Taotie အဆောက်အအုံကြီး
Vol. 26 Ch. 389
ရွှီဖန်းသည် ဟိုတယ်ထဲကနေ အမြန်ထွက်လာ၍ သူ့ကားဖြင့် ကုမ္ပဏီဘက်ကို မောင်းထွက်လာခဲ့သည်။
တစ်ကယ်တော့ သူ့ကို အသက်စွန့်၍ စေတနာကောင်းဖြင့် သတိပေးခဲ့သော စွန်းဖေးဖေးကို ရွှီဖန်း အနည်းငယ် ကျေးဇူးတင်မိသည်။ သို့သော် အနည်းမျှသာ။
စွန်းဖေးဖေး ပြောခဲ့သလိုပင်။ မိမိထံ၌ အခြေအနေများ မပြည့်စုံမချင်း ထိတွေ့ရန် အရည်အချင်းမပြည့်မီသော အချို့ကိစ္စများ ရှိသည်။
စွန်းဖေးဖေးက လျိုမိသားစုအား ကြီးမားသောအရာတစ်ခုဟု ထင်ပြီး အလွန် ကြောက်လန့်နေခဲ့သည်။တစ်ဖက်မှာတော့ ရွှီဖန်းအတွက် လျိုမိသားစုက တကယ်တမ်း ဘာမှမဟုတ်သလို ခံစားရသည်။
စွန်းဖေးဖေးနှင့် ရွှီဖန်းကြားက အကွာအဝေးက အလွန်ဝေးကွာလွန်းသည်။ စွန်းဖေးဖေး နားမလည်နိုင်သော အချို့ကိစ္စများ ရှိပေသည်။ ရွှီဖန်းက အမှန်အတိုင်း ပြောပြရင်တောင်မှ သူမ နားလည်နိုင်မည် မဟုတ်ပေ။
နွေရာသီပိုးကောင်လေးများက ရေခဲအကြောင်း မသိနိုင်။ ထိုကဲ့သို့ပင်။
ရွှီဖန်းက မာနကြီးသူတစ်ဦးမဟုတ်ပေ။ သူ လျိုမိသားစုကို အရေးမလုပ်သော်လည်း စွန်းဖေးဖေး ပြောသည့် စကားတချို့က မှန်တာကိုတော့ သူ နားလည်သည်။ တရုတ်ပြည်မကြီး၌ လျူမိသားစုကသာ ခြေတစ်လှမ်းနင်းလိုက်သည်နှင့် တရုတ်ပြည်တစ်ခုလုံး တုန်ယင်သွားနိုင်ပေသည်။
ချန်ဟိုင်းလိုသေးငယ်သောနေရာလေးတွင် လျိုမိသားစုသည် လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ကို လုံးဝဖုံးအုပ်နိုင်ပေသည်။
ရွှီဖန်းက လှံကိုမကြောက်သော်လည်း လျိုမိသားစုသည် သူ့နောက်ကျောမှာ ပုန်းနေပြီး လျှို့ဝှက်မြှားအား ပစ်လွှတ်ခြင်း သို့မဟုတ် သူ့အတွက် မုန်တိုင်းတစ်ခုကို လှုံ့ဆော်ပေးနေတာမျိုးလုပ်နေလျှင်တော့ တော်တော်လေးကို ခက်ခဲသည့်တာဝန်တစ်ခု ဖြစ်လိမ့်မည်။
သို့သော် ရွှီဖန်းက အရူးမဟုတ်ပေ။ လျိုမိသားစုက သူ့ကို လာမထိခိုက်သင့်ပေ။ မည်သို့ပင်ဆိုစေ မကြာသေးခင်အချိန်အတွင်းမှာ သူ့ထံ၌ လုပ်စရာများစွာ ရှိနေပေသည်။ သို့သော် လျိုမိသားစုက ကိုယ့်နေရာကိုယ် မသိဘဲ သူ့ကို ဒုက္ခပေးရဲပါက ရွှီဖန်းသည် လျိုမိသားစုနာမည်ခံထားသည့် လူအနည်းငယ်ကို ထပ်သတ်ရန် လက်မတွန့်ပေ။
ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူထံ၌ ဤကဲ့သို့ ယုံကြည်မှုမျိုး ရှိပေသည်။
