လီရှို့
Vol. 27 Ch. 403
ဟွမ်းယွမ် ခေါင်းညိတ်လိုက်သည်။ သူ မျက်ရည်များကို သုတ်၍ သူ့ကုတင်ပေါ်သို့ ယိုင်တိုင်တိုင်ဖြင့် တက်သွားခဲ့၏။ သို့သော်ငြား သူ အိပ်မပျော်ပေ။ သူ့မျက်လုံးထဲ၌ မုန်းတီးမှုများ ပြည့်နှက်နေခဲ့သည်။
တက္ကသိုလ်ကျောင်းသားလူငယ်လေးတစ်ယောက်က လူမှုဘဝထဲကို ဝင်ရောက်၍ အရောင်စုံလင်လှသောဘဝကို ကြိုဆိုရတော့မည့်အချိန်မှာ ဒီလိုကိစ္စမျိုးနှင့် ကြုံခဲ့ရ၏။ သူ့ခံစားချက်များက လိမ်လည်ခံခဲ့ရရုံသာမက သူ့အသက်ကိုပါ သူများက ယူသွားလေပြီ။
ရွှီဖန်းသာ သတိမပေးခဲ့လျှင် ဟွမ်းယွမ်သည် သူ့ကို သေစေခဲ့သောလူများအတွက် အလုပ်လုပ်ရင်း တစ်ကယ်သေဆုံးသွားနိုင်သည်။
ဟွမ်းယွမ်က ရွှီဖန်း၏ကတိကို လက်မခံချင်ပေ။ သို့သော်လည်း သူ ရွှီဖန်း၏စကားများကို တွန့်ဆုတ်ခြင်းမရှိဘဲ ယုံကြည်ရန် ရွေးချယ်ခဲ့၏။
ပထမဆုံးအနေနှင့် ရွှီဖန်း ပြသခဲ့သော အံ့ဖွယ်စွမ်းရည် ဖြစ်သည့် သွေးဖိအားအမှတ်များကို ပိတ်ခြင်းပင်။ သူ့လက်ညှိုးတစ်ချက်လောက်ကို တောက်ရုံဖြင့် လူတစ်ယောက်ကို မီတာအများအပြားအထိ ရောက်အောင် လေထဲပစ်တင်နိုင်သည်။ ဒီလိုလူမျိုးက ရေကန်ထဲက ဖားသူငယ်ဖြစ်နိုင်ပါ့မလား။
နောက်တစ်ဖက်မှာတော့ ဟွမ်းယွမ်ထံ၌ ထွက်ပေါက်မရှိတော့ပေ။
ညင်သာသောထောင်ချောက်တစ်ခုက ဟွမ်းယွမ်၏နောက်ဆုတ်နိုင်ခွင့်ကို လုံးဝ ဝါးမျိုလိုက်ချေပြီ။ သူ့ဘက်မှ ရွှီဖန်းကို ကိုက်သည်ဖြစ်စေ၊ မကိုက်သည်ဖြစ်စေ သူကတော့ အကြာကြီး အသက်ရှင်နိုင်မည် မဟုတ်ပေ။
အဆုံးမရှိသော အမှောင်ထုထဲ၌ ဟွမ်းယွမ် သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူ့ပါးစပ်ထောင့်ရှိ သွေးများကို မြည်းစမ်းရင်း မုန်းတီးမှုများပြည့်နေသော သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။
ရွှီဖန်း ခြေချိတ်ထိုင်၍ မိုးပျံအိုးသိုင်းကျမ်းကို ဆက်ပြီး ကျင့်ကြံနေခဲ့သည်။ ယခင်ဉာဏ်အလင်းပွင့်ခြင်းက ရွှီဖန်းကို အများကြီး ကူညီခဲ့၏။ အခု ရွှီဖန်း ကျင့်ကြံလိုက်သောအခါ ရုတ်တရက်ပင် တစ်ခုခုပွင့်သွားသလိုမျိုး ခံစားလိုက်ရသည်။ သူ့ကိုယ်ထဲရှိ ချီလည်ပတ်မှုအရှိန်မှာ ပုံမှန်ထက်ပင် ပိုမြန်နေ၏။
