လျိုဟွား
Vol. 27 Ch. 397
သူ၏ကျောင်းသားများအား ချီးမွမ်းနေသော သူငယ်တန်းဆရာတစ်ဦးကဲ့သို့ ထိုလူငယ်သည် ရွှီဖန်း ၏အရှေ့တွင် ရပ်နေပြီး ပျော်ရွှင်မှုအပြည့်ရှိနေသော မျက်နှာဖြင့် ငုံ့ကြည့်နေခဲ့သည်။
"ဪ...ဟုတ်သားပဲ၊ ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူရဲ့ အင်အားနဲ့ဆို လက်နဲ့ခြေထောက်တွေချည်နှောင်ခံထားရလည်း ရုန်းထွက်ဖို့ လွယ်ကူတယ်ဆိုတာကို ငါသိတယ်၊ ငါ့ကိုတောင် ပုရွက်ဆိတ်တစ်ကောင်လိုမျိုး လက်ချောင်းလေးနဲ့ ဖိသတ်နိုင်
တယ်၊ မှန်တယ်မလား ရွှီဖန်း"
ရွှီဖန်း၏မျက်နှာပေါ်တွင်လည်း ကစားလိုသောအပြုံး ရှိနေခဲ့၏။ သူ့အရှေ့က လူငယ်ပြောနေသည်ကို ကြားသောအခါ သူ ပြန်မဖြေဘဲ ခေါင်းခါယမ်းကာ
သက်ပြင်းချလိုက်သည်။
"လျိုမိသားစုလိုမျိုး ကြီးမြတ်တဲ့မျိုးနွယ်က သေရမယ်ဆိုရင်တောင် အရည်အချင်းရှိတဲ့သူတွေကို လွှတ်လိုက်လိမ့်မယ်လို့ ထင်ခဲ့တာ... ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်လဲ...နှမြောစရာကောင်းလိုက်တာ"
လူငယ်က ပေါ့ပါးစွာ ပြုံးလာ၏။ ရွှီဖန်း၏စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်သည့်အလား ရယ်မောနေသည်။
"အိုး...ဟုတ်သားပဲ၊ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မေ့သွားတာ၊ ငါ့ရဲ့မျိုးရိုးနာမည်က လျို... ငါ့နာမည်မှာ ဟွားဆိုတဲ့ တရုတ်အက္ခရာတစ်လုံးပဲ ပါတယ်၊ ငါက ဟားဗတ်မှာ ပညာသင်နေတာပဲ၊ မကြာသေးခင်က အိမ်မှာ တစ်ခုခုဖြစ်နေတယ်ကြားလို့ အိမ်ကကိစ္စတွေကို ကူညီဖို့ အမြန်ပြန်လာခဲ့တာ"
လျူဟွား၏အပြုံးကနေ ကူးစက်ခံလိုက်ရသကဲ့သို့ ရွှီဖန်းလည်း ထိုအချိန်တွင် ညင်သာစွာ ရယ်မောလိုက်သည်။
"လူငယ်တွေက မိသားစုအတွက် တစ်ခုခု လုပ်ပေးသင့်တယ်...ဒါက ကောင်းပါတယ်၊ အဲ့ဒီလျိုယွမ်ချန်လည်း မဆိုးဘူး"
နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသော သူငယ်ချင်းဟောင်းများကဲ့သို့ သူတို့နှစ်ဦးစလုံး ရယ်မောလိုက်ကြ၏။
ရယ်မောပြီးနောက် လျိုဟွားက ရုတ်တရက် ခေါင်းခါယမ်း၍ ဝမ်းနည်းစွာ သက်ပြင်းချလာသည်။