ဘယ်လောက်ပင်ကြီးမားသည့် သြဇာလွှမ်းမိုးမှုရှိနေပါစေ၊ လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ကို ဖုံးအုပ်နိုင်နေပါစေ၊ ရွှီဖန်းကို လာရှုပ်ပါက အများဆုံးအနေဖြင့် လျိုမိသားစုကို တစ်ယောက်တည်းသွားပြီး အားလုံးကို တစ်ခါတည်း သတ်ပစ်လိုက်ရုံသာ။ ကြက်နှင့် ခွေးများကိုတောင် ချမ်းသာပေးမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ လျိုမိသားစုမှ စိတ်ဝိညာဥ်မွမ်းမံခြင်းကဲ့သို့ လူစိတ်မရှိသည့် လုပ်ရပ်မျိုးကို လုပ်ခဲ့ကတည်းက လျိုမိသားစုမှာ ကောင်းမွန်သည့်အရာတစ်ခုမှ မရှိဘူးဆိုသည့် သဘောပင်။ ရွှီဖန်းဘက်မှ တိုက်ခိုက်ရမည်ဆိုလျှင်တောင် နည်းနည်းလေးမျှ အပြစ်ရှိစိတ်ခံစားရမည်မဟုတ်ပေ။
ရင်ထဲ၌ ဆုံးဖြတ်ချက်ချပြီးနောက် ရွှီဖန်း သက်ပြင်းချလိုက်ကာ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။
လျိုမိသားစုသာသာလေးပါပင်။ ရွှီဖန်းသည် ထိုစကားအား ပေါ့ပေါ့ပါးပါး ပြောခဲ့တာမဟုတ်ပေ။ လျိုမိသားစုထံ၌ ရွှီဖန်းကို စိတ်ရှုပ်ထွေးအောင် လုပ်နိုင်လောက်သည့် အဆင့်မရှိသေးပေ။
စွန်းဖေးဖေးက ကြော်ငြာရိုက်ရန် ငြင်းပယ်ခဲ့တာကြောင့် ပထမဆုံးကနေ ပြန်စ၍ အစကနေ အဆုံး ပြန်လည်လုပ်ဆောင်ရပေမည်။ ကြီးကြီးမားမာကိစ္စတော့ မဟုတ်ပေ။ သို့သော် လျိုမိသားစုအတွက်ကတော့ သူတို့ကိုယ်သူတို့ ထုတ်ဖော််လာသည်နှင့် ရွှီဖန်း ရှင်းပစ်ရလိမ့်မည်။
ကုမ္ပဏီထဲသို့ ဝင်စဥ်မှာတော့ ရွှီဖန်းသည် သူ့မျက်နှာပေါ်မှ အေးစက်သောပုံစံကို ဖယ်ရှားကာ သူ့ဝန်ထမ်းများအား နွေးထွေးသောအပြုံးတစ်ခု ပြသလိုက်သည်။
သူနှင့်ရင်းနှီးသောဝန်ထမ်းတချို့ကို ပေါ့ပေါ့ပါးပါး နှုတ်ဆက်၍ ချီးကျူးစကားအနည်းငယ် ပြောပြီးနောက်မှာ ရုံးခန်းရှိရာကို လျှောက်သွားလိုက်သည်။ အစကနေ ပြန်ပြင်ဆင်ရမည့် လုပ်ငန်းပမာဏက အရမ်းမများသော်ငြား နည်းလည်းမနည်းပေ။ မည်သို့ပင်ဆိုစေ ဒီနေ့တော့ သူ အလုပ်ရှုပ်ရဦးမည်။
ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်တော့ အတွင်းရေးမှူး ပိုင်ပင်းက မော့ကြည့်လာပြီး အံ့သြနေသောမျက်နှာဖြင့် ရွှီဖန်းကို မေးလာသည်။
"ရှောင်ပိုင်က ပြောပြထားပြီးပါပြီ၊ ဥက္ကဌ ရှင့်ရဲ့ယုံကြည်မှုရှိနေတဲ့ပုံစံကို ကြည့်ရတာတော့ တကယ်ပဲ အောင်မြင်ခဲ့တာလား၊ အဲ့ဒီစွန်းဖေးဖေးက ကျွန်မတို့ရဲ့ ကြော်ငြာကို ပြန်ရိုက်ပေးမယ်လို့ ကတိပေးခဲ့တာလား"
