← Chapters

ကြယ်တာရာစက်ဝန်းမှ ထွက်ခွာခြင်း… ဝမ်ကူးကုန်းမြေသို့ ပြန်ခြင်း…

Vol. 117 Ch. 1789

ကြယ်တာရာစက်ဝန်းမှ ထွက်ခွာခြင်း… ဝမ်ကူးကုန်းမြေသို့ ပြန်ခြင်း…

Vol. 117 Ch. 1789

ရွှီချင်းနှင့် ဆရာသခင်ပိုင်က ဘေးချင်းကပ်၍ လမ်းလျှောက်နေကြသည်။

သူတို့က ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းပြီး အချိန်မြစ်ကို ဖြတ်လျှောက်သွားကြသည်။

သူတို့၏ ပုံရိပ်များကို သာမန်ကျင့်ကြံသူများက အာရုံမခံနိုင်ကြချေ။ နွေဦးအင်မော်တယ်များသည်သာ သူတို့၏ တည်ရှိမှုကို ဝေဝါးစွာ အာရုံခံနိုင်ကြသည်။

လမ်းတစ်လျှောက်မှာ သူတို့က စကားအများကြီး ပြောခဲ့ကြသည်။

သူတို့က အတိတ်မှ မှတ်ဉာဏ်များ၊ ပစ္စုပ္ပန်မှ ကိစ္စများနှင့် အနာဂတ်အမြင်များကို ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးမှာတော့ အမှတ်လေးကြယ်တာရာစက်ဝန်း၏ အစွန်းဆီသို့ သူတို့ရောက်ရှိသွားသည့်အခါ ဆရာသခင်ပိုင်က ထွက်ခွာသွားသည်။

ရွှီချင်း၏ လက်ဦးဆရာက သူမထွက်သွားခင် ပစ္စည်းနှစ်ခုကို ပေးသွားခဲ့သည်။

ပထမပစ္စည်းက မျိုးစေ့တစ်စေ့ ဖြစ်သည်။

“ ရွှီချင်း… ဝမ်ကူးကုန်းမြေဆီ မင်းပြန်ရောက်တဲ့အခါ တကယ်လို့ ချန်းဖေးယွမ်နဲ့ ထင်းယုက အသက်ရှင်နေသေးမယ်ဆိုရင် ငါ့ဆီလာဖို့ ဆန္ဒရှိလားလို့ သူတို့ကို မေးပေးပါ ”

“ တကယ်လို့ သူတို့က ဆန္ဒရှိတယ်ဆိုရင် ဒီမျိုးစေ့ကို သူတို့အတွက် စိုက်ပျိုးပေးပါ… မျိုးစေ့က အပင်ပေါက်လာပြီး ပန်းပွင့်ပွင့်လာတဲ့အခါကျရင် ပန်းရနံ့က သူတို့ကို ငါ့ဆီ ခေါ်ဆောင်လာပေးလိမ့်မယ် ”

“ တကယ်လို့ သူတို့က ကွယ်လွန်သွားကြပြီဆိုရင်ရော ”

ရွှီချင်းက နူးညံ့စွာ မေးသည်။

“ အဲ့ဒါဆိုရင် ဒီမျိုးစေ့ကို သူတို့ရဲ့ အုတ်ဂူရှေ့မှာ စိုက်ပျိုးပေးပါ ”

ဆရာသခင်ပိုင်က အက်ရှရှအသံဖြင့် ပြောသည်။

ရွှီချင်းကို သူပေးခဲ့သော ဒုတိယပစ္စည်းက မီးအိမ်တစ်လုံး ဖြစ်သည်။

မီးအိမ်၏ ကိုယ်ထည်ကို မီးဖုတ်ထားသော အထူးရွှံ့ဖြင့် ပြုလုပ်ထားပြီး ယင်းပေါ်မှာ ရှုပ်ထွေးနက်နဲသော ရှေးဟောင်းမှော်အစီအရင်များ ရှိသည်။ ထိုမှော်အစီအရင်များက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားနှင့်အတူ မှိတ်တုတ်မှိတ်တုတ် ထွန်းလင်းနေကြသည်။

အနီးကပ် သေချာကြည့်မည်ဆိုလျှင် ထိုမီးအိမ်က ဆရာသခင်ပိုင်၏ ဆေးအိုးနှင့် အနည်းငယ် ဆင်တူပေသည်။

မီးအိမ်၏ အုပ်ဆောင်းကိုတော့ လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်ပိုးခြည်မျှင်များဖြင့် ရက်လုပ်ထားပြီး ယင်းက မှိန်ဖျော့သော ရောင်စုံအလင်းကို ထုတ်လွှတ်နေသည်။

