တစ်ဦးတည်းအခြေအနေ
Vol. 117 Ch. 1786
အေးစက်စက်လေက ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ ဝင်ရောက်လာပြီး ဖယောင်းတိုင်မီးကို မှိတ်တုတ်မှိတ်တုတ် ဖြစ်စေသည်။ တစ်ချိန်တည်းမှာ လေတိုးဝှေ့မှုကြောင့် လူ့အဖွဲ့အစည်းများ၏ ဆင့်ကဲမှတ်စုစာအုပ်မှ စာမျက်နှာများက လှန်လှောသွားသည်။
မင်းဆက်တိုင်း၏ အနိမ့်အမြင့်အတတ်အကျက သင်္ကေတအမှတ်အသားများဖြင့် ထွက်ပေါ်လာကြသည်။ ယင်းတို့အားလုံးက သူ၏ အသေးစိတ်ကျသော စာတမ်းပြုစုမှုကြောင့် စက်ဝိုင်းတစ်ခုသဖွယ် ဖွဲ့စည်းနေကြသည်။ ယင်းက ညတာရှည်ကို ဖြတ်သန်းနေသော လစန္ဒာနှင့် ဆင်တူသည်။
ထိုစက်ဝိုင်းကို စိုက်ကြည့်နေရင်း ချန်းမိုက ရုတ်တရက် နားလည်သွားသည်။ သမိုင်းမှတ်တမ်းများထဲမှ စကားလုံးတိုင်း သို့မဟုတ် ခေတ်၏ နာမည်တိုင်းက အချိန်လှည်းဘီးတစ်ခု၏ အမှတ်အသားများသာ ဖြစ်ကြသည်။ ထိုလှည်းဘီးက မည်သည့်အခါမှ ရပ်တန့်မသွားခဲ့ချေ။
ထို့နောက် ချန်းမိုက သူ၏ နောက်ဆုံးအင်အားနှင့် လက်ကျန်အချိန်ကို အသုံးပြု၍ သူ့တစ်ဘဝလုံးစာ နားလည်သဘောပေါက်မှုများကို ကြေးကျောက်ပြားဆယ့်နှစ်ချပ်ပေါ်မှာ ရေးထွင်းလိုက်သည်။
သူ့တစ်ဘဝလုံး လိုက်ရှာဖွေနေခဲ့သော အမှန်တရားကို သူသိသွားသော်လည်း ဤကြေးကျောက်ပြားဆယ့်နှစ်ချပ်က အချိန်၏ ယိုယွင်းတိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိမည်လော သူမသိပေ။ ထို့ပြင် ထိုသို့ယိုယွင်းတိုက်စားမှုက သံသရာစက်ဝန်းမြစ်၏ သေးငယ်သော လှိုင်းတစ်ခုမျှသာ ဖြစ်သည်။
မည်သို့ဖြစ်ပါစေ သူက ယင်းကို လုပ်ဆောင်ခဲ့သည်။
သူက ဆောက်ကို အသုံးပြု၍ ကြေးကျောက်ပြားများပေါ်မှာ မင်းဆက်အသီးသီး၏ အချိန်စီးကြောင်းများက မည်သို့ထပ်တူကျနေကြောင်း၊ ကပ်ဘေးဒုက္ခများ၏ အမှန်တရားများက ဒဏ္ဍာရီပုံပြင်များထဲမှာ မည်သို့ဖုံးကွယ်နေကြောင်း၊ ဇစ်မြစ်တူညီသော်လည်း အကြောင်းအရာများကွဲပြားသည့် မှတ်တမ်းများက မည်သို့ကြောင့် တည်ရှိနေကြောင်း အစရှိသည်တို့ကို ရေးထွင်းလိုက်သည်။
နောက်ဆုံးအနေဖြင့် သူက စကားလုံးခုနစ်လုံးကို ကြေးကျောက်ပြားပေါ်မှာ ရေးထွင်းလိုက်သည်။
“ အရာအားလုံးက သံသရာစက်ဝန်းလို လည်ပတ်နေပြီး ‘ မူလတစ်ခုတည်းသို့ ပြန်ခြင်း ’ပဲ ဖြစ်တယ် ”
ကျယ်လောင်သော မိုးခြိမ်းသံက တည်းခိုခန်း၏ အပြင်ဘက်မှာ ပေါက်ကွဲထွက်သွားသည်။
