ရဲစခန်းသို့ ဝင်ရောက်ခြင်း
Vol. 27 Ch. 396
ရွှီဖန်း အံကြိတ်လိုက်သည်။ ပိတ်ဆို့မှုအား အတင်းအကျပ် ဖောက်ထွက်တော့မည့်အချိန်မှာပင် သူ့မျက်နှာက ရုတ်တရက် လင်းလက်သွားပြီး sportscarကို ရပ်လိုက်၏။
သူ ကားတံခါးဖွင့်လိုက်ပြီး လက်ကို ဆတ်ကနဲလှုပ်ရှားလိုက်သောအခါ ကျောက်တုံးလေးတစ်တုံးက လွင့်ထွက်သွားပြီး သူ့ခေါင်းအထက်ရှိ အဝေးကင်မရာကို ကျယ်လောင်သောအသံဖြင့် ရိုက်ခွဲပစ်လိုက်သည်။
အနက်ရောင် Mercedes-Benzကားတစ်စီးက သူတို့အရှေ့မှာ ရပ်သွားလေ၏။ ပြတင်းပေါက်မှန် ကျသွားသည့်အခါ အနက်ရောင်ဝတ်စုံဝတ်ထားသော ရှောင်းချောင်သည် မှင်သက်နေဆဲ မိန်းကလေးသုံးယောက်အား အော်ပြောလာသည်။
"မြန်မြန်ဝင်ကြ!"
မိန်းကလေးသုံးယောက်က သူမ၏ကားထဲ ဝင်သွားကြလေ၏။ ရှောင်းချောင်သည် ရွှီဖန်းအား လေးနက်သောအမူအရာဖြင့် ကြည့်၍ ညင်သာစွာ မေးလာသည်။
"သေချာရဲ့လား"
ရွှီဖန်း သူမကို ခေါင်းညိတ်ပြလိုက်၏။
"စိတ်မပူပါနဲ့ သတိထားပါ၊ သူတို့ကို မင်းလက်ထဲ အပ်ခဲ့မယ်"
ရှောင်းချောင်က ရွှီဖန်းကို လက်ဝှေ့ယမ်းပြ၍ ပြတင်းပေါက်မှန်ကိုတင်ကာ အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်သွားခဲ့သည်။
ရွှီဖန်းသည် သူ့အိတ်ကပ်ထဲကနေ ဆေးလိပ်တစ်လိပ် ထုတ်၍ မီးညှိကာ sportscarထဲသို့ သက်သောင့်သက်သာ ဝင်ထိုင်လိုက်၏။
သူ့ပတ်ဝန်းကျင်ရှိလူများအတွက် စီစဉ်ပြီးသွားပြီဖြစ်၍ သူတို့၏အနာဂတ်အတွက် ပူပန်နေရခြင်းမှလွတ်မြောက်သွားလေပြီ။ ကျန်တာကတော့ လျိုမိသားစုနှင့် ကောင်းကောင်းကစားရန်ပင်။
ရှောင်းချောင် ထွက်သွားတာကို ကာကွယ်ရန်အတွက် ရွှီဖန်းသည် သူ့ပါးစပ်ထဲ၌ ဆေးလိပ်ကို ကိုက်ခဲကာ sportscarကို မောင်းနှင်၍ ရဲကားများဝိုင်းရံမှုထဲသို့ တိုးဝင်သွားခဲ့သည်။
ဆေးလိပ်ကုန်သွားသည်နှင့် sportscarလည်း ရပ်တန့်သွားခဲ့၏။ ရဲကားတစ်ဒါဇင်ကျော်မှာ တစ်စီးပြီးတစ်စီး တံခါးဖွင့်လာကြပြီး တစ်ဒါဇင်ကျော် သေနတ်ကိုင်ရဲအရာရှိများက ရွှီဖန်းကို ဝိုင်းရံလာကြသည်။
ခန္ဓာကိုယ်ထွားကြိုင်းကာ ခပ်ဝဝမျက်နှာရှိသည့် ရဲအရာရှိတစ်ဦးက လက်ဝှေ့ယမ်းလိုက်လေ၏။ ဘေးက ရဲအရာရှိတစ်ဦးသည် သူ့ဆိုလိုရင်းကို နားလည်ပြီး ရွှီဖန်းကို အော်ပြောလာသည်။
"မင်းကို ဝိုင်းထားလိုက်ပြီ ချက်ချင်းလက်နက်ချပါ...မလိုအပ်တဲ့ရုန်းကန်မှုတွေ မလုပ်ပါနဲ့!"
