← Chapters

ဒီနေ့ ငါ နွေဦးအင်မော်တယ်တစ်ပါး ဖြစ်လာမယ်

Vol. 117 Ch. 1787

ဒီနေ့ ငါ နွေဦးအင်မော်တယ်တစ်ပါး ဖြစ်လာမယ်

Vol. 117 Ch. 1787

ကံကြမ္မာဟောပြောသူ လျူရွှမ်ကျီက သူ၏ ကံကြမ္မာစာအုပ်ကို မီးရှို့ခဲ့သည်။ မီးတောက်မီးလျှံများက သူ၏ ဘဝကို ဝါးမျိုသွားသည့်အခိုက် သူက သူ့လောက၏ ကောင်းကင်ဘုံတာအိုကို တွက်ချက်နိုင်သွားခဲ့သည်။

“ ကံကြမ္မာအားလုံးက ကံကြမ္မာတစ်ခုတည်းပဲ ဖြစ်တယ် ”

သမိုင်းပြုစုသူ ချန်းမိုသည် အမှန်တရားကို ရှာဖွေရန် သူ၏ တစ်ဘဝလုံးကို စတေးခဲ့သည်။ နောက်ဆုံးအချိန်မှာ သူက ကြယ်အလင်းရောင်နှင့် ဖယောင်းတိုင်မီးအလင်း၏ ယှက်ထွေမှုအောက်မှာ အရာအားလုံးကို မြင်သွားခဲ့သည်။ သမိုင်းမှတ်တမ်းအားလုံးက သံသရာလှည်းဘီးတစ်ခုထဲမှာ တည်ရှိနေကြောင်း သူနားလည်သွားခဲ့သည်။

“ သမိုင်းရဲ့ လမ်းကြောင်းကို ဖမ်းဆုပ်ဖို့ ကြိုးစားတဲ့ ဘယ်သူမဆို နောက်ဆုံးကျရင် အဲ့ဒီလမ်းကြောင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ် ”

သူတို့ချည်းသာ မဟုတ်ပေ။ နာကျင်မှုနတ်ဘုရား၏ နတ်ဘုရားအခွင့်အာဏာမှ ရက်လုပ်ခဲ့သော ပုံရိပ်ယောင်များကြောင့် ရွှီချင်းက မရေမတွက်နိုင်သော ဘဝပေါင်းများစွာကို တွေ့ကြုံခံစားခဲ့ရသည်။ သူတို့က ကျောင်းတော်သားများ၊ မင်းမှုထမ်းများ၊ သာမန်ပြည်သူများ၊ သူတောင်းစားများ၊ ဓားပြများ အစရှိသည်တို့ ဖြစ်ကြသည်။ သူတို့တစ်ယောက်ချင်းစီ၏ အတွေးအမြင်များနှင့် နားလည်သဘောပေါက်မှုများက ရွှီချင်း၏ အသိစိတ်ထဲသို့ ပြန်ရောက်လာကြသည်။

ယင်းက အထူးခြားဆုံး မူကွဲပုံစံဖြစ်သော ပန်းချီဆရာအဖိုးအိုနှင့် သူမတွေ့ဆုံခင်အထိ ဖြစ်သည်။ တစ်ဖက်လူက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး အန္တိမအမှန်တရားကို ပြောခဲ့သည်။

“ ‘ မူလတစ်ခုတည်းသို့ ပြန်ခြင်း ’ဆိုတာ လေဟာနယ်နဲ့ မသက်ဆိုင်ဘူး… အဲ့ဒါက အချိန်ပဲ ”

ယခု သူ၏ ဉာဏ်အလင်းအားလုံးက အချိန်လေဟာနယ်၏ အတားအဆီးကို ဖြတ်သန်း၍ အတူတကွ စုစည်းသွားကြသည်။

သူတို့အားလုံးက ရွှီချင်းသာ ဖြစ်ကြသည်။

ဉာဏ်အလင်းအားလုံးက မြစ်တစ်စင်းသဖွယ် အရှေ့သို့ စီးဆင်းသွားပြီး မျဉ်းဖြောင့်တစ်ကြောင်း ဖြစ်လာသည်။