ရွှီဖန်းက ပြုံးကာ ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
"မဟုတ်ပါဘူး...ကျွန်တော် ပျော်နေရုံပါပဲ၊ အရင်က အဆင်မပြေခဲ့တဲ့ကြော်ငြာကို ဖျက်သိမ်းပြီး ပြန်ပြင်ဆင်ရမယ်၊ ရှောင်ပိုင်ကို သွားပြီး အကြောင်းကြားလိုက်ပါ၊ ကျွန်တော် အစည်းအဝေး လုပ်ချင်တယ်"
အတွင်းရေးမှူးပိုင်ပင်းသည် ကူကယ်ရာမဲ့စွာဖြင့် နှုတ်ခမ်းကို တွန့်လိုက်မိသည်။ ရွှီဖန်း၏အကောင်းမြင်စိတ်အပေါ်၌ ကူကယ်ရာမဲ့သလို ခံစားရခြင်းပင်။ သို့သော် အတွင်းရေးမှူးတစ်ယောက်အနေနှင့် ရွှီဖန်း၏အမိန့်များကို နာခံရမှာပင်။ ပိုင်ပင်းသည် သူမအလုပ်ကို ချ၍ ရှောင်ပိုင်အား ကုမ္ပဏီ၏ အလုပ်အမှုဆောင်များကို အကြောင်းကြားခိုင်း၍ အစည်းအဝေးခန်းမကို ဦးတည်သွားခဲ့သည်။
အစည်းအဝေးခန်းမထဲ၌ ရွှီဖန်းသည် စားပွဲခုံ၏ထိပ်ဆုံးမှာ ထိုင်လျက်ရှိသည်။ ရေနွေးငွေ့ထွက်နေသော လက်ဖက်ရည်နွေးတစ်ခွက်အား သူ့အရှေ့မှာ ချထားလေသည်။
ဘေးဘက်ခြမ်းမှာတော့ ဒါဇင်နှင့်ချီသည့် အလုပ်အမှုဆောင်များက ဝင်လာပြီး ကုလားထိုင်ပေါ်မှာ တိတ်တဆိတ် ထိုင်နေကြကာ ရွှီဖန်း စကားစပြောမည်ကို စောင့်နေကြသည်။
ရုတ်တရက် အစည်းအဝေးလုပ်လာတာကြောင့် သူတို့လည်း ဇဝေဇဝါဖြစ်နေကြပြီး ဘာတွေဖြစ်နေလဲဆိုတာကို အနည်းငယ်မျှပင် မသိကြပေ။
အားလုံးက အတူတူ အလုပ်လုပ်နေတာဆိုတော့ ရွှီဖန်းကလည်း ဘာမှမဟန်ဆောင်နေတော့ပေ။ လူတိုင်း ရောက်လာသည့်အခါ ရွှီဖန်း ပြောလိုက်သည်။
"ဒီနေ့ ကျွန်တော် လူတိုင်းကို ဒီခေါ်လိုက်တာက တစ်ခုခု ကြေညာဖို့ပါ၊ အရင်က စီစဥ်ခဲ့တဲ့ကြော်ငြာနဲ့ စားသောက်ဆိုင်ရဲ့အဆောက်အအုံပုံစံတွေ အပါအဝင်ပေါ့၊ ကျွန်တော် ကြည့်လိုက်တော့ သိပ်ပြီး စိတ်မကျေနပ်သေးသလို ခံစားရတယ်၊ ဒါကြောင့် အားလုံးနဲ့ ပြန်လည်ပြီး ညှိနှိုင်းချင်ပါတယ်"
ရွှီဖန်း၏တည်ငြိမ်သောမျက်နှာအမူအရာနှင့် ဒေါသမပါဘဲ ပြေပြစ်သည့်အသံကြောင့် ဒါဇင်နှင့်ချီသောအလုပ်အမှုဆောင်များမှာလည်း နောက်ဆုံးမှာတော့ သက်ပြင်းချလိုက်မိကြသည်။
ရွှီဖန်းက စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေလေသည်။ တမင်တကာ အော်ရာထုတ်လွှတ်ထားခြင်း မရှိသော်လည်း သူတို့အတွက်ကတော့ မမြင်ရသည့် ဖိအားတစ်ခုကို ခံစားနေရတုန်းပင်။
အကြီးတန်းအမှုဆောင်တစ်ဦးက ထရပ်လာလျက်...
