အံ့ဖွယ်ကြော်ငြာ
Vol. 26 Ch. 390
အစည်းအဝေးခန်းမထဲတွင် ဒါဇင်နှင့်ချီသော အလုပ်အမှုဆောင်များသည် အလွန်ပြင်းထန်သော ဆွေးနွေးမှုများကို စတင်ခဲ့ကြသည်။ တစ်ခါတစ်ရံမှာ မျက်မှောင်ကြုတ်၍ ပြင်းပြင်းထန်ထန် စဉ်းစားကြသလို တစ်ခါတစ်ရံမှာလည်း ကြိုးစားပမ်းစားဖြင့် ချရေးကြလေသည်။
အစည်းအဝေးခန်းမအပြင်ဘက်တွင် ရွှီဖန်းသည် ဘာစိုးရိမ်ပူပန်မှုမှမရှိဘဲ လှည့်လည်ကာ စစ်ဆေးနေသည်။ ရှေးခေတ်က ဧကရာဇ်သည်ပင် တိုင်းပြည်ကို လျှို့ဝှက်စွာ လှည့်ပတ်စစ်ဆေးခဲ့ရသည်။
ကုမ္ပဏီဥက္ကဋ္ဌက အောက်ခြေအဆင့်ကို အချိန်ကြာမြင့်စွာ လှည့်ပတ်စစ်ဆေးခြင်းမရှိပါက ဝန်ထမ်းများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသလို ခံစားရလိမ့်မည်။
ကုမ္ပဏီက အလွန်ကြီးမားပြီး ဧကတစ်ရာခန့် ကျယ်ဝန်းပေသည်။ ၎င်းမှာ အလယ်တန်းကျောင်း၏ အရွယ်အစားတစ်ဝက်လောက်တောင်ရှိသည်။ ရွှီဖန်းသည် မည်သည့်ဌာနကိုမဆို ကျပန်းရွေးချယ်ကာ သူ့အတွင်းရေးမှူးကို မခေါ်သွားဘဲ ကုမ္ပဏီပတ်ပတ်လည်တွင် ဖြည်းဖြည်းချင်း လှည့်လည်ကြည့်ရှုခဲ့သည်။
လက်ရှိအချိန်၌ သူ့ကုမ္ပဏီသည် ကောင်းကင်ဘုံမြေသြဇာဖြင့် စိုက်ပျိုးထားသော စိုက်ပျိုးသီးနှံများနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးအပြင် ဒေသခံကြက်များကို အဓိကရောင်းချလျက်ရှိသည်။
ပါဝင်ပစ္စည်းများသည် ရွှီဖန်း၏လုပ်ဆောင်မှုများကြောင့် များစွာပြောင်းလဲခဲ့ရလေပြီ။ အသားက အရသာရှိရုံသာမကဘဲ အချိန်ကြာမြင့်စွာ စားသုံးပါက ခန္ဓာကိုယ်ကို သန်မာစေသည်။ ထို့ကြောင့် ရွှီဖန်းသည် Taotieအဆောက်အအုံကြီးအား ဖွင့်လှစ်ရန်အတွက် လုံးဝယုံကြည်မှုရှိပေသည်။
သို့သော်လည်း စိုက်ပျိုးရေးမှ ထွက်ရှိသော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် ကြက်တွေသာ သူ့မှာရှိသေးပြီး ပါဝင်ပစ္စည်းနည်းပါးနေသည်။ အနာဂတ်မှာ အချိန်ရသောအခါ ငါး၊ ပုစွန်၊ ပင်လယ်စာ၊ ငှက်၊ အခြားတိရိစ္ဆာန်များနှင့် ကုန်း၊ ရေ၊ လေ၌ ရှင်သန်သော တိရိစ္ဆာန်များ စသည်ဖြင့် ထုတ်ကုန်အသစ်များစွာကို ထပ်မံမွေးမြူရမည်။ သူ့အတွက်တော့ ၎င်းတို့အားလုံးကို မွေးမြူနိုင်ပေသည်။ သူသွားရမည့်လမ်းကြောင်းက အဝေးကြီးကျန်နေသေး၏။
ရွှီဖန်းသည် စက်ရုံထဲသို့ဝင်၍လည်း လှည့်ပတ်ကြည့်ရှုခဲ့သည်။ ထိတ်လန့်နေသော အလုပ်သမားအုပ်စုအား သူ ခေါင်းညိတ်ပြကာ ချီးကျူးခဲ့သေးသည်။
"မဆိုးဘူး မဆိုးပါဘူး၊ ဆက်ပြီး ကြိုးစားပေးကြပါဦးဗျ"
