ဖရိုဖရဲအချိန်လေဟာနယ်… အကြောင်းနဲ့အကျိုး ပြောင်းပြန်ဖြစ်ခြင်း
Vol. 117 Ch. 1781
‘ဖရိုဖရဲအချိန်လေဟာနယ်က ဘာလဲ’
ယင်းက ကျင့်ကြံသူအများစု ရှင်းရှင်းလင်းလင်း အဓိပ္ပာယ်မဖွင့်ဆိုနိုင်သောအရာ ဖြစ်သည်။
အတိုင်းအတာတစ်ခုထိဆိုရသော် ယင်းက သာဓကတစ်ခုမျှသာ ဖြစ်၏။
အကျယ်တဝင့်ဆိုရလျှင် ယင်းက အချိန်နှင့်လေဟာနယ်၏ ကမောက်ကမာဖြစ်မှုကြောင့် ဖြစ်ပေါ်လာသော အနန္တဖြန့်ဝေမှုနှင့် ဘုံတစ်ခုတည်း စုစည်းမှုကို ရည်ညွှန်းသည်။
သို့ဖြစ်၍ ယင်းမှာ အကန့်အသတ်မဲ့သော ဖြစ်နိုင်ခြေများ ပါဝင်သည်။
သို့သော်လည်း ယင်းကို အသေးစိတ် ရှင်းပြရန်မှာ သက်ရှိအများစုအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။
အချိန်လေဟာနယ်နှင့် သက်ဆိုင်သော အာဏာစက်ကို ပိုင်ဆိုင်ထားသူများသာလျှင် အချိန်လေဟာနယ်မုန်တိုင်း၏ သဘာဝကို စတင်လေ့လာနိုင်ကြသည်။
ရွှီချင်းသည်လည်း အတိတ်မှာ ထိုသို့တွေးမိခဲ့သည်။
အာကာသတွင်းနက်ထဲသို့ သူမဝင်ရောက်မီ အချိန်လေဟာနယ်မုန်တိုင်းက သူ၏ အတတ်ပညာဖြစ်သော ‘ ပြစ်ချက်မဲ့လောက ’ထက် အများကြီး ပိုကျယ်ပြောပြီး အများကြီး ပိုလျှို့ဝှက်ဆန်းကြယ်သော အရာဖြစ်သည်ဟုသာ ရွှီချင်း ယုံကြည်ခဲ့သည်။
သူ၏ အာဏာစက်ကြောင့် သူက အချိန်လေဟာနယ်မုန်တိုင်းထဲမှ ပြန်ထွက်နိုင်ရန် တခြားလူများထက် ပိုပြီးအခွင့်အရေးများသင့်သည်။
သို့သော်လည်း ယင်းထဲသို့ ဝင်ရောက်သွားပြီးနောက် အရာအားလုံးက သူမျှော်လင့်ထားသည်နှင့် ခြားနားနေသည်။
အချိန်လေဟာနယ်မုန်တိုင်းထဲမှ မြင်ကွင်းများက ရွှီချင်း၏ အသိစိတ်ကို ဇဝေဇဝါဖြစ်စေသည်။
ဥပမာ ဤအခိုက်အတန့်မှာ သူလက်မြှောက်လိုက်သည့်အခါ မရေမတွက်နိုင်သော ရောင်စုံဝဲကတော့များက သူ၏ အရှေ့မှာ ထွက်ပေါ်လာကြသည်။
ထိုဝဲကတော့များက အရွယ်အစားစုံလင်ပြီး အရေအတွက် အကန့်အသတ်မဲ့သည်။ တချို့က တည်ငြိမ်ပြီး တချို့က လှည့်ပတ်နေသည်။ တချို့သည်တော့ ဖရိုဖရဲ ဖြစ်နေသည်။ အတူတကွ ယှက်ထွေနေသော ဝဲကတော့တချို့လည်း ရှိသည်။
ယင်းတို့အားလုံးက စိတ်ကူးယဉ်ဆန်သော ကြယ်တာရာကောင်းကင်ကို ဖန်တီးနေကြသည်။