ရွှီချင်း၏ အာဏာစက်က ပိုပြီးမြင့်သထက် အမြင့်သို့ ရောက်ရှိသွားပြီး သူ၏ ဉာဏ်အလင်းက စက်ဝိုင်းတစ်ဝိုင်းသဖွယ် ဖွဲ့စည်းသွားသည်။

သူ၏ အနာဂတ်မြင်ကွင်းများ၊ အတိတ်မြင်ကွင်းများနှင့် ပစ္စုပ္ပန်မြင်ကွင်းများက သူ၏ ဆရာများ ဖြစ်ကြသည်။

သို့ဖြစ်၍ ပန်းချီဆရာအဖိုးအိုက အပြုံးဖြင့် ထွက်ခွာသွားပြီး သူ၏ လောကက ပြိုကွဲပျက်စီးသွားနေစဉ် ပန်းချီကားကို စိုက်ကြည့်နေသော ရွှီချင်း၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ဤသည်မှာ မဟာတာအို၏ မြည်သံက သူ၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာသည့်အလားပင်။

ယင်းက အချိန်လေဟာနယ်အားလုံး၏ ပေါင်းစည်းမှုအသံဖြစ်ပြီး ဉာဏ်အလင်းအားလုံးကို လှုံ့ဆော်ပေးနေသောအသံ ဖြစ်သည်။

ထို့နောက် ရွှီချင်းက ပြိုကွဲပျက်စီးသွားနေသော ပန်းချီဆရာအဖိုးအို၏ လောကထဲမှ ပြန်ထွက်လာပြီး သူ၏ မူလအချိန်လေဟာနယ်မုန်တိုင်းဆီသို့ ပြန်သွားသည်။

မုန်တိုင်းက အပြိုင်စကြာဝဠာအားလုံးအတွက် ဗဟိုချက်ဖြစ်လာသည်။

သူက ဤနေရာမှာ တင်ပျဉ်ခွေထိုင်ချလိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူက မျက်လုံးမှိတ်လိုက်ပြီး စကားလုံးနှစ်လုံးကို တီးတိုးပြောလိုက်သည်။

“ မူလတစ်ခုတည်းသို့ ပြန်ခြင်း ”

ထိုစကားလုံးနှစ်လုံးက သူ၏ နှုတ်မှ ထွက်သွားသည့်အခိုက် အချိန်လေဟာနယ်က တုန်ယင်သွားသည်။ အပြိုင်စကြာဝဠာအားလုံး၏ အသိစိတ်က အပြင်းအထန် လှုပ်ခတ်သွားကြသည်။

မုန်တိုင်းက ပေါ်လျှိုးလာသည်။

အချိန်လေဟာနယ်များထဲမှာ အပိုင်းပိုင်းအစစ ပြန့်ကျဲနေသော သူ၏ အနှစ်သာရအစိတ်အပိုင်းများက ယခုအချိန်မှာ အိမ်ပြန်နေသော ငှက်ကလေးများသဖွယ် ရွှီချင်းဆီသို့ ပြန်ရောက်လာကြသည်။ နောက်အခိုက်အတန့်မှာ ၎င်းတို့က တစ်ခုတည်းအဖြစ် စတင်ပေါင်းစည်းသွားကြသည်။

မူလတစ်ခုတည်းသို့ ပြန်ခြင်းက စတင်လာသည်။

.....

အချိန်က အမြဲမပြတ် စီးဆင်းနေသော မြစ်တစ်စင်းနှင့် ဆင်တူသည်။ ယင်းက တိတ်ဆိတ်ငြိမ်သက်နေသော်လည်း မည်သူမှ ယင်းကို မရပ်တန့်နိုင်ပေ။ အသိစိတ်များက မတူညီသော အချိန်စီးကြောင်းများထဲမှ ပေါ်လျှိုးလာကြပြီး တစ်ခုတည်းအဖြစ် စတင်ပေါင်းစည်းသွားကြသည်။