အလင်းရောင်သည် ငြိမ်သက်မနေဘဲ အိမ်မက်ဆန်စွာ လှုပ်ယမ်းနေသည်။ ဤသည်မှာ ယင်းက အသင်္ချေလောကများမှ ထွန်းလင်းတောက်ပသော အလင်းရောင်အားလုံးကို စုစည်းထားသည့်အလားပင်။

ဝိညာဉ်ပိုးခြည်မျှင်များ၏ ရက်လုပ်မှုသည် လွန်စွာ အနုစိတ်ပြီး သေသပ်သည်။ ယင်းက နားလည်ရခက်ခဲသော ပုံရိပ်များကို မသဲကွဲစွာ ဖွဲ့စည်းနေသည်။ တစ်ခါတစ်ရံမှာ မြူခိုးဖြင့် လွှမ်းခြုံခံထားရသော အင်မော်တယ်တောင်များက ထွက်ပေါ်လာကြပြီး တစ်ခါတစ်ရံမှာ အာကာသဟင်းလင်းပြင်၏ ကြယ်တာရာမြစ်များက ထွက်ပေါ်လာကြသည်။

ဤသည်မှာ မရေမတွက်နိုင်သော အသေးစား စကြာဝဠာငယ်များက အဆုံးမဲ့သော လျှို့ဝှက်ဆန်းကြယ်မှုများနှင့်တကွ မီးအိမ်၏ အုပ်ဆောင်းထဲမှာ ပုန်းအောင်းနေကြသည့်အလားပင်။

သို့သော်လည်း အထူးဆန်းဆုံးအရာမှာ မီးအိမ်ထဲမှ မီးစာဖြစ်သည်။

ယင်းက မျက်လုံးတစ်လုံး ဖြစ်သည်။

မျက်လုံးသည် သန့်စင်ခံထားရပြီးသည့်တိုင် နတ်ဘုရားအနှစ်သာရကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ဆဲပင်။

ယင်းက တမူထူးခြားသော ကြီးကျယ်မြင့်မြတ်မှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုကို ထုတ်လွှတ်နေသည်။ ယင်းက ထိုမျက်လုံးအား တိုက်ရိုက် မကြည့်နိုင်အောင် ပြုလုပ်နေသည်။ အထူးသဖြင့် မျက်လုံးပေါ်မှ အနီရောင်သွေးကြောများက အကန့်အသတ်မဲ့သော ကပ်ဘေးကို ထုတ်လွှတ်နေသည်။

ယင်းထံမှ အကြည့်တစ်ချက်က သက်ရှိအားလုံးကို တုန်လှုပ်ချောက်ချားသွားစေနိုင်စွမ်း ရှိသည်။

ဆရာသခင်ပိုင်၏ စကားအရ ထိုမျက်လုံးသည် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ယခင်နတ်ဘုရင်ထံမှ ဖြစ်သည်။

ဆရာသခင်ပိုင်သည် သူ၏ တမူထူးခြားသော အပင်တာအိုကို အသုံးပြု၍ ယင်းကို သန့်စင်ခဲ့ပြီး မီးအိမ်တစ်လုံးအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ထိုမီးအိမ်က နတ်ဘုရင်၏ နတ်ဘုရားအခွင့်အာဏာတစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းထားသည်။

“ အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ နတ်ဘုရင်က ဖရိုဖရဲတိုင်းတာမှုနတ်ဘုရားအခွင့်အာဏာကို ပိုင်ဆိုင်ထားတယ် ”

“ ဖရိုဖရဲတိုင်းတာမှုက အစီအစဉ်တကျရှိတဲ့ အရာတွေ ဖရိုဖရဲဖြစ်သွားတာကို ဆိုလိုတယ်… အဲ့ဒါရဲ့ အထွတ်အထိပ်စွမ်းအားက ဘယ်သဘာဝတရားကိုမဆို အတိုးအလျော့ လုပ်နိုင်တယ် ”

“ ဒီမီးအိမ်ကို ငါ့ရဲ့ အပင်တာအိုနဲ့ ဖန်တီးသန့်စင်ခဲ့တယ်… ငါ့ရဲ့ တပည့်အနေနဲ့ အဲ့ဒီသန့်စင်ခြင်းအတတ်ပညာကို မင်းကို ငါလွှဲပြောင်းပေးမယ်… အဲ့ဒါကို ကောင်းကောင်း လေ့လာပါ… အနာဂတ်မှာ ဒီလိုရတနာတွေ မင်းဖန်တီးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ် ”

.....