တစ်စုံတစ်ယောက်က ယင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ အသိစိတ်က ဖရိုဖရဲဖြစ်သွားလိမ့်မည်။ ဤသည်မှာ သူ၏ အသိစိတ်က ယင်းထံမှ သတင်းအချက်အလက်များကို လက်မခံနိုင်သည့်အလားပင်။
အချိန်ကြာကြာ စူးစမ်းလေ့လာမည်ဆိုလျှင် အစိတ်စိတ်အမွှာမွှာဖြစ်သွားသော စိတ်ခံစားမှုကို ခံစားရလိမ့်မည်။
ထို့ပြင် စိတ်ကူးယဉ်ဆန်သော ပန်းချီကားက ဘေးပတ်ဝန်းကျင်ကိုသာ ဖုံးလွှမ်းထားခြင်း မဟုတ်ပေ။ ယင်းက ဤနေရာမှ ရွှီချင်းနှင့် အားညို၏ တည်ရှိမှုကိုလည်း ဖုံးလွှမ်းထားသည်။
ရွှီချင်း၏ ခန္ဓာကိုယ်က လူသားအသွင်သဏ္ဍာန် မဟုတ်တော့ပေ။
ယင်းအစား သူက အရောင်တောက်ပသော အင်းဆက်အုပ်စုအဖြစ် အသွင်ပြောင်းလဲသွားသည်။ ထို့ပြင် သူ၏ အင်းဆက်ခန္ဓာကိုယ်ပေါ်မှာ ကြည်လင်သော အပိုင်းအစများက မရေမတွက်နိုင်အောင် အတူတကွ ချိတ်ဆက်နေကြသည်။
အင်းဆက်တစ်ကောင်စီသည် အသက်တစ်ခါရှူချိန်၏ ဆယ်ပုံပုံတစ်ပုံသာ အသက်ရှင်နိုင်ကြသည်။ ၎င်းတို့က တဒင်္ဂ အရောင်တောက်ပသွားပြီးနောက် ပေါက်ကွဲပြီး သေဆုံးသွားကြသည်။ သို့တိုင် ၎င်းတို့က ဖုန်မှုန့်မဖြစ်သွားမီ ဖရိုဖရဲအနာဂတ်မြင်ကွင်းများကို ထုတ်လွှတ်လိုက်ကြသေးသည်။
ထိုသံသရာစက်ဝန်းက အဆုံးမဲ့စွာ ဖြစ်ပွားနေသည်။
အားညိုသည်တော့ သူက ရွှီချင်း၏ ဆံပင်ပေါ်မှာ ဆက်ပြီး မရှိတော့ပေ။ ဤနေရာမှာ သူ၏ အသွင်သဏ္ဍာန်က ရွှီချင်းထက်ပင် ပိုပြီးစိတ်ကူးယဉ်ဆန်သေးသည်။
သူ၏ အသွင်သဏ္ဍာန်က ရောင်စုံအလင်းတစ်သန်းဖြင့် ဖွဲ့စည်းထားသော ဖန်ပြောင်းတစ်ခုနှင့် ဆင်တူသည်။ ထို့ပြင် အချိန်တိုင်းမှာ သူ၏ အသွင်သဏ္ဍာန်က အစဉ်အမြဲ ပြောင်းလဲနေသည်။
သူ၏ စကားများထဲမှာပင် ဖရိုဖရဲစိတ်ဆန္ဒက ပါဝင်နေသည်။
ဥပမာ ယခု သူပြောလိုက်သော စကားများ ဖြစ်သည်။
“ ဘာဖြစ်သွားတာလဲ ချင်းလေး… ဒါဘယ်နေရာလဲ ”
သို့သော်လည်း ထိုစကားများက ရွှီချင်း၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာသည့်အခါ…
“ လေးချင်း ဘာဖြစ်သွားတာလဲ… ဘယ်နေရာလဲ ဒါ ”
အရာအားလုံးက ကပြောင်းကပြန်ဖြစ်နေသည်။ အချိန်၊ လေဟာနယ်နှင့် သူတို့ကိုယ်တိုင်သည်ပင် ဖရိုဖရဲဖြစ်နေသည်။
အရာအားလုံးက ပုံပျက်တွန့်လိမ်နေသည်။
အချိန်က ဤနေရာမှာ မည်သည့်အဓိပ္ပာယ်မှ မရှိတော့သည့်အလား သို့မဟုတ် လေဟာနယ်က ဤနေရာမှာ မည်သည့်တန်ဖိုးမှ မရှိတော့သည့်အလားပင်။
