← Chapters

ဒသမမြောက် အန္တိမတာအို

Vol. 117 Ch. 1783

ဒသမမြောက် အန္တိမတာအို

Vol. 117 Ch. 1783

ဒသမမြောက် အန္တိမတာအိုကို ဆင်ခြင်နားလည်ရန် လမ်းစဉ်သည် အခက်အခဲများ၊ အနှောင့်အယှက်များဖြင့် ပြည့်နှက်နေရန် ကံပါလာသည်။

ရွှီချင်းသည် သူ၏ ကျင့်ကြံခြင်းခရီးစဉ်တစ်လျှောက်မှာ ယင်းကို နက်နက်နဲနဲ တွေးတောခဲ့သည်။ သူက ဤဘဝမှာ ဉာဏ်အလင်းများစွာကို ရရှိခဲ့ပြီး ကိစ္စကြီးအများအပြားကို ကိုယ်တိုင်တွေ့ကြုံခဲ့ဖူးသည်။ သူက အင်မော်တယ်အရှင်သခင်မီမင်၏ အဆင့်တတ်လှမ်းမှုကိုပင် မျက်မြင်ကြုံခဲ့ဖူးသည်။ သို့တိုင် ယင်းတို့က သူ့အား ဒသမမြောက် အန္တိမတာအိုကို ဆင်ခြင်နားလည်ရာတွင် တိုက်ရိုက် အကူအညီမပေးနိုင်ပေ။ သူက ယင်းတို့ကို ကိုးကားချက်အနေဖြင့်သာ အသုံးပြုနိုင်သည်။

အဘယ့်ကြောင့်ဆိုသော် သူ့အာဏာစက်ကို ပွင့်လန်းလာစေရန် သူ့ကိုယ်ပိုင်အတွေ့အကြုံများဖြင့်သာ ပျိုးထောင်နိုင်ပေသည်။ သို့မှသာ ယင်းက တမူထူးခြားသော သူ့ကိုယ်ပိုင်ဥပေဒသတစ်ခုကို မွေးဖွားပေးနိုင်လိမ့်မည်။

“ အဲ့ဒါက အာဏာစက်တစ်ခုက ဥပဒေသတစ်ခုကို မွေးဖွားပေးတဲ့ လုပ်ငန်းစဉ်ပဲ… ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူမြှောက်တင်ထားသော ခြေထောက်က လေထဲမှာ ရပ်တန့်သွားသည်။ သူက ထိုခြေလှမ်းကို မလှမ်းပေ။

သူက တွေးတောစဉ်းစားလိုက်သည်။

သူ၏ ပြင်ဆင်မှုများက အမှန်တကယ် ပြီးပြည့်စုံသလော သူတွေးတောလိုက်သည်။

" ဒြပ်စင်ငါးမျိုးက အခြေခံအုတ်မြစ်ဖြစ်ပြီး အချိန်နဲ့ လေဟာနယ်က ပိုပြီးအဆင့်မြင့်တဲ့ အချိန်လေဟာနယ်ကို ဖန်တီးပေးတယ်… အဲ့ဒီနောက် ဒီအချိန်လေဟာမုန်တိုင်းကနေ ငါ့ရဲ့ အချိန်လေဟာနယ်က မပြည့်စုံသေးကြောင်း သိလာရတယ်… အချိန်လေဟာနယ်မှာ အမှားနဲ့ အမှန်ဆိုပြီး မျက်နှာပြင်နှစ်ခု ရှိတယ်… အဲ့ဒီနှစ်ခုစလုံးကို အတူတကွ ပေါင်းစည်းနိုင်မှပဲ စစ်မှန်တဲ့ အချိန်လေဟာနယ်ကို ဖန်တီးနိုင်လိမ့်မယ် ”

“ ဒါဆိုရင် အချိန်လေဟာနယ်အာဏာစက်ရဲ့ အခြေခံအုတ်မြစ်က အလုံးစုံဖြစ်တယ် ”

“ နောက်တစ်ဆင့်က… ”

“ တကယ်လို့ ပြီးပြည့်စုံတဲ့ အချိန်လေဟာနယ်ကို အမှတ်တစ်ခုလို့ သတ်မှတ်မယ်ဆိုရင်… ”