ရွှီဖန်း ဆေးလိပ်ဖင်ကို ထွေးထုတ်၍ ကားထဲကနေ ပေါ့ပေါ့ပါးပါး လျှောက်ထွက်လာခဲ့၏။ သေနတ်ဒါဇင်ပေါင်းများစွာ ချိန်ခံထားရတာကို ရင်ဆိုင်ရင်း ရဲအရာရှိဆီကို တည့်တည့်ပင် လျှောက်သွားခဲ့သည်။
"အရာရှိကြီး မှားနေတာလားလို့၊ ကျွန်တော်က ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားကောင်းလေးတစ်ယောက်ပါ"
ရွှီဖန်း၏အသံက လုံးဝစိုးရိမ်ပူပန်နေပုံမရဘဲ အပြုံးတစ်ခုတောင် ပါဝင်နေ၏။
လီအမည်ရ အရာရှိသည် လျိုမိသားစုထံကနေ အမိန့်ရထားသောသူပင်။ ရွှီဖန်းသာ လှုပ်ရှားရဲလျှင် မတွန့်ဆုတ်ဘဲ သတ်ပစ်ရန် လီရှို့က အမိန့်ပေးခွင့်ရှိထားသည်။
ရွှီဖန်း၏အမူအရာကိုမြင်တော့ လီရှို့၏မျက်နှာက မည်းမှောင်သွားပြီး ကျယ်လောင်စွာ အော်လိုက်၏။
"မင်းက ဥပဒေကို လိုက်နာတဲ့နိုင်ငံသားကောင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရေးမကြီးဘူး၊ ပေါက်ကွဲမှုတစ်ခုက မင်းနဲ့ ပတ်သက်နေတယ်လို့ ငါတို့ သံသယရှိထားတယ်၊ စုံစမ်းစစ်ဆေးဖို့ ငါတို့နဲ့ လိုက်ခဲ့ပေးပါ"
ရွှီဖန်း ပေါ့ပါးစွာ ခေါင်းညိတ်လိုက်သည်။
"ရဲတွေက ကျွန်တော့်ကို စစ်ဆေးချင်တယ်ဆိုမှတော့ ကျွန်တော်လည်း လက်နှစ်ဖက်မြှောက်ပြီး ပူးပေါင်းဆောင်ရွက်ရမှာပေါ့၊ သွားကြရအောင်...အော်...ဒါနဲ့ ကျွန်တော့်ရဲ့ကားက ဆေးနည်းနည်း ကွာကျထားတယ်၊ အဲ့ဒါကို ပြန်ပြင်ဖို့ အာမခံထားတဲ့နေရာကို ပို့ပေးလို့ရမလား"
လီရှို့သည် ရွှီဖန်း၏ကြောက်ရွံ့မှုကင်းသောပုံစံကို ကြည့်၍ ခဏတာမျှ တွေဝေသွားခဲ့၏။ ဒီလိုအခြေအနေမျိုး၌ သူ့ကို သတ်တာက အလွန်အန္တရာယ်များပေသည်။ ထိုကြောင့် ရဲစခန်းထဲ အရင်ဆွဲသွင်းတာက ပိုစိတ်ချရလိမ့်မည်။
ထိုအကြောင်းကို စဉ်းစား၍ လီရှို့သည် ချက်ချင်းပင် မဲ့ပြုံးပြလိုက်ပြီး သူ့ဘေးက ရဲများကို လက်ဝှေ့ယမ်းပြလိုက်၏။
"နောက်ဆက်တွဲတွေကိုစိုးရိမ်ရတာမလို့ သူ့ကို ငါ့ဆီခေါ်ခဲ့ကြ"
ရွှီဖန်းသည် လက်နှစ်ဖက်ကို ဆန့်ထုတ်၍ သူ့ဆီ လျှောက်လာသော ရဲအရာရှိအား လက်ထိပ်ခတ်စေပြီး ရဲကားထဲ ဝင်ထိုင်လိုက်သည်။
ရဲကားထဲ၌မူ လီရှို့သည် မျက်လုံးမှိတ်ကာ အနားယူနေသောရွှီဖန်းကို တစ်ချက်ကြည့်၍ သူ့ဖုန်းကို ထုတ်ကာ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်၏။