ရွှီချင်းက စိတ်ရှုပ်ထွေးသွားသည်။
ယင်းက သူ၏ အာဏာစက်နှင့် လုံးဝကွဲပြားသည်။
“ အရှေ့သို့ ရွေ့လျားခြင်း ” သို့မဟုတ် “ စူးစမ်းလေ့လာခြင်း ” အစရှိသော နိယာမများသည်ပင် ဤနေရာမှာ အလုပ်မဖြစ်ပေ။
စိတ်အာရုံသည်လည်း ထို့အတူပင်။
ဤသည်မှာ အကယ်၍ တစ်စုံတစ်ယောက်က ဤနေရာမှ လျှို့ဝှက်ချက်အားလုံးကို တူးဖော်နိုင်ပြီး ယင်းတို့အားလုံးကို သေသေချာချာ နားလည်နိုင်မည်ဆိုလျှင် သူက အကြည့်တစ်ချက်ဖြင့် အနန္တအသိဉာဏ်ကို ပိုင်ဆိုင်နိုင်သွားတော့မည့်အလားပင်။
ဤအခိုက်အတန့်မှာ ရွှီချင်း၏ စိတ်အာရုံက အချိန်လေဟာနယ်၏ ဖရိုဖရဲဖြစ်မှုကို ဖြတ်သန်းသွားကာ မသိနိုင်သော အကွာအဝေးတစ်ခုထံမှ သူ၏ လူသားအသွင်သဏ္ဍာန်ကို မြင်တွေ့သွားသည်။
ထို‘ အကွာအဝေး ’ကို အတိတ်ဟုဆိုနိုင်သလို အနာဂတ်ဟုလည်း ဆိုနိုင်သည်။ သို့မဟုတ် ယင်းက မတူညီသော တခြားအချိန်လေဟာနယ်တစ်ခု ဖြစ်နိုင်သည်။
အဝေးမှ သူ၏ လူသားအသွင်သဏ္ဍာန်ကို အာရုံစိုက်လိုက်သည့်အခါ ၎င်းက တစ်ယောက်တည်းမဟုတ်ဘဲ မရေမတွက်နိုင်အောင် တည်ရှိနေကြောင်း ရုတ်တရက် သူနားလည်သွားသည်။
၎င်းတို့က သူကိုယ်တိုင်၏ မရေမတွက်နိုင်သော မူကွဲအခြေအနေများ ဖြစ်ကြသည်။
သူက အရည်အပင်များကို မြင်တွေ့သွားသည်။ သတ္ထုအရည်ဘောလုံးများက ယင်းတို့ဘာသာ လှည့်ပတ်နေရင်း ရွေ့လျားနေကြသည်။
ဂလက်စီများက လောက်ကောင်များဖြင့် ပြည့်နှက်နေသော အသီးပုပ်များ ဖြစ်လာကြသည်။
ကြယ်စင်စုများက ယခုအခါမှာ သင်္ချိုင်းကျောက်စာများပေါ်မှ အမည်မသိ စာလုံးများ ဖြစ်လာကြသည်။
စကြာဝဠာများသည်ပင် သင်္ချိုင်းမြေပေါ်မှ တွင်းပေါက်များ ဖြစ်လာကြသည်။
ထို့ပြင် သူနှင့် အားညို၏ တည်ရှိမှုများက ရံဖန်ရံခါ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားလေ့ ရှိသည်။ တစ်ချိန်တည်းမှာ သူက “ ရွေ့လျားခြင်း ”နှင့် “ စူးစမ်းလေ့လာခြင်း ”ကို တွေးတောလိုက်သည်။
သို့သော်လည်း သူ၏ အတွေးများကို အပြည့်အဝ မဖော်ထုတ်နိုင်ပေ။
ယင်းတို့က ဖရိုဖရဲဖြစ်နေသည်။
ယင်းက အချိန်လေဟာနယ်မုန်တိုင်း ဖြစ်သည်။
