← Chapters

လက်သီးအယူအဆ

Vol. 27 Ch. 398

လက်သီးအယူအဆ

Vol. 27 Ch. 398

ရွှီဖန်းသည် ပါးစပ်တွင် ဆေးလိပ်တစ်လိပ်ကို ခဲထားလျက် စစ်ဆေးမေးမြန်းသည့်ထိုင်ခုံပေါ်မှာ ပေါ့ပေါ့ပါးပါး ထိုင်နေ၏။ သူ၏မျက်လုံးများက နေရာတွင် ရပ်နေသော ရဲအရာရှိကို ကြည့်လိုက်ပြီး ဖုံးကွယ်မထားသော မထီမဲ့မြင်ပြုမှုကို ပြသနေသည်။

ရဲအရာရှိသည် သွေးများရဲကာ ခွေးသေကောင်တစ်ကောင်လိုမျိုး မြေပြင်ပေါ်လဲကျနေသော လီရှို့ကို ကြည့်ရင်း မှင်သက်နေလေ၏။ သူ ပါးစပ်ကို ဟစိဟစိလုပ်၍ လက်ညှိုးဖြင့် ရွှီဖန်းကို ထိုးပြကာ ထစ်ထစ်အအ ပြောလာသည်။

"မင်း...မင်း ရဲကို တိုက်ခိုက်ရဲလား"

ရွှီဖန်းသည် ပါးစပ်ထဲမှာ ဆေးလိပ်ကို ကိုက်ထားရင်း လှောင်ပြောင်လိုက်၏။

"သူက သူ့ဘာသာသူ ကိုယ်ထိလက်ရောက် ကျူးလွန်တာ၊ မတော်တဆ သူ့ကိုယ်သူ ထိသွားတာ ရှင်းနေတာပဲ၊ သူ့ဘာသာသူ ဒီလို ရိုက်နှက်မိတာက ငါနဲ့ ဘာဆိုင်လဲ"

ကြာရှည်စွာ မှင်သက်နေသော ရဲအရာရှိက ရွှီဖန်း၏ စကားများကို ကြားပြီးနောက် နောက်ဆုံးမှာ သတိပြန်ဝင်လာသည်။ သူ လီရှို့ဆီသို့ အမြန်ပြေးသွားကာ သူ့ကို မ၍ စစ်ဆေးမေးမြန်းခန်းထဲမှ ထွက်ပြေးရန် ကြိုးစား၏။

ရွှီဖန်း အေးစက်စွာ ပြုံးလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ မိုးပျံအိုးသိုင်းကျမ်းကို လှည့်ပတ်၍ သူ့ပါးစပ်ထဲက ဆေးလိပ်အား မြှားတစ်စင်းကဲ့သို့ ထိုရဲဆီကို ပစ်ထုတ်လိုက်၏။

"ဘန်း!"

ဆေးလိပ်က စစ်ဆေးမေးမြန်းခန်း၏ သံတံခါးကို အားပြင်းစွာ ဖြတ်သွားကာ ရဲ၏ ဆန့်ထုတ်ထားသော လက်မှ ဆံမျှင်တစ်မျှင်သာ ကွာတော့သည်။

ရဲ၏ခေါင်းထိပ်မှ ချွေးအေးများစီးကျလာပြီး ခြေထောက်များ စတင်တုန်ယင်လာ၏။ သူ့လက်ထဲရှိ လီရှို့ကို လွှတ်ချကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေသည်။ ရွှီဖန်း၏အေးစက်သောအသံက သူ့နောက်ပါးကနေ ထွက်ပေါ်လာ၏။

"ငါ မင်းကို ထွက်သွားခိုင်းမိလို့လား"

ရဲအရာရှိက တုန်ယင်လျက် လှည့်ကြည့်လာသည်။ ထိုလုပ်ဆောင်မှုက အလွန်ရိုးရှင်းသော်လည်း ရဲအရာရှိ၏ ခွန်အားအားလုံးကို ကုန်ဆုံးသွားစေခဲ့၏။