ရွှီချင်းက ခေါင်းမော့လိုက်သည်။ သူမြှောက်တင်ထားသော ခြေထောက်က ရုတ်တရက် အောက်သို့ ကျဆင်းသွားသည်။

သူ၏ ခြေဖဝါးက ဟင်းလင်းပြင်နှင့် ထိတွေ့သွားသည့်အခိုက် သူ၏ နဝမမြောက် အန္တိမတာအိုက ပေါ်လျှိုးလာပြီး နတ်ဘုရားတေးသံပမာ ပျံ့လွင့်သွားသည်။ ယင်းက ဤအချိန်လေဟာနယ်မုန်တိုင်းထဲမှာ ပဲ့တင်ထပ်သွားသည်။

“ အပြိုင်စကြာဝဠာတွေ ”

ထိုစကားထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်မျိုးက ကိန်းအောင်းနေပြီး ရွှီချင်း၏ အသိစိတ်ကို လှုံ့ဆော်လိုက်သည်။ ထို့နောက် သူ၏ အသိစိတ်က အဆုံးမဲ့စွာ ကျယ်ပြောသွားသည်။ ဤသည်မှာ သူက လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်နက်နဲသိမ်မွေ့သော အမှန်တရားကို ရှာတွေ့သွားသည့်အလားပင်။

လျှပ်တစ်ပြက်အတွင်းမှာ သူ၏ အရှေ့မှ ဟင်းလင်းပြင်က အသွင်ပြောင်းလဲသွားသည်။ ဤသည်မှာ သူက အဆုံးမဲ့စွာ ကြီးမားကျယ်ပြောသွားသည့်အလားပင်။ တစ်ဖက်မှာတော့ သူမတ်တတ်ရပ်နေသော အချိန်လေဟာနယ်မုန်တိုင်းက အဆုံးမဲ့စွာ ကျုံ့သွားသည်။

နောက်ဆုံးမှာတော့ ယင်းက ရွှီချင်း၏ စိတ်အာရုံထဲမှာ အမှတ်တစ်ခု ဖြစ်လာသည်။

ထိုအမှတ်ထဲမှာ သူ၏ အချိန်လေဟာနယ်အာဏာစက်နှင့်ပတ်သက်သော သတင်းအချက်အလက်အားလုံး ပါဝင်သည်။

ထိုအမှတ်၏ အပြင်ဘက်တွင်တော့ ပိုမိုများပြားသော အမှတ်များက ဖွဲ့စည်းသွားနေကြောင်း ရွှီချင်း ရုတ်တရက် သတိထားမိသွားသည်။

အမှတ်များက ပိုမိုများပြားလာပြီး ပြွတ်သိပ်ထူထဲလာကြသည်။ နောက်ဆုံးမှာ ယင်းတို့က သူ၏ အမြင်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းသွားကြသည်။

မရေမတွက်နိုင်သော အမှတ်များက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြသည်။

အမှတ်တစ်ခုစီက အလွန်သိပ်သည်းသော အချိန်လေဟာနယ်အစွမ်းကို ထုတ်လွှတ်နေကြသည်။ ထို့ပြင် ယင်းတို့တစ်ခုစီမှာ လောကတစ်ခု ကိန်းအောင်းနေဟန် ရ၏။ ထိုလောကထဲမှာ အချိန်လေဟာနယ်တစ်ခုနှင့် သက်ရှိအားလုံး၏ လမ်းစဉ်များ ပါဝင်ကြသည်။

ယင်းက မရေမတွက်နိုင်သော သက်ရှိများ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကို သယ်ဆောင်ထားပြီး မတူညီသော လမ်းစဉ်အားလုံးကို အတူတကွ ရက်လုပ်ပေးထားသည်။

ယင်းက အတိတ်မှာ ရွှီချင်း ဆင်ခြင်နားလည်ခဲ့သော နဝမမြောက် အန္တိမတာအို မျဉ်းပြိုင်(အပြိုင်စကြာဝဠာ) ဖြစ်သည်။