အနောက်ထိုင်ခုံမှ ရွှီဖန်းသည် မျက်ခွံကို အနည်းငယ် မြှင့်ပြီးမှ ချက်ချင်း ပြန်မှိတ်ခဲ့သည်။
ဒီနေ့ကိစ္စများသည် လျိုမိသားစုက ချထားသောထောင်ချောက်များဆိုတာကို သံသယဖြစ်စရာမရှိပါပေ။ လျိုမိသားစု၏အစီအစဉ်အားလုံးက အနည်းငယ်မျှ ငြိမ်သက်ရန်အတွက်ပင်။
သူက လျိုမိသားစုကို ဖြုတ်ချရန်အတွက် သူတို့လုပ်ခဲ့သည့်အရာများကို ဝှက်ဖဲအဖြစ် တစ်ခါမှ မသုံးခဲ့ဖူးသော်လည်း လျိုမိသားစုကတော့ အလွန်စိတ်မအေးဖြစ်နေလေသည်။ ဒီနေ့၏ပရိယာယ်လှည့်ကွက်များက ရွှီဖန်းကို အံ့အားမသင့်စေခဲ့ပေ။
ဒီနေ့လိုနေ့မျိုးက မကြာခင်အချိန်အတွင်း ရောက်လာမည်ကို သူသိ၏။ ရွှီဖန်းက ထိုအရာကို မျက်စိထဲတောင် မထည့်ထားခဲ့ပေ။
ကျားတစ်ကောင်က ခွေးတစ်ကောင်ကို ဂရုစိုက်ပါ့မလား။
မသိစိတ်မှအလိုလို ရွှီဖန်းသည် လျိုမိသားစုက သူ့ကို တရားမျှတသောတိုက်ပွဲဖြင့် စိန်ခေါ်လာမည်ဟု အမြဲထင်ထားခဲ့သည်။ လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်စေ၊ စီးပွားရေးဖိနှိပ်ဖြင်းဖြစ်စေ...စသဖြင့်ပင်။
သို့သော်ငြား အခုလိုဖြစ်သွားတာလည်း ကောင်းပေ၏။ ရဲစခန်းကိုသွားနေသည့် ဒီခရီးလမ်းမှာလည်း လျိုမိသားစုက ငြိမ်ငြိမ်နေစေလိမ့်မည်မဟုတ်သော
နိမိတ်တစ်ခုကို ရွှီဖန်း ခံစားနေရသည်။
လျိုမိသားစုက ဘယ်သူပဲရောက်လာပါစေ သူတို့၏ခေါင်းကို ပြသလာသည်နှင့် နောက်ကိစ္စများက အလွန်ရိုးရှင်းသွားလိမ့်မည်။
ရဲစခန်းက ရွှီဖန်းအား တိုက်ရိုက်စစ်ဆေးမေးမြန်းခန်းထဲသို့ ခေါ်သွားသည်။ သူ့ခြေထောက်ကိုလည်း သံကုလားထိုင်ပေါ်မှာ ချုပ်နှောင်ထားလေ၏။
ရဲအရာရှိနှစ်ဦးက ရွှီဖန်း၏မျက်နှာချင်းဆိုင်မှာ ထိုင်နေကြသည်။ သူတို့၏ပုံစံမှာ စိတ်အခြေအနေဆိုးရွားနေကြပုံရပြီး မျက်နှာများကလည်း မည်းမှောင်နေ၏။
"မစ္စတာရွှီ မင်းက ပေါက်ကွဲမှုတစ်ခုနဲ့ ပတ်သက်နေတယ်ဆိုပြီး ရဲတွေကို ဖုန်းနဲ့လှမ်းတိုင်ကြလို့ မင်း သံသယရှိခံထားရတယ်၊ မင်းမှာ ဘာပြောစရာ ရှိလဲ"
ရဲနှစ်ဦးနှင့်ဆန့်ကျင်ဘက်ဖြစ်စွာ ရွှီဖန်းကတော့ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆက်လက်ထိန်းထားသည်။ ထိုအချိန်တွင် သူ ရဲနှစ်ဦးအား ပေါ့ပေါ့ပါးပါးပင် ခေါင်းခါယမ်းပြကာ...
