ကောင်းမွန်သည့်စေတနာ
Vol. 26 Ch. 388
ကျား၊ မ တန်းတူညီမျှသည်ဟု ဆိုကြသော်လည်း ကွာခြားမှုများတော့ ရှိနေတုန်းပင်။ အမျိုးသားတစ်ဦးကို လက်သီးနှင့်ထိုး၊ ခြေထောက်နှင့်ကန်တာမျိုးဆိုလျှင် လူတိုင်းက "အရမ်းယောကျာ်းပီသတယ်၊ အရမ်းကြည့်ကောင်းတယ်၊ အရမ်းသန်မာတယ်!" ဟု ပြောကြလိမ့်မည်။
သို့သော် အမျိုးသမီးတစ်ဦးအား အထူးသဖြင့် နူးညံ့သော အမျိုးသမီးတစ်ဦးအား ရိုက်နှက်၊ ကန်ကျောက်တာမျိုးဆိုလျှင်တော့ ဘယ်သူကမှ ချီးကျူးကြမည်မဟုတ်ပေ။ မင်းက လူကောင်းတစ်ယောက် မဟုတ်ရင်တောင်မှ လူဆိုးတစ်ယောက်လည်း မဖြစ်လို့ရပေသည်။ လူဆိုးတစ်ယောက် ဖြစ်နေရင်တောင်မှ ကိုယ်ကျင့်သိက္ခာဖောက်ပြားသည့်လူတော့ မလုပ်ရပေ။
တကယ်တော့ စွန်းဖေးဖေး၏မျက်နှာအမူအရာကို ကြည့်တာနှင့်တင် ရွှီဖန်းသည် သူမနောက်ကွယ်က လူ၏အထောက်အထားကို စတင်သိနေလေပြီ။ အချိန်ကိုကြည့်ခြင်းအားဖြင့် ထိုလူက အခုလောက်ဆိုရောက်နေလောက်ပြီဖြစ်နိုင်သည်။
ထိုလူ၏အဆင့်အတန်းအရ စွန်းဖေးဖေးက သူ့အား မထီမဲ့မြင်မပြုရဲတာ သဘာဝကျပေသည်။
ရွှီဖန်းသည် သူမနောက်ကွယ်မှ လူ၏အထောက်အထားကို ခန့်မှန်းမိသည်နှင့် အမျိုးသမီးကို ဆက်၍ ဒုက္ခပေးမနေတော့ပေ။ သူ တံခါးဖွင့်၍ ထွက်သွားတော့မည့်အချိန်မှာပင် စွန်းဖေးဖေးအသံက အနောက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။
"နေဦး!"
အချိန်က အရေးကြီးပေသည်။ နောက်ဆုံးမိနစ်လေးမှာတင် ခေါင်းဆောင်မင်းသမီးကို ပြောင်းလဲခဲ့ရခြင်းကြောင့် ယခင်က အဆိုပြုချက်များအားလုံးကို ပြင်ဆင်ရန် လိုအပ်ပေသည်။ ထိုလူဘက်ပါသည်ဆိုမှတော့ ရွှီဖန်းသည် စွန်းဖေးဖေးအား သေချာပေါက် မျက်နှာသာပေးတော့မည်မဟုတ်ပေ။
သူ ခေါင်းလှည့်၍ အေးစက်စွာမေးလိုက်သည်။
"မင်း ဘာလုပ်မလို့လဲ"
စွန်းဖေးဖေး၏မျက်နှာမှာ မျက်ရည်များပြည့်နေသည့်ပုံစံအတိုင်း ရှိနေတုန်းပင်။ သူမသည် ပုံမှန်မဟုတ်အောင် အားနည်းနေပုံရပြီး တစ်စုံတစ်ယောက်က ဂရုစိုက်ပေးရန် အထူးလိုအပ်နေပုံပင်။ သို့သော် ရွှီဖန်း၏မျက်လုံးများကတော့ ရေခဲကဲ့သို့ အေးစက်နေတုန်းပင်။
စွန်းဖေးဖေးကို လွှတ်ပေးလိုက်ခြင်းမှာ သူ ကူကယ်ရာမဲ့နေသောကြောင့်ပင်။ အထူးသဖြင့် ရွှီဖန်းသည် သူသိချင်သည့်အချက်များကိုလည်း ခန့်မှန်းပြီးသား ဖြစ်နေ၍ပင်။
သို့သော် စွန်းဖေးဖေးကသာ ဒီအခွင့်အရေးကို အသုံးချ၍ ရွှီဖန်းကို ဖိအားပေးကာ မတန်မဆအခြေအနေများတောင်းခံလာပါက သူကတော့ ရယ်သာရယ်မိလိမ့်မည်။
သူမက တကယ်ပဲ သူ့ကိုလူကောင်းတစ်ယောက်လို့ ထင်နေတာလား။
