လျူရွှမ်ကျီ
Vol. 117 Ch. 1784
ရှေးခေတ်ကျမ်းစာများထဲမှာ ဤသို့ဖော်ပြထားသည်။
“ ကောင်းကင်ဘုံက လမ်းပြပေးလိမ့်မယ်… သူတော်စင်တွေက အနောက်ကနေ လိုက်ကြလိမ့်မယ် ”
…..
ကြီးမြတ်သော ယင်မင်းဆက်… ထျန်းချီနှစ်… နွေဦးကာလတွင်…
ကျုံးယုနန်းမြို့တော်ထဲမှာ…
နွေဦး၏ အစောပိုင်းမိုးက နန်းမြို့တော်၏ အနောက်တောင်ဘက်မှ လမ်းကြားတစ်ခုတွင် တဖွဲဖွဲ ရွာသွန်းနေသည်။
အနက်ရောင် ဆီစက္ကူထီးရွက်အောက်တွင် လျူရွှမ်ကျီဟု အမည်ရသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက သူ၏ သေးသွယ်သော လက်ချောင်းများဖြင့် သူ့အရှေ့မှ ရှေးဟောင်းဂမ္ဘီရကျောက်ပြားတစ်ချပ်ကို ပွတ်သပ်နေသည်။
" ဆရာလျူ ဘာမြင်ပါလဲ ”
စကားပြောလိုက်သူက အချိတ်ပိုးထည်ကို သားသားနားနား ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်သည်။ သူက ထီးအောက်မှာ မတ်တတ်ရပ်နေလျက် ဝတ်စုံပြာနှင့် ကံကြမ္မာဟောပြောသူကို ကြည့်နေသည်။
မိုးရွာမှုကြောင့် ဘေးပတ်ဝန်းကျင်က ဝေဝါးနေသော်လည်း လူငယ်၏ အနောက်တွင် ညီညာစွာ စီတန်းနေသော အချွေအရံများရှိကြောင်း မြင်နိုင်ပေသည်။
လျူရွှမ်ကျီက ခေါင်းမမော့ပေ။ သူ၏ အကြည့်က ဂမ္ဘီရကျောက်ပြားပေါ်သို့ ကျရောက်နေသည်။ အတိအကျဆိုရသော် သူ၏ အကြည့်က ဂမ္ဘီရကျောက်ပြားပေါ်မှ ကန်အင်းကွက်ပေါ်မှာ မရပ်မနား တုန်ယင်နေသော ကျောက်စိမ်းအပ်တစ်ချောင်းပေါ်သို့ ကျရောက်နေသည်။ သူက ဖြည်းညင်းစွာ မျက်မှောင်ကြုတ်လိုက်ပြီး တွေးတောစဉ်းစားလိုက်သည်။
ယင်းက ယနေ့ သူ၏ တတိယအကြိမ်မြောက် ကံကြမ္မာဟောပြောမှု ဖြစ်သည်။
ပထမအကြိမ်တွင် သာမန်ပြည်သူတစ်ယောက်က လယ်ယာလုပ်ငန်းနှင့်ပတ်သက်၍ သူ့အား မေးမြန်းခဲ့သည်။ ဒုတိယအကြိမ်တွင် အဖွားအိုတစ်ယောက်က သူ၏ ပျောက်ဆုံးသွားသော မြေးကို ရှာဖွေခိုင်းခဲ့သည်။ ယခု ဤအထက်တန်းစား လူငယ်က သူ့ဆီသို့ ရောက်လာပြီး မင်းမှုထမ်းအကျိုးစီးပွားနှင့်ပတ်သက်၍ မေးမြန်းလာသည်။
အချိန်တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် လျူရွှမ်ကျီက နောက်ဆုံးမှာ ခေါင်းမော့လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။
“ သခင်လေးရဲ့ ကံကြမ္မာနန်းတော်က ခရမ်းရောင်ကြယ်ရဲ့ လွှမ်းမိုးတာကို ခံထားရပါတယ်… အဲ့ဒါက ဘာကို ညွှန်ပြတာလဲဆိုတော့… ”
