← Chapters

ငါးမန်းသွား

Vol. 27 Ch. 399

ငါးမန်းသွား

Vol. 27 Ch. 399

ရဲနှစ်ဦး ခေါင်းလှည့်ကြည့်လိုက်သောအခါ ရွှီဖန်းက အရင်အတိုင်း တည်တည်ငြိမ်ငြိမ်ပင် ရှိနေသေးတာကို တွေ့လိုက်ရသည်။ သူတို့ နှာခေါင်းရှုံ့၍ ရှေ့ဆက်လျှောက်သွားကြ၏။ ဦးတည်ရာကတော့ ဟိန်းသံထွက်ပေါ်လာသည့်ဘက်ပင်။

လူဆိုးများမှာလည်း သူတို့ စိုးရိမ်ရသည့်လူဆိုးများ အမြဲရှိလေသည်။ ဒီထောင်ထဲမှာဆိုလျှင် ရွှီဖန်းက ဒုရဲမှူးလီ၏လက်ထဲကနေ ဘယ်လိုလုပ် လွတ်မြောက်နိုင်မည်နည်း။

သူတို့ ရပ်ကာ တံခါးဖွင့်လိုက်၏။ ရဲနှစ်ဦးသည် တံခါး၏ဘေးတစ်ဖက်တစ်ချက်မှာ ရပ်၍ ရွှီဖန်းကို ကြည့်နေကြသည်။

သူတို့မျက်လုံးထဲရှိ အဓိပ္ပာယ်မှာ နေ့ခင်းလို ရှင်းလင်းနေလေ၏။

ရွှီဖန်းကတော့ အကျဥ်းထောင်ထဲကို တည်တည်ငြိမ်ငြိမ်သာ လျှောက်ဝင်သွားသည်။ ကျားတစ်ကောင်က ပုရွက်ဆိတ်များ၏အတွေးကို ဘယ်တော့မှ ဂရုမစိုက်ပေ။ ထို့အတူ ရွှီဖန်းကလည်း ရဲနှစ်ဦး၏အတွေးကို သဘာဝကျစွာပင် ဂရုမစိုက်။

သံတံခါးက ပြန်ပိတ်သွားခဲ့၏။ ရဲနှစ်ဦးကလည်း ဘာစကားမှမပြောတော့ဘဲ လှည့်ထွက်သွားကြသည်။ သူတို့၏ဖိနပ်သံများက ကြမ်းပြင်ပေါ်နင်းလိုက်သည်နှင့် တချောက်ချောက် မြည်နေ၏။

သူတို့က အလွန်မြန်မြန် လျှောက်သွားကြသည်။ တစ်စက္ကန့်လောက် ပိုနေလျှင် မမြင်သင့်သည့် အရာတစ်ခုခုကို မြင်မိမှာ ကြောက်နေသကဲ့သို့ပင်။ မျက်တောင်တစ်ခတ်စာအတွင်းမှာပင် ထိုဖိနပ်အသံများက ပျောက်ကွယ်သွားခဲ့၏။

ရွှီဖန်း သူ့အရှေ့က အခန်းကို ပေါ့ပေါ့ပါးပါး ဝေ့ကြည့်လိုက်သည်။ အခန်းက ကျောင်းတုန်းက နေခဲ့ရသည့် အဆောင်ခန်းအရွယ်လောက် ရှိ၏။ ကုတင်ရှစ်လုံး၊ နှစ်ထပ်ကုတင်များနှင့် ရေချိုးခန်းတစ်ခန်း ပါရှိသည်။ သို့သော် ရေချိုးခန်းမှာ နံရံမရှိသလို ထိုင်လို့ရသည့်အိမ်သာလည်း မဟုတ်ပေ။