မိုးကောင်းကင်က ဟက်တက်ကွဲထွက်သွားပြီး မိုးက သည်းထန်စွာ ရွာသွန်းလာသည်။ မိုးရေစက်များက ခေါင်မိုးများပေါ်မှ အုတ်ကြွပ်ပြားများပေါ်သို့ ကျဆင်းသွားသည့်အခါ ကျယ်လောင်သော တဖြောက်ဖြောက်မြည်သံက ပဲ့တင်ထပ်သွားသည်။
မိုးရေကျသံကို နားထောင်နေရင်း ချန်းမိုက မိန်းမောတွေဝေသွားသည်။ ဤတဒင်္ဂအတွင်းမှာ သူက လွန်ခဲ့သောနှစ်တစ်ထောင်မှ မှတ်စုစာအုပ်ဖြစ်သော လက်ဆောင်ပဏ္ဏာများမှတ်တမ်းထဲမှ အမြစ်ဖြတ်သုတ်သင်ခြင်းမုန်တိုင်းကို ပြန်အမှတ်ရသွားသည်။
“ ငါ့အချိန် ရောက်လာပြီ… ”
ချန်းမိုက တီးတိုးရေရွတ်လိုက်သည်နှင့် သူ၏ ဘဝက ထွက်ပေါက်ကို စတင်တူးဖော်လိုက်သည်။ ယင်းက သူ၏ အရှေ့၌ ဝေဝါးနေသော တည်ရှိမှု ဖြစ်သည်။
သူ၏ တည်ရှိမှုက သမိုင်းပင်လယ်ထဲမှာ ပျောက်ဆုံးသွားသော လှေသမားတစ်ယောက်နှင့် ဆင်တူသည်။ လောကက ယင်းကို မမြင်နိုင်ပေ။ သို့တိုင် သူက ခြေရာလက်ရာတချို့ကို ချန်ထားနိုင်ခဲ့သည်။
“ … နောင်တတချို့ ကျန်ရှိနေသေးတယ် ”
သူက သူ့ဘဝ၏ နောက်ဆုံးနေဝင်ချိန်ကို စောင့်ဆိုင်းနေရင်း ခက်ခက်ခဲခဲ ခေါင်းမော့လိုက်ပြီး အပြင်ဘက်မှ လေမုန်တိုင်းကို ကြည့်လိုက်သည်။
ဖြစ်နိုင်သည်မှာ သူ၏ နောင်တများက မသေးငယ်ခြင်းကြောင့်လော သို့မဟုတ် ယင်းက သူ့ဘဝ၏ နောက်ဆုံးအမြင်ဖြစ်ခြင်းကြောင့်လော မသေချာသော်လည်း ထိုစဉ် အပြောင်းအလဲတစ်ခုက ထွက်ပေါ်လာသည်။
လျှပ်စီးက အပြင်ဘက်မှာ ဝင်းလက်သွားသည့်အခါ သူ၏ အရိပ်က နံရံပေါ်နှင့် ကြေးကျောက်ပြားများပေါ်သို့ ကျရောက်သွားသည်။ အံ့ဖွယ်ကောင်းသည်မှာ ကြေးကျောက်ပြားများပေါ်မှ စာလုံးများက ထပ်ဆင့်လွှမ်းခြုံသွားကြသည်။
နောက်အခိုက်အတန့်မှာ ထိုစာလုံးများက လင်းဧကရီ၏ ကံကြမ္မာဟောစတမ်းများ၊ ရှေးဟောင်းနိမိတ်ဖတ်အရိုးများပေါ်မှ အမှတ်သင်္ကေတများနှင့် အင်ပါယာအမိန့်တော်များမှ နဂါးပုံတိုတမ်များဖြင့် အတူတကွ ရောယှက်သွားပြီး ပုံရိပ်တစ်ခုကို ဖွဲ့စည်းသွားသည်။
ချန်းမိုက တောင့်တင်းသွားသည်။ ထို့နောက် သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော အလင်းရောင် ထွက်ပေါ်လာသည်။
“ သမိုင်းရဲ့ လမ်းကြောင်းကို ဖမ်းဆုပ်ဖို့ ကြိုးစားတဲ့ ဘယ်သူမဆို နောက်ဆုံးကျရင် အဲ့ဒီလမ်းကြောင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ် ”
ချန်းမိုက ပြုံးလိုက်သည်။
