အရေးပေါ် တုံ့ပြန်မှု
Vol. 27 Ch. 395
မီးပင်လယ်ပြင်၏အပြင်ဘက်တွင် ရွှီဖန်းသည် သူ့အရှေ့မှမြင်ကွင်းအား ကျန်ရှိနေသေးသော ကြောက်ရွံ့မှုအနည်းငယ်ဖြင့် ကြည့်နေခဲ့၏။ သူ့လက်ထဲတွင် ငိုနေသော ချိုးဆုအာ၏ကျောပြင်ကိုလည်း ညင်သာစွာ ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။
ထိုကဲ့သို့ကြီးမားလှသော ပေါက်ကွဲမှုတွင် ဝမ်ကျုံးကျန့်ကတော့ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။ ထိုအချိန်က ဝမ်ကျုံးကျန့်၏လက်တွင် ဓားမြှောင်တစ်
လက်သာရှိပြီး အဝေးထိန်းခလုတ်ကို သူ မတွေ့ခဲ့ရပေ။ ထို့ကြောင့် ပေါက်ကွဲမှုကို ထိန်းချုပ်သူတခြားတစ်ယောက် ရှိလိမ့်မည်။
ထိုအချိန် အိမ်အတွင်းထဲ၌ အဝတ်အစားများရှုပ်ပွနေခြင်းသည် ပေါက်ကွဲမည့်ပစ္စည်းကို ဖုံးကွယ်ရန်အတွက် မဟုတ်ပေ။ အကယ်၍ ပေါက်ကွဲမည့်ပစ္စည်းကို အဝတ်အစားများဖြင့် ဖုံးကွယ်ရန် လိုအပ်ပါက ရွှီဖန်းသည် ယမ်းနံ့ကို အနံ့ခံမိပြီးသားဖြစ်လိမ့်မည်။
ထို့ကြောင့် ထိုအဝတ်အစားများသည် ကင်မရာကဲ့သို့သော အရာတစ်ခုကို ဖုံးကွယ်ထားတာ ဖြစ်ရမည်။
ထိုမှတဆင့် ဖြစ်ပျက်နေသမျှအားလုံးကို အဝေးမှ စောင့်ကြည့်နေခြင်းပင်။ ထို့အပြင် စောင့်ကြည့်သူက ရွှီဖန်း၏ကျွမ်းကျင်မှုကို အလွန်ကောင်းမွန်စွာ သိရှိတာကြောင့် သူ အခန်းထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ဗုံးကိုဖောက်ခွဲရန် မရွေးချယ်ခဲ့ပေ။ ထိုအစား ရွှီဖန်း စတင်လှုပ်ရှားလာမည်ကို စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ပြီးမှသာ ခြံထဲတွင် မြှုပ်ထားပြီးသားဖြစ်သော ဗုံးကိုဖောက်ခွဲခဲ့ခြင်းဖြစ်၏။
ဒီနေ့ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးဟာ ထောင်ချောက်တွေချည်းပင်။ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေကာ သူ့ကို သေစေရန် ကြိုးစားခဲ့ကြခြင်းဖြစ်၏။
ပထမဆုံးအနေဖြင့် ယွီကျန့်ဟိုင်ကို အသုံးပြုကာ သူ့ကို သွေးဆောင်ခဲ့သည်။ ထို့နောက် ဝမ်ကျုံးကျန့် ထောင်ကနေ လွတ်လာပြီဆိုသည့် သတင်းကို တမင်တကာထုတ်ပြောကာ သူ့ကို ထိတ်လန့်အောင် လှုံ့ဆော်၍ ရွာကို အမြန်ရောက်လာရန် တွန်းအားပေးခဲ့
၏။ နောက်ဆုံးမှာတော့ ဗုံးကို ဖောက်ခွဲကာ သူ့ကို သတ်ပစ်ခြင်းပင်။