သို့သော် ဝန်ထမ်းများအတွက်မူ မတူညီသော အတွေ့အကြုံဖြစ်ပေသည်။ ဝန်ထမ်းအများစုမှာ ရွှီဖန်းကို သိကြသည်။ တစ်ချိန်က ရွှီဖန်းအကြောင်းကို မသိသောလူတစ်ဦးရှိခဲ့ဖူးပြီး ပြဿနာရှာခဲ့လေရာ ရွှီဖန်းသည် ခြေလက်မသန်စွမ်းအောင် လုပ်ခဲ့လေသည်။ ထိုလူ၏နာမည်မှာ ဝမ်ကျန်းကျုံးဖြစ်သည်။
တစ်ချိန်က ပြဿနာရှာလိုသောသူ နောက်တစ်ဦး ရှိခဲ့ဖူးပြီး ယခုမူ ထောင်ထဲတွင် ချုပ်နှောင်ခံနေရသည်။ ထိုလူ၏နာမည်မှာ ဝမ်ကျုံးကျန့် ဖြစ်သည်။
ထိုနှစ်ဦး၏အမှားများမှ သူတို့ သင်ခန်းစာယူခဲ့တာကြောင့် ရွှီဖန်း၏ဂုဏ်သတင်းသည် အောက်ခြေဝန်ထမ်းများကြားတွင် မသိသူမရှိလောက်အောင် လူပြောများခဲ့သည်။
ရွှီဖန်း ရုတ်တရက်ပေါ်လာသည်ကို မြင်သောအခါ လူတိုင်း ထိတ်လန့်သွားကြလေသည်။ ရွှီဖန်းသည် ခေါင်းသုံးလုံးနှင့် ခြေလက် ခြောက်ချောင်းပါရှိသော ဒဏ္ဍာရီလာဇာတ်ကောင်တစ်ခုမဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ချောမောပြီး နွေးထွေးပုံရသည်ဟု ထင်ရသော်လည်း လူတိုင်းမှာ တုတ်တုတ်မလှုပ်ရဲခဲ့ဘဲ ချွေးသံတရွဲရွဲထွက်လာကြလေသည်။
ထို့ကြောင့် ရွှီဖန်းမှာ အလုပ်သမားများ၏မျက်နှာအမူအရာများကို မြင်သောအခါ ခါးသက်စွာ ပြုံးခဲ့မိပြီး သူတို့ကို လျှို့ဝှက်စွာ လည်ပတ်ကြည့်ရှုမည့် စိတ်ကူးကိုလည်း စွန့်လွှတ်လိုက်ရသည်။
တစ်နာရီက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ရွှီဖန်းတစ်ယောက် သူ့ရုံးခန်းထဲသို့ ပြန်ရောက်လာသည်နှင့် အတွင်းရေးမှူးပိုင်ပင်းသည် ပြီးပြည့်စုံသော စီမံကိန်းစာတမ်းတစ်အုပ်ကို စားပွဲပေါ်တင်ပေးလာသည်။
ရွှီဖန်း ကုလားထိုင်ပေါ်တွင် ထိုင်၍ ဖွင့်ဖတ်လိုက်သည်။ သူ အကြောင်းအရာတစ်ခုအား ဖတ်လို့မပြီးသေးခင်မှာပင် သူ့အတွင်းရေးမှူးပိုင်ပင်းက တံခါးကို တွန်းဖွင့်၍ ပြန်ဝင်လာခဲ့သည်။
"ဥက္ကဌ ရှင့်မှာ စွမ်းရည်တချို့ရှိနေမယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး၊ Taotie အဆောက်အအုံကြီး... Taotieတွေက ကမ္ဘာကြီးတစ်ခုလုံးကို ဝါးမျိုးနိုင်စွမ်းရှိပြီး လူတိုင်းကို အပေါ်စီးကနေ ကြည့်တယ်...စာရွက်ပေါ်မှာ ကြွရွနေတာပဲ...ဘယ်လောက်တောင် ကောင်းလိုက်တဲ့နာမည်လဲ"
အတွင်းရေးမှူးပိုင်ပင်းက သူ့အား လေးစားဖွယ်အမူအရာဖြင့် စိုက်ကြည့်နေသည်ကို မြင်သောအခါ ရွှီဖန်း လက်ဝှေ့ယမ်း၍ ပြုံးလိုက်သည်။
"မဟုတ်ပါဘူး...မဟုတ်ပါဘူး၊ ဪ ဟုတ်သား...မင်းရော ဒီစီမံကိန်းစာတမ်းကို ဖတ်ပြီးပြီလား"
ပိုင်ပင်းက ခေါင်းညိတ်၍...
