← Chapters

ချင်းလေး အိမ်ပြန်ကြစို့

Vol. 117 Ch. 1788

ချင်းလေး အိမ်ပြန်ကြစို့

Vol. 117 Ch. 1788

“ အင်မော်တယ်အရှင်သခင်တစ်ပါးရဲ့ ဥပဒေသ… ”

“ ဒသမမြောက် အန္တိမတာအို… ”

“ ငါ့ရဲ့ ဒိုင်မန်းရှင်းအာဏာစက်က အနှစ်သာရအရဆိုရင် အမှတ်တစ်ခုပဲ ”

အချိန်လေဟာနယ်မုန်တိုင်းထဲမှာ မရေမတွက်နိုင်သော အချိန်လေဟာနယ်အပိုင်းအစများ၏ ဦးညွတ်ခြင်းခံနေရသော ရွှီချင်းက နားလည်မှုအသစ်ကို ရှာတွေ့သွားပြီး နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

“ အဲ့ဒီအမှတ်ထဲမှာ… ဒိုင်မန်းရှင်းက အချိန်လေဟာနယ်ရဲ့ အထွတ်အထိပ်ကို ကိုယ်စားပြုတယ် ”

“ တခြားနတ်ဘုရားအရှင်သခင်တွေ… သူတို့ရဲ့ မတူညီတဲ့ နတ်ဘုရားအခွင့်အာဏာတွေက အနှစ်သာရအရဆိုရင် အကုန်လုံးက ဒီအဆင့်မှာ ဖြစ်ကြတယ်… ကွာခြားမှုအနေနဲ့ လမ်းစဉ်မတူညီကြရုံပဲ… ”

ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။

ဤအခိုက်အတန့်မှာ သူ၏ အဆုံးမဲ့သော ဆံပင်ရှည်က သူ့အနောက်မှာ မြစ်တစ်စင်းသဖွယ် စီးဆင်းနေပြီး ဖရိုဖရဲအချိန်လေဟာနယ်ပင်လယ်တစ်ခုလုံးကို ဝါးမျိုပစ်တော့မည့်ဟန် ရသည်။ သူ၏ ရိုးရှင်းသော အဖြူရောင်ဝတ်စုံပေါ်မှာလည်း အချိန်လေဟာနယ်၏ လျှို့ဝှက်ချက်အားလုံးက ကိန်းအောင်းနေဟန် ရသည်။

အထူးခြားဆုံးမှာ သူ၏ သူငယ်အိမ်များ ဖြစ်ကြသည်။ ယင်းတို့ထဲမှ အလင်းရောင်က အချိန်နှင့်လေဟာနယ်၏ လှည့်ပတ်မှုကို ဖော်ပြနေဟန် ရသည်။

သူ၏ နှုတ်မှ ထွက်ပေါ်လာသော စကားလုံးများသည် အချိန်စီးဆင်းမှု၏ ဖြစ်တည်မှုထက် ကျော်လွန်သွားသည်။

ယခု သူက နတ်ဘုရားများ၏ အနန္တအသိဉာဏ်ကို ပိုင်ဆိုင်သွားသည်။

ဥပမာ ယခု သူတွေးတောလိုက်သည်နှင့် အပိုင်းအစတစ်ခုက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။

ထိုပစ္စည်းသည် ရှေးဟောင်းနတ်ဘုရင်၏ အက်ကွဲသွားသော ကြေးခေါင်းတလားမှ အပိုင်းအစတစ်ခု ဖြစ်သည်။ အချိန်လေဟာနယ်မုန်တိုင်းထဲသို့ သူဝင်ရောက်တော့မည့်အချိန်မှာ ထိုအစိတ်အပိုင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားခဲ့သည်။

နောက်ပိုင်းတွင် သူ၏ အသွင်သဏ္ဍာန်ကို တည်ငြိမ်စေပြီးနောက် ရွှီချင်းက ယင်းကို ပြန်ထုတ်ယူခဲ့သည်။