ပေါက်ကွဲသံမှာ ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သည်အထိ ကျယ်လောင်လှ၏။ နွေဦးအခါမှ မိုးခြိမ်းသံကဲ့သို့ပင်။ အခုအချိန်တွင် စည်ကားသောရွာက လုံးဝပင် တိတ်ဆိတ်နေလေသည်။ တစ်ခါတစ်ရံ လူအနည်းငယ်က ခေါင်းပြူထွက်လာပြီး သူတို့ဘက်ကို တစ်
ချက်ကြည့်လာကြသော်လည်း လျင်မြန်စွာပင် ခေါင်းကို ပြန်သွင်းသွားကြ၏။
သာမန်လူတစ်ယောက်သာ ဒီလိုကိစ္စမျိုးနှင့် ကြုံတွေ့ရပါက မြှုပ်နှံစရာမြေပင် မရှိဘဲ သေဆုံးသွားရလိမ့်မည်။
ရွှီဖန်းသည် ချိုးဆုအာကို ကားထဲ ဆွဲခေါ်၍ ရှုချိုးယာ အိမ်ဘက်သို့ ဦးတည်သွားခဲ့သည်။
sportscarကလည်း ဗုံးပေါက်ကွဲမှု၏လှိုင်းဒဏ်ကို ခံခဲ့ရတာကြောင့် သုတ်ထားသည့်ဆေးအချို့မှာ အများကြီး ကွာကျသွားခဲ့သော်လည်း ထိုအရာက အသေးအဖွဲ့ကိစ္စပင်။
အရေးကြီးသည်မှာ ဒီနေ့၏ထောင်ချောက်များက မပြီးဆုံးသေးပေ။
လျိုမိသားစု၏အစီအစဉ်များက ရှုပ်ထွေးပေ၏။ ဤပေါက်ကွဲမှုက စုံစမ်းထောက်လှမ်းရုံသက်သက်ပင်။
ထို့နောက်မှာ ရဲကားက သဘာဝကျစွာ ရောက်လာပြီး သူနှင့် ချိုးဆုအာကို ရဲစခန်း ခေါ်သွားလိမ့်မည်။ ရဲစခန်း၏တာဝန်ခံကိုလည်း လျိုမိသားစုက ချိုးနှိမ်ထားလောက်လေပြီ။
ဓားတောင်၊ မီးပင်လယ်၊ နဂါးကန်၊ ကျားတွင်း။ ထိုကဲ့သို့သော နေရာများအား ကမ္ဘာမြေအဆင့် ကျွမ်းကျင်သူ၏အင်အားနှင့်ဆိုလျှင် သူ သဘာဝကျစွာပင် မကြောက်ပေ။ သို့သော် ရဲစခန်းကိုတော့ အင်အားသုံးလို့ မရပေ။
သူ ဘေးကင်းခဲ့လျှင်တောင် သူတို့က ချိုးဆုအာကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ပါက အလွန်ပြဿနာတက်နိုင်၏။
ချိုးဆုအာကတော့ ကားပေါ်တွင်ထိုင်ကာ လုံးဝ ထိတ်လန့်နေခဲ့သည်။ သူမ၏ခေါင်းကို ရွှီဖန်း၏ရင်ဘတ်ထဲ မြုပ်ပြီးမှသာ အိပ်ပျော်သွားခဲ့၏။
ကားမောင်းနေရင်း ရွှီဖန်း၏ဦးနှောက်က စူပါကွန်ပြူတာတစ်လုံးလိုမျိုး လည်ပတ်နေရသည်။ ရဲစခန်းကို သွားသည့် ဤခရီးက နဂါးကန် သို့မဟုတ် ကျားတွင်း ကဲ့သို့ ဖြစ်နေမှာမလို့ ချိုးဆုအာကတော့ လုံးဝသွားလို့မရပေ။ ချိုးဆုအာကို ရှောင်းချောင်ဆီမှာ ထားခဲ့ရမည်။
ပေါက်ကွဲမှုတစ်ခုက အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ ချိုးဆုအာမှာ ဆွေမျိုးမရှိတော့တာကြောင့် ဒီကိစ္စကို သူရှင်းနေစဥ်အတွင်း ရှောင်းချောင်၏နောက်ကွယ်မှာ ခဏလောက် ပုန်းအောင်းနေရလိမ့်မည်။