ရွှီချင်း၏ စိတ်ရှုပ်ထွေးမှုက ပိုပြီးလေးနက်လာသည်။ အချိန်က အဓိပ္ပာယ်ကင်းမဲ့သွားသောကြောင့် မည်မျှအချိန်ကုန်ဆုံးသွားကြောင်း သူမသိပေ။ ယင်းက တဒင်္ဂအချိန်ဖြစ်နိုင်သလို နှစ်တစ်ထောင်လည်း ဖြစ်နိုင်သည်။
ထို့နောက် အားညို၏ ဖရိုဖရဲအသံက ထပ်မံ ပဲ့တင်ထပ်လာသည်။ ဤတစ်ကြိမ်တွင် သူ၏ စကားများထဲမှာ စိုးရိမ်ကြောင့်ကြသော လေသံက ပါဝင်သည်။
“ အရင်က ဒါမျိုး ငါကြုံဖူးတယ်… အရမ်းရင်းနှီးတယ်… ”
“ အဲ့ဒါက… ငါရဲ့ အတိတ်ဘဝတွေနဲ့ ဆင်တူတယ်… ”
ထိုစကားများက အချိန်လေဟာနယ်ကြောင့် ပုံပျက်တွန့်လိမ်သွားပြီး ရှည်တန်းသွားသည်။ ယင်းက ရွှီချင်း၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာသည့်အခါ မိုးခြိမ်းသံသဖွယ် မြည်ဟိန်းသွားသည်။
ယင်းထံမှ အားလှိုင်းသက်ရောက်မှုက ရွှီချင်း၏ အင်းဆက်ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
မရေမတွက်နိုင်သော သုံးမြှောင့်အင်းဆက်များက အက်ကွဲသွားပြီး ပိုမိုများပြားသော အနာဂတ်ပုံရိပ်များကို ထုတ်လွှတ်လိုက်ကြသည်။ ယင်းက ရွှီချင်း၏ အသိစိတ်ကို ပရမ်းပတာ တုန်လှုပ်သွားစေသည်။
သို့ဖြစ်၍ အလင်းရောင်သည်သာ ဆက်လက် ကျန်ရှိနေပြီး တောက်ပမှုနှင့် မှေးမှိန်မှုကြားတွင် အစဉ်အမြဲ ကူးပြောင်းနေသည်။
ထိုစကားများထံမှ သက်ရောက်မှုက ပျောက်ကွယ်သွားမှသာ ရွှီချင်း၏ အခြေအနေက ပြန်ငြိမ်သက်သွားသည်။ ထိုစဉ် အားညိုက မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားသည်။
အစောနက သူပြောလိုက်သော စကားများသည်ပင် ရွှီချင်း၏ မှတ်ဉာဏ်ထဲမှာ ထူးဆန်းစွာ ပျောက်ဆုံးသွားသည်။ ရွှီချင်းက ယင်းကို ပြန်မှတ်မိရန် ကြိုးစားလိုက်သော်လည်း အချည်းနှီးသာ ဖြစ်သည်။
သူက မည်သည့်အရာကိုမှ မမှတ်မိပေ။
သို့ဖြစ်၍ ရွှီချင်းက နှုတ်ဆိတ်သွားသည်။
သူ၏ အတွေးများက နှေးကွေးသွားနေကြောင်း ရှင်းလင်းစွာ သူခံစားမိသည်။ သူ၏ အသိစိတ်သည်ပင် တိတ်ဆိတ်စွာ လွင့်ပြယ်သွားနေသည်။
သေခြင်းအငွေ့အသက်က သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
သို့တိုင် သေခြင်းတရားနှင့်အတူ လိုက်ပါလာသင့်သော သတိပေးမှုက ရောက်မလာပေ။
အစောနက ပေါက်ကွဲမှု ပြီးဆုံးသွားမှသာ ယင်းကို သူနားလည်ခဲ့သည်။