အစက သူသည် ကိုယ်ပိုင်ဉာဏ်အလင်းရှာဖွေမှုထဲမှာသာ စိတ်နစ်မြှုပ်ထားသောကြောင့် ယင်းကို ဂရုတစိုက် မလေ့လာခဲ့ပေ။ သို့သော်လည်း ယခု သူ၏ အာဏာစက်ဥပဒေသဖြင့် ကြည့်လိုက်သည့်အခါ ထိုကြေးအပိုင်းအစထဲမှာ လေးနက်သော အဓိပ္ပာယ်တစ်ခုရှိနေကြောင်း ရွှီချင်း ရှာတွေ့သွားသည်။

“ ဒီဟာက ဆရာပြောခဲ့တဲ့ အခွင့်အရေးဖြစ်မယ် ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။

ကြေးအပိုင်းအစ၏ မျက်နှာပြင်ပေါ်မှ ပုံရိပ်ယောင်က ပျောက်ကွယ်သွားသည့်အခါ ရောင်စုံဖန်ပြောင်းနှင့်ဆင်တူသော သူ၏ ပုံရိပ်က ကြေးအပိုင်းအစပေါ်မှာ ထွက်ပေါ်လာသည်။

အဆုံးတစ်ဖက်မှ ကြည့်မည်ဆိုလျှင် ထိုပုံရိပ်မှာ မရေမတွက်နိုင်သော တခြားပုံရိပ်များ ရှိနေကြောင်း မြင်ရလိမ့်မည်။

သို့သော်လည်း ပြောင်းပြန်ကြည့်မည်ဆိုလျှင် ပုံရိပ်အားလုံးက ပုံရိပ်တစ်ခုတည်းသာဖြစ်ကြောင်း မြင်ရလိမ့်မည်။

ရှင်းလင်းစွာပင် ယင်းက သူ့အား ဉာဏ်အလင်းအမြန်ရစေမည့် ဖြတ်လမ်းဖြစ်သည်။

သို့သော် ရွှီချင်းက ယင်းကို မလိုအပ်တော့ပေ။

“ ထွက်သွားဖို့ အချိန်ကျပြီ ”

သူက ခေါင်းမော့လိုက်သည်။ သူ၏ ဒိုင်မန်းရှင်း အာဏာစက်ဥပဒေသကြောင့် သူက ဤအချိန်လေဟာနယ်မုန်တိုင်းထဲမှာ အနှစ်ငါးထောင်နေထိုင်ခဲ့ကြောင်း ရှင်းလင်းစွာ အာရုံခံမိသွားသည်။

သို့သော် အပြင်လောကတွင်တော့ အချိန်အနည်းငယ်မျှသာ ကုန်လွန်သွားခဲ့သည်။

“ ခုနစ်နှစ်… ”

ရွှီချင်းက မတ်တတ်ရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း သူမထွက်သွားမီ သူ၏ စီနီယာအကိုကြီးကို အရင်ဆုံး ရှာဖွေရလိမ့်မည်။

အတိတ်တွင် ဒသမမြောက် အန္တိမတာအိုကို သူနားမလည်သေးခင်က စီနီယာအကိုကြီး၏ တည်နေရာကို မည်သို့မှ သူမရှာဖွေနိုင်ခဲ့ပေ။ သို့သော်လည်း ယခုတော့…

အကြည့်တစ်ချက်ဖြင့် သူမြင်တွေ့သွားသည်။

သို့တိုင် သူမြင်လိုက်ရသော မြင်ကွင်းက သူ၏ နှလုံးကို ပရမ်းပတာ တုန်လှုပ်သွားစေသည်။ ဤသည်မှာ ကြမ်းတမ်းသော လေပြင်းက သူ၏ စိတ်ခံစားမှုပင်လယ်ကို အကြမ်းပတမ်း တိုက်ခတ်သွားသည့်အလားပင်။