ပြဿနာ၏အဓိကအချက်ကတော့ လျိုမိသားစုကနေ ပစ်လွှတ်လိုက်သည့် ပုန်းကွယ်နေသောမြှားများကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာပင်။
ဒီလိုအချိန်၌ သူ၏ကိုယ်ခံပညာစွမ်းရည်များက အသုံးမဝင်တော့ပေ။ သူ ဉာဏ်ပညာကိုသာ အသုံးချနိုင်ပေသည်။
ရွှီဖန်း၏မျက်လုံးများ လင်းလက်သွားကာ အသက်ပြင်းပြင်းရှူသွင်း၍ ဆုံးဖြတ်ချက်တစ်ခုကို ချ
လိုက်၏။
သူ ကားရပ်၍ ရှုချိုးယာ၏အိမ်တံခါးကို ခေါက်လိုက်သည်။ ချိုးဆုအာကို ကားပေါ်မှ ဆင်းစေပြီး ရှုချိုးယာကိုလည်း အကျဥ်းချုပ်ရှင်းပြကာ ဖုန်းခေါ်လိုက်သည်။
ပထမဆုံးဖုန်းခေါ်ဆိုမှုက ရှောင်းချောင်ကိုပင်။ ထို့နောက် ရွာမှ ဤလူသုံးယောက်ကို ခေါ်ထားပြီး ရှယန်ယွိကိုလည်း လျှို့ဝှက်စွာ ကာကွယ်ပေးရန် သူမကို အကူအညီတောင်းလိုက်သည်။
ရှောင်းချောင်က ပွင့်လင်းစွာ သဘောတူခဲ့၏။ သူမ ဘာတစ်ခုမှလည်း မမေးခဲ့ပေ။ သူမ၏ဉာဏ်ရည်ဖြင့်သာဆိုလျှင် ရွှီဖန်း၏စကားတွေကနေ တစ်ခုခုကို အနံ့ခံမိပြီးသား ဖြစ်လိမ့်မည်။
ဤကိစ္စကို ရှင်းပြီးနောက်မှာ ရွှီဖန်းသည် ဒုတိယဖုန်းခေါ်ဆိုမှုအဖြစ် ဗိုလ်မှူးဝူကို ခေါ်လိုက်သည်။
သူ ဖုန်းခေါ်လိုက်သည်နှင့် ဗိုလ်မှူးဝူက ဖုန်းကို ချက်ချင်းကိုင်လာ၏။ ဖုန်းထဲကနေ ရယ်မောသံတစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာပေသည်။
"ညီလေးရွှီ မင်း ငါ့ကို ဖုန်းမခေါ်တာ ကြာပြီ၊ ဘာမှမဖြစ်ဘဲ မခေါ်လောက်ဘူးဆိုတော့ ပြဿနာတစ်ခုခု တက်နေပြီလား"
ရွှီဖန်းသည် သူ၏လက်ရှိအခက်အခဲအား မပြောပြဘဲ
လျိုမိသားစု၏ "စိတ်ဝိညာဥ်မွမ်းမံခြင်း"အစီအစဉ်ကို ပြောပြလိုက်သည်။
ရွှီဖန်း၏တုန်လှုပ်ဖွယ်ရာ စကားများကို ကြားပြီးနောက် ဗိုလ်မှူးဝူက တိတ်ဆိတ်သွားခဲ့၏။ ရွှီဖန်းလည်း ထိုဖြစ်ရပ်က အလွန်ကြီးမားလွန်းသည်ကို သိ၏။ ဗိုလ်မှူးဝူတောင် ချက်ချင်းလက်ခံနိုင်မည် မဟုတ်ပေ။
မကြာခင်မှာပင် ဗိုလ်မှူးဝူ၏အသံက ထပ်ထွက်လာသည်။ သို့သော် ဒီတစ်ခါမှာတော့ လေးနက်နေ၏။
"ညီလေးရွှီ ဒါ ဖြစ်ခဲ့တဲ့အချိန်က ကြာခဲ့ပြီဖြစ်ပြီး သက်သေအထောက်အထားတွေကလည်း ဖျက်ဆီးခံထားရတယ်၊ အဓိကအချက်ကတော့ ဒီလိုအရှုပ်တော်ပုံက ဖော်ထုတ်ခံလိုက်ရရင် သက်ရောက်မှုက အရမ်းကြီးလိမ့်မယ်၊ ဒါကြောင့် ဒီကိစ္စတစ်ခုတည်းနဲ့သာဆိုရင် ငါတို့ လျိုမိသားစုကို ဖြုတ်ချနိုင်မှာ မဟုတ်ဘူး"