"ဥက္ကဋ္ဌ အရင်က သတ်မှတ်ထားတဲ့အဆိုပြုချက်ကို မကျေနပ်တာလား ဒါမှမဟုတ် စီမံခန့်ခွဲမှုပုံစံကို မကျေနပ်တာလား မသိလို့ပါဗျ"
ရွှီဖန်း လက်ခါယမ်းလိုက်သည်။
"တကယ်တော့ ကျွန်တော် သိပ်ပြီးစိတ်မကျေနပ်ဘူး၊ ကျွန်တော်တို့တွေ ခဲရာခဲဆစ်တွေးထားတဲ့ ဖန်တီးမှုအဆိုပြုချက်က တကယ်ကို ထူးခြားပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ ပိုပြီးတော့ထူးခြားတဲ့စိတ်ကူးတစ်ခုရှိတယ်၊ ဒါကို အားလုံးနဲ့ မျှဝေချင်ပါတယ်"
အလုပ်အမှုဆောင်ဒါဇင်နှင့်ချီသောသူများသည် ရွှီဖန်း၏ယုံကြည်မှုရှိသောပုံစံကိုမြင်သည့်အခါ စိတ်ဝင်စားသွားကြပြီး လေထုက ပို၍တက်ကြွလာလေသည်။
ရွှီဖန်းသည် သူ့လက်ညှိုးဖြင့် စားပွဲအား ခေါက်ကာအဆောက်အအုံပုံစံကို ပြသလိုက်သည်။
"ကျွန်တော်တို့ အရင်က လျှောက်လှမ်းချင်ခဲ့တဲ့ လမ်းကြောင်းက အလယ်အလတ်နဲ့ အဆင့်မြင့်မှာပဲ၊ ဒါပေမဲ့ ဖောက်သည်အဆင့်အတွက် ရွေးချယ်မှုတစ်ခု လုပ်လိုက်တာနဲ့ အခြားဖောက်သည်အဆင့်တွေကို စွန့်လွှတ်လိုက်ရမယ်၊ ဒါကြောင့် ကျွန်တော်က ဖောက်သည်အဆင့်အားလုံး အကျုံးဝင်နိုင်မယ့် စားသောက်ဆိုင်တစ်ခုကို တည်ဆောက်နိုင်မလားလို့ စဉ်းစားမိတယ်"
ရွှီဖန်း၏စကားကို ကြားသောအခါ ဒါဇင်နှင့်ချီသော အလုပ်အမှုဆောင်များက ခေါင်းခါလာကြသည်။
"ဥက္ကဋ္ဌရဲ့ ဒီစိတ်ကူးက ကောင်းတယ်လို့ ထင်ရပေမယ့် အကောင်အထည်ဖော်ဖို့တော့ ခက်လွန်းပါတယ်"
"မှန်ပါတယ်၊ သူတို့က ဘယ်တုန်းကမှ အုပ်စုတူတူထဲမှာ မရှိခဲ့ကြဘူး၊ မပြည့်စုံတဲ့လူတွေကလည်း တခြားလူတွေနဲ့ အတူတူစားရင် အဆင်မပြေမှုကို ခံစားရမှာဖြစ်ပြီး ချမ်းသာတဲ့သူတွေကလည်း သူတို့ရဲ့အဆင့်က နိမ့်ကျသွားတယ်လို့ ထင်ကုန်ကြလိမ့်မယ်၊ ဒီလို စီးပွားရေးပုံစံက ဘယ်လိုမှ ကောင်းမွန်နိုင်မှာ မဟုတ်ဘူး"
ဒါဇင်နှင့်ချီသော အလုပ်အမှုဆောင်များက ဆွေးနွေးနေကြစဉ် ရွှီဖန်းသည် စားပွဲကို တည်တည်ငြိမ်ငြိမ် ထပ်ခေါက်၍ ပြောလိုက်သည်။
"အားလုံးရဲ့စိုးရိမ်ပူပန်မှုတွေကို ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့အိုင်ဒီယာဆိုမှတော့ ဒီပြဿနာတွေအားလုံးကို ပြည့်ပြည့်ဝဝ ဖြေရှင်းနိုင်တဲ့နည်းလမ်းလည်း စဥ်းစားထားတာပေါ့၊ စားသောက်ဆိုင်ကို စုစုပေါင်းကိုးထပ်ရှိတဲ့ ကြီးကြီးမားမားစားသောက်ဆိုင်ကြီးအဖြစ် ဒီဇိုင်းဆွဲဖို့ရည်ရွယ်ထားတယ်၊ အောက်ဆုံးထပ်ကနေ အပေါ်ဆုံးအထပ်အထိ အဆင့်တွေ တိုးမြင့်သွားမှာဖြစ်ပြီး ဒီလိုနည်းလမ်းနဲ့ ဖောက်သည်အဆင့်တွေအားလုံး အကျုံးဝင်သွားလိမ့်မယ်...ခင်ဗျားတို့ ဘယ်လိုထင်လဲ"