ထို့ကြောင့် ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

နောက်အခိုက်အတန့်မှာ သူက ဤအချိန်လေဟာနယ်မုန်တိုင်းထဲမှ လောကအပိုင်းအစတစ်ခုထဲသို့ ဝင်ရောက်သွားသည်။

အထဲသို့ သူရောက်ရှိသွားသည့်အခိုက် ဝမ်းနည်းကြေကွဲသော လေထုက သူ့အား ချက်ချင်း လွှမ်းခြုံသွားသည်။

ဤနေရာတွင် ဘေးပတ်ဝန်းကျင်၌ မီးခိုးရောင်မြူခိုးဖြင့် ရစ်ဝဲနေသည်။ ကောင်းကင်သည်ပင် ညှိုးမှိုင်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာဟန် ရ၏။ နေရောင်ခြည်တချို့သာလျှင် အနက်ရောင်တိမ်တိုက်များကို ဖောက်ထွင်း၍ ကမ္ဘာမြေပေါ်သို့ မှိန်ဖျော့စွာ ကျရောက်လာသည်။ ယင်းက လောကတစ်ခုလုံးကို မှေးမှိန်စေသည်။

လွှမ်းမိုးဖိနှိပ်သော လေထုက ဤလောကတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

ဤကမ္ဘာငယ်ကို စစ်ဆေးကြည့်ရှုနေရင်း ရွှီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။

သူ၏ ခြေဖဝါးအောက်တွင် နူးညံ့သော သဲသောင်ပြင် ရှိသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ခြေရာများက မြေပြင်ပေါ်မှာ ကျန်ရစ်သွားသည်။ လေပြေတိုးဝှေ့သွားသည့်အခါ သဲမှုန်တချို့က လမ်းကြောင်းပြောင်းသွားပြီး တိုးညင်းသော အသံများကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ လေနှင့် သဲက ပုံပြင်တချို့ကို ပြောပြနေသည့်အလားပင်။

အဝေးတစ်နေရာတွင် ညှိုးနွမ်းခြောက်သွေ့နေသော သစ်ပင်တချို့က ထောင်မတ်နေကြသည်။ ယင်းတို့၏ ပိန်ချုံးနေသော သစ်ကိုင်းများက သားရဲတစ်ကောင်၏ လက်သည်းများသဖွယ် ကောင်းကင်အထိ ဆန့်တန်းနေကြသည်။

အချိန်ကာလအရဆိုလျှင် ဤရာသီသည် သစ်ပင်များ စိမ်းလန်းစိုပြည်စွာ ကြီးထွားရမည့်အချိန် ဖြစ်သည်။ သို့တိုင် သစ်ကိုင်းများပေါ်တွင် အဝါရောင်သစ်ရွက်တချို့သာ ရှိကြသည်။ လေတိုးဝှေ့လာသည့်အခါ ထိုသစ်ရွက်များက ဝမ်းနည်းဖွယ်ကောင်းသော ငိုရှိုက်သံများကို ထုတ်လွှတ်လိုက်သည်။

ဤနေရာတစ်ခုလုံးမှာ ဝမ်းနည်းကြေကွဲမှုဖြင့် ပြည့်နှက်နေလေရာ တည်ရှိမှုတစ်ခုက ၎င်း၏ ဝမ်းနည်းမှုကို ဤနေရာပေါ်သို့ သွန်းလောင်းပေးနေသည့်အလားပင်။ ယင်းက ဤလောက၏ လည်ပတ်မှုကို ဖရိုဖရဲဖြစ်စေသည်။

ရွှီချင်းက အရှေ့သို့ တိတ်တဆိတ် လျှောက်သွားသည်။ သူက မြူခိုးနှင့် သစ်ပင်ခြောက်များကို ဖြတ်ကျော်သွားပြီး အပျက်အစီးပုံတစ်ခုဆီသို့ ရောက်ရှိသွားသည်။