အပြင်ဘက်မှ မိုးရွာသွန်းမှု၏ အအေးဓာတ်က သူ၏ မျက်နှာပေါ်မှ အရေးအကြောင်းများထဲသို့ စိမ့်ဝင်လာသည်နှင့်အမျှ သူက ပင်လယ်ထဲမှာ ပျောက်ဆုံးသွားသော လှေသမားတစ်ယောက်သဖွယ် မခံစားရတော့ပေ။ ယင်းအစား သူက လှေသမား၏ လက်ထဲမှ မီးပုံးတစ်ခုပမာ ဖြစ်လာသည်။
ထိုမီးပုံးသည် ထာဝရအမှောင်ထုကို ဖယ်ရှားပေးနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယင်းက အနည်းဆုံးတော့ ဤနေရာအထိ ရောက်လာသူများကို လမ်းပြပေးနိုင်လိမ့်မည်။
ယင်းက မရေမတွက်နိုင်သော အပျက်အစီးများနှင့် ပြန်လည်မွေးဖွားမှုများကြားမှာ အပြန်အလှန်ဆက်သွယ်မှုများရှိပြီး တစ်စုံတစ်ယောက်က အလင်းကို ခေါင်းမာစွာ ဆုပ်ကိုင်ထားကြောင်း နားလည်သဘောပေါက်စေလိမ့်မည်။ ထိုသူက အချိန်မြစ်ထဲမှာ မည်သည့်အခါမှ မပျောက်ကွယ်သွားလိမ့်မည့် အမှတ်အသားတစ်ခုကို ရေးထွင်းနေသည်။
ဖြစ်နိုင်သည်မှာ နောင်နှစ်ပေါင်းမြောက်များစွာကြာပြီးလျှင် နောက်ထပ် သမိုင်းပြုစုသူတစ်ယောက်က အချိန်မြစ်ထဲမှ ထိုအမှတ်အသားပေါ်မှာ ရှေးဟောင်းမှတ်တမ်းများကို ဆက်လက် ရေးထွင်းသွားပြီး အဝေးမှ အချိန်လေဟာနယ်ထဲရှိ မီးပုံးကို အာရုံခံမိသွားလိမ့်မည်။
ထိုသူက သူ့ကဲ့သို့ပင် လူ့အဖွဲ့အစည်းများ၏ ပျက်စီးမှုနှင့် ပြန်လည်မွေးဖွားမှုကြားမှ ထာဝရသင်္ကေတကို ရေးတေးတေး နားလည်သွားလိမ့်မည်။
သူတို့က အချိန်မြစ်ထဲမှာ လေလွင့်ဝိညာဉ်များ ဖြစ်လာကြလိမ့်မည်။
“ အဲ့ဒါက လုံလောက်ပါတယ် ”
ဤဉာဏ်အလင်းထဲမှာ အားရကျေနပ်စရာကောင်းသော စိတ်ခံစားချက်မျိုး မပါဝင်ပေ။ ယင်းအစား ရေခဲတုံးက တိတ်ဆိတ်ငြိမ်သက်စွာ အရည်ပျော်သွားနေသည်ဟူသော ခံစားချက်မျိုးကို ပေးသည်။
နောက်ဆုံးမှာ သူက နားလည်သွားသည်။ သမိုင်းများထဲမှာရှိသော ဇာတ်ကောင်တိုင်းသည် သံသရာလှည်းဘီးပေါ်မှ တိုင်းတာမှုသာ ဖြစ်သည်။ သူ့ဘဝတစ်လျှောက်လုံး လိုက်ရှာဖွေနေခဲ့သော အမှန်တရားက လူ့အဖွဲ့အစည်းအားလုံးကို အဖြေတစ်ခုအား လက်ခံလာစေရန် အတင်းအကျပ် ဖိအားပေးခြင်းမျိုး မဟုတ်ပေ။
မီးတောက်နှင့် ကြယ်အလင်းရောင်က အတူတကွ ယှက်ထွေသွားသည်။ ယင်းတို့၏ အလင်းရောင်အောက်မှာ ကျောက်စိမ်းပုစဉ်းရင်ကွဲတစ်ကောင်က ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။
ချန်းမိုက မျက်လုံးမှိတ်သွားသော်လည်း သူ၏ နှုတ်ခမ်းက ပြုံးထားဆဲပင်။
.....
