ထောင်ချောက်ထဲသို့ ဝင်ခြင်း
Vol. 117 Ch. 1779
ဤအခိုက်အတန့်မှာ အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ တားမြစ်နယ်မြေလေးခုအနက် တစ်ခုဖြစ်သော အက်ကွဲကြောင်းက လုံးဝ ပြိုကွဲပျက်စီးသွားသည်။
အက်ကွဲကြောင်းထဲမှ အရာအားလုံးက ဗလာနတ္ထိအဖြစ် ဖယ်ရှားခံလိုက်ရသည်။
ယင်းက ဟင်းလင်းပြင်ဖြစ်လာသည်။
အက်ကွဲကြောင်း၏ တည်ရှိမှုက ပယ်ဖျက်ခံလိုက်ရသည်။
ဖရိုဖရဲအချိန်လေဟာနယ်စီးကြောင်းများသည်ပင် ဟင်းလင်းပြင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြသည်။
ယင်းက မပြောင်းလဲနိုင်သော ကိန်းသေသဖွယ် ဖြစ်လာသည်။
ဤနေရာမှ အရာအားလုံးက ထိုအတိုင်း ထာဝရ တည်ရှိနေလိမ့်မည်။
ထိုစဉ် အပြင်လောက၌ အမှတ်ငါးကြယ်တာရာစက်ဝန်းမှ အင်မော်တယ်ဘုရင်ဖြစ်စေ သို့မဟုတ် တခြားကြယ်တာရာစက်ဝန်းများမှ နတ်ဘုရင်များဖြစ်စေ ၎င်းတို့၏ အထွတ်အမြတ်စိတ်အာရုံများက တခြားဒေသကြီးဆီသို့ စုပြုံကျရောက်နေကြသည်။
ယင်းက တစ်ခါမှမဖြစ်ပေါ်ဖူးသော ဆွဲအားကို ထုတ်လွှတ်နေသည်။
၎င်းတို့အာရုံစိုက်နေကြသော ဧရိယာက အမှတ်လေးကြယ်တာရာစက်ဝန်းနှင့် အမှတ်သုံးကြယ်တာရာစက်ဝန်းကြားမှ ကြယ်တာရာကောင်းကင် ဖြစ်သည်။
ဤအခိုက်အတန့်မှာ ကြယ်တာရာကောင်းကင်က ပရမ်းပတာ လှုပ်ခတ်နေသည်။
ဘုရင်မဟုတ်သော သက်ရှိများ အာရုံမခံနိုင်သည့် တည်ရှိမှုတစ်ခုက လောလောဆယ်မှာ ထိုကြယ်တာရာကောင်းကင်နှင့် ပေါင်းစပ်သွားနေပြီး မယုံကြည်နိုင်စရာကောင်းသော အခြေအနေဖြင့် ရွေ့လျားနေသည်။
ထိုကြယ်တာရာကောင်းကင်ထဲမှ သက်ရှိများအတွက်တော့ ၎င်းက အာရုံမခံနိုင်သော သဏ္ဍာန်မဲ့တည်ရှိမှု ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုတည်ရှိမှုက ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။
ထိုနေရာမှာ ပုန်းအောင်းနေကြသော နတ်ဘုရားများသည်ပင် ချွင်းချက်မဟုတ်ကြချေ။
ထိုတည်ရှိမှု၏ ထူးဆန်းသော အခြေအနေက ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
ဤသည်မှာ ၎င်းက စိတ်ကူးယဉ်ဆန်သော နိယာမတစ်ခု ဖြစ်သည့်အလားပင်။
ထိုနိယာမက အက်ကွဲကြောင်းထဲမှ ထွက်ပြေးသွားခဲ့သော အမှတ်လေးကြယ်တာရာစက်ဝန်း၏ ရှေးဟောင်းနတ်ဘုရင်မှလွဲ၍ တခြားမဟုတ်ပေ။