"ကျွန်တော်က ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးရဲ့ ဥက္ကဋ္ဌပါ၊ ဘယ်လိုပေါက်ကွဲမှုမျိုးမဆို ဖြစ်စေချင်ရင် ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မရပါဘူး"
ရဲနှစ်ဦးက မှုန်ကုပ်နေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ထဲမှတစ်ဦးသည် အရှေ့က စစ်ဆေးမေးမြန်းသည့်စားပွဲကို ချက်ချင်းရိုက်၍ ရွှီဖန်းကို ဟောက်လာသည်။
"မင်းက ဆက်ပြီးငြင်းခုန်ရဲတုန်းလား၊ မင်း မလုပ်ခဲ့ဘူးဆိုရင် ဘာလို့ခုနကထွက်ပြေးနေတာလဲ၊ မပူးပေါင်းဘဲ ခုခံတွန်းလှန်တာက ဘယ်လောက်ထိပြင်းထန်တဲ့အပြစ်လဲဆိုတာ နားလည်ရဲ့လား"
ရွှီဖန်း၏အပြုံးသည် သူ့မျက်နှာပေါ်တွင် ဆက်ရှိနေတုန်းပင်။
"ခင်ဗျားတို့နှစ်ယောက် ပြောပုံအရဆိုရင် ကျွန်တော်က လမ်းပေါ်မှာ ကားတောင်မမောင်းရတော့ဘူးလား"
ရဲတစ်ဦးသည် သူ့လက်ထဲရှိ မှတ်တမ်းတင်စက်အား ပိတ်၍ ခေါင်းမော့လာပြီး ရွှီဖန်းကို လှောင်ပြောင်လာ၏။
"ဒီလိုဖြစ်နေပြီဆိုမှတော့ မင်း တစ်စုံတစ်ယောက်ကို စော်ကားမိပြီဆိုတာကို ပြောပြပေးဖို့ မစိုးရိမ်တော့ဘူး၊ နားလည်ရဲ့လား... နာနာခံခံနဲ့ မင်းလုပ်ခဲ့တယ်လို့ ဝန်ခံလိုက်၊ ဒါဆိုရင် မင်း ခံစားရမယ့် ဒုက္ခတွေကို လျှော့ချနိုင်လိမ့်မယ်၊ နှစ်ဖက်စလုံးအတွက် လုပ်ဆောင်ရတာလည်း လွယ်ကူတယ်"
ရွှီဖန်း အနည်းငယ် ခေါင်းခါလိုက်သည်။ သူ့မျက်လုံးထဲရှိ မထီမဲ့မြင်ပြုမှုအား မဖုံးကွယ်တော့ဘဲ...