အလင်းရောင်က အနည်းငယ် မှိန်နေ၏။ သေးငယ်လှသော ပြတင်းပေါက်မှ အလင်းရောင် အနည်းငယ်သာကျနေသော်လည်း ရွှီဖန်းကတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်တုန်းပင်။ ကုတင်ရှစ်လုံးထဲတွင် ခြောက်လုံးက လူရှိနေ၏။ ကျန်နှစ်လုံးကတော့ ဇလုံများနှင့် တခြားသော နေ့စဉ်သုံးပစ္စည်းများဖြင့် ပြည့်နေခဲ့သည်။ 

လက်ရှိအချိန်တွင် သူတို့ခြောက်ယောက်စလုံးသည် ရွှီဖန်း ဝင်လာတာကို မြင်သော်လည်း ဘာမှမပြောလာကြပေ။ လူကို သတိမထားမိသလိုမျိုး ရွှီဖန်းအား လှည့်တောင် မလှည့်ကြည့်ကြပေ။

အခန်းထဲရှိ တိတ်ဆိတ်မှုက ရွှီဖန်း၏ခြေသံများကြောင့် ချက်ချင်း ပျက်စီးသွားခဲ့၏။ ရွှီဖန်း ခဏလောက် ရပ်နေပြီးမှ ကုတင်တစ်လုံးဆီသို့ လျှောက်သွားခဲ့သည်။

ရွှီဖန်း ဦးတည်နေသောကုတင်သည် အိမ်သာနှင့် အဝေးဆုံးမှာ ရှိ၏။ အလင်းရောင်ကလည်း အကောင်းဆုံးရကာ အောက်ထပ်ကုတင်မှာ လူရှိနေသည်။

သို့သော် အောက်ထပ်ကုတင်ပေါ်မှာ လှဲနေတဲ့သူက သာမန်အကျဥ်းသား မဟုတ်ပုံရ၏။

ရွှီဖန်း ထိုကုတင်အရှေ့မှာ ရပ်လိုက်သည်။ ထို့နောက် ခေါင်းကိုခုကာ ခြေထောက်ချိတ်ထားလျက် ကုတင်ပေါ်မှာ လှဲနေသည့် ထိပ်ပြောင်အမျိုးသားတစ်ဦးကို ပြောလိုက်၏။

"ငါ မင်းနဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ်"

ထိပ်ပြောင်အမျိုးသားက သူ့မျက်ခွံကို ပင့်မလျက် မျက်လုံးဖွင့်လာသည်။ သူက ရွှီဖန်းအား မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်လာလေ၏။

ထိပ်ပြောင်အမျိုးသားက ရွှီဖန်း၏စကားကို ပြန်မဖြေဘဲ လက်ဝှေ့ယမ်းကာ "မီးဖွင့်စမ်း!"ဟု ပြောလာသည်။

"ဖျတ်!"

မီးဖွင့်လိုက်တော့ ခပ်ဖျော့ဖျော့အဖြူရောင်အလင်းရောင်မှာ ထိုးကျလာပြီး ထိပ်ပြောင်အမျိုးသား ၏ ခန္ဓာကိုယ်ပေါ်မှ တက်တူးများကို ရှင်းလင်းမြင်သာစေခဲ့၏။ သို့သော်ငြား လက်ရှိအချိန်တွင် ထိပ်ပြောင်အမျိုးသား၏မျက်နှာပေါ်၌ ဒေါသ မရှိနေပေ။ ထိုအစား မယုံကြည်နိုင်မှုများဖြင့် ပြည့်နေခဲ့သည်။

ကျန်သည့်အကျဉ်းသားငါးယောက်ကတော့ ပိုပြီးရိုးရှင်းလေ၏။ သူတို့တစ်ယောက်ချင်းစီက ကုတင်ပေါ်ကနေ ထလာကြသည်။ ကုတင်ပေါ်က ဆင်းလာပြီးနောက် ကစားလိုသည့်အပြုံးများဖြင့် ရွှီဖန်းကို ဝိုင်းရံလာကြ၏။