၎င်း၏ ခန္ဓာကိုယ်က ကြယ်တာရာကောင်းကင်ကို ဖုံးလွှမ်းထားပြီး ၎င်း၏ စိတ်ဆန္ဒက အချိန်လေဟာနယ်ကို ကျော်လွန်သွားသည်။
၎င်း၏ တည်ရှိမှုက သက်ရှိအားလုံး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။ ထို့ကြောင့် ၎င်း၏ အလျင်ကို အတိအကျ အဓိပ္ပာယ်မဖွင့်ဆိုနိုင်ပေ။
ယခု ၎င်းက ထွက်ပြေးနေသည်။
၎င်းဖြတ်သန်းသွားသော နေရာတိုင်း ကြယ်တာရာစက်ဝန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားမည့် မုန်တိုင်းများက ထွက်ပေါ်လာကြသည်။ ထိုမုန်တိုင်းများထဲမှာ မရေမတွက်နိုင်သော ဆန်းကြယ်သက်ရှိများက မွေးဖွားလာကြသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းတို့က သေဆုံးသွားကြသည်။ ယင်းက မွေးဖွားခြင်းနှင့် သေဆုံးခြင်း၏ ပြယုဂ်ဖြစ်ပြီး ၎င်း၏ ကံတရားဖြစ်လာသည်။
ယင်းတို့က နိယာမ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာကြပြီး ၎င်း၏ အလျင်ကို ထပ်မံ မြှင့်တင်ပေးလိုက်ကြသည်။
သို့ဖြစ်၍ ၎င်းက အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် အမှတ်သုံးကြယ်တာရာစက်ဝန်းနားသို့ ချဉ်းကပ်ရောက်ရှိသွားသည်။
သို့တိုင် ၎င်းက တုန်လှုပ်ချောက်ချားနေဆဲပင်။
အဘယ့်ကြောင့်ဆိုသော် နတ်ဘုရင်အားလုံးက အဆင့်မတူညီကြောင်း ၎င်းက ကောင်းမွန်စွာ နားလည်ထားသည်။ အကယ်၍ ရှေးဦးအပျက်အစီးက ဒဏ်ရာအပြင်းအထန် ရရှိထားသည်ဆိုလျှင်ပင် ၎င်း၏ ခြေလှမ်းဝက် ဉာဏ်အလင်းပွင့်နတ်ဘုရားအဆင့်ကြောင့် အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုစလုံးမှာ ၎င်းက ပြိုင်ဘက်ကင်းတည်ရှိမှု ဖြစ်သည်။
သို့ဖြစ်၍ ၎င်းထံမှ လှုပ်ရှားမှုတိုင်းက နတ်ဘုရင်အားလုံးကို တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်သည်။
ပြန်ခုခံခြင်းသည် လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။
ထို့ပြင် ပိုပြီးအရေးကြီးသည်မှာ ၎င်း၏ လက်ရှိအခြေအနေက ၎င်း၏ အထွတ်အထိပ်စွမ်းအားနှင့် အလွန်အလှမ်းဝေးနေသည်။
ရှေးခေတ်ကာလမှာ ၎င်းက အမှတ်လေးကြယ်တာရာစက်ဝန်း၏ နတ်ဘုရားအခွင့်အာဏာအတွက် နတ်ဘုရင်နန်းခနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့သည်။ ထို့နောက် ၎င်းက ခေတ်ပေါင်းမရေမတွက်နိုင်အောင် ချိပ်ပိတ်ခံထားခဲ့ရပြီး ယခုအခြေအနေထိ ဆက်တိုက် အားနည်းသွားခဲ့သည်။