"ဖတ်ပြီးပါပြီ"
ရွှီဖန်းသည် စာတမ်းအား မတွန့်ဆုတ်ဘဲ စားပွဲပေါ် ပစ်ချကာ ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာဖြင့် လှဲလျောင်းလိုက်သည်။
"ဒါဆိုရင်တော့ မင်းပဲ ငါ့ကို ရှင်းပြလိုက်တော့"
ပိုင်ပင်းက မျက်လုံးလှန်ကြည့်လာသည်။ သူမ၏မျက်လုံးများက "မပြောပြချင်ဘူး"ဟု ပြောနေသကဲ့သို့ ထင်ရသော်လည်း မျက်နှာအမူအရာကမူ အလွန်ရိုးသားစွာဖြင့် ရွှီဖန်းအတွက် အစမှအဆုံးထိ သေချာပြောပြလေသည်။
"အသေးစိတ် ရှင်းပြစရာတော့ မလိုပါဘူး၊ စီမံကိန်းရဲ့ယေဘုယျလမ်းကြောင်းကို နယ်ပယ်သုံးခုပေါ်မှာ ဆုံးဖြတ်ထားပါတယ်၊ တစ်ခုက နာမည်မြှင့်တင်ရေး၊ တစ်ခုကကြော်ငြာ၊ နောက်တစ်ခုကတော့ ဆိုင်တည်နေရာပါ၊ နာမည်မြှင့်တင်ရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့ဆွေးနွေးမှုရလဒ်ကတော့ ချန်ဟိုင်းပြည်နယ်တစ်ခုလုံးမှာ နာမည်ရအောင်အရင်လုပ်ပြီး Taotieအဆောက်အအုံကြီးရဲ့နာမည်က ချန်ဟိုင်းပြည်နယ်တစ်ခုလုံးမှာ တစ်ကယ်ကျော်ကြားလာတဲ့အခါကျမှ နိုင်ငံတစ်ဝှမ်းလုံးကို ဖြန့်ကြမယ်လို့ ဆုံးဖြတ်ထားကြတယ်"
ရွှီဖန်း ခေါင်းအနည်းငယ်ညိတ်လိုက်သည်။
"ဒါကို အရင်ကတည်းက စဉ်းစားထားပြီးသားပါ၊ ငါတို့ သတိထားဖို့လိုအပ်တယ်၊ ချန်ဟိုင်းမှာပဲ အရင်ဦးဆုံး နာမည်ရအောင် လုပ်ကြတာပေါ့"
ပိုင်ပင်း လုပ်ပြုံးကြီးဖြင့် ပြောလာသည်။
"ဒုတိယအချက်အနေနဲ့ ကြော်ငြာရဲ့အကြောင်းအရာကတော့ ဒီလိုပါ၊ ဇာတ်လိုက်က စင်ပေါ်တက်လာတယ်...ပြီးတော့ ကိုယ်ခံပညာအစုံကို ဖျော်ဖြေမယ် ပြီးရင် ကြက်ဖတစ်ကောင်က ပေါ်လာပြီး ဇာတ်လိုက်က ကြက်ဖကို တိုက်ခိုက်ရမယ်၊ ပြီးရင် ဇာတ်ရံက စားစရာကို ကိုင်ပြီး စင်ပေါ်တက်လာမယ်၊ ဇာတ်လိုက်က စားပြီးတဲ့နောက်မှာ သူ့ရဲ့စွမ်းအားတွေက အရမ်းတိုးလာပြီး ကြက်ဖကို အနိုင်ယူပစ်မယ်!"