ဤအခိုက်အတန့်မှာ အချိန်သည်ပင် ရွှီချင်းအတွက် အဓိပ္ပာယ်ကင်းမဲ့သွားသည်။ အဆုံးမဲ့သော အချိန်မြစ်က တမူထူးကဲသော လှိုင်းဂယက်များနှင့်အတူ ပရမ်းပတာ လှုပ်ခတ်သွားသည်။

သူ၏ အာဏာစက်မှ ဖွဲ့စည်းသွားသော အပြိုင်စကြာဝဠာများသည် ရောင်စုံချည်မျှင်များအဖြစ် ဆန့်တန်းသွားကြပြီး ဤအချိန်လေဟာနယ်မုန်တိုင်းထဲမှာ အတူတကွ ယှက်ထွေသွားကြသည်။

နောက်ဆုံးမှာ ယင်းတို့က သူ၏ အစစ်အမှန်အသွင်သဏ္ဍာန်ထဲသို့ ပေါင်းစပ်သွားကြသည်။

အချိန်လေဟာနယ်၏ ကြီးမြတ်သော ဤဆင့်ကဲပြောင်းလဲမှုက သူ၏ အနန္တအပြိုင်စကြာဝဠာများထဲမှ သက်ရှိအားလုံးကိုလည်း ပြောင်းလဲသွားစေသည်။

တောင်တန်းများနှင့် မြစ်ချောင်းများက သဏ္ဍာန်မဲ့လက်တစ်ဖက်ဖြင့် ပြန်ပြုပြင်ခံလိုက်ကြရသည်။ တချို့တောင်ထွတ်များက မူလအမြင့်မှ နောက်ထပ်ပေတစ်ထောင် မြင့်မားသွားကြစဉ် တချို့တောင်များက တောင်ကုန်းများအဖြစ် ကျုံ့သွားကြသည်။

ပင်လယ်များနှင့် ရေကန်များသည်လည်း ယင်းတို့၏ ယခင်လုပ်ဆောင်ပုံများကို စွန့်လွှတ်လိုက်ကြသည်။ တချို့က ခမ်းခြောက်သွားပြီး သဲကန္တာရများ ဖြစ်လာကြစဉ် တချို့က ရွှံ့မြေများအဖြစ် ပြောင်းလဲသွားကြသည်။

သားရဲများနှင့် ကျေးငှက်များသည်လည်း ထူးဆန်းသော လမ်းကြောင်းအသစ်ကို ရှာတွေ့သွားကြသည်။ တချို့က တိမ်တိုက်များထက် ပိုပြီးမြင့်သော နေရာဆီသို့ ပျံတတ်သွားကြစဉ် တချို့က အသိဉာဏ်ထွန်းကားလာပြီး လူစကားပြောလာနိုင်ကြသည်။

အသင်္ချေသေမျိုးများ၏ စိတ်ဝိညာဉ်က နက်ရှိုင်းစွာ ပြောင်းလဲသွားသည်။ တချို့၏ နဖူးပေါ်တွင် ထွန်းလင်းတောက်ပသော အမှတ်သင်္ကေတများ ပေါ်ထွန်းလာကြစဉ် တချို့က ထူးဆန်းသော စွမ်းအင်များကို ပိုင်ဆိုင်သွားကြသည်။

မရေမတွက်နိုင်သော အံ့ဖွယ်ဖြစ်စဉ်များက ရွှီချင်း၏ စိတ်ဆန္ဒမှ မွေးဖွားလာကြပြီး သူ၏ အပြိုင်စကြာဝဠာများထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။

သို့တိုင် အချိန်လေဟာနယ်မုန်တိုင်းထဲမှာ တရားထိုင်နေသော ရွှီချင်းသည်တော့ သူ၏ စိတ်က တည်ငြိမ်အေးချမ်းနေသည်။

သူက ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကို မခံစားရချေ။

သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် သူ၏ နယ်ပယ်က ဤအခိုက်အတန့်မှာ ကမ္ဘာတုန်ဟီးစေနိုင်သော အပြောင်းအလဲဖြင့် တွေ့ကြုံသွားသည်။ ယင်းက နှစ်အတော်ကြာအောင် သူစောင့်မျှော်နေခဲ့သောအရာ ဖြစ်သည်။