ထိုသို့အခြေအနေမျိုးမှာ ခြေလှမ်းဝက် ဉာဏ်အလင်းပွင့်နတ်ဘုရား ရှေးဦးအပျက်အစီးဖြင့် ၎င်းရင်ဆိုင်ရသောအခါ ၎င်းအတွက် တစ်ခုတည်းသော ရွေးချယ်စရာက အဝေးသို့ ထွက်ပြေးရန် ဖြစ်သည်။
“ နတ်ဘုရားသန္ဓေချက်ကြိုးက ငါ့အတွက် မထွက်ပေါ်လာဘူး… ”
“ ဒီတော့ အခု ငါ့အတွက် တစ်ခုတည်းသော လွတ်လမ်းက တခြားကြယ်တာရာစက်ဝန်းတစ်ခုဆီ ထွက်ပြေးဖို့ပဲ… အဲ့ဒီကြယ်တာရာစက်ဝန်းရဲ့ နတ်ဘုရားအရင်းအမြစ်ကို ချေးငှားပြီးတော့ ငါ့ရဲ့ နိယာမကို ဖျက်ဆီးပြီး ငါ့ကိုယ်ငါ ဖုံးကွယ်ပစ်ရမယ် ”
“ ဒါပေမဲ့ အမှတ်ငါးကြယ်တာရာစက်ဝန်းက အင်မော်တယ်စွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်… အဲ့ဒီနေရာက နတ်ဘုရားအခွင့်အာဏာ နိယာမတွေကို ဖုံးကွယ်ဖို့ မသင့်တော်ဘူး ”
ကြယ်တာရာကောင်းကင်နှင့် ပေါင်းစပ်ထားသော ထိုနိယာမထဲတွင် ရှေးဟောင်းနတ်ဘုရင်၏ နတ်ဘုရားစိတ်ဆန္ဒက မတည်မငြိမ် လှုပ်ခတ်နေသည်။
ရှေးဦးအပျက်အစီး ဆင်းသက်လာပြီးနောက် ကမ္မအားလုံးက ပျက်စီးသွားကာ မရေမတွက်နိုင်သော ဖုံးကွယ်မှုများက ထုတ်ဖော်ခံလိုက်ကြရသည်။ ယင်းတို့ထဲမှာ ပြင်ပကြိုးကိုင်ခြယ်လှယ်ခြင်း၏ သဲလွန်စများလည်း ပါဝင်သည်။
သို့ဖြစ်၍ ၎င်း၏ အနန္တအသိဉာဏ်က ထိုသဲလွန်စများကို မြင်သွားသောအခါ ယခင်က အက်ကွဲသွားခဲ့သော ကမ္မကြောင့် ၎င်းနားမလည်နိုင်ခဲ့သော အရာများကို ယခု အဖြေရှာတွေ့သွားသည်။
ထိုသို့နားလည်သွားသည့်အခိုက် ရှေးဟောင်းနတ်ဘုရင်က ချောက်ကပ်ကပ် ရယ်လိုက်သည်။
“ အဲ့ဒီအင်မော်တယ်ဘုရင်က ဉာဏ်များတဲ့ နေရာမှာ… နတ်ဘုရားတွေထက်တောင် ပိုပြီးတော်တယ်… သမိုင်းတစ်လျှောက် အင်မော်တယ်လမ်းစဉ်ကနေ ဘုရင်အဆင့်အတန်းကို ပိုင်ဆိုင်ခဲ့တဲ့ တစ်ဦးတည်းသော တည်ရှိမှုလို့ တကယ်ပဲ အသိအမှတ်ပြုထိုက်ပါပေတယ် ”
“ သူ့ရဲ့ အစီအစဉ်ထဲမှာ အစကတည်းက ငါလည်း ပါဝင်ခဲ့တယ်… အရင်ဆုံး သူက နတ်ဘုရင်နန်းခရဲ့ စိတ်ဆန္ဒနဲ့ ပူးပေါင်းပြီး နန်းခကို နတ်ဘုရားသန္ဓေချက်ကြိုးထဲ ဝင်ရောက်နိုင်ဖို့ အရာအားလုံးကို ကိုယ်တိုင်ဆန္ဒရှိစွာ စတေးစေခဲ့တယ် ”