သူ၏ စကားမဆုံးခင်မှာ အပ်က လီအင်းကွက်ပေါ်သို့ ရုတ်တရက် ခုန်ဝင်သွားသည်။
ထိုရုတ်တရက် အပြောင်းအလဲက လျူရွှမ်ကျီကို မျက်မှောင်ကြုတ်သွားစေသည်။
သူတတ်ကျွမ်းထားသော ကံကြမ္မာဟောပြောခြင်းအရ လူငယ်၏ ကန်အင်းကွက်သည် ဩဇာအာဏာ ကြီးမားတိုးပွားခြင်းကို ရည်ညွှန်းသည်။ ယင်းက ကောင်းမွန်သော ကံကြမ္မာဖြစ်သည်။ သို့သော်လည်း လီအင်းကွက်သည် ငယ်ရွယ်စဉ်မှာ သေဆုံးခြင်းကို ရည်ညွှန်းသည်။
သို့သော်လည်း လူငယ်က သူ၏ သေဆုံးရမည့်အချိန်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း ထင်ရှားပေသည်။
သူ၏ မျက်ခုံးနှစ်ခုကြားမှာ အနှစ်လေးဆယ်ကြာ တည်ရှိနေသော မြင့်မြတ်ထည်ဝါမှု ရှိသည်။ သူ၏ ခါးမှာ ချိတ်ဆွဲထားသော ကျောက်စိမ်းပြားပေါ်မှ လက်သည်းလေးခုရွှေရောင်နဂါးတိုတမ်သည်ပင် တော်ဝင်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယင်းက အိမ်ရှေ့စံမင်းသား၏ ရာထူးတံဆိပ် ဖြစ်သည်။
မိုးက သည်းထန်လာနေစဉ် လျူရွှမ်ကျီက နှုတ်ဆိတ်သွားသည်။
ကန်အင်းကွက်နှင့် လီအင်းကွက်ကြားမှာ တစ်လှည့်စီ ကူးပြောင်းနေသော အပ်ကို သူကြည့်လိုက်သည်။ တဖြည်းဖြည်း ယင်းက ပြီးပြည့်စုံသော စက်ဝန်းတစ်ခုကို ဖွဲ့စည်းသွားပြီး အစအမှတ်က အဆုံးအမှတ်နှင့် ဆုံစည်းသွားသည်။
တစ်ခါမှမကြုံဖူးသော ထူးထူးဆန်းဆန်း ထိုအဖြစ်အပျက်က သူ့ကို ပိုပြီးမျက်မှောင်ကြုတ်သွားစေသည်။ သူက ဘယ်လက်ကို မြှောက်လိုက်ပြီး သူ၏ အင်္ကျီလက်ထဲမှာ ဝှက်ထားသော ကောင်းကင်ဘုံပင်စည်များနှင့် ကမ္ဘာမြေအကိုင်းအခတ်များကို ထုတ်လိုက်သည်။ သူက ယင်းတို့ကို အသုံးပြုလိုက်ပြီး ကံကြမ္မာကို နောက်တစ်ကြိမ် တွက်ချက်လိုက်သည်။
သို့သော်လည်း သူပိုပြီးတွက်ချက်လေ ချွေးစေးများက သူ၏ နောက်ကျောပေါ်မှာ ပိုပြီးရွှဲစိုလာလေ ဖြစ်သည်။
“ ဘာလို့ နောက်တစ်ကြိမ် အဲ့လိုဖြစ်ပြန်ရတာလဲ… ”
လွန်ခဲ့သော သုံးရက်တွင် သူက မိန်းမပျိုလေးတစ်ဦးအတွက် ကံကြမ္မာတွက်ချက်ပေးခဲ့သည်။ ထိုစဉ်က တစ်ဖက်လူ၏ ကံကြမ္မာသည် ယခုကဲ့သို့ မသေချာမရေရာ ဖြစ်နေသည်။ သူ၏ ကံတရားက ပင်ပန်းဆင်းရဲခြင်းဖြင့် ကြုံတွေ့ရန် ဖြစ်သင့်သော်လည်း ကံကြမ္မာဟောပြောမှုကတော့ ကောင်းကင်ဘုံအထိ ပျံတတ်သွားမည့် ဖီးနစ်ပုံရိပ်ကို ညွှန်ပြနေသည်။
ယခု သမိုင်းက နောက်တစ်ကြိမ် ထပ်ကြော့လာပြန်သည်။
" ဆရာလျူ "
