သမိုင်းပြုစုသူ ချန်းမို
Vol. 117 Ch. 1785
အချိန်နှင့် လေဟာနယ်က ကျောက်စိမ်းပုစဉ်းရင်ကွဲတစ်ကောင်၏ အရောင်တလက်လက်တောက်ပသော အတောင်ပံများသဖွယ် လှုပ်ယမ်းသွားသည်။
အတောင်ပံများပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော အလင်းစက်များအနက် တစ်ခုတွင် ထျန်းချီကုန်းမြေ တည်ရှိသည်။ ယင်းက တခြားအချိန်လေဟာနယ် ဖြစ်သည်။
ကြီးမြတ်သော လင်းမင်းဆက်…
သမိုင်းအကယ်ဒမီ၏ အပြင်ဘက်တွင် အမှောင်ညက အလွန်အားကောင်းသော အအေးဓာတ်ကို ဆောင်ကြဉ်းလာသည်။
အကယ်ဒမီထဲတွင် ချန်းမို၏ စုတ်တံက ဝါးပေလွှာတစ်ခုပေါ်မှာ ရပ်တန့်နေစဉ် မှင်ရည်ခွက်က လှိုင်းဂယက်တချို့ထသွားသည်။
ကြွပ်ဆတ်သော ပုရစ်အော်သံများက ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ ဝင်ရောက်လာနေစဉ် ကြေးမီးအိမ်မှ အလင်းက အခန်းတစ်ခုလုံးကို အဝါရောင်ထွန်းလင်းသွားစေသည်။
သူက အသစ်ပေးပို့လာသော မြစ်များနှင့် တူးမြောင်းများ၏ မှတ်တမ်းများအတွက် စာတမ်းပြုစုနေခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ စုတ်တံက စာကြောင်းတစ်ကြောင်း ရေးပြီးနောက် ရပ်တန့်သွားသည်။
" ယွမ်ကွမ်းပြက္ခဒိန်ရဲ့ ကိုးနှစ်မြောက်တွင် မြစ်စောင့်တပ်မှူးဝမ်ယန်က ဟူဇီမှ ထိခိုက်ပျက်စီးမှုတွေကို ပြန်လည်ပြုပြင်ရန်အတွက် အရပ်သားတွေကို စုဆောင်းခဲ့တယ်… ”
မှင်ရည်တစ်စက်က ဝါးပေလွှာပေါ်သို့ ကျဆင်းသွားပြီး ပွင့်လန်းသွားသည့်အခါ သူ၏ အသိစိတ်က တုန်လှုပ်သွားသည်။
ယင်းက ဤနှစ်များတွင် သူဖော်ထုတ်ခဲ့သော (၃၅)ခုမြောက် ကွဲပြားခြားနားမှု ဖြစ်သည်။
စာထဲမှာ “ မြစ်စောင့်တပ်မှူးဝမ်ယန် ”ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ သို့တိုင် ယမန်နှစ်တွင် သူက ချန်းလျူဌာနချုပ်ထဲမှာ ရှေးဟောင်းကျောက်စာတစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုထဲမှာ ဖော်ပြထားသည်က…
“ ယွမ်ကွမ်းပြက္ခဒိန်ရဲ့ ကိုးနှစ်မြောက်မှာ မြစ်စောင့်စာရေးလီပင်းက ရေမြောင်းတွေကို တူးဖော်ခဲ့တယ်… ”
ထိုအမည်နှစ်ခုက မတူညီသော သမိုင်းမှတ်တမ်းများကို ဖြတ်သန်း၍ မြစ်၏ မျက်နှာပြင်ပေါ်မှာ ပူဖောင်းများသဖွယ် ထွက်ပေါ်လာသည့်အလား သူ၏ မျက်လုံးအရှေ့မှာ ပုံရိပ်ပြန်နေသည်။