စွန်းဖေးဖေးက အံကြိတ်၍ သူမမျက်နှာပေါ်မှ မျက်ရည်များကို သုတ်လေသည်။ ထို့နောက် သူမ၏ရှုပ်ပွနေသော အဝတ်အစားများကို ပြင်ကာ ရွှီဖန်းကို တည့်တည့်ကြည့်လာသည်။
"ကျွန်မ ရှင်နဲ့ စကားပြောချင်သေးတယ်၊ ဖြစ်ခဲ့တာတွေက မနှစ်မြို့စရာကောင်းရင်တောင်မှပေါ့"
ရွှီဖန်း လက်ဝှေ့ယမ်းလိုက်သည်။
"ငါ အလုပ်များနေတယ်"
ဒီလိုပြော၍ ရွှီဖန်း လှည့်ထွက်သွားတော့မည့်အချိန်မှာ စွန်းဖေးဖေးက သူ့ကိုထပ်တားလာသည်။
"ကျွန်မ ထင်တာမမှားဘူးဆိုရင် ရှင်က ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးရဲ့ဥက္ကဋ္ဌ ရွှီဖန်း ဖြစ်ရမယ်...ဟုတ်တယ်မလား၊ ကျွန်မနဲ့ စကားပြောဖို့ ရောက်လာခဲ့တာလည်း ရှင်ပါပဲ၊ အခုကျတော့ ဘာလို့ ဒီလောက်တောင် ပြန်ဖို့ အလျင်လိုနေတာလဲ"
သူမ၏အသံမှာ နှိုင်းယှဉ်၍မရအောင် တည်ငြိမ်နေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း မယုံနိုင်ဖွယ်ရာကောင်းလောက်အောင် တည်ငြိမ်နေခဲ့သည်။ ယခင်က ထိတ်လန့်ကာ အော်ဟစ်နေခဲ့သည့် ပုံစံနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး သူမထံသို့ ရုတ်တရက်
ပင် အဆုံးမရှိသော ယုံကြည်မှုများ ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင်။
စွန်းဖေးဖေး ဒီလောက်အထိယုံကြည်မှုရှိနေသည်မှာ ရွှီဖန်းက လူကောင်းတစ်ယောက်ဖြစ်သည် ဆိုတာကို သူမယုံကြည်နေသောကြောင့်ဖြစ်မှန်း သူသိသည်။
သဘာဝအားဖြင့် လူဆိုးတစ်ယောက်ကို မြင်သည့်အခါ လူတိုင်းက စတင်တုန်လှုပ်တတ်ကြသည်။ သို့သော် လူကောင်းတစ်ယောက်ကို မြင်လိုက်ရသည့်အခါမှာတော့ လူကောင်းဆီကနေ အကျိုးအမြတ်တချို့ကို ညှစ်ထုတ်ချင်စိတ် ပေါ်လာလိမ့်မည်။ လူကောင်းတစ်ယောက်ကသာ မတရားသလို ခံစားရ၍ မေးခွန်းများ စမေးမိသည့်အခါ လူတိုင်းက ငြင်းခုံကြလိမ့်မည်။
"မင်းကို ဘယ်သူက လူကောင်းဖြစ်ခိုင်းလို့လဲ"
ဟူ၍ပင်။
ရွှီဖန်း၏မျက်လုံးများက ပို၍အေးစက်လာသော်လည်း သူ စွန်းဖေးဖေး လိုချင်သည့်အတိုင်း ပြန်လှည့်၍ ကုလားထိုင်ပေါ်မှာ ထိုင်လိုက်သည်။
စွန်းဖေးဖေးကမူ လက်ဖက်ရည်ခပ်နွေးနွေးတစ်အိုးကိုဖျော်၍ ခွက်နှစ်ခွက်ထဲသို့ ငှဲ့နေသည်။ တစ်ခွက်ကို ရွှီဖန်းအရှေ့မှာ ချပေးကာ နောက်တစ်ခွက်ကိုတော့ သူမ၏လက်ထဲမှာ ကိုင်ထားလေသည်။ သူမ၏လှုပ်ရှားမှုတိုင်းက ကျော့ရှင်းကာ တည်ငြိမ်
နေ၏။ စူပါစတားတစ်ယောက်၏ယုံကြည်မှုကိုပြန်လည်ရရှိသွားသကဲ့သို့ပင်။