တစ်ချိန်တည်းမှာ သူ၏ အင်းဆက်ခန္ဓာကိုယ်က လူသားအသွင်သဏ္ဍာန်သို့ ပြန်ပြောင်းလဲသွားသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်ပေါ်မှာ သူ၏ အာဏာစက်မှ ဖွဲ့စည်းထားသော ပိုးအိမ်တစ်ခု ရှိသည်။
ယင်းက သူ၏ အာဏာစက် ဖြစ်သည်။
သို့မှသာလျှင် သူက သူ၏ စိတ်ထဲမှာ ကောင်းမွန်စွာ တွေးတောနိုင်သွားသည်။
“ ငါ့ရဲ့ အာဏာစက်ကို အသုံးပြုပြီး ငါ့ကိုယ်ငါအတွက် ပြစ်ချက်မဲ့လောကကို ဖန်တီးသင့်တယ်… ပြီးတော့ အဲ့ဒါကို အသုံးပြုပြီး အပြင်ဘက်က ဖရိုဖရဲအချိန်လေဟာနယ်ကို ခုခံမယ် ”
“ ဖရိုဖရဲကို ဖရိုဖရဲနဲ့ ပြန်တွန်းလှန်မယ် ”
ထိုအတွေး ထွက်ပေါ်လာသည့်အခိုက် ရွှီချင်း၏ စိတ်ဝိညာဉ်က တုန်ယင်သွားသည်။ သူက မျက်တောင်ခတ်လိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ အာဏာစက်ပိုးအိမ်ကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ အကြည့်က တည်ကြည်လေးနက်သွားသည်။
ယေဘုယျအားဖြင့်ဆိုရသော် အတွေးက အရင်ဖြစ်ပြီး လုပ်ဆောင်မှုက နောက်မှ ဖြစ်သည်။
သို့သော်လည်း ဤနေရာမှာ ထိုသဘောတရားက ပြောင်းပြန်ဖြစ်နေသည်။
အကြောင်းတရားနှင့် အကျိုးတရားအပါအဝင် နိယာမအားလုံးက ဤနေရာမှာ ကစဉ့်ကလျား ဖြစ်နေသည်။
သို့မဟုတ်…
ပိုပြီးအတိအကျဆိုရသော် ဤနေရာမှာ မည်သည့်နိယာမမှ မရှိပေ။ အကြောင်းတရားနှင့် အကျိုးတရားက ပြောင်းပြန်ဖြစ်နေသည်။
" အချိန်လေဟာနယ်မုန်တိုင်းက ဒီလိုလား… "
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ယခုအချိန်မှသာ သူဖန်တီးထားသော အာဏာစက်ပိုးအိမ်ထဲမှ သူ၏ တည်ရှိမှုက စတင်တည်ငြိမ်သွားသည်။
သူ၏ အတွေးများက အနည်းငယ် အစီအစဉ်တကျ ပြန်ဖြစ်လာသည်။
" ပုံမှန်ဆိုရင် ငါ့ရဲ့ အာဏာစက်က ဒီနေရာကို ငါဝင်လာတာနဲ့ချက်ချင်း အသက်ဝင်လာရမှာ… ”
ရွှီချင်းက တွေးတောစဉ်းစားလိုက်ပြီး မည်သို့ကြောင့် သူ၏ အာဏာစက်က ချက်ချင်း အသက်မဝင်လာခဲ့ကြောင်း သူ၏ မှတ်ဉာဏ်များထဲမှာ ရှာဖွေလိုက်သည်။
တဖြည်းဖြည်း သူစတင်နားလည်သွားသည်။
“ အရာအားလုံးက… တဒင်္ဂပဲ ရှိသေးတယ် ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။