ဆရာသခင်ပိုင်က ထွက်ခွာသွားသည်။

သူက အတိတ်မှာ ရှေးဟောင်းနတ်ဘုရင် ချိပ်ပိတ်ခံခဲ့ရသော လေဟာနယ်အက်ကွဲကြောင်း၏ အပြင်ဘက်မှာ ရွှီချင်းကို ခုနစ်နှစ်ကြာ စောင့်ဆိုင်းခဲ့သည်။ ယခု သူ၏ စိတ်နှလုံးက အေးချမ်းသွားသည်။

ရွှီချင်းက အမှတ်လေးကြယ်တာရာစက်ဝန်း၏ အစွန်းမှာ ရပ်နေရင်း အဝေးသို့ ထွက်ခွာသွားသော ဆရာသခင်ပိုင်၏ ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ သူက လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

အချိန်တစ်ခဏကြာပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး သူ့အရှေ့မှ ကြယ်တာရာဟင်းလင်းပြင်ထဲမှာ မျောလွင့်နေသော မီးအိမ်ကို ကြည့်လိုက်သည်။ မီးအိမ်က ညင်သာစွာ လှုပ်ယမ်းသွားသည့်အခါ သိမ်မွေ့သောလေက ပေါ်လျှိုးလာသည်။

လေထဲမှာ နားထောင်သူကို ယဇ်မူးစေနိုင်သော ကောင်းကင်ဘုံတေးသံများက မသဲမကွဲ ပဲ့တင်ထပ်လာသည်။ အကယ်၍ တစ်စုံတစ်ယောက်က ယင်းကို အချိန်ကြာကြာ နားဆင်မည်ဆိုလျှင် ထိုတေးသံများထဲမှာ ပုန်းကွယ်နေသော နတ်ဘုရားတီးတိုးရေရွတ်သံများကို ကြားရလိမ့်မည်။

အချိန်တစ်ခဏကြာ နားဆင်ပြီးနောက် ရွှီချင်းက မီးအိမ်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး အမှတ်လေးကြယ်တာရာစက်ဝန်းတစ်ခုလုံးကို ကြည့်လိုက်သည်။

မကြာမီ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ရွှီချင်း ပြုံးလိုက်သည်နှင့်တစ်ပြိုင်နက် အလွန်ကျယ်လောင်သော ရယ်သံက အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ ပဲ့တင်ထပ်လာသည်။

ရယ်သံက ကြယ်တာရာဟင်းလင်းပြင်ထဲမှာ အလင်းစက်ကွင်းများအဖြစ် ဒြပ်ထည်ဖွဲ့စည်းသွားသည်။ ထို့နောက် အလင်းစက်ကွင်းများ၏ အလယ်ဗဟိုတွင် ထွန်းလင်းတောက်ပသော ပုံရိပ်ယောင်ကြေးမုံတစ်ချပ်က ထွက်ပေါ်လာသည်။

အင်မော်တယ်အရှင်သခင်မီမင်နှင့် ဝိညာဉ်ဖီးနစ်နတ်သမီး၏ ပုံရိပ်များက ကြေးမုံထဲမှ ထွက်လျှောက်လာကြသည်။

“ ညီလေး… မင်းအိမ်ပြန်တော့မယ်ဆိုတာ အကိုကြီးသိတယ် ”

“ မင်းနေတဲ့ အမှတ်ကိုးကြယ်တာရာစက်ဝန်းဆီ… ငါမသွားရဲဘူး ”

“ အတိအကျပြောရရင် မင်းရဲ့ အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှာ အစကတည်းက နေထိုင်ခဲ့ကြတဲ့ ဒေသခံနတ်ဘုရင်တွေကလွဲရင် တခြားကြယ်တာရာစက်ဝန်းတွေထဲက ဘယ်နတ်ဘုရားအရှင်သခင်မှ ဒါမှမဟုတ် ဘယ်နတ်ဘုရင်မှ အဲ့ဒီကို ခြေမချရဲကြဘူး ”

“ အထူးသဖြင့် ရှေးဦးအပျက်အစီးက မကြာသေးခင်ကမှ မျက်လုံးဖွင့်လှစ်ခဲ့တယ်… ”

“ ဒါကြောင့်… ဒီခရီးစဉ်မှာ အကိုကြီးက မင်းကို ကိုယ်တိုင်မကူညီပေးနိုင်ဘူး ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ ဤနှစ်များမှာ သူက ထိုအချက်ကို တဖြည်းဖြည်း နားလည်သွားခဲ့သည်။ ယခု နွေဦးအင်မော်တယ်တစ်ပါးအနေဖြင့် သူ၏ စိတ်အာရုံက ပိုပြီးကြည်လင်ရှင်းလင်းလာသည်။