"ရိုးရိုးသားသားပြောရရင် ဒီလိုမျိုး စာချုပ်ဖျက်သိမ်းဖို့က ကျွန်မရဲ့ရည်ရွယ်ချက်မဟုတ်ခဲ့ပါဘူး၊ ကျွန်မရဲ့ မန်နေဂျာအစ်ကိုကျန်းကပဲ ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ဒီနေ့မှပဲ သိခဲ့ရတယ်၊ အခုလေးတင်ပဲ အကြောင်းကြားစာကို ရခဲ့တာပါ"
သူမ၏လေသံက တည်ငြိမ်၍ အေးဆေးနေသည်။
ရွှီဖန်းသည် ကုလားထိုင်ပေါ်မှာ တိတ်တဆိတ် ထိုင်နေလျက် စွန်းဖေးဖေး၏ တည်ငြိမ်နေသောမျက်နှာကို စကားတစ်ခွန်းမှ မပြောဘဲ ကြည့်နေခဲ့သည်။
စွန်းဖေးဖေး၏တည်ငြိမ်လှသောအသံမှာ သူမနှင့်မသက်ဆိုင်သည့် ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသကဲ့သို့ပင်။
"ဒီသတင်းကို ကြားလိုက်ရတော့ ကျွန်မလည်း အလွန် ထိတ်လန့်ခဲ့ရတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မတို့က စာချုပ်ချုပ်ထားပြီးသားလေ၊ စာချုပ်ဖျက်ရင် ဈေးကြီးတဲ့စာချုပ်ဖျက်ကြေးကို ပေးရမှာဖြစ်ပြီး ပိုဆိုးတာက နာမည်ပျက်စီးမှုကို ခံစားရမှာ၊ မန်နေဂျာအစ်ကိုကျန်းရဲ့ အတ္တကြီးမှုအတွက် ကျွန်မ ဒေါသတကြီး ဆူပူခဲ့ပေမဲ့ သူ နာမည်တစ်ခုကို ထုတ်ပြောခဲ့တဲ့အခါမှာတော့ ကျွန်မ ဘာမှဆက်မပြောနိုင်ခဲ့ဘူး"
ရွှီဖန်းသည် အံ့သြခြင်းမရှိသလို ဘာမေးခွန်းမှလည်း မမေးခဲ့ပေ။ သူ ကုလားထိုင်ပေါ်မှာ ထိုင်၍ စွန်းဖေးဖေး၏မိုးမခရွက်ကဲ့သို့ ခပ်ရှည်ရှည်ဖြင့်ကျဉ်းမြောင်းသည့် မျက်လုံးများကိုသာ ကြည့်နေခဲ့သည်။
"အဲ့ဒီနာမည်နဲ့ ပတ်သက်ပြီးတော့ ကျွန်မ ဘာမှမပြောနိုင်ဘူး၊ အဲ့ဒီနာမည်က ပေကျင်းကနေ လာတယ်ဆိုတာကိုပဲ ရှင်သိထားဖို့ လိုတယ်၊ အဲ့ဒီလူက သူ့ရဲ့ လက်သန်းလေးကို လှုပ်လိုက်ရုံနဲ့တင် ကျွန်မတို့ နှစ်ယောက်လုံးကို ဖျက်စီးပစ်နိုင်တယ်၊ အဲ့ဒီလူက ဘာလို့ ရှင့်ကိုပစ်မှတ်ထားနေတာလဲဆိုတာကို ကျွန်မ မသိပေမယ့် ရှင်က အဲ့ဒီလူရဲ့ပစ်မှတ်ဖြစ်နေပြီ ဆိုတာကတော့ ရှင်းပါတယ်၊ ကျွန်မလည်း သဘာဝကျစွာပဲ ခပ်ဝေးဝေးမှာ ပုန်းနေဖို့ ရွေးချယ်ရတာပေါ့"
ထိုစကားကို ကြားလိုက်ရသည့်အခါ ရွှီဖန်းသည် စွန်းဖေးဖေး ဆိုလိုချင်သည့်အဓိပ္ပာယ်ကို လုံးဝနားလည်သွားခဲ့သည်။ စွန်းဖေးဖေးက သူ့ကို တတ်နိုင်သမျှ ဝေးဝေးမှာ ပုန်းနေရန် အရိပ်အမြွက် ပြောပြနေတာပင်။
စွန်းဖေးဖေးကတော့ သူမအတွက် အလွန်ကြောက်စရာကောင်းသည့် ထိုနာမည်ဟာ ရွှီဖန်းအရှေ့မှာတော့ သာမန်လူရွှင်တော်သာ ဖြစ်နေသည်ဆိုတာကို သိနိုင်
စရာ အကြောင်းမရှိပေ။ ရွှီဖန်း၏ ပြောင်မြောက်လှစွာ သတ်ပစ်ခဲ့သော နာမည်ကြီးပုဂ္ဂိုလ်များအား သူမ ရေပင်ရေတွက်နိုင်လိမ့်မည်မဟုတ်ပေ။