ရွှီဖန်းကတော့ သူ့ကို ကစားလိုသည့်အပြုံးများဖြင့် ဝိုင်းရံထားသော အကျဉ်းသားငါးယောက်ကို ဂရုမစိုက်ပေ။ သူ မျက်ခုံးပင့်လိုက်ကာ ထိပ်ပြောင်အမျိုးသားကို ပြောလိုက်သည်။

"ကြည့်ရတာ မင်းရဲ့အခြေအနေက ခက်ခဲနေတဲ့ပုံပဲ"

သူ့ကိုယ်ပေါ်ရှိ တက်တူးများက အသက်ဝင်လာသလို ဖြစ်သွားခဲ့သော်လည်း သူက ဒေါသမထွက်ပေ။ ထိုအစား ရွှီဖန်းကို လေးနက်စွာ ကြည့်၍ စကားလုံးတစ်လုံးချင်းစီ ပြောလာ၏။

"ငါ့အခြေအနေက မခက်ခဲပါဘူး..လုံးဝမခက်ခဲဘူး၊ ငါ ယုံနိုင်ဖို့ ခဲယဥ်းနေတာပဲ ရှိတယ်၊ ပြီးတော့ နောက်ထပ်တစ်ခုက...ဝမ်းနည်းမိတယ်"

ခုနက အော်ဟစ်လိုက်သည့်အသံက ဤအကျဉ်းသားဆီကနေ ထွက်လာတာမှန်း သံသယဖြစ်စရာမရှိပေ။ ရွှီဖန်း၏စိတ်က မကြည်မလင်ဖြစ်နေသော်လည်း သူ စိတ်ရှည်စွာ မေးလိုက်သည်။

"အဲ့လောက်ပဲလား"

ထိပ်ပြောင်အမျိုးသား၏မျက်နှာပေါ်မှ ပျော်ရွှင်နေသောအမူအရာက လျော့ပါးသွားခဲ့ပြီး အနည်းငယ် ဒေါသထွက်လာလေ၏။

ကျန်သည့်အကျဉ်းသားငါးယောက်က ရွှီဖန်းကို လက်ညှိုးထိုးကာ ရယ်လာကြသည်။ 

"ကောင်လေး ဒီမှာ လူဘယ်နှစ်ယောက်က သေဆုံးခဲ့ပြီးပြီလဲဆိုတာ မင်းသိရဲ့လား"

"ဘော့စ်က ဒေါသထွက်နေပြီ၊ ဒီကောင်က တကယ်ကို မစဥ်းစားမဆင်ခြင်တာပဲ"

"ဒီကို ပို့လာတဲ့အကျဉ်းသားတွေက အသတ်ခံရဖို့ တမင်တကာ အပို့ခံခဲ့ရတာ ဖြစ်နိုင်တယ်"

ထိပ်ပြောင်အမျိုးသားက သူ့ခန္ဓာကိုယ်ကို တစ်ဖြောင့်တည်းထားလိုက်ပြီး ရွှီဖန်းအရှေ့မှာ ရပ်လာ၏။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အမူအရာရှိနေခဲ့ပြီး ခေါင်းခါယမ်း၍ ပြောလာသည်။

"လူသေတစ်ယောက်ပဲဟာ...ဘယ်လောက်ထိ ဝမ်းနည်းစရာကောင်းလဲ"

ရွှီဖန်းလည်း ခေါင်းခါယမ်းကာ လေးနက်သောမျက်နှာဖြင့် ပြောလိုက်၏။

"အစကတော့ မင်းရဲ့ကုတင်ကို ငါ့ပေးပြီး မင်း အဲ့ဒီနေရာကနေ ငရဲကိုသွားရုံပဲ လိုအပ်တယ်၊ ဒါပေမယ့် အခုတော့ အဲ့ဒါတောင် ဖြစ်နိုင်တော့မယ် မထင်ဘူး"