“ အဲ့ဒီနောက် သူက ငါ့ဆီ ရှေးဦးအပျက်အစီးကို ခေါ်ဆောင်လာဖို့ ရှေးဦးအပျက်အစီးနဲ့ ကမ္မဆက်သွယ်မှုရှိတဲ့ ဟိုနှစ်ယောက်ကို ငါချိပ်ပိတ်ခံထားရတဲ့ အက်ကွဲကြောင်းဆီ လမ်းညွှန်ပေးခဲ့တယ်… ပြီးတော့ သူက ငါ့ကို အမှတ်သုံးကြယ်တာရာစက်ဝန်းဆီ ထွက်ပြေးအောင်လို့ တွန်းအားပေးတယ် ”
“ ငါက အမှတ်သုံးကြယ်တာရာစက်ဝန်းကို ရွေးချယ်လိမ့်မယ်လို့ သူတွက်ဆထားတယ်… ဘာလို့လဲဆိုတော့ အဲ့ဒီမှာဆိုရင် ငါအသက်ရှင်နိုင်မယ့် ဖြစ်နိုင်ခြေက ပိုများလိမ့်မယ် ”
“ ပြီးတော့ အမှတ်ငါးကြယ်တာရာစက်ဝန်းဆီ ငါမသွားနိုင်ဘူးဆိုတာကိုလည်း သူသိတယ်… ဘာလို့လဲဆိုတော့ အဲ့ဒီကို ငါသွားမယ်ဆိုရင် သေချာပေါက် သေဆုံးလိမ့်မယ် ”
“ ဘယ်လောက် အသေးစိတ်ကျလိုက်တဲ့ အစီအစဉ်လဲ ”
ကြယ်တာရာကောင်းကင်နှင့် ပေါင်းစပ်ထားသော နိယာမထဲတွင် ရှေးဟောင်းနတ်ဘုရင်၏ နတ်ဘုရားစိတ်ဆန္ဒက အပြင်းအထန် လှုပ်ခတ်သွားသည်။
ထို့နောက် ရူးသွပ်သော ရယ်သံက ထိုနိယာမထဲမှာ တဖြည်းဖြည်း ပဲ့တင်ထပ်သွားသည်။
“ ဒါပေမဲ့ အင်မော်တယ်ဘုရင်… ရှေးဦးအပျက်အစီးကို ထပ်ခါထပ်ခါ မင်းစူးစမ်းလေ့လာခဲ့တယ်ဆိုတာရော သိရဲ့လား… မင်းက သီးခြားအလွှာအထပ်ထပ်နဲ့ အဲ့ဒီကမ္မဆက်သွယ်မှုကို သေးငယ်သွားစေမယ်ဆိုရင်တောင်… ငါ့မှာ တကယ်ပဲ တခြားရွေးချယ်စရာမရှိတော့ဘူးလို့ မင်းထင်နေလား ”
နောက်အခိုက်အတန့်မှာ ၎င်းအား စောင့်ကြည့်နေကြသော တည်ရှိမှုအားလုံးကို အံ့ဩထိတ်လန့်သွားစေမည့် အပြောင်းအလဲတစ်ခုက ထိုနိယာမထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ရှေးဟောင်းနတ်ဘုရင်က ၎င်း၏ ဦးတည်ရာကို အမှန်တကယ် ပြောင်းလဲပစ်လိုက်သည်။ ၎င်း၏ လမ်းကြောင်းက ပြောင်းလဲသွားသည့်အခိုက် ၎င်းက အမှတ်လေးကြယ်တာရာစက်ဝန်း၏ အခြားဒေသကြီးတစ်ခုမှာ ပြန်ထွက်ပေါ်လာသည်။
ထိုနေရာက အမှတ်ငါးကြယ်တာရာစက်ဝန်းနှင့် အလွန်နီးကပ်သည်။
ယင်းက တခြားကြယ်တာရာစက်ဝန်းများကို တုန်လှုပ်သွားစေသည်။
“ မင်းကများ ငါ့ကို နယ်ရုပ်အဖြစ် အသုံးချရဲတယ်… ”
နိယာမက ဖော်မပြနိုင်သော အခြေအနေဖြင့် နယ်စပ်ဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ ကျူးကျော်ဝင်ရောက်သွားသည့်အခိုက် ရှေးဟောင်းနတ်ဘုရင်၏ နတ်ဘုရားစိတ်ဆန္ဒက အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုစလုံးမှာ ပဲ့တင်ထပ်သွားသည်။