အေးစက်သောစစ်ဆေးမေးမြန်းခန်းထဲတွင် ရဲအရာရှိက ချွေးများရွှဲနေလေသည်။ သူ ရွှီဖန်းကို ကြည့်၍ ခြောက်ကပ်စွာ ရယ်မောလိုက်၏။

"ရွှီ...မစ္စတာရွှီ ခင်ဗျား တစ်ခုခု နားလည်မှုလွဲနေတာဖြစ်မယ်"

ရွှီဖန်းက ရဲအရာရှိကို ဘာမှပြန်မဖြေခဲ့ပေ။ သူ အေးစက်စွာဖြင့် "မီးညှိပေး"ဟု ထပ်ပြောလိုက်သည်။

ခွေးတစ်ကောင်၏ခွေးနှင့် စကားပြောရခြင်းမှာ ရွှီဖန်းအတွက် သူ့တန်ဖိုးကို ကျဆင်းစေ၏။

မီးခြစ်က လိမ္မော်ရောင်မီးလျှံဖြင့် လင်းလက်သွားခဲ့ပြီး ဆေးလိပ်ကို မီးညှိပေးလာသည်။ ရွှီဖန်း ဆေးလိပ်တစ်ဖွာကိုဖွာ၍ လက်ထဲမှာ ကိုင်ထားလိုက်၏။

သူ့လက်ထဲရှိ ဆေးလိပ်ကို ကြည့်ပြီးနောက် ရွှီဖန်းသည် ချွေးများရွှဲနစ်နေသောအရာရှိကို ပြုံးပြလိုက်သည်။

"မင်းတို့တွေ ကောင်းမွန်တဲ့ ဆက်ဆံမှုတွေ ရနေပုံပဲ၊ တရုတ်ဆေးလိပ်တွေတောင် သောက်နေတာ"

ရဲအရာရှိသည် ကြောက်ရွံ့စွာဖြင့် ခြောက်ကပ်ကပ် ရယ်နေ၏။

"မစ္စတာရွှီ နားလည်မှုလွဲတာပါ၊ ဒါ ဒုရဲမှူးလီက ဒီနေ့ ကျွန်တော်တို့အတွက်ဆိုပြီး ဝယ်ပေးလာတာပါ၊ ဒုရဲမှူး လီက ဒီနေ့ အရမ်းပျော်နေလို့ ဝယ်လာ..."

ရွှီဖန်းသည် သိသာစွာပင် ထိုကိစ္စများကို နားထောင်ရန် စိတ်မပါပေ။ သူ လက်ဝှေ့ယမ်း၍ အေးစက်စွာ ပြောလိုက်သည်။

"မင်းနဲ့ဘာမှမဆိုင်ဘူး၊ ထွက်သွားတော့"

ရဲအရာရှိက အလွန်သနားစရာကောင်းသည့်ပုံစံ ပေါက်နေသည့် လီရှို့အား စစ်ဆေးမေးမြန်းခန်းထဲကနေ ခေါ်ထုတ်သွားလေ၏။ စစ်ဆေးမေးမြန်းခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

ဆေးလိပ်ငွေ့များက တသွင်သွင်ပျံတက်နေ၏။

ရွှီဖန်း၏မျက်လုံးထဲ၌ ကြမ်းတမ်းရက်စက်သည့် အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။ လျိုမိသားစုမှ ထိုလျိုဟွာက ရွှီဖန်း၏အောက်ဆုံးစည်းကို ကျော်လွန်ခဲ့လေ၏။ ယွီကျန့်ဟိုင်နှင့် ဝမ်ကျုံးကျန့်တို့ကို ထောင်ထဲကနေ လွှတ်၍ ရွှီဖန်း၏မိန်းမကို ပစ်မှတ်ထားခဲ့သည့် အချိန်ကတည်းက ရွှီဖန်း သူတို့ကို သေဒဏ်ပေးပြီးသားပင်။

သူ သေရမည်!