နောက်ထပ် ထူးဆန်းသည်မှာ ယွမ်ကွမ်းပြက္ခဒိန်၏ တတိယမြောက်နှစ်တွင် လင်းမြစ်ရေ၏ အတိုင်းအတာက မဟာသမိုင်းပညာရှင်၏ မှတ်တမ်းများနှင့် ဟန်မင်းမှုထမ်း၏ မှတ်တမ်းများကြားတွင် သုံးပေကွာခြားနေသည်။ ထိုမြစ်က သမိုင်းပညာရှင်များ၏ စုတ်တံအောက်မှာ မျဉ်းပြိုင်နှစ်ခုသဖွယ် ကွဲထွက်သွားဟန် ရ၏။
ကြီးမြတ်သော လင်းမင်းဆက်၏ ဘေးအန္တရာယ်များနှင့် အတိတ်နိမိတ်များအကြောင်း…
ချန်းမိုက ထိုဝါးပေလွှာကို ဖွင့်လိုက်ပြီး အထဲမှ စာကြောင်းများကို ဖတ်ရှုလိုက်သည်။
“ လင်းဒီရဲ့ အုပ်ချုပ်မှုအောက်မှ (၇၉)ခုမြောက်နှစ်တွင်… အင်္ဂါဂြိုလ်က ကောင်းကင်ရဲ့ အလယ်ဗဟိုမှာ နေရာယူသွားပြီး ကမ္ဘာမြေပေါ်ကို အနီရောင်ကြယ်တစ်စင်းက ကျဆင်းလာတယ်… ”
သူက ဝါးပေလွှာကို ဆုပ်ကိုင်ထားရင်း တိတ်တဆိတ် တွေးတောလိုက်သည်။
ယင်းက သမိုင်းကွာခြားမှုအပေါ် သူ၏ နောက်ဆုံးရှာဖွေတွေ့ရှိမှု ဖြစ်သည်။
လင်းဒီ၏ အုပ်ချုပ်မှုကာလသည် ရာစုနှစ်ငါးစုကျော်သည်။ သို့တိုင် လင်းဒီ၏ (၇၉)ခုမြောက်နှစ်မှလွဲ၍ တခြားနှစ်များတွင် ထိုသို့မှတ်တမ်း မရှိပေ။
ရေနာရီက အချိန်၏ အမှတ်အသားနှင့်တကွ တတောက်တောက် ကျဆင်းသွားနေစဉ် ဝါးပေလွှာက မှိုနံ့ကို ထုတ်လွှတ်နေသည်။
ရုတ်တရက် ချန်းမိုသည် လွန်ခဲ့သော သုံးနှစ်ခန့်က ကျမ်းစာဆောင်တစ်ခုမှာ သူရှာတွေ့ခဲ့သော သမိုင်းထူးခြားမှုတစ်ခုကို ပြန်အမှတ်ရသွားသည်။
သူက ကျိုးတိုင်းပြည်မှ ဘုရင်မူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို စုဆောင်းနေစဉ် ဝါးပေလွှာများကြားထဲမှာ ညှပ်ထားသော နွေရာသီနှင့် ဆောင်းဦးရာသီကြားမှ မှတ်တမ်းအပိုင်းအစတစ်ခုကို မတော်တဆ ရှာတွေ့သွားခဲ့သည်။
" မီးငှက်တွေ တောင်ပေါ်မှာ အနားယူတဲ့အခါ မြစ်ချောင်းတွေက ခြောက်သွေ့သွားပြီး တောင်တန်းတွေက ပြိုကျပျက်စီးသွားတယ်… ဘိုးဘေးအားလုံးက ရှေးဦးဖရိုဖရဲမှာ သေဆုံးသွားကြတယ် ”
လင်းလော့ကလန်၏ အခြေခံသမိုင်းထဲမှ နိမိတ်အရိုးများပေါ်တွင် တူညီသော ကပ်ဘေးဒုက္ခများက မတူညီသော ဇာတ်လမ်းများဖြင့် ကိုးကြိမ်တိုင်တိုင် ထပ်ကြော့ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ ဤသည်မှာ ဇာတ်လမ်းက တစ်ခုတည်းဖြစ်သော်လည်း ခေတ်အဆက်ဆက်ကို ဖြတ်သန်းသွားပြီးနောက် အကြောင်းအရာများက ကွဲပြားသွားသည့်အလားပင်။
သို့တိုင် သမိုင်းမှတ်တမ်းအများစုက မည်သည့်ကပ်ဘေးဒုက္ခမှ မတွေ့ကြုံခဲ့ရသည့်အလား အကောင်းတိုင်း ကျန်ရှိနေကြဆဲပင်။