သို့သော်လည်း ထိုမျဉ်းပြိုင်အာဏာစက်အစွမ်းမှာ အကန့်အသတ်ရှိသည်။ ယင်းက အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး သူမဖြစ်ခင်အထိ ဖြစ်သည်။ ယခု သူက အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ဖြစ်လာသည့်အခါ ထိုအာဏာစက်အစွမ်းကို အပြည့်အဝ ထုတ်လွှတ်နိုင်သွားသည်။

ထို့ကြောင့် ရွှီချင်း၏ အကြည့်က ထိုအလင်းအမှတ်များပေါ်သို့ ကျရောက်သွားသည်။

ထိုအမှတ်များထဲမှာ သူက သူကိုယ်တိုင်၏ မရေမတွက်နိုင်သော တခြားမူကွဲပုံစံများကို မြင်တွေ့သွားပြီး မတူကွဲပြားသော ဘဝများကို မြင်တွေ့သွားသည်။

ဤသည်မှာ ကံတရားက တစ်လှည့်စီ ပြောင်းလဲနေသည့်အလားပင်။ ယင်းတို့က သူ၏ မျက်စိအရှေ့မှာ အဟန့်အတားမဲ့စွာ ထွက်ပေါ်နေသည်။

အမှတ်တစ်ခုထဲတွင် ကျောင်းတော်သားတစ်ဦး ရှိသည်။

သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဦးခေါင်းပေါ်တွင် ကျောင်းတော်သား ဘွဲ့ဦးထုပ်ရှိသည်။ သူက တိတ်ဆိတ်ငြိမ်သက်သော ခြံဝန်းတစ်ခုထဲမှာ လမ်းလျှောက်နေစဉ် သူ၏ လက်ထဲမှာ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားသည်။

ခြံဝန်းက သစ်ပင်ပန်းပင်များဖြင့် စိမ်းလန်းစိုပြည်ပြီး ပန်းပေါင်းစုံရနံ့က လေထဲမှာ ရစ်ဝဲနေသည်။ သို့တိုင် စိတ်ညှိုးငယ်မှုက ထိုကျောင်းတော်သား၏ မျက်ခုံးနှစ်ခုကြားမှာ မသဲမကွဲ ထွက်ပေါ်နေသည်။ ဤသည်မှာ သူက စာအုပ်ထဲမှ သဘောတရားတချို့ကို နားမလည်သည့်အလား သို့မဟုတ် သူ၏ ရည်မှန်းချက်များက မပြည့်မြောက်သေးသည့်အတွက် စိတ်အလိုမကျ ဖြစ်နေသည့်အလားပင်။

ရံဖန်ရံခါ သူက ခြံဝန်းထဲမှ ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်လိမ့်မည်။ သူက စုတ်တံကို မှင်ရည်ခွက်ထဲသို့ နှစ်၍ လက်ရေးလှစာလုံးများကို စက္ကူပေါ်မှာ ရေးသားလိမ့်မည်။ သူ၏ စုတ်ချက်တိုင်းက အသိပညာအပေါ် မည်မျှသူလိုလားတောင့်တကြောင်း ဖော်ပြနေ၏။

သူမသိသည်မှာ ဤအချိန်လေဟာနယ်၏ အလွန်တွင် သူကိုယ်တိုင်၏ တခြားမူကွဲတစ်ယောက်က သူ့အား စောင့်ကြည့်နေခြင်း ဖြစ်သည်။

…..

တခြားအချိန်လေဟာနယ်တွင် ဓားသမားတစ်ယောက် ရှိသည်။

သူက ဝါးခမောက်ကို ဆောင်းထားပြီး အနက်ရောင်သိုင်းဝတ်စုံကို ချပ်ချပ်ရပ်ရပ် ဝတ်ဆင်ထားသည်။ သူ၏ ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားကာ ဓားအိမ်ပေါ်တွင် ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်များကို ရေးထွင်းထားသည်။

သူက အများပြည်သူပိုင်လမ်းတစ်ခုမှာ ခြေလှမ်းကျဲကြီးများဖြင့် မြန်မြန်သွက်သွက် လျှောက်နေသည်။ သူက ထင်းရှူးပင်ပမာ ခါးမတ်ထားပြီး သူ၏ ခြေလှမ်းတိုင်းမှာ မယိမ်းယိုင်သော စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ သူ၏ ဘေးပတ်ဝန်းကျင်မှာ အပူအပင်ကင်းမဲ့သော လေထုရှိသည်။