လူငယ်က သူ၏ လက်ဖြင့် ဂမ္ဘီရကျောက်ပြားကို ပုတ်လိုက်သည်။ လျူရွှမ်ကျီက မိန်းမောတွေဝေနေကြောင်း သူမြင်သွားသောအခါ လူငယ်က ခေါင်းခါလိုက်သည်။ သူက ဤကံကြမ္မာဟောပြောသူကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်ပြီး အကဲဖြတ်လေ့လာလိုက်သည်။
ဆရာလျူ၏ အကြောင်းကို သူကြားဖူးသည်။ သူက အတိတ်မှာ နာမည်ကျော်ကြားသော ကံကြမ္မာဟောပြောသူတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော ဆယ်နှစ်မှာ သူက ရုတ်တရက် ရူးသွားခဲ့သည်။ သူက နေပြန်ကောင်းလာပြီးနောက် အရာအားလုံးကို စွန့်လွှတ်လိုက်ပြီး မထင်မရှားနေရာဆီသို့ ရွှေ့ပြောင်းသွားခဲ့သည်။
“ စိတ်မကောင်းစရာပဲ ”
ထိုသို့ပြောပြီးနောက် အထက်တန်းစား လူငယ်က ထွက်ခွာသွားသည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သွေးက လျူရွှမ်ကျီ၏ လည်ချောင်းထက်သို့ မြှောက်တတ်လာပြီး သူ့ကို မိန်းမောတွေဝေခြင်းမှ သတိပြန်ဝင်လာစေသည်။ ထိုစဉ် ကန်အင်းကွက်ပေါ်မှာ ရပ်နားတော့မည့် နိမိတ်ဖတ်ကျောက်စိမ်းအပ်ပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာသည်။
ထိုအက်ကွဲရာများကို စိုက်ကြည့်နေရင်း လျူရွှမ်ကျီက ခေါင်းမော့လိုက်ပြီး အစောနက ထွက်ခွာသွားသော လူငယ်လေး၏ နောက်ကျောကို လှမ်းကြည့်လိုက်သည်။ လည်ချောင်းထဲမှာ တစ်ဆို့နေသော သွေးကြောင့် သူက အကြိမ်ရေအနည်းငယ် ချောင်းဆိုးလိုက်ရသည်။ သူက လက်ကိုင်ပဝါတစ်ထည်ကို အလျှင်အမြန် ထုတ်လိုက်ပြီး သူ၏ ပါးစပ်ကို အုပ်လိုက်သည်။ ထို့နောက် သူခေါင်းငုံ့လိုက်သည့်အခါ သန့်ရှင်းသော အဖြူရောင်ပိုးပဝါပေါ်မှာ အနီရောင်သွေးစက်များ စွန်းထင်နေကြောင်း မြင်တွေ့သွားသည်။
" ခုနစ်ရာသုံးဆယ့်ကိုး… ”
လျူရွှမ်ကျီက ကျိန်စာနှင့်ဆင်တူသော ကိန်းဂဏန်းတစ်ခုကို ရေရွတ်လိုက်သည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက အလုပ်စားပွဲခုံကို ပြန်သိမ်းဆည်းလိုက်ပြီး မိုးရေထဲမှာ သူ၏ နေအိမ်ဆီသို့ ပြန်သွားသည်။
သူက သာမန်ကုလားထိုင်တစ်လုံးပေါ်မှာ ကျောမှီလိုက်ပြီး အပြင်ဘက်၌ တဖွဲဖွဲ ရွာသွန်းနေသော မိုးစက်များကို ပြတင်းပေါက်မှတဆင့် လှမ်းကြည့်လိုက်သည်။ တဖြည်းဖြည်း သူ၏ အသိစိတ်က သူ၏ မှတ်ဉာဏ်များထဲမှာ နစ်မြုပ်သွားသည်။
အနှစ်သုံးဆယ်…