ပုစဉ်းရင်ကွဲများ၏ အော်သံက ဆက်လက် ပဲ့တင်ထပ်နေသည်။
၎င်းတို့၏ အတောင်ပံများသည်လည်း တဖျပ်ဖျပ်လှုပ်ခတ်နေသည်။
မြင်ကွင်းများက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေပြီး အဖြစ်အပျက်များက တစ်ခုပြီးတစ်ခု ဖြစ်ပွားနေသည်။ ယင်းတို့တစ်ခုစီမှာ မတူညီသော အချိန်လေဟာနယ်များက ပုံရိပ်ပြန်နေပြီး တူညီသော မူလဇစ်မြစ်ကို ဝေမျှနေကြသည်။ သို့တိုင် မတူညီသော ဘဝများက မတူညီသော လမ်းကြောင်းများဖြင့် တစ်ပြိုင်နက်တည်း ဖြစ်ပွားနေကြသည်။
ရောင်စုံပန်းပွင့်တစ်ခုစီမှာ ‘ မူလတစ်ခုတည်းသို့ ပြန်ခြင်း ’ဟူသော အတွေးက ပွင့်လန်းလာကြသည်။
ထိုအတွေးများက အချိန်လေဟာနယ်၏ အဟန့်အတားကို ဖြတ်သန်း၍ ရွှီချင်း၏ အသိစိတ်ထဲသို့ ပြန်ဝင်လာကာ သူ၏ အတွေးအမြင်ကို ချဲ့ထွင်ပေးလိုက်သည်။ သူက မရေမတွက်နိုင်သော ဘဝပေါင်းများစွာကို တစ်ပြိုင်နက်တည်း တွေ့ကြုံခံစားမိသွားသည်။ တစ်ချိန်တည်းမှာ သူ၏ အရှိန်အဝါက ပိုပြီးအားကောင်းလာသည်။ ဤသည်မှာ မမြင်နိုင်သော သဏ္ဍာန်မဲ့လက်တစ်ဖက်က သူ၏ အာဏာစက်ကြိုးများကို ထပ်ခါထပ်ခါ တီးခတ်နေသည့်အလားပင်။
သံစဉ်များက တဖြည်းဖြည်း ပိုများပြားလာသည့်အခါ ‘ ဥပဒေသ ’ဟုခေါ်သော အထွတ်အမြတ် တေးသီချင်းတစ်ပုဒ်က စတင်မွေးဖွားလာသည်။
သို့တိုင် သံစဉ်များက ပိုမိုများပြားလာနေသော်လည်း မည်သည့်အသံမှ မထွက်ပေါ်လာချေ။
အဘယ့်ကြောင့်ဆိုသော်…
“ တစ်ခုလိုနေသေးတယ် ”
ရွှီချင်းက မျက်လုံးဖွင့်လိုက်ပြီး ဟင်းလင်းပြင်ဆီသို့ ကြည့်လိုက်သည်။
ယင်းက အချိန်လေဟာနယ်ထဲမှ သူ၏ နောက်ဆုံးမူကွဲပုံစံ ဖြစ်သည်။ ထိုမူကွဲပုံစံသည် ‘ မူလတစ်ခုတည်းသို့ ပြန်ခြင်း ’ဟူသော အတွေးကို တစ်ခါမှ မတွေးခဲ့ဖူးပေ။ နာကျင်မှုနတ်ဘုရား၏ နတ်ဘုရားအခွင့်အာဏာသည်ပင် ထိုသူကို မလှုပ်ခါပစ်နိုင်ပေ။
သူက ပန်းချီဆရာတစ်ယောက် ဖြစ်သည်။
အဖိုးအိုသည် သူ့ဘဝတစ်လျှောက်လုံး ရေးဆွဲလာခဲ့သော ပန်းချီကားအားလုံးကို မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။ ဤအခိုက်အတန့်မှာ သူက ဗလာစက္ကူတစ်ရွက်ပေါ်တွင် မျဉ်းကြောင်းတစ်ကြောင်းကိုသာ ရေးဆွဲရသေးသည်။