ဓားပြများက သူ၏ လမ်းကြောင်းမှာ ထွက်ပေါ်လာသည့်အခါ ဓားသမားက သူ၏ ဓားကို ရိုးရှင်းစွာ ဆွဲထုတ်လိုက်သည်။ ထို့နောက် အေးစက်စက် အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူက အရှေ့သို့ ပြေးထွက်သွားပြီး ဓားပြများကို သုတ်သင်ရှင်းလင်းလိုက်သည်။

ဓားပြများ အကုန်သေဆုံးသွားပြီးနောက် သူက ဓားကို ဓားအိမ်ထဲမှာ ပြန်သိမ်းဆည်းလိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။

နေဝင်ဆည်းဆာအောက်မှာ သူ၏ အရိပ်က မြေပြင်ပေါ်မှာ ရှည်တန်းသွားသည်။ ဤသည်မှာ သူက အဆုံးမဲ့သော ပုံပြင်ဇာတ်လမ်းများကို သယ်ဆောင်ထားသည့်အလားပင်။ ယင်းက သနားကြင်နာမှု၊ လက်စားချေမှု၊ လိုချင်တပ်မက်မှု၊ တရားမျှတမှုဖြင့် ပြည့်နှက်နေသော ဘဝတစ်ခု ဖြစ်သည်။

နေလုံးက မိုးကုပ်စက်ဝိုင်း၏ အောက်သို့ နစ်မြုပ်သွားသည့်အခါ အရာအားလုံးက မည်းမှောင်သွားသည်။

…..

အချိန်လေဟာနယ်၏ အလွန်တွင် ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်သည်။

တစ်ခဏကြာ သူတိတ်ဆိတ်သွားပြီးနောက် သူ၏ မျက်လုံးထဲမှ အကြည့်က ပိုပြီးလေးနက်လာသည်။ ထို့နောက် သူက တခြားအချိန်လေဟာနယ်များကို ဆက်ပြီး စူးစမ်းလေ့လာလိုက်သည်။

ဤသည်မှာ သူက အပြိုင်စကြာဝဠာများ၏ ဖွဲ့စည်းပုံကို ဖြတ်သန်း၍ အချိန်မြစ်ကို လေ့လာကြည့်ရှုနေသည့်အလားပင်။

ထို့ပြင် သူက လယ်သမားများ၊ အရာရှိများ၊ မင်းမှုထမ်းများ၊ သူခိုးများ၊ ကလေးများနှင့် လူကြီးများကိုလည်း မြင်တွေ့သွားသည်။

ယင်းက အသင်္ချေဘဝများ ဖြစ်ကြသည်။

ရိုးသားသော သမားတော်ဘဝတွင် သူက ဒဏ်ရာရရှိထားသူများကို ဂရုတစိုက် သွေးကြောစမ်းသပ်ပေးပြီး ရံဖန်ရံခါ မျက်မှောင်ကြုတ်သွားသည်။ တချို့အချိန်များတွင် သူက နှစ်သိမ့်စွာ ပြုံးလေ့ရှိသည်။

သူက ကျွမ်းကျင်သော လက်တစ်စုံဖြင့် ဆေးပင်များကို အချိုးအစားမှန်ကန်စွာ ရောနှောပြီး လူနာများအတွက် ဆေးဖော်စပ်ပေးသည်။

ရံဖန်ရံခါ သူက ဆေးပုံးကို ကျောမှာလွယ်၍ လမ်းကြားထဲသို့ လျှောက်သွားပြီး အကူအညီမဲ့နေကြသော လူနာများကို စေတနာအပြည့်ဖြင့် ကုသပေးသည်။

သူက သူတတ်ကျွမ်းထားသော ဆေးပညာဖြင့် ဤလောက၏ တစ်ထောင့်တစ်နေရာမှ သက်ရှိများ၏ ကျန်းမာရေးကို ဂရုစိုက်ပေးနေသည်။

ယင်းက ရိုးရှင်းသော ဘဝဖြစ်သည်။ သို့တိုင် ယင်းက သိမ်မွေ့နက်နဲသည်။

.....