ယခု သူပြန်တွေးတောလိုက်သည့်အခါ ဤနေရာမှာ သူတွေ့ကြုံခဲ့သော အရာအားလုံး၊ သူ၏ စိတ်ရှုပ်ထွေးမှု၊ စူးစမ်းလေ့လာမှု၊ အားညို၏ အသံနှင့် အာဏာစက်ပိုးအိမ်အပေါ် သူ့ကိုယ်ပိုင်ဖန်တီးမှုသည်ပင်…
ယင်းတို့အားလုံးက အချိန်လေဟာနယ်မုန်တိုင်းထဲသို့ သူဝင်ရောက်သွားသည်နှင့်ချက်ချင်း တစ်ပြိုင်နက်တည်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ရွှီချင်းက နှုတ်ဆိတ်သွားသည်။
ထိုတဒင်္ဂအတွင်းမှာ မတူညီသော အချိန်လေဟာနယ်စီးကြောင်းများထဲမှ ဖြစ်စဉ်အားလုံးက ပါဝင်သည်။ ယင်းတို့အားလုံးက အချင်းချင်း ထပ်ဆင့်လွှမ်းခြုံသွားပြီး တစ်ပြိုင်နက်တည်း ဖြစ်ပျက်သွားခဲ့သည်။
ရွှီချင်းက အတွေးနက်သွားသည်။
သို့သော်လည်း မကြာမီ သူ၏ အရှေ့မှ အာဏာစက်ပိုးအိမ်ကို သူလေ့လာလိုက်သည့်အခိုက် ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ သူက အပြင်လောကမှ သူ၏ အတွေ့အကြုံအားလုံးကို ပြန်စဉ်းစားလိုက်သည်။
" ဒီနေရာမှာ အရာအားလုံးက ဖရိုဖရဲဖြစ်နေတယ်… ဒီနေရာမှာ နိယာမတွေ မရှိဘူး… အကြောင်းတရားနဲ့ အကျိုးတရားကလည်း ပြောင်းပြန်ဖြစ်နေတယ်… ဒါပေမဲ့ တည်ရှိမှုကတော့ အဓိပ္ပာယ်ရှိနေသေးတယ် ”
“ ဒါဆိုရင် ဒီဟာက အချိန်ရဲ့ တခြားပုံသဏ္ဍာန်ဖြစ်မယ် ”
“ အဲ့ဒါက ငါ့ရဲ့ ‘ ပြစ်ချက်မဲ့လောက ’ထက် သာလွန်တယ်… ”
ရွှီချင်း၏ အတွေးများက ပိုပြီးနက်နဲလာသည်။ ရုတ်တရက် သူက နာကျင်မှုနတ်ဘုရား၏ ပုံရိပ်ယောင်ထဲမှာ မည်သို့ကြောင့် အောင်မြင်စွာ အဆင့်တတ်လှမ်းနိုင်ခဲ့ကြောင်း နားလည်သွားသည်။
“ ဘာလို့လဲဆိုတော့ ဒီလိုဖရိုဖရဲဖြစ်ခြင်းက အချိန်လေဟာနယ်အာဏာစက်ရဲ့ ပိုပြီးအဆင့်မြင့်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုဖြစ်လို့ပဲ ”
ထူးဆန်းသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။
" ဒီဖရိုဖရဲအချိန်လေဟာနယ်ထဲကနေ အချိန်တိုလေးအတွင်း ထွက်ခွာဖို့က မဖြစ်နိုင်တဲ့အရာပဲ… ပြီးတော့ စီနီယာအကိုကြီးက ပျောက်နေတယ်… ဒါ့အပြင် ငါက ဒီပိုးအိမ်ထဲမှာ အချိန်ကြာကြာ အသက်မရှင်နိုင်ဘူး ”
“ ဒါဆိုရင် ဒီအချိန်လေဟာနယ်မုန်တိုင်းကို အသုံးပြုပြီး ငါ့ရဲ့ အာဏာစက်ကို ဘာလို့ အဆင့်မမြှင့်တင်ရမှာလဲ ”