သူ၏ အရေပြားက အသက်ဓာတ်ဖြင့် ဝင်းလက်တောက်ပလာသည်။ ငွေရောင်အစီအရင်မျဉ်းကြောင်းများက သူ၏ အရိုးများပေါ်မှာ ထွက်ပေါ်လာကြစဉ် သူ၏ ဆံပင်က အဆုံးမဲ့စွာ ရှည်လျားသွားသည်။ သူ၏ ခန္ဓာကိုယ်က မြင့်မြတ်ထည်ဝါသော ပုံရိပ်ယောင်တစ်ခုသဖွယ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာ အင်မော်တယ်များသာလျှင် ပိုင်ဆိုင်နိုင်သော တမူထူးခြားသည့် အရှိန်အဝါက သူ၏ စိတ်ဝိညာဉ်ထဲမှာ စီးဆင်းသွားသည်။

ထို့နောက် အရှိန်အဝါက အပြင်ဘက်သို့ ပျံ့နှံ့ထွက်လာသည့်အခါ ဟင်းလင်းပြင်က ငွေရောင်ထွန်းလင်းတောက်ပသွားသည်။

အင်မော်တယ်တစ်ပါး စတင်မွေးဖွားလာနေပြီ ဖြစ်သည်။

နောက်အခိုက်အတန့်မှာ ထိုအရှိန်အဝါက အသိစိတ်အဖြစ် ဒြပ်ထည်ဖွဲ့စည်းသွားပြီး အင်မော်တယ်စိတ်အာရုံအဖြစ် အသွင်ပြောင်းလဲသွားသည်။ ဥပဒေသက သူ၏ အာဏာစက်မှ မွေးဖွားလာသည်။

ယင်းက နတ်ဘုရားစိတ်အာရုံထက် ပိုသန်မာပြီး အဆင့်ကြီးတစ်ဆင့်လုံး ခြားနားသည်။ ယင်း၏ အတိုင်းအတာက အချိန်လေဟာနယ်ထက် ကျော်လွန်သည်။ နောက်အခိုက်အတန့်မှာ သူ၏ အင်မော်တယ်စိတ်အာရုံက သူ၏ အာဏာစက်ထဲမှ အရာအားလုံးကို ဆက်သွယ်ပေးမည့် သဏ္ဍာန်မဲ့ ကွန်ရက်တစ်ခု ဖြစ်လာသည်။

ထိုကွန်ရက် ပြီးပြည့်စုံသွားသည့်အခိုက် ရွှီချင်း၏ အသွင်ပြောင်းလဲမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

သူ၏ ဘဝအဆင့်အတန်းက ပိုပြီးအဆင့်မြင့်သော နေရာသို့ တတ်လှမ်းသွားသည်။

သူက အဆင့်မြင့်တည်ရှိမှုတစ်ခု ဖြစ်လာသည်။

သူမျက်လုံးဖွင့်လိုက်သည်နှင့် ကောင်းကင်ဘုံမိုးခြိမ်းသံက အချိန်လေဟာနယ်မုန်တိုင်းထဲမှ ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။ အမှောင်ထုက ပြိုကွဲသွားပြီး ဖရိုဖရဲက ပြန်လည်ငြိမ်သက်သွားသည်။ ဤသည်မှာ အရာအားလုံးက အရှင်သခင်တစ်ပါး၏ လမ်းညွှန်မှုကို ရရှိသွားကြသည့်အလားပင်။

နောက်အခိုက်အတန့်မှာ သူ၏ အင်မော်တယ်စိတ်အာရုံက ဖြစ်တည်မှုများနှင့် အတိတ်နှင့် အနာဂတ်ကို ဖောက်ထွင်းသွားပြီး ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်သွားစေသည်။