"မင်းတို့လိုကလေးတွေနဲ့ အချိန်ဖြုန်းရမှာ စိတ်မရှည်ဘူး၊ ငါနဲ့ ကစားချင်ရင် လျိုမိသားစုကလူကိုပဲ လာခိုင်းလိုက်"
"ရဲတင်းလိုက်တာ"
ရွှီဖန်း၏အကြည့်ကြောင့် ဒေါသထွက်သွားသည်လော သို့မဟုတ် သူ၏စကားကြောင့် ထိတ်လန့်သွားသည်လော မသိရသော်ငြား ရဲနှစ်ဦးသည် စားပွဲပေါ်သို့ လက်များကို ဆောင့်ချ၍ ထရပ်လာကြသည်။ ထို့နောက် မှုန်ကုပ်နေသော မျက်နှာများဖြင့် ရွှီဖန်းကို ဟောက်လာကြ၏။
ရွှီဖန်းကတော့ သူ့ထိုင်ခုံအနောက်သို့ မှီလိုက်သည်။ သူ့မျက်နှာပေါ်ရှိအပြုံးမှာ မလျော့ကျသွားသော်လည်း သူ့မျက်လုံးများက အနည်းငယ် အေးစက်သွားခဲ့သည်။
ထိုစဉ် စစ်ဆေးမေးမြန်းခန်း၏သံတံခါးက ပွင့်လာ၏။ အရာရှိလီရှို့သည် ငယ်ရွယ်သော အမျိုးသားတစ်ဦး၏ အနောက်တွင် ဖားယားသောအပြုံးဖြင့် လျှောက်လာလေသည်။
ထိုလူငယ်၏ဆံပင်များက စုတ်ဖွာနေကာ အနက်ရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ လက်များကို နောက်ပစ်ထားကာ မာနကြီးသော မျက်နှာအမူအရာရှိလေ၏။ စစ်ဆေးမေးမြန်းခန်းထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် သူ့မျက်လုံးများက ရွှီဖန်း၏ မျက်နှာပေါ်တွင် စူးစိုက်ကြည့်နေခဲ့သည်။
"အကြီးအကဲလျို ဒီနေ့ ဒီလူက အလွန်ဆိုးရွားတဲ့ ပေါက်ကွဲမှုတစ်ခုကို ဖန်တီးခဲ့ပါတယ်၊ အနည်းဆုံး လူတစ်ဦးတော့ သေဆုံးခဲ့တယ်၊ ဒီလူက ထွက်ပြေးသွားတော့ ကျွန်တော်ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ပြီး ဖမ်းဆီးခဲ့တာပါ"
လူငယ်က မျက်မှောင်အနည်းငယ် ကြုတ်၍ လီရှို့ဘက်သို့ လက်ဝှေ့ယမ်းပြသည်။ သူ့အမူအရာက ယင်ကောင်များကို မောင်းထုတ်နေသကဲ့သို့ပင်။
"မင်းတို့ အပြင်ထွက်လာကြ"
သို့သော်လည်း လီရှို့ကတော့ လုံးဝ ဒေါသမထွက်ဘဲ ခေါင်းညိတ်၍ ခါးညွတ်ကာ အရိုအသေပေးပြီးနောက် ရဲနှစ်ဦးကို စစ်ဆေးမေးမြန်းခန်းထဲကနေ ဦးဆောင်ကာ ခေါ်ထုတ်သွားခဲ့၏။
စစ်ဆေးမေးမြန်းခန်း၏တံခါးပိတ်သွားပြီးနောက် တစ်ခန်းလုံးက အလုံပိတ်ထားသော အခြေအနေသို့ ရောက်ရှိသွားသည်။ လူငယ်က မျက်နှာပေါ်တွင် ပျော်ရွှင်သောအမူအရာ ရှိနေသည့် ရွှီဖန်းကို ကြည့်လာ၏။
လူငယ်က ရွှီဖန်း၏အရှေ့သို့ ပေါ့ပါးစွာ လျှောက်လာသည်။ ထို့နောက် မာနကြီးစွာ ရပ်လိုက်ပြီး အထက်စီးဆန်သောလေသံဖြင့် ပြောလာ၏။
"ရွှီဖန်း၊ အစောပိုင်းကမ္ဘာမြေအဆင့်ကျွမ်းကျင်သူ၊ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးက ဒါရိုက်တာဘုတ်အဖွဲ့ ရဲ့ဥက္ကဋ္ဌ၊ စစ်တပ်ထဲက ဝူထျန်းရဲ့အသိအမှတ်ပြုခြင်းခံထားရသူ၊ မဆိုးဘူး...မဆိုးဘူး။"
****************