ရွှီဖန်း၏ရင်ထဲ၌ မကောင်းသောနိမိတ်တစ်ခု ပေါ်လာပြီး မျက်မှောင်ကြုတ်ကာ ကန့်ကွက်လိုက်လေသည်။
"ဒီကြော်ငြာက နည်းနည်းထူးဆန်းလွန်းနေတာ မဟုတ်ဘူးလား"
သို့သော် ပိုင်ပင်းက ပြန်လည်ချေပလာသည်။
"ဒီတလောကြော်ငြာတွေအားလုံးက ပုံစံတူတွေကြီးပဲလေ၊ ပရိသတ်တွေကလည်း ကြာတော့ စိတ်ကုန်နေပြီပေါ့၊ ဒီလိုလန်းဆန်းပြီးဆန်းသစ်တဲ့ဇာတ်လမ်းနဲ့ သူဌေးရဲ့ထူးချွန်တဲ့ ကိုယ်ခံပညာစွမ်းရည်ကို ပေါင်းစပ်လိုက်မယ်ဆိုရင် အံ့မခန်းအကျိုးသက်ရောက်မှုတွေ သေချာပေါက် ရရှိလိမ့်မယ်"
ရွှီဖန်းသည် သူ့ခေါင်းသူ ပုတ်လိုက်မိကာ...
"ငါကဇာတ်ဆောင်လုပ်ရမယ်လို့ ဆိုလိုတာလား၊ ဒါဆို ဇာတ်ရံကရော ဘယ်သူလဲ၊ မင်းတော့ မဟုတ်ဘူးမလား"
ပိုင်ပင်းက မရယ်ဘဲ မနေနိုင်ခဲ့ချေ။
"အစီအစဥ်တွေ ပြောင်းလဲပစ်ရတော့မှာမလို့ အချိန်ကလည်း နည်းနေပြီလေ၊ စတားသရုပ်ဆောင်ကို ဘယ်ကနေ အမြန်ရှာရမှာလဲ၊ ကုမ္ပဏီထဲကနေပဲရွေးချယ်ရတော့မှာပေါ့၊ ဇာတ်ရံက ကျွန်မဖြစ်ခြင်း၊ မဖြစ်ခြင်းက အရေးမကြီးပါဘူး၊ အရေးကြီးတာက ဥက္ကဌက ဇာတ်ဆောင်နေရာကနေ ပါဝင်ဖို့ သဘောတူလား၊ မတူဘူးလားဆိုတာပဲ"
ရွှီဖန်းမှာ ကူကယ်ရာမဲ့စွာဖြင့် လက်လျှော့လိုက်ရသည်။
"ကောင်းပြီ၊ အကုန်လုံးက ငါ့ကို လုပ်စေချင်နေတယ်ဆိုရင်တော့ ငါ လုပ်ပါ့မယ်၊ နောက်ဆုံးတစ်ခု စားသောက်ဆိုင်နေရာကို သူတို့ ဘာပြောထားကြလဲ"
ပိုင်ပင်းက သူမဖုန်းကို ထုတ်၍ ပုံတစ်ပုံကိုဖွင့်ကာ ရွှီဖန်းအရှေ့မှာ ချပေးလာသည်။
"မြေကိုလုံးဝပြောင်းရွှေ့မယ်ဆိုရင် အလုပ်ရှုပ်ရုံသာမက အချိန်လည်းအများကြီးယူရလိမ့်မယ်၊ ဥက္ကဌရဲ့ တောင်းဆိုချက်အရ ကျွန်မတို့တွေ ဒီ "နတ်ရှစ်ပါး ပင်လယ်ကျော်ဖြတ်ခြင်း" လို့ ခေါ်တဲ့စားသောက်ဆိုင်ကို ပစ်မှတ်ထားပြီး ရွေးချယ်ထားပါတယ်၊ ဥက္ကဌ အဲ့တာကိုဝယ်ပြီးတာနဲ့ အလှဆင်တာတွေကို ပြောင်းလဲပြီး နောက်ထပ်တစ်ထပ်လောက် ထပ်ထည့်ဖို့ပဲ လိုတာပါ"
ရွှီဖန်း ပုံကိုချဲ့ကာ သေချာကြည့်လိုက်သည်။ နတ်ရှစ်ပါးပင်လယ်ကျော်ဖြတ်ခြင်း၏ပုံစံမှာ သူ၏လိုအပ်ချက်များနှင့် တကယ်ပင် နီးစပ်လေသည်။ တရုတ်စတိုင်နှင့် ရှစ်ထပ်ရှိပြီးတော့ အလွန်ကြီးမားသည်။
ပိုင်ပင်းက ရုတ်တရက်ပင် တစ်ခုခုကို သတိရသွားပုံရကာ ပြောလာသည်။
