏လှပသောမျက်လုံးထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ 

"ရှင်... ရှင်က ဘယ်သူလဲ"

ကြောက်လန့်နေသော ကြောင်ကလေးလို ဖြစ်နေသည့် စွန်းဖေးဖေးနှင့် ရင်ဆိုင်ရသည့်အခါ ရွှီဖန်း ပြုံးလျက် ပြောလိုက်သည်။

"နာမည်ကြီးကြယ်ပွင့်လေး...စိတ်မလှုပ်ရှားပါနဲ့၊ ဒါပေါ့ ကျွန်တော်က လူကောင်းရယ်လို့လည်း မဟုတ်ပါဘူး"

*********************

All Chapters