တမူထူးကဲသော ထိုအင်မော်တယ်စိတ်အာရုံကို သူ၏ အပြိုင်စကြာဝဠာများထဲမှာရှိသော မူကွဲပုံစံအားလုံးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သူတို့က မူလအမှတ်ဖြစ်ပြီး အချိန်လေဟာနယ်အားလုံး၊ အကြောင်းတရားနှင့် အကျိုးတရားအားလုံးကို ကိုယ်စားပြုကြသည်။

သီအိုရီအရ ထိုမူလအမှတ်က အကန့်အသတ်မဲ့သော အချိန်နှင့်လေဟာနယ်၏ ပြယုဂ်ဖြစ်သည်။ ယင်းက တစ်စုံတစ်ယောက်အား သမိုင်းကို ဖြတ်သန်းနိုင်စေပြီး စကြာဝဠာ၏ အတားအဆီးများကို ဖြတ်ကျော်နိုင်စေသည်။

ယင်းက ရွှီချင်း၏ ဒသမမြောက် အန္တိမတာအို ဖြစ်သည်။

သူ၏ မူကွဲပုံစံတစ်ယောက်ဖြစ်သော ပန်းချီဆရာအဖိုးအိုက ယင်းကို ဒိုင်မန်းရှင်းဟု ခေါ်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်းက အချိန်အတော်ကြာ သူစောင့်မျှော်နေခဲ့သော အဆင့်ချိုးဖြတ်ခြင်းကို အောင်မြင်စွာ ရရှိသွားသည်။

ယခု သူက နွေဦးအင်မော်တယ်တစ်ပါး ဖြစ်လာသည်။

သူက သေမျိုးများ၏ ကန့်သတ်ချုပ်နှောင်မှုအားလုံးကို ကျော်လွန်သွားသည်။

သူက အင်မော်တယ်များ၏ နယ်ပယ်ဆီသို့ တတ်လှမ်းသွားသည်။

သူမျက်လုံးဖွင့်လိုက်သည်နှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ အချိန်လေဟာနယ်မုန်တိုင်းက တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထိုမျှသာ မဟုတ်ပေ။ အချိန်လေဟာနယ်မုန်တိုင်းထဲမှ ဖရိုဖရဲအစိတ်အပိုင်းတိုင်းက သူ့ကို ဦးညွတ်လိုက်ကြသည်။ ဤသည်မှာ ရွှီချင်းက အချိန်လေဟာနယ်မုန်တိုင်း၏ အရှင်သခင်ဖြစ်လာသည့်အလားပင်။

ယင်း၏ သက်ရောက်မှုက ဤအချိန်လေဟာနယ်မုန်တိုင်းတစ်ခုတည်းမှာ မဟုတ်ပေ။

သက်ရောက်မှုများက အပြင်လောကဆီသို့လည်း ပျံ့နှံ့သွားသည်။

အမှတ်လေးကြယ်တာရာစက်ဝန်းထဲတွင် အချိန်က သိသာစွာ ပြောင်းလဲသွားသည်။ သက်ရှိအားလုံးက ဤအခိုက်အတန့်မှာ အချိန်တစ်စိတ်တစ်ဒေသကို ဆုံးရှုံးသွားကြဟန် ရ၏။ နောက်အခိုက်အတန့်မှသာ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။

ထိုအပြောင်းအလဲက အလွန်မြန်ဆန်သောကြောင့် လူအများစုက ယင်းကို သတိမထားမိကြချေ။

အချိန်စွမ်းအားကို ကျင့်ကြံကြသော ကျင့်ကြံသူများနှင့် အချိန်နတ်ဘုရားအခွင့်အာဏာကို ပိုင်ဆိုင်ထားကြသော နတ်ဘုရားများသာလျှင် ထိုတဒင်္ဂအချိန်အတွင်းမှာ ဧရာမတောင်ကြီးတစ်တောင်က သူတို့၏ လမ်းစဉ်အရှေ့မှာ ထွက်ပေါ်လာကြောင်း ဝေဝေဝါးဝါး အာရုံခံမိသွားကြသည်။