သူက အသက်ဆယ့်ခြောက်နှစ်မှာ အဇူရာရှေးဟောင်းကျမ်းစာ၏ လျှို့ဝှက်နက်နဲမှုကို ဖြေရှင်းနိုင်ခဲ့သည်။ သူ၏ ကံကြမ္မာဟောပြောမှုက တစ်ကြိမ်တစ်ခါမှ မလွဲမှားခဲ့ဖူးပေ။ ယင်းက သူ့အသက် သုံးဆယ့်ခြောက်နှစ်မပြည့်ခင်အထိ ဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်မှစ၍ သူမြင်တွေ့ခဲ့ရသော ကံကြမ္မာနိမိတ်များသည် ဘာမှမသိနားမလည်သေးသော ကလေးငယ်တစ်ယောက်၏ လျှောက်ခြစ်ရာများနှင့် ဆင်တူလာသည်။ တစ်လမ်းတည်းကိုသာ အမြဲဖော်ပြလေ့ရှိသော ကံကြမ္မာလမ်းကြောင်းက စက်ဝိုင်းသဖွယ် လှည့်ပတ်လာသည်။
ထို့နောက် သူ၏ ဟောပြောမှုအားလုံးက မှားယွင်းသွားသည်။
အချိန်က မရပ်မစဲ ရွာသွန်းနေသော မိုးသဖွယ် ဆက်တိုက် ကုန်လွန်သွားသည်။ ယနေ့တွင် ညသည် ခါတိုင်းနေ့များထက် ပိုပြီးစောစီးစွာ ရောက်ရှိလာသည်။
ယင်းက လျူရွှမ်ကျီ၏ နှလုံးသားထဲမှာ ရစ်ဝဲနေသော အမှောင်ထုနှင့် ဆင်တူသည်။
ညအချိန်သို့ ရောက်ရှိသည့်အခါ သူက ရေနံဆီမီးအိမ်ကို ထွန်းညှိလိုက်ပြီး အခန်းတစ်ခုလုံးကို လင်းထိန်စေသည်။
ထိုအလင်းရောင်အောက်မှာ လျူရွှမ်ကျီက မတ်တတ်ရပ်လိုက်ပြီး အခန်းထဲမှ လျှို့ဝှက်အံဆွဲထဲမှာ သေသေချာချာ သူသိမ်းဆည်းထားသော ကံကြမ္မာဟောစာတမ်းစာအုပ်ကို ထုတ်လိုက်သည်။ ထို့နောက် သူက စာအုပ်ကို လှန်လှောလိုက်သည်။
ဝါကြင့်ကြင့် စာမျက်နှာများပေါ်မှာ ကံကြမ္မာအင်းကွက်များဖြင့် ပြည့်နှက်နေသည်။ ယင်းတို့ကို သူစစ်ဆေးလေ့လာနေစဉ် သူ၏ မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်သော အမူအရာက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
ယင်းတို့က ဤဆယ်နှစ်အတွင်းမှာ မသေချာမရေရာစွာ သူနိမိတ်ဖတ်ကြားခဲ့သော လူပေါင်း(၇၃၈)ယောက်၏ ကံကြမ္မာများ ဖြစ်ကြသည်။ ယခု မီးအလင်းရောင်အောက်မှာ စာအုပ်ထဲမှ ကံကြမ္မာမျဉ်းကြောင်းတစ်ခုစီက သတ်မှတ်ထားသော အမှတ်တစ်ခုပေါ်မှာ ထပ်ဆင့်လွှမ်းခြုံသွားနေကြသည်။
သူ၏ လက်ချောင်းက ယုံလုံတတိယနှစ်၏ အစောပိုင်းကာလသို့ ကျရောက်သွားသည်။
ထိုနှစ်တွင် ရှေ့တန်းစစ်သည်တော်တစ်ယောက်၏ နက္ခတ်တာရာလမ်းကြောင်းက နန်းမြို့တော်အရာရှိစာမေးပွဲမှ ထိပ်ဆုံးကျောင်းတော်သားတစ်ယောက်၏ နက္ခတ်တာရာလမ်းကြောင်းနှင့် ပေါင်းစည်းသွားခဲ့သည်။
ထိုနှစ်တွင် ဝန်ကြီးတစ်ယောက်၏ သမီးက သူ့အသက်နှစ်ဆယ့်တစ်နှစ်မြောက် မွေးနေ့တွင် ဆီကုန်သည်တစ်ယောက်နှင့် ဖူးစာဆုံသွားခဲ့သည်။
…..