ရွှီချင်းက သူ၏ မူကွဲပုံစံများကို တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်ရှုလိုက်သည်။

တချို့က တူညီပြီး တချို့က လုံးဝကွဲပြားခြားနားသည်။

ဤသည်မှာ ဇစ်မြစ်တူညီသော်လည်း ရေခံမြေခံ ကွာခြားသောကြောင့် သဘာဝတရားက ကွဲပြားသွားသည့်အလားပင်။

ရွှီချင်းက ယင်းတို့အားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ နောက်ဆုံးမှာ နားလည်သဘောပေါက်မှုက သူ၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာသည်။

" အရင်က ငါမှားခဲ့တာပဲ... "

“ ငါ့ရဲ့ အာဏာစက်က ငါ့ရဲ့ စိတ်အာရုံကနေ အရင်းခံလာတာ ဖြစ်တယ်… ဒါပေမဲ့ အဲ့ဒါက သူတို့တွေကြောင့် ကန့်သတ်ခံထားရတယ် ”

“ အတိတ်မှာ နဝမမြောက် အန္တိမတာအိုကို ငါရှာဖွေခဲ့တုန်းက ကျင့်ကြံသူလမ်းစဉ်တစ်ခုတည်းမှာပဲ အာရုံစိုက်ထားခဲ့တယ်… အဲ့ဒါက ငါသိနိုင်တဲ့ တစ်ခုတည်းသောအရာပဲ ”

“ ဒါကြောင့် ငါမြင်တွေ့ခဲ့တဲ့ အချိန်လေဟာနယ်အားလုံးက ကျင့်ကြံသူတွေချည်းပဲ ဖြစ်တယ် ”

“ တကယ်တော့ သူတို့က ငါ့ရဲ့ စိတ်ကူးယဉ်ပုံရိပ်တွေပဲ ဖြစ်တယ်… အဲ့ဒါတွေက အတုအယောင် အပြိုင်စကြာဝဠာတွေ ”

“ ဒါပေမဲ့ တကယ့်မျဉ်းပြိုင်တွေနဲ့ စစ်မှန်တဲ့ အပြိုင်စကြာဝဠာတွေဆိုတာ အချိန်လေဟာနယ်ကို ပြီးပြည့်စုံသွားစေပြီးနောက် အခု ငါမြင်လိုက်ရတဲ့ အရာတွေပဲ ဖြစ်တယ်… အဲ့ဒါက… ”

“ အသင်္ချေဘဝတွေ ”

" ဘဝတစ်ခုစီမှာ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ ကိုယ်ပိုင်စိတ်ခံစားချက်တွေ၊ ဝမ်းနည်းမှုနဲ့ ပျော်ရွှင်မှုတွေ၊ ကိုယ်ပိုင်ဘဝလမ်းကြောင်းတွေ ရှိတယ်… "

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။

ယင်းကသာလျှင် သူ၏ နဝမမြောက် အန္တိမတာအို အပြိုင်စကြာဝဠာ၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။

ယင်းက မရေမတွက်နိုင်သော ရွေးချယ်မှုများ၊ မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများနှင့် မရေမတွက်နိုင်သော ကံကြမ္မာအလှည့်အပြောင်းများကို အတူတကွ ရက်လုပ်ထားသော ဂန္တဝင်ပန်းချီကားတစ်ချပ် ဖြစ်သည်။

“ စိတ်မကောင်းစရာပဲ… အဲ့ဒါကို အပြည့်အဝ ငါမလွှမ်းမိုးနိုင်သေးဘူး ”

ရွှီချင်းက မျက်လုံးမှိတ်လိုက်ပြီး နူးညံ့စွာ ပြောသည်။

" မြင်နိုင်တာနဲ့ ကိုယ်တိုင်လုပ်ဆောင်နိုင်တာက မတူညီတဲ့ အရာနှစ်ခုပဲ… ပြီးတော့ အချိန်လေဟာနယ်အပြိုင်စကြာဝဠာတွေက အရေအတွက် အကန့်အသတ်မဲ့တယ်… အခု ငါက အဲ့ဒါကို မြင်နိုင်စွမ်းပဲ ရှိသေးတယ်… ဒါပေမဲ့… ကြားဝင်စွက်ဖက်တာကိုတော့ နည်းနည်း လုပ်ဆောင်နိုင်တယ် ”