ယခု ထိုစုတ်ချက်ပေါ်တွင် နောက်ထပ် မျဉ်းကြောင်းငါးခု ထွက်ပေါ်လာကြသည်။
ထို့ကြောင့် “ 一 ”က “ 来 ”ဟူ၍ ပြောင်းလဲသွားသည်။
ပထမစုတ်ချက်သည် “ လာ ”ဟူသော စကားလုံး၏ အစဖြစ်သည်။
ယင်းက ရွှီချင်းအား အချိန်လေဟာနယ်နှင့် အပြိုင်စကြာဝဠာများကို တိုက်ရိုက် ဖြတ်ကျော်သွားစေပြီး အဖိုးအို၏ စာကြည့်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ရွှီချင်းထွက်ပေါ်လာသည့်အခိုက် စုတ်တံကိုင်ထားသော အဖိုးအိုက ရုတ်တရက် ရပ်တန့်လိုက်ပြီး ခေါင်းမော့လိုက်သည်။ သူက ရွှီချင်းကို ပြုံးပြလိုက်သည့်အခါ သူ၏ မျက်နှာပေါ်မှ အရေးအကြောင်းများက ပိုပြီးနက်ရှိုင်းလာသည်။
“ ဒီစုတ်ချက်အတွက် အချိန်အတော်ကြာ ငါစောင့်ဆိုင်းခဲ့ရတယ် ”
“ မင်းဘာမှမပြောပါနဲ့… ငါပြောတာကိုပဲ နားထောင်ပါ ”
“ ငါငယ်ငယ်တုန်းက ပန်းချီပညာမှာ ထူးချွန်ခဲ့တယ်… ပန်းချီနယ်ပယ်မှာ ငါက အထွတ်အထိပ်ထိ ရောက်ခဲ့တယ်… ငါအသက်အရွယ်ရလာတဲ့အခါမှာ ငါ့ရဲ့ ပန်းချီတွေကနေ ကောင်းကင်နဲ့ မြေပြင်ရဲ့ အလုပ်လုပ်ပုံကို နားလည်သွားခဲ့တယ်… ”
“ ငါ့ရဲ့ ပန်းချီကားတွေထဲမှာ သက်ရှိအားလုံးနဲ့ အရာအားလုံးကို ငါမြင်ခဲ့တယ်… အဲ့ဒီထဲမှာ လျူရွှမ်ကျီ၊ ချန်းမို… ပြီးတော့ မင်းရော အပါအဝင်ပဲ ”
“ အဲ့ဒါကြောင့် သူတို့အားလုံးကို ငါမီးရှို့ဖျက်ဆီးပစ်ခဲ့တယ်… အဲ့ဒီမှာ ထိုင်ပါ… ဘာလို့လဲဆိုတော့ ငါ့ရဲ့ လောကဟာ ဘယ်တုန်းကမှ တကယ်မတည်ရှိခဲ့ဘူးဆိုတာကို ငါနားလည်သွားလို့ပဲ… ငါတို့အားလုံးက မင်းရဲ့ လိုအပ်ချက်ကြောင့် တည်ရှိနေကြတာ ဖြစ်တယ် ”
“ မင်းရှာဖွေနေတဲ့ အရာကိုတော့… လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ငါ့ရဲ့ ပန်းချီကားတွေထဲမှာ ငါရှာတွေ့ခဲ့တယ် ”
ထိုသို့ပြောပြီးနောက် အဖိုးအိုက မှင်ရည်နောက်ခံပါသော စက္ကူအသစ်တစ်ရွက်ကို ထုတ်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စတင်ပန်းချီဆွဲလိုက်သည်။
သူက ဂန္တဝင်မြောက်သော ပန်းချီများကို ရေးဆွဲနေခြင်း မဟုတ်ပေ။ ယင်းအစား သူက ရိုးရှင်းသော စုတ်ချက်များဖြင့် သေးငယ်သော စတုရန်းများကို အကြမ်းဖျဉ်း ရေးဆွဲနေသည်။