ဤနေရာသည် အတိတ်မှာ မြို့ငယ်တစ်မြို့ ဖြစ်ခဲ့သည်။

တစ်ချိန်က ဤနေရာမှာ ရှိနေခဲ့သော အိမ်များက ယခု အုတ်ကျိုးပုံများ ဖြစ်လာကြသည်။ အစိမ်းရောင်နွယ်ပင်များက ယင်းတို့ပေါ်မှာ ပေါက်ရောက်နေကြသည်။

တချို့နွယ်ပင်များပေါ်တွင် ညှိုးနွမ်းနေသော ပန်းပွင့်များ ပွင့်လန်းနေကြသည်။ ဤသည်မှာ ယင်းက အတိတ်မှ ကြွယ်ဝတိုးတတ်မှုနှင့် လက်ရှိအချိန်မှ ပျက်စီးမှုကြားမှ ဆန့်ကျင်ဘက်သဘောတရားကို ဖော်ပြနေသည့်အလားပင်။

ရံဖန်ရံခါ အနက်ရောင်ငှက်များက ကောင်းကင်ပေါ်မှာ ပျံသန်းသွားကြလေ့ ရှိသည်။ ၎င်းတို့၏ တကျွီကျွီ မြည်သံများက တိတ်ဆိတ်မှုကို ချိုးဖောက်သွားပြီး ဝမ်းနည်းကြေကွဲမှုကို ပိုပြီးနက်ရှိုင်းလာစေသည်။

ရွှီချင်းက မြို့အပျက်အစီး၏ အရှေ့မှာ ရပ်လိုက်ပြီး ဦးတည်ရာတစ်ခုဆီသို့ ကြည့်လိုက်သည်။ သူက တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် အရှေ့သို့ ဆက်လျှောက်သွားသည်။

နောက်ဆုံးမှာ အပျက်အစီးပုံ၏ ထောင့်တစ်နေရာတွင် သူက ပုံရိပ်တစ်ခုကို မြင်တွေ့သွားသည်။

ထိုသူက အားညိုဖြစ်သည်။

သူက ဆောင့်ကြောင့်ထိုင်နေလျက် သူ၏ လက်နှစ်ဖက်ဖြင့် ဒူးနှစ်ဖက်အား တင်းကျပ်စွာ ပွေ့ပိုက်ထားသည်။ သူ၏ ဦးခေါင်းက သူ၏ လက်နှစ်ဖက်ကြားထဲမှာ နစ်မြှုပ်နေပြီး သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်နေသည်။

သူက အရာအားလုံးကို ဆုံးရှုံးသွားသော ကလေးတစ်ယောက်ပမာ ရှိုက်ကြီးတငင် အော်ငိုနေသည်။ သူ၏ ငိုကြွေးသံက တိတ်ဆိတ်သော လောကထဲမှာ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ သူက သူ၏ ဝမ်းနည်းမှုကို ဤလောကထဲသို့ သွန်းလောင်းပေးနေသည့်အလားပင်။

ယင်းသည် ယခင်က ရွှီချင်း တစ်ခါမှမမြင်ခဲ့ဖူးသော သူ့စီနီယာအကိုကြီး၏ တခြားပုံစံ ဖြစ်သည်။

သူက စီနီယာအကိုကြီး၏ ရူးသွပ်မှု၊ ပျော်ရွှင်မှု၊ ဂုဏ်ယူဝင့်ကြွားမှုနှင့် မထူးမခြားနားပုံစံကို မျက်မြင်တွေ့ခဲ့ဖူးသည်။ သို့သော်လည်း စီနီယာအကိုကြီးက ဤကဲ့သို့ ရှိုက်ကြီးတငင် အော်ငိုနေသည်ကိုတော့ တစ်ခါမှ သူမမြင်ဖူးပေ။

“ စီနီယာအကိုကြီး… ”

ရွှီချင်းက ချဉ်းကပ်လာပြီးနောက် အားညို၏ အရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး နူးညံ့စွာ ပြောသည်။