“ အဲ့ဒီအတွက် ငါ့ရဲ့ နည်းလမ်းဟောင်းတွေကို မှီခိုအားထားရလိမ့်မယ်… ဒါပေမဲ့ အဲ့ဒါတွေက အသေးစားလှည့်ကွက်တွေ… အဲ့ဒါက တစ်စုံတစ်ယောက်ရဲ့ အမြင်ကို လှန်လှောကြည့်ရှုတာနဲ့ ဆင်တူတယ် ”

" တကယ်တမ်းတော့ ငါမြင်နေတာက… မဟာတာအိုဆီ အချိန်လေဟာနယ်အာဏာစက်ရဲ့ လျှောက်လှမ်းမှုရဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်တယ် ”

ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။

“ ဒါဆိုရင် ငါ့ရဲ့ ဒသမမြောက် အန္တိမတာအိုက ‘ အမြင် ’ကို ‘ လုပ်ဆောင်မှု ’အဖြစ် ပြောင်းလဲတာများလား ”

သူက နက်နဲစွာ တွေးလိုက်သည်။

ထိုအချက်နှင့်ပတ်သက်ပြီး သူ့မှာ သံသယများစွာ ရှိသည်။ ထို့ကြောင့် သူက ယင်းကို အပြည့်အဝ နားမလည်သေးပေ။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက မျက်လုံးဖွင့်လိုက်သည်။

" ‘ လုပ်ဆောင်မှု ’က နဝမမြောက် အန္တိမတာအိုရဲ့ နယ်နိမိတ်အတွင်းမှာပဲ ရှိသေးတယ်… အများဆုံး အဲ့ဒါကို ခြေလှမ်းဝက် ဒသမမြောက် အန္တိမတာအိုလို့ပဲ သတ်မှတ်နိုင်တယ်… အဲ့ဒါက တကယ့်အဆင့်တတ်လှမ်းမှု မဟုတ်သေးဘူး… ”

သူက ခေါင်းခါလိုက်သည်။ ယင်းက ဒသမမြောက် အန္တိမတာအိုအပေါ် သူ၏ နားလည်သဘောပေါက်မှုက မလုံလောက်သေးကြောင်း ဖော်ပြနေသည်။

ထို့ကြောင့် ရွှီချင်းက အချိန်လေဟာနယ်အမှတ်များကို ဆက်လက် ကြည့်ရှုလိုက်ပြီး သူ၏ တခြားမူကွဲပုံစံများကို စူးစမ်းလေ့လာလိုက်သည်။

အချိန်က မခန့်မှန်းနိုင်စွာ ကုန်လွန်သွားသည်။

ယင်းက အမှတ်တစ်ခု၌ သူ၏ တခြားမူကွဲပုံစံကို မမြင်တွေ့ရခင်အထိ ဖြစ်သည်။

ထိုသူက ပန်းချီဆရာတစ်ယောက် ဖြစ်သည်။

ထိုအချိန်လေဟာနယ်ထဲမှာ ပန်းချီဆရာက ပန်းချီအများအပြားကို ဖန်တီးခဲ့သည်။ ယင်းတို့က ကြော့ရှင်းတင့်တယ်သော မိန်းကလေးပုံများ၊ နာမည်ကျော်ကြားသော နယ်မြေဒေသရှုခင်းပုံများ၊ ကျေးငှက်ပုံများနှင့် သားရဲပုံများ ဖြစ်ကြသည်။ သူက ပန်းချီနယ်ပယ်တွင် အတော်လေး ကျော်ကြားသည်။

တစ်နေ့မှာ ပန်းချီဆရာက အချိန်အတော်ကြာအောင် စက္ကူကို စိုက်ကြည့်နေသည်။ ထို့နောက် သူက စုတ်တံကို ကိုင်မြှောက်လိုက်ပြီး စက္ကူပေါ်မှာ အမှတ်တစ်မှတ်ကို စရေးဆွဲလိုက်သည်။