ရွှီဖန်းမှ ထိုစကားကို ပြောလိုက်သောအခါ ဒါဇင်နှင့်ချီသော အလုပ်အမှုဆောင်များသည် အံ့သြသွားကြပြီး ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။
"အဲ့ဒီဒီဇိုင်းက ကျွန်တော်တို့ အရင်ကရှိခဲ့တဲ့ဒီဇိုင်းထက် သေချာပေါက် ပိုကောင်းတယ်၊ နာမည်ကြီးလာတာနဲ့ တစ်ပြိုင်နက် စားသောက်ဆိုင်ရဲ့ အနာဂတ်က တောက်ပလာလိမ့်မယ်"
"ပြီးတော့ စားသောက်ဆိုင်ဒီဇိုင်းကလည်း လူအများအပြားကို ဆွဲဆောင်နိုင်မှာပဲ"
"ကျွန်တော်တို့မှာရှိမယ့် အဆင့်တွေရဲ့အရေအတွက်အရ မန်ဘာကတ်အမျိုးမျိုးကိုလည်း လုပ်ထားနိုင်တယ်၊ လုပ်ငန်းစဉ်က ချောချောမွေ့မွေ့ ဖြစ်ပြီး ဖွင့်လှစ်ပြီးတာနဲ့ ငွေကြေးအမြောက်အမြားကို ရိတ်သိမ်းနိုင်လိမ့်မယ်"
ရွှီဖန်းသည် စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသော ဒါဇင်နှင့်ချီသည့် အလုပ်အမှုဆောင်များကို ကြည့်ကာ ပြုံးလိုက်သည်။
"အားလုံးပဲ ကျွန်တော် ခင်ဗျားတို့အတွက် ဒီဇိုင်းပုံစံကိုတော့ ပြောပြီးသွားပါပြီ၊ ကျန်တဲ့အသေးစိတ်တွေကိုတော့ ခင်ဗျားတို့လက်ထဲကိုပဲ အပ်ထားခဲ့မယ်၊ တစ်
နာရီအတွင်းမှာ ပြီးပြည့်စုံတဲ့ အစီအစဉ်ကို မြင်ချင်ပါတယ်"
ရွှီဖန်း ထိုသို့ပြော၍ ထွက်သွားရန် ထရပ်လိုက်သော်လည်း အကြီးတန်းအလုပ်အမှုဆောင်တစ်ဦးက ရုတ်တရက် တားလာသည်။
"ဥက္ကဋ္ဌ ဒီလိုကောင်းမွန်တဲ့စိတ်ကူးကို နာမည်တစ်ခု ပေးသွားပါဦး!"
ထိုစကားထွက်လာသည်နှင့် ဒါဇင်နှင့်ချီသော အလုပ်အမှုဆောင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ဆူညံပွက်လောရိုက်ကာ ရွှီဖန်းအား နာမည်တောင်းဆိုလာကြသည်။
ရွှီဖန်းကလည်း ငြင်းဆန်ခြင်းမရှိပေ။ သူ ခဏတာ စဉ်းစားပြီးနောက် ပြုံးကာ ပြောလိုက်သည်။
"နာမည်ကတော့ Taotie အဆောက်အအုံကြီးလို့ပဲ ခေါ်ကြတာပေါ့"
အစည်းအဝေးခန်းမထဲကနေ ရွှီဖန်း ထွက်သွားသည်နှင့် ခန်းမထဲ၌ မိုးချုန်းသံကဲ့သို့ လက်ခုပ်သံများ က မရပ်မစဲပေါ်ထွက်လာခဲ့သည်။
(T/N - ရှာကြည့်ရသလောက် Taotieက တရုတ်ဒဏ္ဍာရီလာမကောင်းဆိုးဝါးကြီးလေးကောင်ထဲက တစ်ကောင်ပါ၊ The Great Wall ဇာတ်ကားထဲမှာလည်း အဲ့ဒီကောင်တွေ ပါပါတယ်၊ Taotieတွေကို အလွန်
အစားကြူးတဲ့ကောင်တွေအဖြစ် သိကြတာမလို့ အဆောက်အအုံကလည်း စားသောက်ဆိုင်ဖွင့်ဖို့ ရည်ရွယ်ထားတာဆိုတော့ ဒါနဲ့ဆက်စပ်ပြီးပေးထားတာ ဖြစ်ပါလိမ့်မယ်)
*******************