"အဲ့ဒါအတွက်ကြောင့်သာ မဟုတ်ရင် မင်းကို ငါ့ရဲ့ လက်အောက်ခံအဖြစ် လက်ခံမိမှာပဲလို့ ငါ ထင်တယ်၊ တကယ်ပဲ နှမြောစရာကောင်းတယ်"
ရွှီဖန်း၏မျက်နှာပေါ်၌ ရွှင်ပြသော အမူအရာရှိနေ၏။
"မင်းရဲ့မျိုးရိုးနာမည်ကသာ လျိုမဟုတ်ခဲ့ရင် ငါ မင်းကို သတ်မိမှာမဟုတ်ဘူးလို့ ထင်တယ်၊ ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ"
လျိုဟွား၏မျက်ခုံးက အနည်းငယ်မြင့်သွားကာ ညင်သာစွာ ပြောလိုက်သည်။
"ငါ ဟားဗတ်မှာ သင်ယူခဲ့တဲ့ ဇီဝဗေဒပညာရပ်တစ်ခုဖြစ်တဲ့ 'မွမ်းမံခြင်း'အစီအစဉ်ကို ငါ အဆိုပြုခဲ့တာပဲ"
"အိုး"
ရွှီဖန်း၏မျက်နှာပေါ်မှ အပြုံးက ပို၍ကျယ်ပြန့်လာလေ၏။
"မင်းပြောတာကို ကြားတော့ ငါ မင်းကို ပိုပြီးလေးစားမိသွားတယ်၊ မင်းက လျိုယွမ်ချန်ထက်တောင် ငယ်ပုံရတာကို"
လက်နှစ်ဖက်စလုံးကို စစ်ဆေးမေးမြန်းသည့် စားပွဲပေါ်တွင်တင်၍ လျိုဟွားက ရွှီဖန်းကို ငုံ့ကြည့်ပြီး ပြောလာသည်။
"လျိုမိသားစုက လူတွေအားလုံးက အရမ်းငယ်သေးတာတောင်မှ ဒီလို စိတ်နှလုံးမဲ့တဲ့ကိစ္စမျိုးကို လုပ်နိုင်တယ်လို့ မင်းက ဆိုလိုချင်တာလား၊ အင်း...သူတို့က တကယ်လည်း ငယ်သေးတယ်မလား"
သူတို့ ထပ်ရယ်ကြပြန်၏။
ဒီတစ်ကြိမ်မှာတော့ လျိုဟွားသည် သူ့မျက်လုံးအကြည့်များကို မဖုံးကွယ်တော့ဘဲ ရွှီဖန်းကို ရူးသွပ်စွာ စိုက်ကြည့်နေခဲ့သည်။
"မင်း နားမလည်ပါဘူး၊ 'မွမ်းမံခြင်း'အစီအစဉ်က ဇီဝဗေဒရဲ့မှတ်တိုင်တစ်ခုဖြစ်ပြီး ကြီးမားတဲ့ အရေးပါမှုရှိတယ်၊ သုတေသနနဲ့ ဖန်တီးမှုသာ အောင်မြင်သွားရင် ငါတို့နိုင်ငံရဲ့စစ်ရေးစွမ်းအားက အရည်အသွေးမြင့်မားတဲ့တိုးတက်မှုတစ်ခုကို ကြုံတွေ့ရလိမ့်မယ်!"
ထို့နောက် လျိုဟွားက ခေါင်းခါလာ၏။
"တကယ်တော့ မင်း နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ အရေးမကြီးပါဘူး၊ အရေးကြီးတာက ငါ လျိုဟွားရဲ့လက်ထဲမှာ မင်းက ပထမဆုံးမျိုးဆက်ရဲ့ ပြိုင်ဘက်ကင်းလက်နက်တစ်ခု ဖြစ်လာလိမ့်မယ်! ဒါက ငါ မင်းကို ပေးအပ်တဲ့ ဘုန်းကျက်သရေပဲ!"