အဘယ့်ကြောင့်ဆိုသော် ဤအခိုက်အတန့်မှာ အချိန်လေဟာနယ်လမ်းစဉ်တွင် ရွှီချင်း၏ အာဏာစက်က အကြွင်းမဲ့ အထွတ်အထိပ်သို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။

အတိတ်တွင် ဤလမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြသော နတ်ဘုရားများတွင်သော်လည်းကောင်း သို့မဟုတ် ကျင့်ကြံသူများတွင်သော်လည်းကောင်း မည်သူမှ ဤအခိုက်အတန့်မှာ သူ၏ အရှေ့တွင် မရပ်နိုင်ကြတော့ချေ။

မည်သူမှ သူ၏ အရှေ့တွင် မရှိဘူးဟု ဆိုရခြင်းမှာ သူကိုယ်တိုင်က အချိန်လေဟာနယ်အာဏာစက်နှင့် အချိန်လေဟာနယ်နတ်ဘုရားအခွင့်အာဏာကို ပိုင်ဆိုင်ထားကြသော သက်ရှိအားလုံးထဲမှာ အရှေ့ဆုံးသို့ ရောက်ရှိနေသူဖြစ်သောကြောင့် ဖြစ်၏။

“ ပထမဆုံး ”ဟု မပြောဘဲ “ အရှေ့ဆုံး ”ဟု ပြောရခြင်းမှာ ဒသမမြောက် အန္တိမတာအိုကို ရွှီချင်း နားလည်သွားသည့်အခိုက် အထက်ကြယ်တာရာစက်ဝန်း(၃၆)ခုစလုံးတွင် သူနှင့်အဆင့်တူသော တခြားတည်ရှိမှုငါးယောက်ရှိနေကြောင်း အာရုံခံမိသွားသောကြောင့် ဖြစ်သည်။

ထိုငါးယောက်စလုံးက နတ်ဘုရားအရှင်သခင်အဆင့်မှာ ဖြစ်ကြသည်။ ၎င်းတို့တစ်ယောက်စီက အချိန်လေဟာနယ်နိယာမ၏ နောက်တစ်ဆင့်သို့ လျှောက်လှမ်းနိုင်ရန် စူးစမ်းရှာဖွေနေကြသည်။

ရွှီချင်းက ၎င်းတို့ကို အာရုံခံမိသွားသည်နှင့်တစ်ပြိုင်နက် အမှတ်ခုနစ်၊ အမှတ်ဆယ့်သုံး၊ အမှတ်ဆယ့်ကိုး၊ အမှတ်နှစ်ဆယ့်ခြောက်နှင့် အမှတ်သုံးဆယ့်ငါးကြယ်တာရာစက်ဝန်းများထဲမှ နတ်ဘုရားအရှင်သခင်ငါးပါးသည် အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ ထူးခြားသော အပြောင်းအလဲကို အာရုံခံမိသွားကြသည်။

အမှတ်ခုနစ်ကြယ်တာရာစက်ဝန်းထဲတွင် အေအီအွန်ဟု ခေါ်သော နတ်ဘုရားအရှင်သခင်တစ်ပါး တည်ရှိသည်။ ၎င်း၏ နတ်ဘုရားအစွမ်းကို ၎င်းအား သက်ဝင်ယုံကြည်သူများက အထူးတလည် ချီးမွမ်းကြသည်။ နတ်ဘုရားကိုးကွယ်သူများ၏ ဓမ္မတေးများထဲမှာ ၎င်း၏ ခန္ဓာကိုယ်ကို လွင့်မျောနေသော သဲအဖြစ် ဖော်ပြထားသည်။

၎င်း၏ မျက်လုံးများက အာရုဏ်ဦးနှင့် နေဝင်ချိန်ကြားမှာ တည်ရှိသည်။

ဒဏ္ဍာရီများအရ ၎င်း၏ ဘယ်ဘက်မျက်လုံးထဲမှ ငွေရောင်သဲက မည်သည့်စစ်မြေပြင်မှ အချိန်ကိုမဆို အေးခဲပစ်နိုင်သည်။ ထို့ပြင် ၎င်း၏ ညာဘက်မျက်လုံးထဲမှ ရွှေရောင်သဲက သက်ရှိအဖွဲ့အစည်းများ၏ ရှင်သန်ကြီးထွားမှုကို အရှိန်မြှင့်တင်ပေးနိုင်သည်။