“ ဒါပေမဲ့ အရင်ဆုံးအနေနဲ့ အချိန်လေဟာနယ်မုန်တိုင်းက ဘာလဲဆိုတာ ငါနားလည်ရမယ်… ပြီးတော့ အဲ့ဒါက ငါ့ရဲ့ အာဏာစက်နဲ့ ဘယ်လို ဆက်နွယ်နေတာလဲ ငါသိရမယ် ”
“ အဲ့ဒါမှပဲ ငါ့ရဲ့ အာဏာစက်ကို အဆင့်မြှင့်တင်နိုင်လိမ့်မယ် ”
ထိုသို့စိတ်ဆုံးဖြတ်ပြီးသောအခါ ရွှီချင်းက တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူ၏ အသိစိတ်က သူ၏ ဘေးပတ်ဝန်းကျင်မှ အာဏာစက်နှင့် ပေါင်းစပ်သွားသည်။
ဤအချိန်လေဟာနယ်မုန်တိုင်းထဲမှာ သူက ပင်လယ်ပြင်ထဲ၌ ကျောက်ဆူးကြိုးချထားသော သင်္ဘောတစ်စင်းနှယ် ဖြစ်လာသည်။ မုန်တိုင်းက မည်မျှပြင်းထန်ပြီး လှိုင်းလုံးများက မည်မျှအားကောင်းပါစေ သူက မယိမ်းယိုင်သွားပေ။ သူ၏ အသိစိတ်က အဆုံးအစမဲ့စွာ ပွင့်သွားသည်။
ထိုသို့ဆင်ခြင်နားလည်နေစဉ် သူ၏ အာဏာစက်ပိုးအိမ်ပေါ်မှ ချည်မျှင်များက ပိုပြီးထူထဲလာသည်။ တစ်ချိန်တည်းမှာ ထူးဆန်းသော အတွေးများက သူ၏ အသိစိတ်ထဲမှာ စတင်ထွက်ပေါ်လာသည်။
သို့တိုင် ယင်းက လွယ်ကူသောအရာ မဟုတ်ပေ။
ဥပမာ ယခု ရွှီချင်းက တရားထိုင်နေပြီး ဆင်ခြင်နားလည်နေသော်လည်း မည်သည့်လမ်းစမှ ရှာမတွေ့သေးပေ။
သူက ပြင်ပဖရိုဖရဲထဲ၌ အစီအစဉ်တကျရှိနေသော ချည်မျှင်တစ်မျှင်ကိုပင် အာရုံမခံနိုင်ပေ။
ဤသည်မှာ အရာအားလုံးက မြူခိုးဖြင့် ဖုံးလွှမ်းခံထားရသည့်အလားပင်။ ယင်းက ရေကန်ထဲမှ လရိပ်ကို ကြည့်နေရခြင်းနှင့် ဆင်တူသည်။
ထိုစဉ် သူ၏ ပိုးအိမ်ထဲမှ ချည်မျှင်များက ဖရိုဖရဲအချိန်လေဟာနယ်ထဲသို့ ဆန့်တန်းသွားကြပြီး ပိုပြီးနက်ရှိုင်းစွာ စူးစမ်းလေ့လာလိုက်ကြသည်။
သို့သော်လည်း ရလဒ်က မပြောင်းလဲသွားပေ။
ရွှီချင်းက မျက်လုံးဖွင့်လိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး အပြင်သို့ ကြည့်လိုက်သည်။
“ အဲ့ဒါက ဖရိုဖရဲအရှုပ်အထွေးပဲ… အဲ့ဒါကို ဖမ်းဆုပ်ဖို့ လမ်းစမရှိဘူး ”
“ အဲ့ဒါက ရုပ်မြင်ပုံရိပ်မရှိတဲ့ မရေမတွက်နိုင်တဲ့ ပဟေဠိအပိုင်းအစတွေနဲ့ ဆင်တူတယ်… ဒါကြောင့် အဲ့ဒီပဟေဠိတွေကို ငါမဆက်နိုင်ဘူး… ”
“ ဒီတော့… ဒီအချိန်လေဟာနယ်မုန်တိုင်းရဲ့ အနှစ်သာရကို ငါဆင်ခြင်နားလည်ချင်တယ်ဆိုရင် ရုပ်မြင်ပုံရိပ်တွေကို လိုအပ်လိမ့်မယ် ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။