တခြားလူများအတွက်တော့ ထိုအမှတ်အသားများက သာမန်သာ ဖြစ်သည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာတော့ ယင်းတို့က အရိုးခိုက်ခိုက်တုန်စေလုနီးပါး ချောက်ချားဖွယ်ကောင်းသည်။
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဘာလို့ ဒီဆယ်နှစ်အတွင်းမှာ သေမျိုးအားလုံးရဲ့ ကံကြမ္မာတွေက စုစည်းသွားနေတာလဲ ”
“ ပြီးတော့ ဒီနေ့မှာ… ”
ယနေ့ သူ၏ ကံကြမ္မာဟောပြောမှုကို ပြန်စဉ်းစားလိုက်သည်။ ထိုအထက်တန်းစား လူငယ်၏ ဘဝသက်တမ်းသည် သူ့အသက်နှစ်ဆယ်မှာ ကုန်ဆုံးသွားခဲ့သင့်သည်။ သို့သော်လည်း သူ၏ ကံကြမ္မာက အကြောင်းအရင်းတချို့ကြောင့် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အဖြူရောင်ပိတ်စရှည်တစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်ပြီး ဤနှစ်များမှာ သူမှတ်သားထားခဲ့သော ပုံမှန်မဟုတ်သည့် ကံကြမ္မာမျဉ်းကြောင်းအားလုံးကို ယင်းပေါ်မှာ ပုံတူချရေးလိုက်သည်။ တစ်ချိန်တည်းမှာ သူက ယင်းတို့ကို သူ့ကိုယ်ပိုင် ကံကြမ္မာတွက်ချက်ခြင်းအတတ်ဖြင့် အစီအစဉ်တကျ ပြန်နေရာချလိုက်သည်။
ရေနာရီက တတောက်တောက် ကျဆင်းသွားနေသည်။ ရေစက်တစ်စက်စီက ယနေ့ည၏ အချိန်ကုန်ဆုံးမှုကို မြန်ဆန်သွားစေသည်။
အရှေ့ဘက်မိုးကုပ်စက်ဝိုင်းက စတင်ထွန်းလင်းလာသည့်အခါ လျူရွှမ်ကျီက ဆယ်ပေခန့်ရှည်လျားသော အဖြူရောင်ပိတ်စပေါ်မှာ ကံကြမ္မာမျဉ်းကြောင်း(၇၃၉)ခုစလုံးကို ရေးသားနိုင်သွားသည်။
ဤအခိုက်အတန့်မှာ အဖြူရောင်ပိတ်စပေါ်မှာ ယှက်ထွေနေသော မျဉ်းကြောင်းများက ပင့်ကူအိမ်သဖွယ် တည်ရှိနေသည်။ ထို့ပြင် ယင်းတို့အားလုံးက အင်းဆက်နိုးထရာသီ၏ ညနေဘက် အချိန်အမှတ်တစ်ခုကို တစ်ညီတစ်ညာတည်း ညွှန်ပြနေကြသည်။
အတိအကျဆိုရသော် ယင်းက လွန်ခဲ့သော ဆယ်နှစ်တွင် ရုတ်တရက် သူရူးသွားခဲ့သောအချိန် ဖြစ်သည်။