အတိတ်မှာ အင်မော်တယ်ဘုရင်သည်ပင် ဝမ်ကူးကုန်းမြေ၏ အပြင်ပိုင်းပင်လယ်ထဲသို့သာ ဝင်ရောက်ဝံ့သည်။ ထို့ပြင် သူက ငါးတစ်ကောင်၏ ဝမ်းဗိုက်ထဲမှာ ပုန်းအောင်းနေရပြီး ရွှေကြွက်၏ စွမ်းအားကိုလည်း ချေးငှားခဲ့ရသည်။ သူက ထိုသို့ကြိုပြင်ဆင်ထားသည့်တိုင်အောင် အပြင်ပိုင်းပင်လယ်ထဲမှာ အချိန်ကြာကြာ မနေဝံ့ပေ။

“ ဒါပေမဲ့… အကိုကြီးက မင်းနဲ့အတူ မလိုက်နိုင်ပေမဲ့လည်း မင်းအတွက် လက်ဆောင်တချို့ကို ပြင်ဆင်ထားပါတယ် ”

အင်မော်တယ်အရှင်သခင်မီမင်က ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ပုံရိပ်ယောင်ကြေးမုံက သေးငယ်သော အပိုင်းအစတစ်ခုအဖြစ် ကျုံ့သွားပြီး ရွှီချင်းဆီသို့ ပျံသန်းသွားသည်။

“ အဲ့ဒါက ငါ့ရဲ့ အာဏာစက်ဥပဒေသပဲ ”

“ အတိတ်မှာ ငါ့ရဲ့ သရုပ်ဇာတ်ကောင်ကို မင်းရရှိခဲ့ဖူးတယ်… အဲ့ဒီအချိန်တုန်းက ငါ့ရဲ့ အာဏာစက်က ချိပ်ပိတ်ခံထားရတယ်ဆိုပေမဲ့ ငါ့ရဲ့ တကယ့်အာဏာစက်က ကြေးမုံဖြစ်တယ်ဆိုတာ မင်းအာရုံခံမိမှာပါ… ဒါကြောင့် အခု အဲ့ဒါကို မင်းအသုံးပြုဖို့က ဘာပြဿနာမှ မရှိနိုင်ပါဘူး ”

“ ပြီးတော့… မင်းတစ်ယောက်တည်း ပြန်သွားမှာကို ငါစိတ်တိုင်းမကျဘူး… အဲ့ဒါကြောင့် မင်းရဲ့ လက်အောက်ငယ်သားအားလုံးကို ငါနဲ့အတူ ခေါ်လာခဲ့တယ် ”

အင်မော်တယ်အရှင်သခင်မီမင်က စကားပြောပြီးနောက် နောက်တစ်ကြိမ် လက်ဝှေ့ယမ်းလိုက်သည်။

ကြယ်တာရာကောင်းကင်က ပုံပျက်တွန့်လိမ်သွားသည်။ နောက်အခိုက်အတန့်မှာ ကြယ်တာရာစက်ဝန်း၊ ကျိုးကျန်းလီ၊ ရှဲလင်းဇီ၊ လီမုန့်တု၊ ယွင်ရှန်းစုနှင့် တခြားလူများက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

မျက်ရည်ဝဲနေသော ချမ်ကျွင်းနှင့် ပိုင်ရီသည်ပင် သူတို့ထဲမှာ ရှိကြသည်။

စုစုပေါင်း ဆယ့်တစ်ယောက်ရှိသည်။

သူတို့ထွက်ပေါ်လာသည့်အခိုက် အင်မော်တယ်အရှင်သခင်မီမင်၏ စကားသံက အင်ပါယာအမိန့်တော်သဖွယ် သူတို့အားလုံး၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ မင်းတို့အားလုံး အခုချိန်ကစပြီး အစစ်အမှန်ဦးသျှောင်ကျိချင်းနောက်ကို နှစ်သုံးထောင်ကြာအောင် လိုက်သွားရမယ်… သူ့ကို မင်းတို့ရဲ့ အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်ပေးရမယ် ”

“ နှစ်သုံးထောင်ပြည့်ပြီးလို့ ပြန်ရောက်လာတဲ့အခါကျရင် မင်းတို့အားလုံး အင်မော်တယ်အဆင့်အတန်းတွေကို ပိုင်ဆိုင်နိုင်ကြလိမ့်မယ် ”