အားညိုက ထိုအသံကို ကြားသွားသည့်အခါ ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။

မျက်ရည်စီးကြောင်းများက သူ၏ မျက်နှာပေါ်မှာ ပြည့်နှက်နေစဉ် သူ၏ မျက်လုံးများက နီရဲပြီး ဖောင်းအစ်နေသည်။ ခါတိုင်းမြင်နေကျ ဘဝင်မြင့်သော အကြည့်ကို သူ၏ မျက်လုံးထဲမှာ မမြင်တွေ့ရတော့ပေ။ ယခု သူ၏ မျက်လုံးထဲမှာ အဆုံးမဲ့သော ဝမ်းနည်းကြေကွဲမှုဖြင့်သာ ပြည့်နှက်နေသည်။

သူ၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ယင်နေသည်။ ဤသည်မှာ သူက စကားပြောရန်ပင် ခက်ခဲနေသည့်အလားပင်။

“ ချင်းလေး… ငါ့ရဲ့ အတိတ်ဘဝနှစ်ခုက မှတ်ဉာဏ်တွေကို ငါပြန်ရသွားပြီ…”

…..

ထိုမှတ်ဉာဏ်များနှင့်ပတ်သက်၍ အားညိုက ဘာမှမပြောပေ။

သို့ဖြစ်၍ ရွှီချင်းက နှုတ်ဆိတ်နေလျက် အားညိုကို အဖော်ပြုပေးလိုက်သည်။ နောက်ထပ်တစ်ရက်ကြာ ငိုကြွေးပြီးနောက် အားညိုက နောက်ထပ် စကားတစ်ခွန်းကို ပြောသည်။

“ ချင်းလေး… ဝမ်ကူးကုန်းမြေကို ငါလွမ်းတယ်… ဆရာ့ကို ငါသတိရတယ်… ”

“ ဒါဆို… ငါတို့ အိမ်ပြန်ကြရအောင် ”

ရွှီချင်းက သိမ်မွေ့ညင်သာစွာ ပြောသည်။

ထိုစကားက အားညိုကို ပြုံးသွားစေသည်။ သို့တိုင် ရွှီချင်း၏ အကြည့်အောက်မှာ အားညို၏ မျက်လုံးအနက်ပိုင်းထဲမှ ဝမ်းနည်းကြွေကွဲမှုက ထာဝရဖြစ်တည်မှုတစ်ခု ဖြစ်လာဟန် ရသည်။

နောက်ဆုံးမှာ အားညို၏ ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အပြာရောင်ပိုးကောင်တစ်ကောင်အဖြစ် ပြန်ပြောင်းလဲသွားသည်။ ထို့နောက် သူက ရွှီချင်း၏ ဆံပင်ထဲသို့ တိုးဝင်သွားသည်။

“ ချင်းလေး… အိမ်ပြန်ကြစို့… ”

.....

တစ်ရက်ကြာပြီးနောက် အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ လေဟာနယ်အက်ကွဲကြောင်း၏ အပြင်ဘက်တွင် ထိုနေရာမှာ ခုနစ်နှစ်ကြာ တရားထိုင်နေသော ဆရာသခင်ပိုင်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

သူ၏ အကြည့်အောက်မှာ ပုံရိပ်တစ်ခုက အက်ကွဲကြောင်းထဲမှ ဖြည်းညင်းစွာ ထွက်လျှောက်လာသည်။

ထိုပုံရိပ်ထွက်ပေါ်လာသည့်အခိုက် အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ အချိန်က ဒြပ်ထည်ရှိသော ချည်မျှင်များအဖြစ် အသွင်ပြောင်းလဲသွားဟန် ရသည်။ ယင်းတို့က ထွန်းလင်းတောက်ပလာပြီး ပရမ်းပတာ လှုပ်ခတ်သွားကြသည်။