“ ကျုပ်ဟာ မွေးရာပါနတ်ဘုရားတစ်ပါးဖြစ်ပြီး အထွတ်အမြတ်ဘဝကို ပိုင်ဆိုင်ခဲ့တယ်… ဘုရင်အဆင့်အတန်းကို ပိုင်ဆိုင်ဖို့အတွက် မရေမတွက်နိုင်တဲ့ နတ်ဘုရားတွေကို သတ်ဖြတ်ခဲ့ပြီး ဉာဏ်အလင်းပွင့်နတ်ဘုရားအတွက် လမ်းကြောင်းကို ရှာဖွေခဲ့တယ်… ”
ထိုနတ်ဘုရားစိတ်ဆန္ဒက ပဲ့တင်ထပ်သွားသည့်အခါ အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုထဲမှ နတ်ဘုရင်အားလုံး၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားကြသည်။ တစ်ချိန်တည်းမှာ ရှေးဟောင်းနတ်ဘုရင်၏ နိယာမအသွင်သဏ္ဍာန်က အမှတ်ငါးကြယ်တာရာစက်ဝန်းထဲသို့ အပြည့်အဝ ဝင်ရောက်သွားသည်။
ထိုနေရာမှ အင်မော်တယ်စွမ်းအင်က အပြင်းအထန် ခုခံလိုက်ပြီး ငြင်းဆန်သော လှိုင်းအတတ်အကျများကို ထုတ်လွှတ်လိုက်သည်။ ထိုလှိုင်းအတတ်အကျများက ရှေးဟောင်းနတ်ဘုရင်၏ နိယာမအသွင်သဏ္ဍာန်ကို အတင်းအဓမ္မ ရုပ်ဝတ္ထုရှိလာစေသည်။
ထို့ကြောင့် ၎င်း၏ ဖုံးကွယ်မှုက အက်ကွဲသွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော ၎င်း၏ အစစ်အမှန်ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။
၎င်းက မရေမတွက်နိုင်သော ကြယ်ဂြိုလ်များဖြင့် ဖွဲ့စည်းထားသော ဧရာမတည်ရှိမှုတစ်ခု ဖြစ်သည်။ ယင်းတို့ထဲမှ တစ်ဝက်က အသစ်မွေးဖွားနေသော ကြယ်ဂြိုလ်များဖြစ်ကြပြီး ကျန်ကြယ်ဂြိုလ်များက ယိုယွင်းပျက်စီးနေကြသည်။ ထို့ပြင် မရေမတွက်နိုင်သော လက်တံများက ကောင်းကင်ဘုံခန္ဓာကိုယ်များသဖွယ် လူးလွန့်လှုပ်ယမ်းနေကြသည်။
၎င်းက ကြယ်တာရာစက်ဝန်းများ၏ ကနဦးတစ်စိတ်တစ်ပိုင်းဖြစ်ပြီး အလွန်ရှေးကျသော တည်ရှိမှု ဖြစ်သည်။
ယခု ၎င်း၏ နတ်ဘုရားအသံက ဆက်လက် ပဲ့တင်ထပ်သွားသည်။
“ ဒီဘဝမှာ ငါ့ကို မကောင်းကြံခဲ့တဲ့ လူတွေအားလုံးက မရှောင်လွှဲနိုင်တဲ့ အဆုံးသတ်နဲ့ တွေ့ကြုံရလိမ့်မယ်… "
“ နန်းခက အဲ့ဒီလူတွေထဲက တစ်ယောက်ပဲ… ပြီးတော့ အမှတ်ငါးကြယ်တာရာစက်ဝန်းက အင်မော်တယ်ဘုရင်… မင်းရောပဲ… ”
ထိုနတ်ဘုရားစိတ်ဆန္ဒက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ သက်ရှိအားလုံး၏ အသိစိတ်ထဲမှာ မိုးခြိမ်းသံသဖွယ် မြည်ဟိန်းသွားသည်။ အရာအားလုံးက ညှိုးနွမ်းခြောက်သွေ့သွားသည့်အခါ စကြာဝဠာများက ဝမ်းနည်းကြေကွဲစွာ အော်ဟစ်ငိုကြွေးလိုက်ကြသည်။