စုတ်တံက ထိုအမှတ်ပေါ်မှာ ရပ်တန့်နေစဉ် ထိုအချိန်လေဟာနယ်၏ အပြင်ဘက်မှ စောင့်ကြည့်နေသော ရွှီချင်းက တုန်ယင်သွားသည်။ သူ၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။

“ မူလတစ်ခုတည်းသို့ ပြန်ခြင်း ”

“ အဲ့ဒါ မူလတစ်ခုတည်းသို့ ပြန်ခြင်း ”

" ဒသမမြောက် အန္တိမတာအိုက… မူလတစ်ခုတည်းသို့ ပြန်ခြင်းပဲ ”

ရွှီချင်း၏ မျက်လုံးထဲမှာ တစ်ခါမှမဖြစ်ပေါ်ဖူးသော အလင်းရောင်က ထွက်ပေါ်လာပြီး သူ၏ အသိစိတ်ထဲမှ မြူခိုးက ချက်ချင်း ပျောက်ကွယ်သွားသည်။

“ ဒါဆိုရင်… မေးစရာရှိတာက… မူလတစ်ခုတည်းသို့ ပြန်ရောက်အောင် ဘယ်လိုလုပ်ဆောင်မလဲ ”

ရွှီချင်းက သူ့အရှေ့မှ မရေမတွက်နိုင်သော အချိန်လေဟာနယ်အမှတ်များကို ကြည့်လိုက်သည်။ ယင်းတို့ထဲမှာ သူ၏ မရေမတွက်နိုင်သော တခြားမူကွဲပုံစံများ ရှိသည်။ ယင်းတို့ကို သူကြည့်လိုက်သည့်အခါ အဖြေတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

" ဒီအချိန်လေဟာနယ်အမှတ်တွေထဲက ငါ့ရဲ့ မူကွဲပုံစံအားလုံးကို မူလတစ်ခုတည်းသို့ ပြန်ရောက်အောင် စိတ်ကူးရမယ် ”

“ အဲ့ဒီအတွေးကို ချည်မျှင်တစ်ခုလို သဘောထားပြီး အချိန်လေဟာနယ်အားလုံးကို ချုပ်ပစ်ရမယ် ”

" ဒါကြောင့် မူလတစ်ခုတည်းသို့ ပြန်ခြင်းဆိုတဲ့ အတွေးအားလုံးကို စုစည်းရမယ်… ပြီးတော့ အပြိုင်စကြာဝဠာတွေထဲက အသိစိတ်အားလုံးကို ဘုံတူစုရမယ် ”

“ အဲ့ဒါကို ဘယ်လို ဆောင်ရွက်ရမလဲဆိုတော့… ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ ယခု သူ့အတွက် အကြီးမားဆုံး အဟန့်အတားက မပြည့်စုံသေးသော သူ၏ နဝမမြောက် အန္တိမတာအိုဖြစ်သည်။

သူက မြင်နိုင်သော်လည်း ယင်းကို အပြည့်အဝ မထိန်းချုပ်နိုင်ပေ။

“ သေးငယ်တဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ငါလွှမ်းမိုးနိုင်တယ် ”

ရွှီချင်းက သေးငယ်သော တစ်စိတ်တစ်ပိုင်းကိုသာ လွှမ်းမိုးနိုင်လေရာ သူ၏ မူကွဲပုံစံအားလုံးကို မူလတစ်ခုတည်းသို့ ပြန်ခြင်းဟူသော အတွေးရအောင် မလုပ်ဆောင်နိုင်ပေ။

အချိန်လေဟာနယ်များက မရေမတွက်နိုင်အောင် များပြားသလို သူ၏ တခြားဘဝများက အသင်္ချေရှိသည်။ ထို့ပြင် သူ၏ မတူညီသော မူကွဲပုံစံများမှာ အဆုံးမဲ့သော တခြားအတွေးများရှိလေရာ အသိစိတ်အားလုံးကို ဘုံတူစုခြင်းက မဖြစ်နိုင်သောအရာ ဖြစ်သည်။

ထိုအတွက် သူက အပြိုင်စကြာဝဠာကို ပြီးပြည့်စုံစွာ တတ်ကျွမ်းထားရမည်။

စူးရှသော အလင်းတန်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဖြတ်လမ်းတစ်ခု ရှိသေးတယ်… ”