သို့သော်ငြား စွန်းဖေးဖေးက ကြင်နာတတ်သည့်မိန်းကလေးဖြစ်မှန်းတော့ ထင်ရှားလှသည်။ ရွှီဖန်း၏အေးစက်သောအကြည့်မှာ အနည်းငယ် ပျော့ပြောင်းသွားခဲ့ပြီး သူမကို ညင်သာစွာ ကျေးဇူးတင်လိုက်သည်။
စွန်းဖေးဖေးသည် ရွှီဖန်း၏ လုံးဝဂရုမစိုက်သလို ပုံစံကို မြင်သောအခါ စိတ်တိုသွားရသည်။ သူမ၏လေသံကလည်း ပို၍လေးနက်လာသည်။
"ကျွန်မသိပါတယ်...ရှင်က ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးရဲ့ဥက္ကဋ္ဌဆိုတာ၊ ရှင်က ချန်ဟိုင်းတစ်ခုလုံးမှာတော့ ထိပ်တန်းလူတွေထဲက တစ်ယောက် ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ရှင် အဲ့ဒီနာမည်ကို လုံးဝ နားမလည်ပါဘူး၊ တိတိကျကျပြောရရင် အရမ်းကြောက်
စရာကောင်းတယ်၊ အဲ့ဒီနာမည်အောက်မှာ ချန်ဟိုင်းပြည်နယ်အုပ်ချုပ်ရေးမှူးတောင်မှ စကားတစ်ခွန်းမှားပြောမိတာ၌ ပျက်စီးသွားနိုင်တယ်၊ ကျွန်မ ဘာပြောချင်လဲဆိုတာကို ရှင် နားလည်ရဲ့လား"
ရွှီဖန်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"နားလည်ပါတယ်"
ရွှီဖန်းသည် စွန်းဖေးဖေးကို သိပ်ရှင်းပြချင်စိတ်မရှိပေ။ အကြောင်းမှာ စွန်းဖေးဖေးသည် အပြင်လူတစ်ယောက်ဖြစ်သည်။ သူရှင်းပြတာ လွန်သွားလျှင် သူမအား ရေထဲဆွဲချသလို ဖြစ်သွားလိမ့်မည်။
စွန်းဖေးဖေးကတော့ ရွှီဖန်း၏ကောင်းမွန်သောရည်ရွယ်ချက်ကို နားမလည်ခဲ့ပေ။ ဂရုမစိုက်သေးသည့် ရွှီဖန်း၏ပုံစံကို မြင်သောအခါ သူမ၏လေသံမှာ လေးနက်သထက် လေးနက်လာပြီး သူမမျက်နှာပေါ်မှာလည်း ဒေါသထွက်နေသည့်ပုံစံ ပေါ်ပေါက်လာသည်။
"ဥက္ကဋ္ဌရွှီ ကျွန်မ အစကတည်းက ဒီစကားတွေကို ရှင့်ကို ပြောပြစရာမလိုဘူးဆိုတာ ရှင်သိသင့်တယ်၊ ဒါပေမဲ့ ကျွန်မ အခု ရှင့်ကို ပြောပြဖို့အတွက် အသက်ကိုစွန့်စားခဲ့တာ၊ ဒါကြောင့် ရှင် ပြင်ဆင်မှုတွေ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဥပမာ - တစ်ယောက်ယောက်ကို လက်ဆောင်ပို့ဖို့၊ တောင်းပန်ဖို့၊ ဒါမှမဟုတ် ကုမ္ပဏီကို ရိုးရိုးလေးပဲ ရောင်းချပြီး တတ်နိုင်သမျှ ဝေးဝေးမှာ ပုန်းနေဖို့ပါ"
ရွှီဖန်းသည် စွန်းဖေးဖေး၏ကြင်နာသော အကြံပြုချက်ကို ဖြတ်တောက်လျက် အေးစက်စွာ ရယ်မောလိုက်သည်။
"လျိုမိသားစုသာသာလေးပါပဲ"
ထိုစကားလုံးများကို ရွှီဖန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း စွန်းဖေးဖေးအတွက်တော့ သူမရင်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသည့် မုန်တိုင်းတစ်ခုကို ကြုံတွေ့လိုက်ရသလိုပင်။
ဒါက လျိုမိသားစုလေ! ပေကျင်းရဲ့ဂိုဏ်းကြီးလေးခု ထဲက တစ်ခုပဲ!