သို့တိုင် ထိုစိတ်ဆန္ဒကို ဖြန့်ကြက်ထားသော ရှေးဟောင်းနတ်ဘုရင်က ၎င်း၏ ဖုံးကွယ်မှုကို ကိုယ့်ဘာသာ ဖော်ထုတ်ရန် ရွေးချယ်လိုက်သည်။ ယင်းက ၎င်း၏ အစစ်အမှန်ခန္ဓာကိုယ်ကို အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ ပိုပြီးပြည့်စုံသွားစေပြီး ပိုပြီးထင်ရှားသွားစေသည်။
ထိုစဉ် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာက ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိသွားသည့်အလား မရေမတွက်နိုင်သော စကြာဝဠာများနှင့် ကြယ်ဂြိုလ်များက တစ်ပြိုင်နက်တည်း တုန်ယင်သွားကြသည်။
ဖုံးကွယ်မှုမရှိတော့သည့်အခါ ရှေးဟောင်းနတ်ဘုရင်၏ ခန္ဓာကိုယ်က အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ ထွန်းလင်းတောက်ပလာသည်။
၎င်းက မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်သွားသည်။
ထိုထဲမှာ ၎င်းကို လိုက်ဖမ်းနေသူလည်း ပါဝင်သည်။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ ၎င်း၏ ဧရာမခန္ဓာကိုယ်အနောက်မှ ဟင်းလင်းပြင်ထဲတွင် ဧရာမမျက်လုံးတစ်စုံက ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုမျက်လုံးအတွင်းမှာ အရေအတွက်အကန့်အသတ်မဲ့သော စကြာဝဠာများနှင့် သက်ရှိများက ပုံရိပ်ပြန်နေသည်။ ထို့ပြင် ၎င်းက မည်သူမှ မစော်ကားဝံ့သော မွန်မြတ်သန့်စင်မှုကို ထုတ်လွှတ်နေသည်။
၎င်းက ရှေးဦးအပျက်အစီး၏ မျက်လုံးဖြစ်သည်။
၎င်းက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ ထွက်ပေါ်လာသည့်အခါ ထိုနေရာမှ ကျင့်ကြံသူအားလုံးက ထိတ်လန့်ချောက်ချားသွားကြသည်။
ဖော်မပြနိုင်သော အန္တရာယ်ကပ်ဘေးက သူတို့၏ နှလုံးသားကို ဖျစ်ညှစ်သွားသည်။ သူတို့၏ အသွေးအသားများက ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားပြီး စတင်ပုံပျက်တွန့်လိမ်လာသည်။
ဝမ်ကူးကုန်းမြေပေါ်မှာ ထာဝရ တည်ရှိနေခဲ့သော မဟာအကြောက်တရားက ယခု အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ ထွက်ပေါ်လာသည်။
သက်ရှိအားလုံးက ကြောက်လန့်မှုကြောင့် မျက်နှာဖြူဖျော့သွားကြစဉ် ရှေးဦးအပျက်အစီး၏ မျက်လုံးက ၎င်း၏ အရှေ့မှ ရှေးဟောင်းနတ်ဘုရင်ကို စိုက်ကြည့်လိုက်သည်။