လျူရွှမ်ကျီက အဖြူရောင်ပိတ်စကို စိုက်ကြည့်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်က စတင်တုန်ယင်သွားသည်။ ရက်စက်ကြမ်းကြုတ်သော လေတိုးဝှေ့သံက အခန်းထဲမှာ ချက်ချင်းဆိုသလို ပေါ်လျှိုးလာသည်။
လေတိုးဝှေ့မှုကြောင့် အဖြူရောင်ပိတ်စက အသက်ရှိလာသည့်အလား အပေါ်သို့ မြှောက်တတ်သွားသည်။ ပိတ်စပေါ်မှ ကံကြမ္မာမျဉ်းကြောင်း(၇၃၉)ခုက ထွန်းလင်းတောက်ပသွားပြီး လေထဲမှာ မွေးဖွားခြင်းစာလုံးများအဖြစ် အသွင်ပြောင်းလဲသွားကြသည်။
ယင်းတို့က ထပ်တူကျသွားကြသည်။
ဤသည်မှာ ထိုကံတရားအားလုံးက အတုအယောင်ဖြစ်သည့်အလားပင်။ သို့သော်လည်း ယင်းတို့ထဲမှာ အမှန်တရားတစ်ခု ပါဝင်နေသည်။ ယင်းမှာ သက်ရှိအားလုံးက ကံကြမ္မာတစ်ခုတည်းပေါ်မှာ အတူဝေမျှနေခြင်းဟူသော အမှန်တရား ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူအသုံးပြုနေကျဖြစ်သော ဂမ္ဘီရကျောက်ပြားက ကြွပ်ဆတ်သော မြည်သံများကို ထုတ်လွှတ်လိုက်သည်။ ကျောက်ပြားပေါ်မှ ကျောက်စိမ်းအပ်များက အက်ကွဲသွားကြသလို အင်းကွက်(၇၂)ခုသည်လည်း အပြာရောင်အလင်းကို ထုတ်လွှတ်လိုက်ကြသည်။
ကျောက်စိမ်းပုစဉ်းရင်ကွဲတစ်ကောင်က အက်ကွဲသွားသော အစိတ်အပိုင်းများထဲမှ ထွက်ပေါ်လာသည်။ ယင်းက သူ၏ အစောပိုင်းနှစ်များတွင် ကွယ်လွန်သွားခဲ့သော သူ့ဆရာက သူ့အား လက်ဆင့်ကမ်းပေးခဲ့သော ပစ္စည်းဖြစ်သည်။
ယခု အပြာရောင်အလင်းအောက်မှာ ပုစဉ်းရင်ကွဲက ၎င်း၏ အတောင်ပံများကို ဖြန့်ထုတ်လိုက်ပြီး ၎င်း၏ ဝမ်းဗိုက်ပေါ်မှာ ရေးသားထားသော “ မူလ ”ဟူသော စကားလုံးကို လျူရွှမ်ကျီအား ဖော်ပြလိုက်သည်။
“ ဒီတော့… အဲ့ဒါက အမှန်တရားကို… ”
လျူရွှမ်ကျီက လေထဲမှာ ပျံဝဲနေသော ကျောက်စိမ်းဖုန်မှုန့်များကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ရူးသွပ်စွာ ရယ်လိုက်သည်။ သူက လေထဲမှ အဖြူရောင်ပိတ်စကို လုယက်လိုက်ပြီး အိမ်အပြင်သို့ ခြေဗလာဖြင့် ပြေးထွက်သွားသည်။ သူ၏ ရယ်မောသံက အရပ်မျက်နှာအသီးသီးဆီသို့ ချောက်ချားဖွယ်ကောင်းစွာ ပဲ့တင်ထပ်သွားသည်။
…..