“ နာကျင်မှုနတ်ဘုရား ”

ရွှီချင်းက ရုတ်တရက် သူ၏ ညာလက်ကို မြှောက်လိုက်သည်။ သူက နာကျင်မှုနတ်ဘုရားအား ချိပ်ပိတ်ထားသော ခေါင်းတလားကို သူ၏ အင်မော်တယ်သန္ဓေသားလောင်းထဲရှိ အင်မော်တယ်နန်းတော်ထဲမှ ဆွဲထုတ်လိုက်သည်။

ခေါင်းတလားကို သူ၏ အရှေ့မှာ ချထားလိုက်သည့်အခါ လှိုင်းဂယက်များက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ ရွှီချင်းက တုံ့ဆိုင်းမနေဘဲ သူ၏ လက်ကို ခေါင်းတလားပေါ်သို့ ဖိချလိုက်သည်။

ခေါင်းတလားက အပြင်းအထန် တုန်ယင်သွားသည်နှင့် သူ၏ စိတ်အာရုံက ခေါင်းတလားထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားပြီး ခေါင်းတလားထဲမှ အသက်ဝိညာဉ် ငြိမ်းသတ်ခါနီးနေသော နတ်ဘုရားဖြင့် အတင်းအဓမ္မ ပေါင်းစပ်သွားသည်။

သူက နာကျင်မှုနတ်ဘုရား၏ တစ်စိတ်တစ်ဒေသကို ထိန်းချုပ်လိုက်သည်။

ထိုသို့လုပ်ဆောင်လိုက်သည့်အခါ ထူးဆန်းသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက နာကျင်မှုနတ်ဘုရား၏ နတ်ဘုရားအခွင့်အာဏာကို ချေးငှားကာ အချိန်လေဟာနယ်အားလုံးနှင့် ဆက်သွယ်ထားသည့် သူ၏ မူကွဲပုံစံတိုင်းအတွက် ပုံရိပ်ယောင်တစ်ခုကို ရက်လုပ်ချင်သည်။

သူက ဘဝတစ်ခုစီ၊ အတွေ့အကြုံတစ်ခုစီနှင့် ရည်မှန်းချက်တစ်ခုစီကို အတူတကွ ချုပ်လိုက်ပြီး တမူထူးခြားသော ပုံရိပ်ယောင်များကို ဖန်တီးလိုက်သည်။

ရလဒ်အနေဖြင့် သူ၏ မူကွဲပုံစံတိုင်းသည် သူတို့၏ ပုံရိပ်ယောင်များအတွင်း၌ အတိတ်မှာ သူတွေ့ကြုံခံစားခဲ့ရသကဲ့သို့ အတုအယောင်နှင့် အစစ်အမှန်ကို ခွဲခြားနိုင်ကြတော့မည် မဟုတ်ချေ။

နောက်ထပ် သူလုပ်ဆောင်ရမည်မှာ ပုံရိပ်ယောင်အားလုံးထဲ၌ ထွက်ပေါက်တစ်ခုထားရှိရန် ဖြစ်သည်။

ထိုထွက်ပေါက်သည် မူလတစ်ခုတည်းသို့ ပြန်ခြင်းဟူသော အတွေး ထွက်ပေါ်လာမည့်နေရာ ဖြစ်သည်။

ထိုနည်းဖြင့် သူက စွမ်းအင်မလောက်ငှခြင်း ပြဿနာကို ဖြေရှင်းပြီး သူ၏ ရည်ရွယ်ချက်ကို ရရှိနိုင်လိမ့်မည်။

ယင်းက သူ၏ မူကွဲပုံစံအားလုံးကို မူလတစ်ခုတည်းသို့ ပြန်ခြင်းဟူသော အတွေးရအောင် ဆောင်ရွက်ပေးလိမ့်မည်။

ပုံရိပ်ယောင်ဟူသည် သဘာဝအားဖြင့် စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။ ယင်းကို အိမ်မက်ဟုလည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ ယင်းက တကယ့်လက်တွေ့အပေါ် သက်ရောက်မှုမရှိပေ။

သို့သော်လည်း ဤပုံရိပ်ယောင်ထဲမှာတော့ အမှန်တရား ရှိသည်။

All Chapters