သို့သော်လည်း ရှေးဟောင်းနတ်ဘုရင်က မထူးမခြားနား ဆက်ရှိနေသည်။ အေးစက်သော ဆုံးဖြတ်ချက်ပြတ်သားမှုက ၎င်း၏ မျက်လုံးထဲမှာ ပြည့်နှက်သွားစဉ် ၎င်း၏ နတ်ဘုရားစိတ်ဆန္ဒက တစ်ခါမှမဖြစ်ဖူးသော အမြင့်သို့ ထိုးတတ်သွားသည်။ ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ အင်မော်တယ်အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေမည့် နတ်ဘုရားအသံအဖြစ် ပြောင်းလဲသွားသည်။
“ ဘယ်သူမှ ငါ့ကို နယ်ရုပ်အဖြစ် အသုံးမပြုနိုင်ရဘူး ”
“ မင်းက ငါ့ကို နယ်ရုပ်အဖြစ် ပြုလုပ်ခဲ့တယ်… အခု မင်းရဲ့ စစ်တုရင်ခုံကို ငါဘယ်လိုဖျက်ဆီးမလဲ စောင့်ကြည့်လိုက်ပါ ”
ရှေးဟောင်းနတ်ဘုရင်က စကားပြောပြီးနောက် ရုတ်တရက် အနောက်လှည့်လိုက်ပြီး ရှေးဦးအပျက်အစီး၏ မျက်လုံးကို တည့်တည့် စိုက်ကြည့်လိုက်သည်။
တစ်ဖက်လူ၏ အကြည့်အောက်မှာ ၎င်းက စတင်အရည်ပျော်သွားသည်။ သို့သော်လည်း ၎င်းက ခုခံတားဆီးခြင်း နည်းနည်းမှ မပြုလုပ်ချေ။
၎င်း၏ နတ်ဘုရားစိတ်ဆန္ဒသည်သာ မိုးခြိမ်းသံနှင့်အတူ ဆက်ပြီး ပဲ့တင်ထပ်သွားသည်။
“ အင်မော်တယ်ဘုရင်… အမှတ်သုံးကြယ်တာရာစက်ဝန်းထဲမှာ ပုန်းအောင်းမယ့် ငါ့ရဲ့ မူလရွေးချယ်မှုကို ငါစွန့်လွှတ်ခဲ့တယ်… အဲ့ဒီအစား ငါက မင်းရဲ့ အမှတ်ငါးကြယ်တာရာစက်ဝန်းကို ငါ့ရဲ့ သေဆုံးမှုကနေတဆင့် ရှေးဦးအပျက်အစီးရဲ့ နတ်ဘုရားအရှိန်အဝါနဲ့ ထာဝရ စွန်းထင်သွားအောင် ရွေးချယ်လိမ့်မယ် ”
၎င်း၏ လွှမ်းမိုးဖိနှိပ်သော စကားသံက ပဲ့တင်ထပ်သွားသည်နှင့်…
ဝုန်း…
ရှေးဟောင်းနတ်ဘုရင်၏ နတ်ဘုရားစွမ်းအင်အမြူတေက အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော နိယာမလမ်းစဉ်များအဖြစ် အသွင်ပြောင်းလဲသွားသည်။
နောက်အခိုက်အတန့်မှာ ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ အပြည့်အဝ ကျရောက်နေသော ရှေးဦးအပျက်အစီး၏ အကြည့်က ထိုနိယာမလမ်းစဉ်များ၏ အနောက်သို့ လိုက်သွား၍ ကြယ်တာရာကောင်းကင်တစ်ခုလုံးဆီသို့ ချက်ချင်း ပျံ့နှံ့သွားသည်။
ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံး၏ (၃၀)ရာခိုင်နှုန်းခန့်ကို ဖုံးလွှမ်းသွားသည်။
ထို့နောက် သက်ရှိအားလုံးနှင့် နတ်ဘုရားများကို ဆွံ့အသွားစေမည့် မြင်ကွင်းတစ်ခုက ပေါ်ထွက်လာသည်။