လက်ရှိအချိန်တွင် လျိုဟွားသည် ရူးသွပ်နေသူတစ်ဦးကဲ့သို့ ဖြစ်နေလေသည်။ သူ၏လက်နှစ်ဖက်စလုံးကို ဖြန့်ကားထားကာ သူ့မျက်နှာပေါ်တွင်လည်း ရန်လိုမှု နှင့် ရူးသွပ်စွဲလမ်းမှုတို့ လင်းလက်နေ၏။
ရွှီဖန်းကတော့ သူ့ထိုင်ခုံကို မှီထိုင်လိုက်ပြီး လက်များကို ပိုက်ထားကာ လျူဟွားကို ဘာမှမပြောဘဲ ကြည့်နေခဲ့သည်။ သူ့မျက်လုံးများက တောက်ပနေပြီး စိတ်ထဲရှိသတ်ဖြတ်လိုစိတ်အား ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေလေ၏။
ဒီလျိုဟွားက သူ့ကို အလွန်ကောင်းစွာ နားလည်ပုံရသည်။ ထိုကြောင့် သူ ကြောက်ရွံ့ခြင်းမရှိဘဲ ဒီကိုရောက်လာပြီး သူ့စိတ်ထဲရှိ စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများကိုပင် ထုတ်ဖော်ရန် ဒီလိုအစီအစဉ်မျိုးကို ချမှတ်ခဲ့ခြင်းဖြစ်၏။
လျိုဟွားက သေရမှာ ကျိန်းသေသည် သို့သော် အခုတော့ မဟုတ်သေးပေး။ လျိုဟွားကို အခုသတ်လိုက်လျှင် အလွန်ပြဿနာများလိမ့်မည်။
ရွှီဖန်း၏ခန္ဓာကိုယ်ထဲရှိ မိုးပျံအိုးသိုင်းကျမ်းမှာ လည်ပတ်သွားခဲ့ပြီး ဆူပွက်နေသော သတ်ဖြတ်လိုစိတ်များကလည်း တိတ်ဆိတ်စွာ ပြန်လည်ပျောက်ကွယ်သွားလေသည်။
"ဒါဆိုရင် ငါကပဲ လက်နက်ဖြစ်လာမလား၊ ဒါမှမဟုတ် မင်းကပဲ အလောင်းဖြစ်လာမလားဆိုတာ ကြည့်ကြသေးတာပေါ့"
ရွှီဖန်း၏စကားများက အနာဂတ်ကို မျှော်မှန်းနေသော လျိုဟွား၏စိတ်ခံစားချက်ကို သိသိသာသာ ပျက်စီးစေခဲ့၏။ သူ ခေါင်းခါယမ်းကာ အနည်းငယ် ရှုပ်ပွနေသော အဝတ်အစားများကို ပြင်ဆင်လိုက်သည်။ ထို့နောက် လျိုဟွားက ရွှီဖန်းကို သွားဖြဲပြ၍ ပြုံးပြ
လာ၏။
"မင်းအတွက် စိတ်ဝင်စားစရာကောင်းတဲ့အရာတွေ အများကြီးကို ငါ ပြင်ဆင်ထားတယ်၊ မင်း ကောင်းကောင်းပျော်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
လျိုဟွားက ထရပ်၍ ရွှီဖန်းကို ကျောခိုင်းကာ လက်ဝှေ့ယမ်းပြလိုက်လေသည်။ ထို့နောက် သူက စစ်ဆေးမေးမြန်းခန်း၏တံခါးကို ဖွင့်ကာ ထွက်သွားခဲ့၏။
စစ်ဆေးမေးမြန်းခန်းထဲတွင် ရွှီဖန်း၏နှုတ်ခမ်းထောင့်များက လှောင်ပြောင်သောအပြုံးတစ်ခုဖြင့် ကော့ညွှတ်သွားလေသည်။
လျိုဟွားက "မွမ်းမံခြင်း"လိုကိစ္စမျိုးကို အဆိုပြု၍ အကောင်အထည်လည်း ဖော်နိုင်ခဲ့သည်ဖြစ်ရာ သူက လျိုမိသားစု၏အရေးပါသော လူဖြစ်ရမည်။ လက်ရှိခေါင်းဆောင်ဖြစ်သူ၏ အနာဂါတ်ဆက်ခံသူဆိုလျှင်တောင် ချဲ့ကားပြောဆိုခြင်းမဖြစ်နိုင်ပေ။
ဒီလိုအရေးပါသောလူက တစ်ယောက်တည်းရောက်လာရန်မှာ သိသာစွာ မဖြစ်နိုင်ပေ။ ဒီတစ်ခါမှာတော့ လျိုမိသားစုက ကြီးမားသည့်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ရောက်လာသူကလည်း အလွန်အရေးပါသူ ဖြစ်နေခဲ့၏။
ဒါမှသာ စိတ်ဝင်စားစရာကောင်းလိမ့်မည်ပင်။
ပထမဆုံးအကြိမ်မှာ လျိုမိသားစု ဆုံးရှုံးခဲ့ရတာက အရေးမပါသော လျိုယွမ်ချန်သာ ဖြစ်သည်။
ဒီတစ်ခါမှာတော့ လျိုဟွားနှင့် လွှမ်းမိုးနိုင်စွမ်းရှိနိုင်မည့် ထိုအုပ်စုတစ်စုကို သတ်ပစ်ရလိမ့်မည်။ လျိုမိသားစု၏ အင်အားလည်း လျော့ကျသွားနိုင်သည်။
သူ၏စားသောက်ဆိုင်များနှင့် ဒိုဂျိုများသာ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ရောက်သွားပါက ရွှီဖန်းသည် ပေကျင်းကိုသွား၍ သူတို့အားလုံးကို သတ်ဖြတ်ပစ်ရန် စိတ်ကူးရှိ၏။
"ဘန်း!"