ထိပ်ပြောင်အမျိုးသားက အနည်းငယ် မှင်သက်သွားလေသည်။ ထို့နောက် ခေါင်းကိုမော့ကာ ကျယ်လောင်စွာ ရယ်မောလာ၏။

"မင်းက အပေါ်ထပ်ကုတင်ကို လိုချင်နေတယ်လို့ ငါထင်ခဲ့တာ ဒါပေမဲ့ မင်းက ငါ့နေရာကို လိုချင်တာကိုး၊ စိတ်ဝင်စားစရာပဲ...စိတ်ဝင်စားစရာပဲ"

ထိပ်ပြောင်အမျိုးသားက ရယ်မောလိုက်သည့်အခါ အကျဉ်းသားငါးယောက်လည်း မထိန်းနိုင်ဘဲ ရယ်မောလာကြသည်။ ဗုံသံများက ထောင်ထဲတွင် တစ်ဖန် မြည်ဟိန်းလာ၏။

ထိုဗုံသံက အသစ်ရောက်လာသူများကို ကြိုဆိုသည့် အခမ်းအနားတင် မဟုတ်ပေ။ သေဆုံးသွားသူများအတွက်လည်း ဈာပနပွဲဖြစ်သည်။

"ငါ ဒီထဲကိုရောက်ပြီးကတည်းက လူ၁၇ယောက်ကို သတ်ခဲ့တယ်၊ သူတို့ထဲက တချို့က ငါ မကြိုက်တဲ့လူတွေ၊ တချို့က စည်းကမ်းချိုးဖောက်တဲ့လူတွေ၊ ငါးမန်းသွားဆိုတဲ့ ငါ့ကို ထိဖို့ ရည်ရွယ်ချက်ရှိနေသူကတော့ မင်းက ပထမဆုံးပဲ"

ငါးမန်းသွားသည် လွန်ခဲ့သောသုံးနှစ်က ငါးမန်းသွားဂိုဏ်း၏ ခေါင်းဆောင်ဟောင်းတစ်ယောက် ဖြစ်ခဲ့၏။ ထို့အချိန်က သူ့မျက်လုံးများမှာ ပြင်းထန်သော တိုက်ခိုက်လိုစိတ်ကြောင့် နီရဲနေခဲ့သည်။ သူ ဓားကိုကောက်ကိုင်ကာ ရဲအရာရှိများဆီ ပြေးဝင်၍ ခုတ်ချခဲ့ကာ သူ၏ကြမ်းတမ်းသောစိတ်ဓာတ်ကို ပြသခဲ့လေ၏။

နောက်ဆုံးမှာတော့ ငါးမန်းသွားသည် ရင်ဘတ်ကို သေနတ်ထိမှန်ကာ ဒီမှာ အကျဉ်းချခံခဲ့ရသည်။ သူ့ဘေးနားရှိ လူအနည်းငယ်ကလည်း ငါးမန်းသွားဂိုဏ်း၏ အဖွဲ့ဝင်များသာ ဖြစ်၏။

နားကွဲမတတ်ဗုံသံကို နားထောင်နေရင်း ငါးမန်းသွား၏မျက်လုံးများက တဖြည်းဖြည်း အေးစက်လာသည်။

"ဒါပေမဲ့ မင်းတို့အားလုံးမှာ တူညီတဲ့အချက်တစ်ခု ရှိတယ်၊ အဲ့ဒါကတော့ မင်းတို့အားလုံး ဒီအခန်းထဲကို ရောက်လာကြတာပဲ"

ရွှီဖန်း ခေါင်းညိတ်လိုက်၏။

"ဒါဆို ဒီလိုကိုး...မင်းက လီရှို့ရဲ့ခွေးဆိုမှတော့ မင်းကို ငါသတ်လိုက်ရင် မမှားဘူးပေါ့"