ညက တိတ်ဆိတ်စွာပင် ကုန်ဆုံးသွားခဲ့သည်။ထွက်ပေါ်လာသော နေမင်းအောက်တွင် ရေခဲလို အေးစက်နေခဲ့သော အမှောင်ထုဟာလည်း ဆီးနှင်းဖြူကဲ့သို့ တိတ်ဆိတ်စွာ အရည်ပျော်သွားခဲ့ပြီး အမှောင်ထုအားလုံး မှေးမှိန်သွားလေ၏။
မိုးလင်းသည်နှင့် နေရောင်ခြည်က မြို့၏ထောင့်တိုင်းကို ထွန်းလင်းပေးနေခဲ့ပြီး စိတ်ထဲ၌ နွေးထွေးမှုခံစားလိုသောသူများကို နွေးထွေးစေခဲ့သည်။ သို့သော်ငြား မည်သို့ပင်ဆိုစေကာမူ လီရှို့၏အေးစက်နေသောနှလုံးသားကိုတော့ မနွေးထွေးစေခဲ့ပေ။
မူလကတော့ လျိုမိသားစုအတွက် အလုပ်လုပ်ပေးရခြင်းသည် လီရှို့၏အကြီးမြတ်ဆုံး ဂုဏ်အသရေဖြစ်ခဲ့၏။ ဒီနေ့အထိလည်း လီရှို့က ထိုကဲ့သို့ထင်နေတုန်းပင်။
လီရှို့က လျိုမိသားစု၏တန်ဖိုးထားမှုကို ခံယူထားသူ ဖြစ်သည်။ လျိုမိသားစုလို ခွန်အားကြီးမားသည့်သတ္တဝါကြီးတစ်ကောင်၏သွားကြားထဲကနေ တစ်စုံတစ်ခုကို တူးထုတ်နိုင်ခြင်းက လီရှို့၏တစ်သက်စာလုံး ပျော်မွေ့စေရန် လုံလောက်တာ
ထက် ပို၏။
ဒီလိုအခွင့်အရေးမျိုးက အလွန်ရှားပါးပေသည်။
လီရှို့က အလွန်ကြိုးစားသူတစ်ယောက်ပင်။ လျိုမိသားစု၏အမိန့်ကို ကြားသည်နှင့် ချက်ချင်းပင် အကောင်အထည်ဖော်ခဲ့၏။ ယွီကျန့်ဟိုင်၊ ဝမ်ကျုံးကျန့်တို့ကို လွှတ်ပေးပြီး ပေါက်ကွဲပစ္စည်းများ ပေးခဲ့သည်။ ထို့နောက် ချက်ချင်းပင် ရဲကို သတိပေး၍ ရွှီဖန်းကို ဖမ်းစေ၏။
လီရှို့က သူ့ကိုယ်သူ ဂုဏ်ယူတတ်သည်။ ဘယ်သူလုပ်လုပ် သူကိုယ်တိုင်လုပ်တာထက် ပိုကောင်းအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်ငြား ဒီနေ့အထိတိုင်အောင် လျိုမိသားစုမှ သခင်လေးက သူ၏နှစ်သက်မှုကို မပြသေးပေ။
လီရှို့ နားလည်သည်။ ထိုအရာအားလုံးက ရွှီဖန်းကြောင့်ပင်။
ရွှီဖန်းက သူ့ကိုပေးအပ်သည့်ပြစ်ဒဏ်ကို သဘောမတူခဲ့ဘဲ ရင်ဘတ်ကို တမင်တကာ ကော့ကာ တုတ်ကိုသာ မချိုးပစ်ခဲ့လျှင် သူက ဘယ်လိုလုပ်ပြီး တုတ်နှင့် ပြန်အထိုးခံရကာ သတိမေ့သွားမည်နည်း။