စစ်ဆေးမေးမြန်းခန်းက ပြန်ပွင့်လာသည်။ လီရှို့က စာရွက်စာတမ်းတစ်ခုကိုကိုင်၍ ရဲတစ်ယောက်နှင့်အတူ ဝင်လာသည်။
"ဖြောင်း!"
လီရှို့သည် စာရွက်စာတမ်းအား စစ်ဆေးမေးမြန်းသည့် စားပွဲပေါ်တွင် ဆောင့်ချလိုက်၏။ လီရှို့၏ခန္ဓာကိုယ်ထဲကနေ နှိုင်းယှဉ်၍မရအောင် ဂုဏ်သိက္ခာကြီးမားသော အော်ရာတစ်ခု ထွက်ပေါ်လာပြီး ရွှီဖန်းဆီကို ဦးတည်သွားခဲ့၏။
"ဒီမှာ လက်မှတ်ထိုးလိုက်ရင် နာကျင်မှု နည်းနည်းပဲခံစားရလိမ့်မယ်"
သူ့လေသံထဲတွင် မငြင်းဆန်နိုင်သောအသံက ပါဝင်နေသည်။ ရွှီဖန်း ငြင်းလိုက်သည်နှင့် မယှဥ်သာနိုင်အောင် ဆိုးရွားသောအကျိုးဆက်များ ဖြစ်လာမည်ဟု ဆိုလိုခြင်းပင်။
သာမန်လူတစ်ယောက်သာ အခုလိုမြင်ကွင်းမျိုးကို မြင်လျှင် တစ်ကိုယ်လုံးတုန်ယင်ပြီး လက်မှတ်ထိုးမိနေလောက်ပြီဖြစ်၏။
ရွှီဖန်းကတော့ သူ့မျက်ခွံကိုသာ အနည်းငယ် မြှင့်၍ လီရှို့အား မထီမဲ့မြင်ပြုသောအပြုံးကို ပြုံးပြလိုက်သည်။
"လူကောင်းမလုပ်ချင်တော့ဘူးလား၊ ဘာလို့ သူများခွေး သွားလုပ်နေတာလဲ၊ အခု မင်းအကူအညီခေါ်ချင်သေးရင် အဆင်ပြေတယ်နော်"
ရွှီဖန်း ထိုသို့ပြောခဲ့ခြင်းမှာ လီရှို့ထံ၌ မှတ်တမ်းတင်စက် လုံးဝမပါဘူးဆိုတာ သေချာ၍ပင်။
လီရှို့၏မျက်နှာက စိမ်းဖန့်သွားလေ၏။ သူက သူ့ဘေးနားရှိ ရဲကို လက်ဝှေ့ယမ်းပြလိုက်သည်။ ရဲက ခေါင်းညိတ်ကာ လှည့်ထွက်သွားပြီးနောက် ဘေးမှ ဗီရိုထဲကနေ စာအုပ်အထပ်လိုက်နှင့် ဘေ့စ်ဘောတုတ်တစ်ချောင်းကို ထုတ်ယူလာ၏။
ထိုအရာက အလွန်ခေတ်မမီတော့သောအရာပင်။ သို့သော်ငြား အသုံးဝင်ပေသည်။ ထိုစာအုပ်များကို အကျဉ်းသား၏ရင်ဘတ်နှင့် ဝမ်းဗိုက်ပေါ်တွင် အုပ်ကာ တုတ်နှင့်ရိုက်ရုံပင်။ ပြင်ပဒဏ်ရာ ဘာမှမရှိလာနိုင်သော်လည်း အတွင်းဒဏ်ရာများက အသက်
အန္တရာယ်ရှိနိုင်လေ၏။
လီရှို့က ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး စစ်ဆေးမေးမြန်းခန်းထဲက လှည့်ထွက်သွားခဲ့သည်။
"ငါ မင်းလက်ထဲ ထားခဲ့လိုက်မယ်၊ နောက်ပိုင်း မင်းရဲ့လက်ရာကို ငါ မြင်ချင်တယ်"
ရုတ်တရက် ရွှီဖန်းက အော်လာ၏။
"နေဦး!"