၎င်းက ကံကြမ္မာလမ်းကြောင်းများထဲမှ သွေဖယ်သွားကြသော အချိန်အမှုန်အမွှားများကို ဝါးမျိုပစ်လေ့ ရှိသည်။

အမှတ်ဆယ့်သုံးကြယ်တာရာစက်ဝန်းထဲတွင် ရွှီချင်းအာရုံခံမိခဲ့သည်မှာ အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ၎င်းက ငွေဖြူရောင်လစန္ဒာဝတ်စုံကို ဝတ်ဆင်ထားပြီး ထာဝရအမှောင်ထု၏ အစွန်းအထင်းများက ဝတ်စုံ၏ ခေါက်ချိုးအနားများပေါ်မှာ ကပ်တွယ်နေသည်။

၎င်းက ခြေဗလာဖြင့် အာကာသဟင်းလင်းပြင်ထဲမှာ လမ်းလျှောက်နေသည်။ ၎င်းလမ်းလျှောက်နေစဉ် ဟင်းလင်းပြင်ပေါ်မှ ၎င်း၏ ခြေရာများပေါ်မှာ မီးတောက်အမှတ်အသားများ ထွက်ပေါ်လာကြသည်။ ကြယ်တာရာမြစ်က ပြောင်းပြန်စီးဆင်းနေပြီး ၎င်း၏ လမ်းကြောင်းတစ်လျှောက်သို့ အဆုံးမဲ့စွာ ဆန့်တန်းနေသည်။

၎င်း၏ ငွေရောင်ဆံနွယ်များက ကြယ်အစုအဝေးနှင့် ယှက်ထွေနေပြီး ၎င်း၏ ဘေးပတ်ပတ်လည်တွင် ယိမ်းနွဲ့နေသည်။

၎င်းက ကြယ်တာရာလမ်းကြောင်းများ၏ မိခင်ဖြစ်သည်။

အမှတ်ဆယ့်ကိုးကြယ်တာရာစက်ဝန်းထဲတွင် ဖရေးဂျာဟုခေါ်သော တည်ရှိမှုတစ်ခု ရှိသည်။ ၎င်းကို ရက်ကန်းမိခင်ဟုလည်း လူသိကြသည်။

ဖရေးဂျာနတ်ဘုရားတိုင်းပြည်ထဲတွင် ၎င်း၏ အစစ်အမှန်အသွင်သဏ္ဍာန်က ကျောက်စိမ်းသွေးကြောများဖြင့် ယှက်ထွေနေသော သမင်ဦးချိုများပေါ်မှာ ပွင့်လန်းနေသည့် ဧရာမပန်းတစ်ပွင့် ဖြစ်သည်။

ထိုပန်းပွင့်က လေးရောင်ခြယ်ချည်မျှင်များကို ထုတ်လွှတ်နေသည်။

နွေဦးရာသီတွင် ၎င်း၏ အစိမ်းရောင်ချည်မျှင်များက အသွေးအသားများကို ဗလာအရိုးများပေါ်မှာ ကြီးထွားလာစေရန် စွမ်းဆောင်ပေးနိုင်သည်။

နွေရာသီတွင် ၎င်း၏ အနီရောင်ချည်မျှင်များက ကြယ်ဂြိုလ်များကို အရည်ပျော်သွားစေနိုင်သည်။

တခြားတစ်ယောက်သည် တဒင်္ဂမျက်လုံးတစ်လုံး ဖြစ်သည်။ ၎င်းမှာ တိကျသော အသွင်သဏ္ဍာန်မရှိပေ။ ယင်းအစား ၎င်းကို မရေမတွက်နိုင်သော ထပ်ဆင့်အချိန်ကာလများဖြင့် ဖွဲ့စည်းထားသည်။ ၎င်း၏ ခန္ဓာကိုယ်က စောင့်ကြည့်သူ၏ အမြင်ပေါ်မှာမူတည်၍ ပြောင်းလဲသွားလေ့ ရှိသည်။ ဤအခိုက်အတန့်မှာ ၎င်း၏ နတ်ဘုရားတိုင်းပြည်ထဲတွင် ၎င်းက ကြေးမုံကဲ့သို့ အကြေးခွံများဖြင့် အပြည့်ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ဖြစ်သည်။