"ဪ ဟုတ်သားပဲ ဥက္ကဌ... ဒီစားသောက်ဆိုင်က မကြာသေးခင်ကမှ ပြဿနာတက်ထားတယ်လို့ ကျွန်မ ကြားတယ်၊ နေ့တိုင်းနေ့တိုင်း လူတွေက လာလာပြီးပြဿနာရှာနေကြတာဆိုတော့ အဲ့ဒီသူဌေးကလည်း ရောင်းဖို့ကို အလျင်လိုနေတယ်၊ ဥက္ကဌခေါင်းညိတ်လိုက်တာနဲ့ ဒီစားသောက်ဆိုင်က ကျွန်မတို့အပိုင်ဖြစ်လာမှာပါ"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ပြဿနာလား။ ရွှီဖန်းအတွက်ကတော့ ထိုအရာက ကလေးကစားသလို လွယ်ကူသောကိစ္စပင်။
"ဒါဆိုရင် စီမံကိန်းအတိုင်း လုပ်ကြတာပေါ့၊ ပထမဆုံးအနေနဲ့ ခရမ်းတိမ်တိုက်ကြော်ငြာကုမ္ပဏီကို ဖုန်းခေါ်ပြီး ငါတို့ရဲ့ကြော်ငြာအဆိုပြုချက်ကို ပြောပြမယ်၊ ပြီးတော့ စားသောက်ဆိုင်ကို ဝယ်ပြီး ပြန်လည်ပြင်ဆင်မယ်၊ ပြီးရင် လစာကောင်းကောင်းပေးပြီး စားဖိုမှူးတွေကို ခန့်မယ်၊ သူတို့ကို ဟင်းလျာတွေ လေ့လာစေပြီး ကောင်းမွန်တဲ့နာမည်တွေပေးပြီးရင် စားသောက်ဆိုင်ကို ဖွင့်လို့ရပြီ"
ပိုင်ပင်းက ဝမ်းသာအားရပင် အမိန့်ကို လက်ခံ၍ ထွက်သွားလေသည်။
ရွှီဖန်းသည် ကုလားထိုင်ပေါ်မှာ ထိုင်၍ ထူးဆန်းသောကြော်ငြာအကြောင်းအရာကို ပြန်စဥ်းစားနေခဲ့သည်။သူကိုယ်တိုင်က ဇာတ်ဆောင်ဖြစ်ပြီး ကြက်ဖနှင့် တိုက်ခိုက်ရမည်။ သို့သော် ကြက်တစ်ကောင်ကိုတောင် မနိုင်တာကြောင့် နောက်ဆုံးမှာ Taotieမှ စားစရာကို စားပြီးမှသာ ကြက်ဖကို အနိုင်ယူနိုင်ခဲ့သည်။
ထိုဇာတ်ကြောင်းက သူ၏ဂုဏ်သိက္ခာကို များစွာထိခိုက်စေလိမ့်မည်။
သို့သော် ကုမ္ပဏီ၏ဖွံ့ဖြိုးတိုးတက်မှုကို စဉ်းစားလိုက်သည်နှင့် ရွှီဖန်းခဗျာ သည်းခံရုံသာ ရွေးချယ်စရာရှိတော့သည်။ တကယ်တော့ သူကလည်း ထိုဇာတ်ကြောင်းကို တော်တော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိသည်။ မကြာသေးခင်က သူ အလုပ်များနေခဲ့တာဖြစ်၍ ဤကြော်ငြာရိုက်ကူးမှုအား အပန်းဖြေဖျော်ဖြေရေးတစ်ခုလိုသာ သဘောထားရန် ဆုံးဖြတ်လိုက်သည်။
မေးစရာရှိသည်မှာ ဇာတ်ရံက ဘယ်သူလုပ်မည်နည်း။
တစ်စက္ကန့်အတွင်းမှာပင် ရွှီဖန်း ဆုံးဖြတ်ပြီးသွားလေပြီ။
ရှယန်ယွိ!
ရွှီဖန်း သူ့ဖုန်းကို ထုတ်၍ ရှယန်ယွိကို ဖုန်းခေါ်ရန် လုပ်လိုက်သော်လည်း သူ့ဖုန်းက အရင်မြည်လာသည်။ ရှယန်ယွိ၏ ဖုန်းခေါ်ဆိုမှု ဖြစ်နေခဲ့သည်။
***********************