ဤသည်မှာ တစ်စုံတစ်ယောက်က နောင်လာနောင်သားများကို ပြောင်မြောက်စွာ ဆော့ကစားနေသည့်အလားပင်။
အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးနောက် ချန်းမိုက သူ၏ နားထင်ကို နှိပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။ သူက အပြင်ဘက်မှ နှင်းကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
" သမိုင်းအမှန်က တကယ်ပဲ ဘာလဲ ”
ချန်းမိုက တိတ်ဆိတ်ငြိမ်သက်သွားသည်။
အချိန်က နောက်ထပ် ကုန်လွန်သွားသည်။ မည်သူမှ သတိမထားမိခင်မှာ ဆယ်စုနှစ်တစ်စု ကုန်ဆုံးသွားသည်။
ချန်းမိုက သမိုင်းပြုစုသူအဖြစ် ဆက်လက် လုပ်ကိုင်နေဆဲပင်။ သူ၏ ဆံပင်က ဖြူဖွေးနေပြီး သူ၏ မျက်နှာပေါ်မှာ အချိန်အမှတ်အသားများဖြစ်သော အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော်လည်း ဤဆယ်နှစ်အတွင်းမှာ သူက အဖြေကို အစွဲအလမ်းကြီးစွာ ရှာဖွေနေခဲ့သည်။
ဧကရာဇ်တစ်ပါး၏ ကိုယ်ရေးအတ္ထုပ္ပတ္တိတစ်ခုတွင် သူရှာတွေ့ခဲ့သည်မှာ…
“ ထျန်းဧကရာဇ်ရဲ့ မယ်တော်က နှစ်ပေါင်း(၃၃၀၀)ပြည့်တဲ့အခါတိုင်း အသက်ရှည်ဆေးလုံးတွေကို အပ်နှင်းပေးတယ် ”ဟူ၍ ဖြစ်သည်။
သို့သော်လည်း ကျင်းကန်းပထဝီမှတ်တမ်းထဲမှ တူညီသော ပုံပြင်ထဲ၌ ဖော်ပြထားသည်မှာ…
“ အရှေ့တိုင်းဘုရင်က အနှစ်(၅၀၀)ပြည့်တဲ့အခါတိုင်း အသက်ရှည်သစ်သီးတွေကို အပ်နှင်းပေးတယ် ”ဟူ၍ ဖြစ်သည်။
ယင်းတို့က ပုံပြင်တစ်ခုတည်းသာဖြစ်သော်လည်း အကြောင်းအရာက ကွဲလွဲနေသည်။
ရေလမ်းကြောင်းအပေါ် အရှေ့တောင်ဘက်မင်းဆက်၏ မှတ်စုနှင့် ဆယ့်ကိုးကြိမ်မြောက် ရွှမ်ထျန်းခေတ်၏ အထွေထွေပထဝီမှတ်တမ်းထဲတွင် တူညီသော တောင်တန်းများကို ကီလိုမီတာငါးရာခြား၍ ဖော်ပြထားကြသည်။ သို့တိုင် ထိုတောင်တန်းများထဲမှာ နှစ်တစ်ထောင်သက်တမ်းရှိသော ကျောက်ခေါင်းတလားများကို တူညီစွာ တူးဖော်ရှာတွေ့ခဲ့ကြသည်။
အံ့ဖွယ်အကောင်းဆုံးမှာ မင်းဆက်များပြိုလဲသွားခဲ့သော နေ့စွဲများကို သူစာရင်းပြုခဲ့စဉ်က နှစ်ပေါင်း(၁၈၀၀)ကြာသွားတိုင်း ဂြိုလ်ငါးလုံးက တစ်တန်းတည်းဖြစ်သွားလေ့ရှိပြီး တော်ဝင်မင်းဆက်များက ကျရှုံးသွားလေ့ရှိကြောင်း ရှာတွေ့သွားခဲ့သည်။
သူက ဤရှာဖွေတွေ့ရှိမှုများကို သူ၏ လုပ်ဖော်ကိုင်ဖက်များအား မျှဝေခဲ့သည်။ သို့သော်လည်း သူတို့က သူ့အား အရူးဟု ခေါ်ဆိုခဲ့ကြသည်။