နံနက်ခင်းခေါင်းလောင်းမြည်သံက မြူခိုးကို ဖြိုခွဲသွားသည့်အခါ လူအုပ်ကြီးတစ်စုသည် ကျုံးယုနန်းမြို့တော်၏ အနောက်တောင်ဘက်မှ လမ်းကြားတစ်ခုပေါ်မှာ စုဝေးနေကြသည်။
သူတို့အားလုံး တီးတိုးပြောနေကြသည်မှာ လျူရွှမ်ကျီအကြောင်းမှလွဲ၍ တခြားမဟုတ်ပေ။
ယခု လျူရွှမ်ကျီက ခြေဗလာဖြင့် ဆံပင်ဘိုသီဘတ်သီဖြင့် သူ့ဆိုင်ခန်း၏ ခေါင်မိုးပေါ်မှာ မတ်တတ်ရပ်နေသည်။ သူ၏ လက်ထဲမှာ မီးတုတ်တစ်ချောင်းကို ဆုပ်ကိုင်ထားစဉ် သူ၏ မျက်လုံးက သွေးရောင်လွှမ်းနေသည်။ သူက အခြားလက်တစ်ဖက်ထဲမှ ကံကြမ္မာမှတ်တမ်းပိတ်စဖြူကို မီးရှို့လိုက်ပြီး သူ့ကိုယ်သူလည်း မီးလောင်ကျွမ်းစေသည်။ ပြင်းထန်သော နာကျင်မှုဝေဒနာကြောင့် သူ၏ မျက်နှာက ရှုံ့မဲ့သွားသည်။
မီးက ကံကြမ္မာမျဉ်းကြောင်းတစ်ခုစီကို ဖြတ်သန်းသွားပြီး ပြာမှုန်များကို လေထဲမှာ ပြန့်ကျဲသွားစေသည်။ ကံကြမ္မာမျဉ်းကြောင်းများက စုစုပေါင်း(၇၃၉)ခု ရှိသည်။ အံ့ဖွယ်ကောင်းသည်မှာ ယင်းတို့အားလုံးက ထပ်တူကျကြသည်။
လျူရွှမ်ကျီက ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီး၏ အထိတ်တလန့် အကြည့်များအောက်မှာ ရူးသွပ်စွာ ရယ်မောလိုက်သည်။
မည်သူကမှ သူ့အား လာမကယ်တင်ကြချေ။
မီးတောက်များက သူ၏ တစ်ကိုယ်လုံးကို အပြည့်အဝ ဝါးမျိုသွားသည့်အခိုက် သူ၏ အမူအရာက ရုတ်ချည်း တည်ငြိမ်သွားသည်။ သူက ကြောက်လန့်တုန်လှုပ်နေကြသော အဝေးမှ လူအုပ်ကြီးကို ကြည့်လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
“ ဒီလောကက တကယ်မတည်ရှိဘူး… မင်းတို့အားလုံးရဲ့ ကံကြမ္မာတွေက ကံကြမ္မာတစ်ခုတည်းပဲ ဖြစ်တယ်… ပြီးတော့ အဲ့ဒီကံကြမ္မာက… ငါ့ဟာ ”
ထိုစကားများ မပျောက်ကွယ်သွားမီ သူ၏ ခန္ဓာကိုယ်က မီးပုံထဲမှာ လောင်ကျွမ်းပျက်စီးသွားသည်။
မီးပုံထဲ၌ ကျောက်စိမ်းပုစဉ်းရင်ကွဲတစ်ကောင်က မည်းတူးနေသော အလောင်းခန္ဓာကိုယ်ပေါ်မှာ ကြယ်အလင်းရောင်နှင့်အတူ ရပ်နားနေကြောင်း မည်သူမှ မမြင်မိကြချေ။ ထိုတဒင်္ဂအချိန်မှာ နာကျင်မှုနတ်ဘုရား၏ မျက်နှာက ထိုပုစဉ်းရင်ကွဲ၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် ယင်းက မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။