ထိုစကားကို ကြားတော့ ငါးမန်းသွား၏ အကြည့်များက အေးစက်သွားလေသည်။ သူ လီရှို့နှင့် သဘောတူထားတာ ရှိ၏။ သူက လူသတ်ပေးမည်၊ အပြန်အလှန်အနေဖြင့် ဆေးလိပ်နှင့် တခြားဆုကြေးများ ရမည်။ ဒီဘဝကနေ မထွက်နိုင်တော့သည့်အတွက် ပိုကောင်းမွန်သောဘဝမျိုးမှာ ဘာကြောင့် မနေချင်ရမည်နည်း။

သို့သော်ငြား ရွှီဖန်းက သူ့ကို လီရှို့၏ခွေးဟု ခေါ်လာတာကို ငါးမန်းသွားက သည်းမခံနိုင်ပေ။ 

ငါးမန်းသွား၏မျက်လုံးများက နီရဲလာပြီး လုံးဝ ရူးသွပ်သွားလေသည်။ သူ လည်ပင်းနှင့် လက်ကောက်ဝတ််များကို လှုပ်ရှားကာ ရွှီဖန်းဆီသို့ မျက်နှာမည်းမှောင်စွာဖြင့် လျှောက်သွားခဲ့၏။ 

"အစကတော့ မင်း ဒီလောက်ကြီးအထိ ခံစားစရာမလိုဘူး၊ နာကျင်မှုနည်းနည်းလောက်ပဲ ခံစားရပြီး မျက်လုံးမှိတ်သွားရမှာ၊ ဒါပေမဲ့ အခုတော့ မင်းခန္ဓာကိုယ်ထဲက အရိုးတိုင်းကို ငါ ချိုးပစ်မယ်၊ ကောင်လေး...ငါ့နာမည်ကို မှတ်ထား...မင်းရဲ့ နောက်ဘဝမှာ..."

ရွှီဖန်းသည် ငါးမန်းသွား ဆက်ပြောလာမည့်စကားကို စောင့်ရန် စိတ်မရှည်ပေ။ သူ့စကားမဆုံးခင်မှာပင် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် သူ့လက်ကို တိုက်ရိုက်ဆန့်ထုတ်ကာ ငါးမန်းသွား၏လည်ပင်းကို မလိုက်သည်။

"စကားများလွန်းတယ်!"

ရွှီဖန်း သူ့လက်ထဲတွင် အားအနည်းငယ်ထည့်၍ ငါးမန်းသွားကို လေထဲတွင် ခပ်မြင့်မြင့် မြှောက်တင်လိုက်၏။ ထို့နောက် သူ လှည့်ကာ ငါးမန်းသွား၏ရင်ဘတ်ကို ကန်လိုက်သည်။

ငါးမန်းသွားသည် လေးကနေ လွတ်ထွက်သွားသော မြှားကဲ့သို့ သံတိုင်များဆီ ပျံထွက်သွားခဲ့၏။

"ဘုန်း!!"

သံတိုင်များမှာ ကြောက်စရာကောင်းသည့်အကွေးပုံစံဖြင့် ကွေးသွားရသည်။ ၎င်းမှာ စက်ဝိုင်းတစ်ခြမ်းကဲ့သို့ပင်။ ထို့နောက် ငါးမန်းသွားမှာမူ ထိုစက်ဝိုင်းတစ်ခြမ်းထဲတွင် ပိတ်မိနေလေ၏။ သူ့မျက်လုံးများကတော့ မယုံကြည်နိုင်မှုများဖြင့် ပြည့်နေဆဲဖြစ်ကာ သွေးအန်၍ သတိလစ်သွားခဲ့သည်။

သူ့လက်များကို ပုတ်လျက် ရွှီဖန်းသည် ပါးစပ်များ ဟောင်းလောင်းပွင့်နေသော ဘေးနားရှိ အကျဉ်းသားများကို သာမန်ကာလျှံကာ ဝေ့ကြည့်လိုက်လေ၏။

*********************

All Chapters