အကယ်ဒမီမှ ကျောင်းအုပ်ကြီးသည်ပင် သူ၏ ကြိုးစားအားထုတ်မှုများနှင့် ရှာဖွေမှုများကို အပြင်းအထန် ရှုံ့ချခဲ့သည်။
" သမိုင်းဆိုတာ မင်းဆက်တွေရဲ့ ကြေးမုံတွေ ဖြစ်တယ်… မင်းက ဘယ်လိုလုပ် အဲ့ဒါကို ပြစ်တင်ဝေဖန်ရဲတာလဲ ”
သူ၏ ဇနီးသည်သာလျှင် ညဘက်များတွင် သူ၏ ပခုံးပေါ်သို့ အဝတ်အစားများ ထပ်တင်၍ အမြဲတမ်း အလုပ်များနေသော သူ၏ အချိန်ဇယားကို ကြည့်ကာ တီးတိုးပြောလိမ့်မည်။
" ရှင် စွန့်ပစ်ဥယျာဉ်ထဲမှာ နိမိတ်ဖတ်အရိုးတစ်ခုကို ကောက်ရခဲ့တယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်… အဲ့ဒီအရိုးပေါ်က အက်ကွဲရာတွေက မနှစ်က အင်ပါယာသင်္ချိုင်းထဲမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ကျောက်စိမ်းကျိုင်းတုတ်ပေါ်က အက်ကွဲရာတွေနဲ့ အတူတူပဲ ”
“ ဖြစ်နိုင်တာက ကောင်းကင်ဘုံအောက်က ပုံပြင်အားလုံးဟာ ထပ်ကာထပ်ကာ တီးမှုတ်နေတဲ့ ရှေးဟောင်းတေးသီချင်းတွေပဲ ဖြစ်လိမ့်မယ် ”
“ ရှင်ရဲ့ ခံယူချက်ကို ကျွန်မသိတယ်… တကယ်လို့ ရှင်က အဖြေရှာဖို့ စိတ်ဆုံးဖြတ်ထားတယ်ဆိုရင် ကျွန်မ ရှင်နဲ့အတူ ရပ်တည်ပေးမယ် ”
ဇနီးသည်၏ စကားက ချန်းမိုအား သူတို့နှစ်ယောက်၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုကို ပြန်အမှတ်ရသွားစေခဲ့သည်။ သူ၏ ဆံပင်ပေါ်မှ သစ်သားဆံညှပ်သည် ယခင်ကဲ့သို့ အရောင်မတောက်ပြောင်တော့ပေ။
ညအချိန်…
သူက ခုတင်ပေါ်မှာ လဲလျောင်းနေသည်။ အိပ်မပျော်သောကြောင့် သူက မျက်နှာကြက်ကို ကြည့်နေရင်း လွန်ခဲ့သော နှစ်နှစ်ဆယ်မှာ သမိုင်းအကယ်ဒမီထဲသို့ ပထမဆုံး သူဝင်ရောက်ခဲ့စဉ်က သူ့ဆရာပြောကြားခဲ့ဖူးသော စကားကို ပြန်တွေးတောလိုက်သည်။
" သမိုင်းပြုစုသူရဲ့ စုတ်တံက မြစ်မီးပုံးတစ်ခုနဲ့ ဆင်တူတယ်… မီးပုံးက မြစ်ထဲက ကျောက်ခဲတွေနဲ့ သဲမှုန်တွေကို အလင်းရောင်ပေးလိမ့်မယ် ”
ထိုအချိန်မှာ သူက ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။ ယခု သမိုင်းများထဲမှ မရေမတွက်နိုင်သော ကွဲပြားမှုများကို သူကိုယ်တိုင်တွေ့ကြုံသွားသည့်အခါ နုန်းမြေများပေါ်မှာ နစ်မြှုပ်နေသော ကျောက်ခဲများက မီးပုံး၏ အလင်းရောင်နှင့် လိမ်ယှက်နေကြောင်း သူနားလည်သွားသည်။ ယင်းတို့က အရှုပ်အထွေးများ ဖြစ်သည်။
ထို့ကြောင့် ဆောင်းရာသီ၏ အလယ်ပိုင်းတွင် ချန်းမိုက သမိုင်းအကယ်ဒမီမှ နှုတ်ထွက်သွားခဲ့သည်။