သို့သော်ငြား မည်သို့ပင်ဆိုစေကာမူ ၂၁ ရာစုဖြစ်၏။ ထို့ကြောင့် ရွှီဖန်းသည် ရဲစခန်း၌ လျိုဟွာကို တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။ နောင်အခါမှာ အခွင့်အရေးများစွာ ရှိလာလိမ့်မည်။

သို့သော် ရွှီဖန်းကို အံ့အားသင့်စေသည်မှာ ထိုလျိုဟွာက ရိုးရှင်းပုံမရပေ။ တစ်ဖက်မှာ သူက "မွမ်းမံခြင်း" အစီအစဉ်ကို ရူးသွပ်နေပြီး နောက်တစ်ဖက်မှာလည်း ထိုအရာကို လုပ်ကိုင်ရာ၌ ကြီးမားသည့်အလုပ်အင်အားကို လိုအပ်၏။ ထိုအစီအစဉ်ကို အဆိုပြုခဲ့သူတစ်ဦးအနေဖြင့် လျိုဟွားက ငြင်းပယ်လို့မရသူဆိုတာ သိသာပေသည်။

ချိုးဆုအာ၏အိမ်မှာကတည်းက ရွှီဖန်းသည် လျိုမိသားစုက တစ်ယောက်ယောက် သူ့ကို စုံစမ်းထောက်လှမ်းနေသည်ဆိုတာကို သဘောပေါက်စပြုခဲ့သည်။

အခုတော့ အရာအားလုံးက နောက်ဆုံးမှာ ပေါ်ပေါက်လာလေပြီ။ အဆိပ်ပြင်းသည့်မြွေတစ်

ကောင်လို အမှောင်ထဲမှာ ပုန်းအောင်းနေသူက လျိုဟွားပင်။

မုဆိုးက သူ့သားကောင်အရှေ့မှာ ပေါ်လာလျှင်တော့ သူ့ခြိမ်းခြောက်မှုအများစုကို ဆုံးရှုံးရလိမ့်မည်။

ရွှီဖန်းသည် လျိုဟွား၏ပါးစပ်ကနေ ထွက်လာသော အံ့အားသင့်စရာဆိုသည့်အရာများကို မကြောက်ခဲ့ပေ။ 

သို့သော် ခဏအကြာတွင် စစ်ဆေးမေးမြန်းခန်းတံခါးက ထပ်ပွင့်လာသည်။ ဒီတစ်ခါမှာတော့ ရဲအရာရှိနှစ်ဦး ဝင်လာ၏။ သို့သော် ထိုနှစ်ယောက်က မျက်နှာစိမ်းများ ဖြစ်ကြသည်။

ရွှီဖန်းသည် စစ်ဆေးမေးမြန်းခန်းထဲမှ သံထိုင်ခုံ၏အနောက်ကို မှီလိုက်ပြီး တောင်ကြီးတစ်လုံးလိုမျိုး ငြိမ်သက်စွာ ရှိနေခဲ့၏။

စစ်ဆေးမေးမြန်းခန်းတံခါးကို ရဲတစ်ယောက်က ပိတ်လိုက်သည်။ နောက်ရဲတစ်ယောက်က သူ့သေနတ်ကို ဆွဲထုတ်၍ ပစ်တော့မလိုမျိုး ဖြစ်နေ၏။

ရွှီဖန်း၏လှုပ်ရှားမှုက သူတို့ကို စိတ်ပျက်လက်ပျက် ဖြစ်အောင် လုပ်နိုင်ခဲ့သည်။

သူတို့နှင့်အချိန်မဖြုန်းချင်တာကြောင့် ရွှီဖန်းသည် တိုက်ရိုက်ပင် အေးစက်စွာ ပြောလိုက်၏။

"မစ္စတာတို့ ခင်ဗျားတို့ရဲ့အဝတ်အစားပုံစံအရဆိုရင် ပြဇာတ်အဖွဲ့က ဟုတ်ပုံမရဘူး၊ ဘာအကြောင်း ပြောချင်လို့လဲ"

ရဲနှစ်ဦး၏မျက်နှာမှာ ရွှီဖန်း ပြောခဲ့သော 'ပြဇာတ်အဖွဲ့' ဟူသောစကားကြောင့် ဒေါသထွက်နေပုံရကာ နီရဲနေခဲ့သည်။ သို့သော် သူတို့သည် ကြောက်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး နောက်ထပ်တစ်လှမ်းမျှ ရှေ့ကိုတိုးရန် မဝံ့ရဲကြပေ။