ဒါတွေသာ မဖြစ်ခဲ့ဘူးဆိုလျှင် လျိုမိသားစုက သခင်လေးက သူ့ကို ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မည်နည်း။ သူ့ကို အကြာကြီး ချီးမွမ်းနေသင့်သည် မဟုတ်ပါလော။
လျိုမိသားစုသခင်လေးက အနည်းငယ်မျှသာ အသက်ရှူထုတ်လိုက်ရုံဖြင့် သူ နောက်ထပ် အနည်းငယ်မျှ ရှေ့ဆက်တိုးနိုင်လိမ့်မည်။ သို့မဟုတ် တစ်ဆင့်ချင်းစီ တက်လှမ််းရမည်ဆိုလျှင်လည်း အဆင့်သစ်တစ်ခုလုံးကို တက်ရောက်ရန် ခက်ခဲမည် မဟုတ်ပေ။
ဒါကြောင့် အားလုံးက ရွှီဖန်း၏အပြစ်ပင်။
အစမှသည် အဆုံးအထိ သူက လျိုဟွား၏ခွေးသက်သက်ပဲဆိုတာကို ဝန်ခံရန် ငြင်းဆန်ခဲ့၏။
သို့ပေမည့် လျိုမိသားစု၏စစ်တုရင်ကစားပွဲကို စဉ်းစားမိသောအခါ လီရှို့၏မျက်နှာပေါ်မှာ အပြုံးတစ်ခုထပ်ပေါ်လာသည်။
HIVကူးစက်ခံရပြီး သေလုမြောပါးလူတစ်ဦးကို ရွှီဖန်းရှိသည့်ထောင်ထဲ ထည့်ခဲ့၏။ ညသန်းခေါင်ယံမှာ သူ့လည်ပင်းကို ညင်သာစွာ ကိုက်လိုက်ရုံဖြင့် လီရှို့ဘက်မှ သူ့ကို ကန်ခဲ့လျှင်တောင် ရွှီဖန်းက ဒူးထောက်လျက် သနားပါရန် တောင်းပန်လိမ့်မည် မဟုတ်ပါလော။
အကိုက်မခံရလျှင်တောင် ကိစ္စမရှိပေ။ HIV က သွေးကနေမှ ပျံ့နှံ့တာမျိုး မဟုတ်ပေ။ တစ်နေ့တာလုံးမှာ လီရှို့သည် ရွှီဖန်းအတွက် အံ့အားသင့်စရာများစွာ ပြင်ဆင်ထားပေးခဲ့သည်။
ဟုတ်၏။ ထိုအကြံကတော့ လျိုဟွားဆီမှဖြစ်ပြီး လီရှို့ကတော့ စေခိုင်းခံရသူသက်သက်သာ။
ဒီလိုဆိုလျှင်တောင် လီရှို့ကို စိတ်လှုပ်ရှားစေရန် လုံလောက်သည်။
ရွှီဖန်းက ဒူးထောက်ပြီး တောင်းပန်နေတာကို စိတ်ကူးကြည့်နေရင်း လီရှို့မှာ ထောင်သို့ ချက်ချင်းပင် သွားချင်နေလေပြီ။
လီရှို့၏အမိန့်ကို လိုက်နာ၍ ထောင်ထဲရှိ မီးသီးများအားလုံး ပွင့်လာ၏။ မနက်စာများ တစ်ခုပြီးတစ်ခု ယူဆောင်လာပြီး အကျဉ်းသားများ၏လက်ထဲ
ထည့်ပေးလာကြသည်။
လီရှို့လည်း အချိန်တန်ပြီဟု ယူဆကာ ရွှီဖန်း၏အခန်းဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်၏။
လီရှို့ ဤခံစားချက်ကို အလွန်ကြိုက်သည်။ အောင်ပွဲက သူ့လက်ဖဝါးထဲမှာပင်။ တစ်ပါးသူ၏ ရှင်သန်ခြင်းနှင့် သေခြင်းတရားကို ထိန်းချုပ်နိုင်သကဲ့သို့ပင်။