သူက သူ့ဆရာ၏ စကားများနှင့် သူ့ဇနီးသည်၏ အားပေးမှုကြောင့် သေတ္တာတစ်လုံးနှင့်အတူ သူ့ကိုယ်ပိုင်ခရီးစဉ်ကို စိတ်ဓာတ်ပြတ်သားစွာ စတင်ခဲ့သည်။
အချိန်က သီချင်းတစ်ပုဒ်သဖွယ် ကုန်ဆုံးသွားသည်။
အမှန်မှာ ထိုသီချင်းက အကြိမ်မည်မျှတိုင်အောင် ထပ်ကြော့နေခဲ့မှန်း သူမသိပေ။
သူ၏ ခရီးစဉ်မှာ ချန်းမိုက ခွန်းလွန်တောင်ခြေမှ လှိုဏ်ဂူများထဲတွင် နံရံဆေးရေးပန်းချီများကို ရှာတွေ့ခဲ့သည်။ ယင်းတို့က အတိတ်မှာ သူဖတ်ရှုခဲ့ဖူးသော လင်းရှန်းဧကရာဇ်၏ နောက်ပိုင်းစာအုပ်များထဲမှ အကြောင်းအရာများနှင့် အတော်လေး ဆင်တူနေကြောင်း သတိပြုမိခဲ့သည်။
မြောက်ဘက်ဒေသမှ တံငါရွာတစ်ရွာတွင် ပင်လယ်မျက်စိက ဇောက်ထိုးဖြစ်သွားသည့်အခါ ဘိုးဘေးများက သင်္ဘောကြီးများဖြင့် အဝေးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သူဖတ်ရှုခဲ့ရသည်။ ယင်းက မဟာလင်းမင်းဆက်၏ မှတ်တမ်းများထဲ၌ ဖယ်ရှားခံခဲ့ရသော ရှေးဟောင်းပုံပြင်တစ်ပုဒ်နှင့် ဆင်တူသည်။
သူက ဤခရီးတစ်လျှောက်မှာ ကပ်ဘေးဒုက္ခများ၊ သံသရာစက်ဝန်းများနှင့် ပျက်စီးမှုများက မည်သို့မည်ပုံ အပြန်အလှန်ဆက်နွယ်နေကြောင်းကို သီအိုရီအမျိုးမျိုးဖြင့် မှတ်တမ်းပြုစုခဲ့သည်။
တောင်ပိုင်းဒေသမှ သဲကန္တာရတစ်ခုတွင် သူက ကျောက်တိုင်တစ်ဝက်ကို တူးဖော်တွေ့ရှိခဲ့သည်။ ယင်းကို အပြင်သို့ သူဆွဲထုတ်လိုက်သည့်အခါ ကျောက်တိုင်ပေါ်မှ စာသားများက မဟာလင်းမင်းဆက်၏ ရိုးရာဓလေ့ဖော်ပြမှုနှင့် ကိုက်ညီနေကြောင်း ရှာတွေ့သွားခဲ့သည်။
ထိုအခိုက်အတန့်မှာ သူက နားလည်သဘောပေါက်သွားသည်။
" လူ့အဖွဲ့အစည်းတွေရဲ့ တကယ့် အနိမ့်အမြင့်အတတ်အကျမှာ… သူတို့အားလုံးက တူညီတဲ့ အမိုးအောက်မှာ တူညီတဲ့ ကဗျာတွေကို ရေးသားကြတယ် ”
ဆယ့်သုံးနှစ်ကြာ ခရီးထွက်ပြီးနောက် ချန်းမိုက ဇာတိမြေဆီသို့ ပြန်သွားသည်။
သို့သော်လည်း အသက်အရွယ်က စတင်စကားပြောလာခဲ့သည်။ သို့ဖြစ်၍ သူက အိမ်သို့ ပြန်သည့် လမ်းခရီးတွင် နန်းမြို့တော်သို့ မရောက်ခင်မှာ အပြင်းအထန် ဖျားနာသွားသည်။
ယခု သူက တည်းခိုခန်းတစ်ခုမှ သစ်သားကုတင်ပေါ်မှာ လဲလျောင်းနေရင်း သွေးချောင်းဆိုးနေသည်။ သူက အမောတကော အသက်ရှူနေရင်း သူ၏ ဘဝတစ်ခုလုံးကို ရင်းနှီးမြှုပ်နှံပြီးမှ ရရှိလာခဲ့သော နောက်ဆုံးရလဒ်ကို ကြည့်ရှုနေသည်။ ယင်းက…
လူ့အဖွဲ့အစည်းများ၏ ဆင့်ကဲမှတ်စုစာအုပ်…။