၎င်း၏ အကြေးခွံတစ်ခုစီပေါ်တွင် ရွှီချင်း၏ ပုံရိပ်က မှိတ်တုတ်မှိတ်တုတ် ရောင်ပြန်နေပြီး သူနှင့်သက်ဆိုင်သော ဖြစ်နိုင်ခြေများနှင့် အနာဂတ်ခန့်မှန်းခြေများကို ဖော်ပြနေသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ထိုဖြစ်နိုင်ခြေအားလုံးက အက်ကွဲသွားကြသည်။

၎င်းက ရွှီချင်းကို မစူးစမ်းနိုင်ပေ။

နောက်ဆုံးတစ်ယောက်သည်တော့ အသူရာချောက်နက် နတ်ဘုရားအရှင်သခင် ဖြစ်သည်။ ၎င်းက အမှတ်သုံးဆယ့်ငါးကြယ်တာရာစက်ဝန်း၏ အချိန်အဆုံးသတ်ကို ဧရာမစပါးအုံးမြွေတစ်ကောင်အသွင်ဖြင့် ရစ်ပတ်ထားသည်။ ၎င်း၏ မြွေအကြေးခွံများပေါ်မှာ အဆုံးမဲ့အမှောင်ထုက ရစ်ဝဲနေသည်။

၎င်း၏ ဝင်သက်ထွက်သက်တိုင်းက သက်ရှိများ၏ မှတ်ဉာဏ်များကို စားသုံးနိုင်သော အနက်ရောင်သဲမှုန်ကို ထုတ်လွှတ်လိမ့်မည်။ ၎င်း၏ ရှည်လျားသော အမြှီးထိပ်ဖျားပေါ်တွင် သံချေးတတ်နေသော ကြေးနီရောင်သံလိုက်အိမ်မြှောင်တစ်ခု ရှိသည်။

ထိုနတ်ဘုရားနှင့်ပတ်သက်ပြီး အမှတ်သုံးဆယ့်ငါးကြယ်တာရာစက်ဝန်းထဲမှာ ဒဏ္ဍာရီအများကြီး ရှိသည်။ တချို့က ပြောကြသည်မှာ ၎င်း၏ ခေါက်ထားသော အရိုးစုအတောင်ပံများကို ဖြန့်ထုတ်လိုက်သည့်အခါကျလျှင် သက်ရှိအဖွဲ့အစည်းများ မေ့ပျောက်နေကြသော သမိုင်းအဖြစ်အပျက်များက ပြန်လည်ထွက်ပေါ်လာလိမ့်မည်။

ဤအခိုက်အတန့်မှာ ထိုအရိုးစုအတောင်ပံများက ဖြန့်ကားသွားပြီး ရွှီချင်း၏ နာမည်က ယင်းတို့ပေါ်မှာ တလက်လက် တောက်ပလာသည်။ ဤသည်မှာ သူ၏ နာမည်က အတောင်ပံများပေါ်မှာ ရေးထွင်းခံရတော့မည့်အလားပင်။

သို့သော်လည်း နောက်ဆုံးမှာ နာမည်က ဝေဝါးသွားပြီး ပျောက်ကွယ်သွားသည်။

အဘယ့်ကြောင့်ဆိုသော် ရွှီချင်း၏ အာဏာစက်ဥပဒေသက ၎င်းတို့နှင့် အဆင့်တူညီသောကြောင့် ဖြစ်သည်။

ယင်းက အင်မော်တယ်အရှင်သခင်အဆင့်မှာသာ ရရှိပိုင်ဆိုင်နိုင်သော ဥပဒေသတစ်ခု ဖြစ်သည်။

All Chapters