ဗိုလ်မှူးဝူ၏ ဆိုလိုရင်းမှာ ရှင်းပေ၏။ နိုင်ငံတော်သည် ထိုကဲ့သို့ အရှုပ်တော်ပုံမျိုးကို ထုတ်ဖော်ခွင့်ပြုမည် မဟုတ်ပေ။ အထူးသဖြင့် မျိုးနွယ်စုကြီးလေးခုထဲမှ လျိုမိသားစု ဖြစ်နေသောကြောင့်ပင်။ ထိုကိစ္စမှာလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ လူတိုင်းက ဝမ်းသာနေကြလေ၏။ မည်သူကမျှ ထပ်မံ၍ ထိုကိစ္စအား ပြန်လှန်ရန် ရွေးချယ်မည် မဟုတ်ပေ။
မဟုတ်ပါက တရုတ်နိုင်ငံ၏ထိပ်တန်းအရာရှိများကြားတွင် ကြီးမား၍ကြောက်မက်ဖွယ်ကောင်းသော ငလျင်တစ်ခု လှုပ်သွားလိမ့်မည်။
ရွှီဖန်း ပြတ်သားစွာ ပြောလိုက်သည်။
"ဗိုလ်မှူးဝူ ပြောချင်တာကို ကျွန်တော် နားလည်ပါတယ်၊ ဒါကိုအားကိုးပြီး လျိုမိသားစုကို ဖြုတ်ချနိုင်ဖို့လည်း မမျှော်လင့်ပါဘူး၊ ဗိုလ်မှူးဝူကို အသိပေးချင်ရုံပါ၊ ဒါ့အပြင် ကျွန်တော် ဒီမှာလည်း ပြဿနာတစ်ခုတက်ခဲ့တယ်၊ လျိုမိသားစုကလူတွေက ရွာမှာပေါက်ကွဲမှုတစ်ခုဖန်တီးပြီး ကျွန်တော့်ကို ရဲစခန်းပို့ဖို့
ကြိုးစားထားကြတယ်"
ဗိုလ်မှူးဝူ၏အသံက လေးနက်ကာ ခိုင်မာပေ၏။
"ညီလေးရွှီ စိတ်မပူပါနဲ့၊ လျိုမိသားစုကို ဖြုတ်ချဖို့တော့ ခက်ခဲလိမ့်မယ်...ဒါပေမဲ့ စစ်တပ်ရဲ့အင်အားနဲ့ဆိုရင် ထောင်ထဲကလူတစ်ယောက်ကို ထုတ်ဖို့တော့ မခက်ဘူး၊ နောက်ကျခဲ့ရင်တောင်မှ တစ်ရက်အတွင်းမှာအရာရှိကြီးတစ်ယောက်ကို ချန်ဟိုင်းသွားလိုက်ဖို့ စေလွှတ်လိုက်ပါ့မယ်"
ကျေးဇူးတင်စကားပြောပြီးနောက် ရွှီဖန်း ဖုန်းကို ချက်ချင်းချလိုက်သည်။ ဝူယွီရွှမ်းကလည်း အမြန် ရောက်လာပြီဖြစ်သည်။ ရွှီဖန်း အချိန်မဖြုန်းနေဘဲ မိန်းကလေးသုံးယောက်ကို ကားထဲ တစ်ခါတည်း ခေါ်ဆောင်ကာ ရှောင်းချောင်၏ကုမ္ပဏီသို့ မောင်းနှင်သွားခဲ့သည်။
ရှောင်းချောင်နှင့်မှသာ ထိုသုံးဦးက လျိုမိသားစု၏ ခြိမ်းခြောက်မှုမှ ခေတ္တလွတ်မြောက်နိုင်မည် ဖြစ်သည်။
sportscarက အလွန်မြန်ဆန်ပြီး ရွာထဲမှ အမြန်မောင်းထွက်လာကာ လမ်းပေါ်သို့ ရောက်ရှိလာသည်။
ရဲကားတစ်ဒါဇင်ကျော်ခန့်သည် နားကွဲမတတ် အချက်ပြသံများကို ဆွဲငင်လျက် ချိုးဆုအာ၏အိမ်ဘက်သို့ ဦးတည်ကာ အပြေးအလွှား မောင်းနှင်နေကြ
၏။
ထိုဖြစ်ရပ်ကြောင့် ရှုချိုးယာနှင့် ဝူယွီရွှမ်းတို့မှာလည်း လုံးဝကို ထိတ်လန့်သွားခဲ့ကြသည်။ သူတို့ အရင်ကိစ္စများအကြောင်း ပြန်ပြောချင်သည့်အတွေးများ မရှိတော့ဘဲ ရွှီဖန်းကို ဘာတွေဖြစ်ခဲ့တာလဲဟု ချက်ချင်းမေးမြန်းလာကြပေ၏။