" အဲ့ဒီရုပ်မြင်ပုံရိပ်တွေက ငါ့ရဲ့ အစမှတ် ဖြစ်လာနိုင်တယ်… အဲ့ဒါဆိုရင် ဒီဖရိုဖရဲအရှုပ်အထွေးကို ငါဖြေရှင်းနိုင်လိမ့်မယ်… ”
“ ဒါပေမဲ့… ဘယ်လိုရုပ်မြင်ပုံရိပ်က ဒီအချိန်လေဟာနယ်မုန်တိုင်းအတွက် သင့်တော်မလဲ ”
သူက လေးနက်စွာ တွေးတောလိုက်သည်။
" ဒီအချိန်လေဟာနယ်မုန်တိုင်းက ထိန်းချုပ်ဖို့ မဖြစ်နိုင်တဲ့အရာဖြစ်ပြီး အဲ့ဒီထဲမှာ မရေမတွက်နိုင်တဲ့ ဖြစ်နိုင်ခြေတွေ ပါဝင်နေတယ်… ဒါပေမဲ့ အဲ့ဒီဖြစ်နိုင်ခြေတွေက သဏ္ဍာန်မဲ့တဲ့ တစ်စုံတစ်ခုရဲ့ ကန့်သတ်ခံထားရတယ်… အဲ့ဒါက ကံကြမ္မာနဲ့ ဆင်တူတယ်… ”
ရုတ်တရက် သူ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။
“ ကံကြမ္မာလား ”
ထွန်းလင်းတောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
နောက်အခိုက်အတန့်မှာ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ အရှေ့မှာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ရောင်ဝါတောက်ပသော နတ်ဘုရားစွမ်းအင်အမြူတေက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
ယင်းက သူ့အား မိုးသောက်သခင်လေး အပ်နှင်းပေးခဲ့သောအရာ ဖြစ်သည်။
ထိုနတ်ဘုရားစွမ်းအင်အမြူတေထဲမှာ ကံကြမ္မာစွမ်းအင်က အလွန်သိပ်သည်းစွာ ပါဝင်နေသည်။
ရွှီချင်းက ယင်းကို စိုက်ကြည့်လိုက်သည်နှင့် သူ၏ မျက်လုံးထဲမှ အလင်းရောင်က ပိုပြီးထွန်းလင်းလာသည်။
“ ကံကြမ္မာကို ရုပ်မြင်ပုံရိပ်အဖြစ် အသုံးပြုပြီး ဒီအချိန်လေဟာနယ်မုန်တိုင်းကို ငါဆင်ခြင်နားလည်နိုင်မယ့် ဖွဲ့စည်းတည်ဆောက်မှုအဖြစ် ပြန်ရက်လုပ်မယ် ”
သို့တိုင် ကံကြမ္မာကိုယ်၌က စိတ်ကူးယဉ်ဆန်သောအရာ ဖြစ်၏။
ယင်းက ဤအချိန်လေဟာနယ်မုန်တိုင်းကဲ့သို့ပင် နက်နဲသိမ်မွေ့သည်။
အကယ်၍ ဤအချိန်လေဟာနယ်မုန်တိုင်းက ပဟေဠိအပိုင်းအစများဖြင့် ပြန့်ကျဲနေသော ပင်လယ်တစ်စင်းဆိုလျှင် “ ကံကြမ္မာ ”က ယင်းတို့ကို လမ်းညွှန်ပေးမည့် ရုပ်ပုံများ ဖြစ်လာလိမ့်မည်။
သို့ဖြစ်၍ ကံကြမ္မာက ရုပ်ပုံဖော်ပေးမည့် ပထမဆုံး ပဟေဠိအပိုင်းအစကိုတော့…
ရွှီချင်းက သူ့ကိုယ်သူသာ ရွေးချယ်လိုက်သည်။