ထို့နောက် သူက တစ်ခဏ ရပ်နားလိုက်ပြီး မှင်ရည်ကို အသစ်ထပ်ဖြည့်လိုက်သည်။
မျဉ်းကြောင်းတစ်ကြောင်းက စတုရန်းအားလုံးနှင့် ဆက်သွယ်သွားသည်။
ထိုပန်းချီစုတ်ချက်တိုင်းက သူ၏ လက်ကျန်အင်အားကို ကုန်ဆုံးသွားစေဟန် ရ၏။ သူ၏ လက်ထဲမှ စုတ်တံက စတင်တုန်ယင်သွားသည်နှင့် သူ၏ အက်ရှရှအသံက စာကြည့်ခန်းထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ‘ မူလတစ်ခုတည်းသို့ ပြန်ခြင်း ’ဆိုတာ လေဟာနယ်နဲ့ မသက်ဆိုင်ဘူး… အဲ့ဒါက အချိန်ပဲ ”
“ အချိန်ဆိုတာ မျဉ်းကြောင်းတစ်ခုပဲ… မျဉ်းကြောင်းမှာ အတိတ်ရော၊ ပစ္စုပ္ပန်ရော၊ အနာဂတ်ရော မရှိဘူး ”
“ လေဟာနယ်ကတော့ စတုရန်းတွေ ဖြစ်တယ်… အချိန်ဆိုတဲ့ မျဉ်းကြောင်းက အဲ့ဒီစတုရန်းတွေကို ဆက်သွယ်ပေးလိုက်မှပဲ သူတို့က လှုပ်ရှားနိုင်ကြတယ် ”
“ အဲ့ဒါက ဒီပန်းချီကားနဲ့ ဆင်တူတယ်… စတုရန်းတစ်ခုစီက ငါတို့ရဲ့ တခြားမူကွဲပုံစံတစ်ခု ဖြစ်တယ်… အဲ့ဒီထဲမှာ အစကနေ အဆုံးအထိ အကုန်ပါဝင်တယ် ”
“ အချိန်စီးကြောင်းတစ်ခုက သူတို့အားလုံးကို ဆက်သွယ်ပေးလိုက်တဲ့အခါမှာ… အဲ့ဒါက ပြီးပြည့်စုံတဲ့ အပြိုင်စကြာဝဠာတည်ရှိမှုတစ်ခု ဖြစ်လာတယ် ”
“ ဒီတော့ ငါတို့ရဲ့ လမ်းစဉ်ဟာ အချိန်ချည်မျှင်ကို ဆွဲထုတ်ပြီး စုပ်ယူဖို့ ဖြစ်တယ်… အဲ့ဒါကို မင်းကိုယ်တိုင်က အချိန်ဖြစ်လာတဲ့အထိ လုပ်ဆောင်ရလိမ့်မယ် ”
“ အဲ့ဒီနောက် ရပ်တန့်နေတဲ့ စတုရန်းအားလုံးကို မင်းစုပ်ယူပါ ”
“ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် မင်းက အပြိုင်စကြာဝဠာ ဘုံတူစုခြင်းကို ရရှိသွားလိမ့်မယ်… ပြီးတော့ မင်းက တစ်ဦးတည်း ဖြစ်လာလိမ့်မယ် ”
“ အဲ့ဒီလို တစ်ဦးတည်းအခြေအနေကို… ငါကတော့… ဒိုင်မန်းရှင်းလို့ ခေါ်တယ် ”
“ ဒိုင်မန်းရှင်းက ငါတို့ရဲ့ ဒသမမြောက် အန္တိမတာအို ဖြစ်တယ် ”
ထိုနောက်ဆုံးစကားကို ပြောပြီးနောက် အဖိုးအိုက မျက်လုံးမှိတ်လိုက်သည်။
စာကြည့်ခန်းထဲ၌…
ရွှီချင်းက ဤလောကပျက်စီးသွားသည်နှင့်ချက်ချင်း အရှေ့သို့ ခြေလှမ်း လှမ်းလိုက်ပြီး အဖိုးအို နောက်ဆုံးရေးဆွဲသွားခဲ့သော ပန်းချီကားကို စစ်ဆေးကြည့်ရှုလိုက်သည်။