ရွှီဖန်းကတော့ အရာအားလုံးကို မပြောပြခဲ့ပေ။ ထိုနှစ်ဦး မကြောက်စေရန်အတွက် ရွှီဖန်းသည် အသေးအဖွဲ့ပြဿနာတစ်ခုဟုသာ ဝိုးတဝါးပြောခဲ့သည်။ သို့သော် တစ်ဖက်လူမှ ရဲစခန်းကလူများကို လာဘ်ထိုးထားသောကြောင့် သူတို့ရှောင်ရှားရမည်ဟူ၍ပင်။
ရွှီဖန်းသည် အခြေအနေကို အကျဥ်းချုံးသာ ရှင်းပြရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ရှုချိုးယာနှင့် ဝူယွီရွှမ်းတို့ကတော့ အံ့အားသင့်နေကြဆဲဖြစ်၏။
သူတို့နားလည်ရန်မှာ လွယ်ကူပေသည်။ သာမန်လူများအတွက် ရဲများသည် လုံးဝကိုအာဏာပိုင်များဖြစ်သည်။ သာမန်လူများအတွက် အသန်မာဆုံးသော ကာကွယ်သူများလည်းဖြစ်၏။ သို့သော် ရဲများကသာ သူတို့ကို စတင်ကိုင်တွယ်ဖြေရှင်းသည်နှင့်
ကောင်းကင်တစ်ခုလုံး ပြိုလဲသွားပြီဟု ဆိုလိုခြင်းဖြစ်သည်။
လျိုမိသားစုက လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ကို ဖုံးနိုင်သည်ဟူသောအချက်မှာ ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေ။
ရုတ်တရက် သူ့အရှေ့တွင် ရဲကားတချို့ပေါ်လာပြီး အတားအဆီးတစ်မျိုးကို ပြင်ဆင်နေလေ၏။
ဒီတစ်ခါမှာ လျိုမိသားစုက သူ့ကို ရင်ဆိုင်ရန် တကယ် အားထုတ်ထားတာ သိသာလှသည်။
ရွှီဖန်း နှာမှုတ်၍ ကားဂီယာကို အရှိန်တင်လိုက်၏။ sportscarသည် မြည်ဟိန်းသံပေး၍ အတားအဆီးဆီကို အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်သွားခဲ့၏။ အတားအဆီးက အပြည့်အဝ တပ်ဆင်ပြီးထားခြင်း မရှိသေးပေ။
sportscarသည် ရဲကားများစွာအား လျှပ်စီးပမာ ကျော်ဖြတ်သွားကာ ဒေါသထွက်နေသည့် နဂါးတစ်ကောင်ကဲ့သို့ မြည်ဟည်းနေခဲ့သည်။
ရဲအရာရှိတစ်ဒါဇင်ကျော်ကလည်း ချက်ချင်း တုံ့ပြန်ခဲ့ကြ၏။ သူတို့ ရဲကားထဲဝင်ပြီး အချက်ပေးသံများ ဖွင့်ကာ ရွှီဖန်းအနောက်ကို လိုက်ပါခဲ့ကြသည်။
သို့သော် ရဲကားအနည်းငယ်က အရှိန်အပြည့်ဖြင့် မောင်းနေသည့် sportscarအား ဘယ်လိုလုပ် မှီနိုင်မည်နည်း။
သိပ်မကြာခင်မှာပင် ရဲကားအများအပြားသည် အနောက်မှာ ကျန်ရစ်ခဲ့ပြီး ပျောက်ကွယ်သွားခဲ့၏။
သို့သော်ငြား သူတို့ စိတ်သက်သာရာရ၍ သက်ပြင်းတောင်မချရသေးခင်မှာပင် နားကွဲမတတ် အချက်ပြသံများက ပတ်ပတ်လည်ကနေ ထွက်ပေါ်လာခဲ့သည်။
**********************