လီရှို့က ရွှီဖန်းကို နင်းခြေ၍ "ဒီရဲစခန်းမှာ ငါ လီရှို့က နတ်ဘုရားပဲ"ဟု အေးစက်စွာ ပြောချင်ခဲ့သည်။
သူ့အဝတ်အစားများကို ပြင်ဆင်၍ ကြီးမြတ်သောအမူအရာတစ်ခုကို ပြုလုပ်ပြီးနောက် လီရှို့သည် ရွှီဖန်း၏အခန်းအပြင်ဘက်ကို လျှောက်သွားကာ သံတန်းထဲကနေ အခန်းထဲသို့ ကြည့်လိုက်၏။
မြင်လိုက်ရုံဖြင့် လီရှို့မှာ ဒေါသထွက်လွန်း၍ သူ့နှာခေါင်းပင် ရွဲ့သွားမတတ်ပင်။
အကျဉ်းသားငါးယောက်က သူတို့၏မနက်စာများကို ရွှီဖန်းအရှေ့မှာ တင်ပေးနေပြီး မြှောက်စားလိုသော အပြုံးများကို ပြသနေကြသည်။ ရွှီဖန်းကတော့ မနက်စာကို မစားချင်ဘူးဆိုသည့် သဘောဖြင့် သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းနေ၏။
မစားချင်ရင် မစားနဲ့ပေါ့! ဘာလုပ်ဖို့ ကြိုးစားနေတာလဲ! မင်းက သေတော့မှာကို ဘာလို့ ဟန်ဆောင်နေသေးတာလဲ!
ဟွမ်းယွမ်အမည်ရှိ အကျဉ်းသားသစ်ကို ကြည့်လိုက်တော့ လီရှို့မှာ တစ်ဖန် ဒေါသထွက်ရပြန်သည်။
ငါ ဒီကို ဒီလောက်ကျယ်လောင်နေတဲ့အသံနဲ့ လျှောက်လာခဲ့တာ! ဘာလို့ မင်းက ငါ့ကို လှည့်
တောင်မလှည့်ကြည့်တာလဲ! ငါ့ကို သတင်းအချက်အလက်လေးနည်းနည်းတော့ ပြန်ပေးဦးလေ! မင်းအရှေ့က မနက်စာက ဒီလောက်တောင် အရသာရှိနေလို့လား။
လီရှို့မှာ လေကို ခပ်ပြင်းပြင်းရှူသွင်း၍ သူ့စိတ်ထဲရှိ မတည်ငြိမ်မှုများကို ထိန်းချုပ်လိုက်ရ၏။ သူ အနည်းငယ်ချောင်းဆိုး၍ ရွှီဖန်းကို ထပ်အော်လိုက်သည်။
"ရွှီဖန်း! လူတိုင်းက မနက်စာစားနေတာကို မင်းတစ်ယောက်တည်းက ဘာလို့ မစားချင်တာလဲ"
ရွှီဖန်း မျက်ခွံပင့်ကြည့်လိုက်၏။ လီရှို့ကို မြင်သောအခါ သူ့မျက်ခွံများကို ပြန်ချလိုက်သည်။
ရွှီဖန်း ဆိုလိုချင်သည့် အဓိပ္ပာယ်က ရှင်း၏။
မင်းက ခွေးသက်သက်ပဲ...မင်းနဲ့ စကားပြောဖို့ ငါ စိတ်မဝင်စားဘူး။
ရွှီဖန်း၏ဂရုမစိုက်သောပုံစံကြောင့် လီရှို့ စိတ်တိုသွားသည်။ လီရှို့အတွက် လျိုမိသားစု၏ထိုပုံစံကို မြင်ရခြင်းက ပုံမှန်အတိုင်းပင်။ သို့သော် ရွှီဖန်းကို ဒီလိုမြင်ရတော့ လီရှို့၏မာနက ပေါက်ကွဲသွားလေ၏။