ရဲနှစ်ဦးသည် စစ်ဆေးမေးမြန်းစားပွဲ၏တစ်ဖက်တစ်ခြမ်းတွင် ခပ်ဝေးဝေးရပ်နေကြသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တစ်ယောက်က ပြောလာ၏။

"မစ္စတာရွှီ ကျွန်တော်တို့ရဲ့အလုပ်ကို လေးစားပေးပါ၊ ခင်ဗျားပြောတဲ့စကားတိုင်းဟာ ဝန်ခံချက်ဖြစ်လာပါလိမ့်မယ်၊ ဥပဒေအရ တာဝန်ယူရမှာတွေ ရှိပါတယ်"

ရွှီဖန်းက သူ့ခြေထောက်များကို သူ့အရှေ့ရှိ စစ်ဆေးမေးမြန်းစားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး တင်လိုက်သည်။ သူ ရဲနှစ်ဦးအား မထီမဲ့မြင်ပြုစွာ ကြည့်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ ဆိတ်ဆိတ်နေလိုက်၏။

သိသာသည်မှာ ရွှီဖန်းသည် ထိုရဲနှစ်ဦးနှင့် အငြင်းပွားရန် စီစဉ်ထားခြင်းမရှိပေ။ တကယ်တမ်းပြောရလျှင် မည်သူကမျှ သူတို့လိုလူများနှင့် အငြင်းပွားနိုင်မည်

မဟုတ်ပေ။

နေရာအတော်များများတွင် သင့်ကို မနိုင်သော လူအုပ်စုတစ်စု ရှိသည်။ ထို့ကြောင့် သူတို့သည် သင့်ကို အကြောင်းပြချက်တစ်ခုခုဖြင့် တိုက်ခိုက်ကြလိမ့်မည်။ မနိုင်လျှင် လက်သီးဖြင့်မယှဥ်တော့ဘဲ သူတို့က သင့်ကို အမြဲကိုက်လာကြလိမ့်မည်။

ရွှီဖန်းသည် ထိုကဲ့သို့သော လူယုတ်မာများ၏ ထူးခြားသောစွမ်းရည်များနှင့် စိမ်းကားမနေပေ။ ထိုကဲ့သို့သော လူများကို သူ များစွာ မြင်ခဲ့ဖူးသည်။

ရဲနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် စားပွဲပေါ် စာရွက်စာတမ်းများ တင်လာ၏။

"မစ္စတာရွှီဖန်း ခင်ဗျားက ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ ပေါ်လာပြီး ကားနဲ့မောင်းထွက်သွားတဲ့အတွက် ခင်ဗျားကို ပေါက်ကွဲမှုရဲ့တရားခံဆိုပြီး သံသယရှိဖို့ လုံလောက်တဲ့အကြောင်းပြချက်တွေ ရှိပါတယ်၊ ဒါတွေက ကင်မရာ မှတ်တမ်းတွေ..."

ရွှီဖန်း လှောင်ရယ်ကာ လက်ဝှေ့ယမ်းလိုက်သည်။

"ထောင်ထဲဝင်လို့ပြောချင်ရင် ပြောလိုက်ပေါ့၊ ဘာတွေ လာပြောနေတာလဲ...ငါ အိပ်ချင်နေပြီ၊ မြန်မြန်လုပ်ကြ"

မတိုင်ခင်က စကားပြောခဲ့သည့် ရဲအရာရှိ၏မျက်နှာက နီရဲသွားလေ၏။ သူ လေခပ်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။

"မစ္စတာရွှီ ကျေးဇူးပြုပြီး"

နောက်ထပ်ရဲအရာရှိတစ်ဦးကလည်း ရွှီဖန်းဆီသို့ တုန်ယင်စွာ လျှောက်လာ၏။ သူ သော့ကိုထုတ်ပြီး အကြာကြီးကိုင်တွယ်ပြီးမှသာ စစ်ဆေးမေးမြန်းသည့်