သူတို့၏ခြေထောက်ကို တစ်ချက်လေးနင်းလိုက်ရုံဖြင့် တရုတ်ပြည်တစ်ခုလုံးကိုတောင် တုန်ယင်သွားစေနိုင်သည်။
ရွှီဖန်းက ဘယ်လိုလုပ်ပြီး "လျိုမိသားစုသာသာလေးပါပဲ"လို့ ပြောနိုင်ရတာလဲ။
စွန်းဖေးဖေး သက်ပြင်းချလိုက်သည်။ သူမ၏အသံက အနည်းငယ်ပင်ပန်းနွမ်းနယ်နေသလိုပင်။
"ဥက္ကဋ္ဌရွှီ ရှင်က ဒီလိုငယ်ငယ်ရွယ်ရွယ်လေးနဲ့ ရည်မှန်းချက်တွေအောင်မြင်ပြီး ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကို တည်ထောင်နိုင်ခဲ့တာ၊ တကယ်လည်း လေးစားစရာကောင်းပါတယ်၊ ဒါပေမဲ့ ငယ်ရွယ်တယ်ဆိုတာက အရည်အချင်းတွေ မလုံလောက်သေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲလေ၊ မတွေ့ကြုံရသေးတဲ့ကိစ္စတွေ အများကြီးရှိပြီး ဒီလျိုမိသားစုကလည်း ရှင် ခေတ္တထိတွေ့လို့မရသေးတဲ့ အဆင့်မှာပဲ၊ ငယ်ရွယ်ပြီး မာနတရားရှိတာက ကောင်းတဲ့ကိစ္စတစ်ခုပါ၊ ဒါပေမဲ့ မာနထားလွန်းတာက ကိုယ့်သင်္ချိုင်းကိုယ်တူးမိတာနဲ့ အတူတူပဲလို့ ကျွန်မ သတိပေးချင်ပါတယ်"
ရွှီဖန်း အပြုံးဖြင့် မတ်တပ်ရပ်ကာ စွန်းဖေးဖေး၏စေတနာကောင်းအတွက် ကျေးဇူးတင်ကြောင်း ပြောပြီးနောက် လှည့်ထွက်လာခဲ့သည်။
စွန်းဖေးဖေးကမူ ရွှီဖန်း၏နောက်ကျောအား ရှုပ်ထွေးနေသောအမူအရာဖြင့် ကြည့်နေခဲ့သည်။ နောက်ဆုံးမှာတော့ သူမ သက်ပြင်းရှည်ကြီးချလိုက်မိသည်။
ချန်ဟိုင်းလို နေရာမျိုးက သေးလွန်းသည်။ ရေတွင်းထဲကနေ ကောင်းကင်အား ကြည့်ရသကဲ့သို့ ချန်ဟိုင်း၏ ဖွဲ့စည်းပုံမှာ ကျဉ်းမြောင်းတာကြောင့် လျိုမိသားစု၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို မသိတာက သဘာဝကျသည်။
သို့သော်လည်း အနာဂတ်မှာ ရွှီဖန်းဆိုသည့် လူငယ်လေး မရှိတော့မည်ကို စိုးရိမ်ရပေသည်။
******************