"ရွှီဖန်း မင်း ဒါက ဘာကို ဆိုလိုတာလဲ၊ ငါစကားတစ်ခွန်းတည်းနဲ့ မင်း မလွှတ်စေရဘူးဆိုတာ မင်း ယုံလား"
ထိုခြိမ်းခြောက်သည့်စကားများကို မည်သို့ပင် နားထောင်ပါစေ စိတ်ပျက်အားငယ်မှုကို ခံစားရလိမ့်မည်။
ဒေါသထွက်နေသည့် လီရှို့ကို ကြည့်ရင်း ရွှီဖန်းက နောက်ဆုံးမှာတော့ ပေါ့ပါးစွာ ပါးစပ်ဖွင့်လာသည်။
"ဘာလဲ နာကျင်ခဲ့ရတာကို မေ့သွားပြီလား၊ လေငြိမ်ပြီး မိုးတိတ်သွားတော့ မင်းလုပ်နိုင်ပြီလို့ ထင်နေတာလား၊ မင်း ငါ့ကို ထိရဲသေးလား"
အကျဉ်းသားငါးယောက်က ကျယ်လောင်စွာ ရယ်မောလာကြ၏။ သူတို့ လီရှို့အား လှောင်ပြောင်သောအကြည့်များဖြင့် ပြင်းထန်စွာ ကြည့်လာကြသည်။
ဟွမ်းယွမ်ကတော့ မနက်စာခွက်ထဲမှာသာ ခေါင်းစိုက်နေ၏။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးက ထိုမနက်စာလေးထက် ဆွဲဆောင်မှုမရှိသလိုပင်။
လီရှို့၏မျက်နှာက လုံးဝ မှောင်မိုက်သွားလေသည်။ သူ၏မျက်နှာအမူအရာက ဒဏ်ရာရနေသည့် တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဆိုးသွမ်းမှုများအပြည့်ပင်။
"ရွှီဖန်း ကြည့်ရတာတော့ မင်းမှာ စွမ်းရည်အချို့ရှိနေပုံရတယ်၊ အပြင်ဘက်မှာဆိုရင်တော့ ငါ မင်းကို လေးစားချင်လေးစားလိမ့်မယ်၊ ဒါပေမဲ့ ဒီထောင်ထဲမှာတော့ ပုရွက်ဆိတ်တစ်ကောင်ကို သတ်တာထက်မင်းကို ပိုပြီးလွယ်လွယ်ကူကူနဲ့ ဖျစ်ညှစ်သတ်ပစ်နိုင်
တယ်"
"ဪ"
ရွှီဖန်း မျက်ခုံးအနည်းငယ် ပင့်လိုက်ကာ ရွှင်မြူးနေသည့်အကြည့်အပြည့်ဖြင့် လီရှို့ကို ကြည့်လိုက်၏။
"မင်းဆိုလိုတာက ဒီရဲစခန်းထဲမှာဆို မင်းက ဘယ်သူ့ကိုမဆို သတ်ချင်ရင် သတ်နိုင်တယ်ပေါ့"
လီရှို့က သူ့ခေါင်းကို မြှင့်၍ မေးခွန်းထုတ်စရာမလိုသောလေသံဖြင့် ပြောလာသည်။
"မှန်တယ်! ဒီရဲစခန်းထဲမှာ ငါ လီရှို့က နတ်ဘုရားပဲ!"
ရွှီဖန်းမျက်လုံးထဲရှိ ရွှင်မြူးမှုက ပို၍နက်ရှိုင်းလာ
သော်လည်း တိတ်ဆိတ်နေခဲ့၏။
လီရှို့၏အနောက်ဘက်ကနေ ဒေါသအပြည့်ပါသောအသံက ထွက်ပေါ်လာသည်။
"ဒုရဲမှူးလီ မင်းက ဒီရဲစခန်းမှာ နတ်ဘုရားဆိုရင် ငါက ဘာလဲ"
************************