ထိုင်ခုံပေါ်မှာ ရွှီဖန်းကို ချုပ်ထားသောသံကြိုးကို လော့ခ်ဖွင့်နိုင်ခဲ့သည်။

ရွှီဖန်းက ရဲနှစ်ဦးအနောက်ကိုလိုက်၍ အကျဥ်းထောင်ဆီသို့ ဦးတည်သွားခဲ့၏။

ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူကို ထောင်ထဲမှာ ပိတ်လှောင်ရန်အတွက် သင့်တော်သောအကျဥ်းထောင်က ဒီနေရာမဟုတ်ဘဲ တခြားနေရာမှာ ရှိကောင်းရှိနိုင်လိမ့်မည်။

အခုတော့ သူ စောင့်ရတာ ငြီးငွေ့လာသည့်အခါ သူ့ခန္ဓာကိုယ်ထဲရှိ မိုးပျံအိုးသိုင်းကျမ်းကို လည်ပတ်၍ သူ ထွက်သွားနိုင်သည်။

ရွှီဖန်း ရဲစခန်းထဲသို့ဝင်ရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာ လျိုမိသားစုကလွှတ်လိုက်သောလူများကို တွေ့ချင်တာကြောင့်လည်း ပါသလို ဗိုလ်မှူးဝူ ပြောသည့် ဦးစီးအရာရှိကြီးကို စောင့်ချင်တာကြောင့်လည်း ပါ၏။

ထိုကြောင့် ရွှီဖန်း ဘာမှမပြောနေဘဲ ရဲနှစ်ဦးအနောက်ကို တိတ်ဆိတ်စွာ လိုက်ပါသွားခဲ့ပြီး အကျဥ်းထောင်ဆီကို လျှောက်သွားခဲ့သည်။

တံခါးတစ်ချပ်ကို ဖွင့်လိုက်တော့ မီးရောင်များက ရုတ်တရက် မှေးမှိန်သွားပြီး လေထုမှာ အနည်းငယ် အေးစက်စက်ဖြစ်သွား၏။ နှစ်ဖက်စလုံးတွင် သံလှောင်အိမ်များ ရှိနေသည်။ အကျဉ်းသားများက ရွှီဖန်းဝင်လာတာကို မြင်သောအခါ အားလုံးက ဝမ်းသာအားရ အော်ဟစ်လာကြ၏။

ထိုအရာသည် အသစ်ရောက်လာသူများကို ကြိုဆိုနေသော အထူးအခမ်းအနားတစ်ခုကဲ့သို့ပင်။ အော်ဟစ်ရယ်မောသံများနှင့် စိတ်အားထက်သန်နေသည့် သီချင်းသီဆိုသံများမှာ လူ့နှလုံးသားအား အရူးအမူး တီးခတ်နေသော ဗုံသံများကဲ့သို့ ဖြစ်နေသည်။

ရုတ်တရက် ပေါက်ကွဲသံတစ်ခုလို အော်ဟစ်သံတစ်သံက ထွက်ပေါ်လာ၏။

"ပါးစပ်ပိတ်!"

ကောင်းကင်ကိုတုန်လှုပ်စေသော အားပေးသံများနှင့် ရူးသွပ်နေသည့်ဗုံသံများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။ ထိုအသံဟာ သူတို့၏ ဘုရင်လိုမျိုး မြင့်မြတ်ကာ မေးခွန်းပြန်စရာမလိုသည့် အသံမျိုး ဖြစ်နေခဲ့၏။

ရဲနှစ်ဦးကလည်း ထိုအသံကို ကြားသောအခါ တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြသည်။ သို့သော် သူတို့၏ပါးစပ်ထောင့်စွန်း၌ ကျေနပ်အားရသော အပြုံးတစ်ခုကို ချိတ်ဆွဲထားကြပြီး သူတို့၏မျက်လုံးများကတော့ ကြီးမားသည့်ရန်ငြိုးဖြင့် ပြည့်လျှံနေခဲ့သည်။

******************

All Chapters