လီရှို့က ပြုံးနေသောမျက်နှာဖြင့် လှည့်ကြည့်လာသည်။
"မင်း ခုနတုန်းကပဲ ီးစကားတွေမပြောခဲ့ဘူးလား၊ ဘာလဲ...သေရမှာ ကြောက်လို့လား"
ရွှီဖန်း ခေါင်းခါလိုက်၏။
"မဟုတ်ဘူး မင်း ဆေးလိပ်သောက်နေတဲ့ပုံက တကယ်ကို ရုပ်ဆိုးလွန်းလို့၊ ပြီးတော့ ငါလည်း ဆေးလိပ်သောက်ချင်တယ်"
လီရှို့၏မျက်နှာပေါ်၌ နွေးထွေးသည့်အပြုံးတောင် မရှိတော့ပေ။ သူ့အမူအရာမှာ အေးစက်လာပြီး ရဲလက်ထဲရှိ ဘေ့စ်ဘောတုတ်ကို ဆွဲယူကာ ဆဲဆိုလာသည်။
"ဖာ့ခ်! မင်းကများ ဒီလောင်ဇီကို ပြောရဲတယ်လား! ငါယိုး!"
လီရှို့က ပြောနေရင်းဖြင့် သူ့လက်ထဲရှိ ဘေ့စ်ဘောတုတ်အား ရွှီဖန်း၏ရင်ဘတ်ဆီသို့ ဝှေ့ယမ်းလိုက်လေ၏။
ရွှီဖန်း အေးစက်စွာ ရယ်မောလိုက်သည်။ သူ၏မိုးပျံသိုင်းကျမ်းကိုသာ လည်ပတ်စေခဲ့ပြီး သူ့ဆီ ဝင်လာသော ဘေ့စ်ဘောတုတ်အား မရှောင်ဘဲ လက်ဝှေ့ယမ်းလိုက်သည်။
"ဖြောင်း!"
ကြီးမားသောအင်အားတစ်ခုဖြင့် ချိုးလိုက်သကဲ့သို့ ဘေ့စ်ဘောတုတ်က နှစ်ပိုင်းပြတ်သွားလေ၏။ တုတ်၏အပေါ်ပိုင်းမှာ အလွန်ထူးဆန်းသောပုံစံမျိုးဖြင့် လီရှို့၏မျက်နှာဆီကို ပျံသွားသည်။
"ဘုန်း!"
လီရှို့မှာ သူ့စကားမဆုံးခင်မှာပင် ဗိုက်ထဲ ပြန်မျိုချလိုက်ရ၏။ တုတ်က လီရှို့၏နှာခေါင်းပေါ်သို့ မှန်လာပြီး သူ လွင့်ထွက်သွားကာ စစ်ဆေးမေးမြန်းခန်းတံခါးအား ပြင်းပြင်းထန်ထန် တိုက်မိသွားလေသည်။ သူ သွေးတစ်လုတ်အန်ကာ သတိလစ်သွားခဲ့၏။
လီရှို့၏အိတ်ကပ်ထဲမှ ဆေးလိပ်ဘူးကလည်း လွင့်ထွက်သွားခဲ့ကာ ဆေးလိပ်တစ်လိပ်က ရွှီဖန်း၏ပါးစပ်ထဲကို မှန်ကန်သောထောင့်အနေအထားဖြင့် ပျံဝင်လာခဲ့သည်။
ရွှီဖန်းသည် မှင်တက်နေသောရဲအရာရှိအား တစ်ချက်ကြည့်၍ အေးစက်စွာ အမိန့်ပေးလိုက်သည်။
"မီးညှိပေး"