လေဟာနယ်သည်လည်း သက်ရောက်ခံလိုက်ရသည်။

ဤအခိုက်အတန့်မှာ ကြယ်တာရာစက်ဝန်းတစ်ခုလုံးက သမုဒ္ဒရာတစ်စင်းသဖွယ်ဖြစ်လာစဉ် ရွှီချင်းသည်တော့ ထိုသမုဒ္ဒရာကို လှိုင်းထသွားစေမည့် လေကြမ်း ဖြစ်သည်။

အရာအားလုံးက အင်မော်တယ်ကို ကြိုဆိုနေကြသည်။

“ မင်းပြန်ရောက်လာပြီ ”

ဆရာသခင်ပိုင်က ပြုံးလိုက်ပြီး နူးညံ့စွာ ပြောသည်။

ရွှီချင်းက ဆရာသခင်ပိုင်ကို ကြည့်လိုက်ပြီး လေးနက်စွာ အရိုအသေပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ် ဆရာ ”

“ မင်းအိမ်မပြန်ခင်… ငါနဲ့အတူ တစ်ခဏလောက် လမ်းလျှောက်ပေးပါဦး ”

ဆရာသခင်ပိုင်က မတ်တတ်ရပ်လိုက်ပြီး ရွှီချင်းကို ကြင်နာစွာ ကြည့်လိုက်သည်။

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ အရှေ့သို့ သူခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ သူက ဆရာသခင်ပိုင်၏ ဘေးသို့ ခြေတစ်လှမ်းနောက်ကျကျန်၍ ရောက်ရှိသွားသည်။

ထိုသို့ဖြင့် ဆရာတပည့်နှစ်ယောက်က ကြယ်တာရာကောင်းကင်ထဲမှာ အတူတူ လမ်းလျှောက်သွားကြသည်။

ထိုသို့လမ်းလျှောက်နေစဉ် ဆရာသခင်ပိုင်၏ အသံက အချိန်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ အထက်ကြယ်တာရာစက်ဝန်း(၃၆)ခုစလုံးက နတ်ဘုရားအရှင်သခင်အများစုက အဲ့ဒီအဆင့်မှာ တည်ရှိကြတယ်… ဒါပေမဲ့ အမှန်တော့ အဲ့ဒါက အဆင့်မဟုတ်ဘူး… အဲ့ဒါက အမှတ်တစ်ခုသာ ဖြစ်တယ် ”

“ အဲ့ဒီအမှတ်က သူတို့နေထိုင်တဲ့ ကြယ်တာရာစက်ဝန်းရဲ့ သေးငယ်တဲ့ စကြာဝဠာပုံစံ ဖြစ်တယ် ”

“ သူတို့က သူတို့ရဲ့ နတ်ဘုရားအခွင့်အာဏာတွေကို အဲ့ဒီအမှတ်ထဲမှာ ချဲ့ထွင်ကြတယ်… ဒါပေမဲ့ အဲ့ဒါက ချဲ့ထွင်ရုံသက်သက်ပဲ… သူတို့ကိုယ်တိုင်က အမှတ်ဖြစ်မလာနိုင်ဘူး ”

“ နတ်ဘုရင်အဆင့် တည်ရှိမှုတွေကပဲ အမှတ်ဖြစ်လာနိုင်ကြတယ် ”

“ အဲ့ဒါက မင်းရဲ့ နောက်တစ်ဆင့်ပဲ… ”

“ ဒါဆိုရင် ဆရာ… နတ်ဘုရင်တွေထက် ပိုပြီးမြင့်တဲ့ အဆင့်ကရော ”

ရွှီချင်းက မေးသည်။

“ အဲ့ဒါက ဉာဏ်အလင်းပွင့်နတ်ဘုရားတွေရဲ့ နယ်ပယ်ပဲ… ငါကတော့ အဲ့ဒါကို ဘီယွန်းလို့ ခေါ်တယ် ”

ဆရာသခင်ပိုင်၏ အသံက နူးညံ့စွာ ပဲ့တင်ထပ်သွားသည်။

All Chapters