ထိုစကားကို ကြားသောအခါ ကျိုးကျန်းလီနှင့် ကြယ်တာရာစက်ဝန်းသာလျှင် တည်ငြိမ်စွာ ဆက်ပြီး ရှိနေကြသည်။ ကျိုးကျန်းလီသည် အင်မော်တယ်အဆင့်အတန်းကို ပိုင်ဆိုင်ရန် အနည်းငယ်မျှသာ စိတ်ဝင်စား၏။ ရွှီချင်းနောက်သို့ လိုက်ခြင်းက ထိုထက် ပိုကြီးမားသော အကျိုးအမြတ်များကို ရရှိစေလိမ့်မည်ဟု သူယုံကြည်ထားသည်။

ကြယ်တာရာစက်ဝန်းသည်တော့ သူက အင်မော်တယ်တစ်ပါးဖြစ်လာရန် သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။

သူတို့နှစ်ယောက်၏ အတွေးများက ကွဲပြားသော်လည်း သူတို့၏ တည်ငြိမ်သော အမူအရာက တူညီပေသည်။

တခြားလူများသည်တော့ သူတို့နှစ်ယောက်နှင့်ဆန်ကျင်ဘက် အလွန်စိတ်လှုပ်ရှားသွားကြသည်။

“ အင်မော်တယ်အဆင့်အတန်းကို ပိုင်ဆိုင်နိုင်မယ် ”ဟူသော စကား၏ အဓိပ္ပာယ်သည် နွေဦးအင်မော်တယ်တစ်ပါး ဖြစ်လာနိုင်စေမည့် အခွင့်အရေးကို ရည်ညွှန်းပေသည်။

သူတို့အတွက်တော့ ယင်းက အလွန်ကြီးမားသော ကံကြမ္မာကောင်း ဖြစ်သည်။

သို့ဖြစ်၍ သူတို့က တစ်ညီတစ်ညာတည်း ချက်ချင်း ဦးညွတ်လိုက်ကြသည်။

“ အင်မော်တယ်အရှင်သခင်ရဲ့ အမိန့်တော်ကို ကျုပ်တို့ နာခံပါတယ် ”

ထို့နောက် သူတို့အားလုံးက ရွှီချင်းထံသို့ အကြည့်ရွှေ့ပြောင်းလိုက်ကြသည်။

ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံနှင့် သူ့ထံမှ အလွန်ကျယ်ပြောသော အရှိန်အဝါကို သူတို့အာရုံခံမိသွားသောအခါ ရွှီချင်းက နွေဦးအင်မော်တယ်တစ်ပါး ဖြစ်သွားပြီဖြစ်ကြောင်း ချက်ချင်း သူတို့နားလည်သွားကြသည်။

ထို့ပြင် အတိတ်မှာ သူတို့တွေ့ဆုံခဲ့ဖူးသော တခြားနွေဦးအင်မော်တယ်များနှင့် နှိုင်းယှဉ်လျှင် ရွှီချင်းက သိသိသာသာ ထူးခြားနေကြောင်း သူတို့အာရုံခံမိသွားကြသည်။

“ သူ့မှာ အင်မော်တယ်အရှင်သခင်တစ်ပါးရဲ့ ခမ်းနားထည်ဝါမှု ရှိတယ် ”

ကြယ်တာရာစက်ဝန်းက နှလုံးတုန်ယင်သွားသည်။

ထိုစဉ် အင်မော်တယ်အရှင်သခင်မီမင်၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်လာသည်။ သူက ပြုံးလိုက်ပြီး နောက်ထပ် မပြောတော့ပေ။

သူ၏ အရှေ့မှ ကြေးမုံအပိုင်းအစကို ကြည့်နေရင်း နွေးထွေးမှုက ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် ဤနေရာမှာ သူဖြတ်သန်းခဲ့သော မှတ်ဉာဏ်များက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။

နောက်ဆုံးမှာ သူက အင်မော်တယ်အရှင်သခင်မီမင်ကို လေးနက်စွာ အရိုအသေပေးလိုက်သည်။

အင်မော်တယ်အရှင်သခင်မီမင်၏ အပြုံးက ပိုပြီးသိမ်မွေ့သွားစဉ် သူ့ဘေးမှ ဝိညာဉ်ဖီးနစ်နတ်သမီးက နူးညံ့စွာ ပြောသည်။

“ ရွှီချင်း… နင့်ရဲ့ အိမ်ပြန်ခရီးမှာ ဘေးကင်းဖို့ ငါဆုတောင်းပေးတယ် ”

ထို့နောက် ကောင်းချီးပေးမှုများနှင့် အပြုံးများကြားမှာ သူတို့၏ ပုံရိပ်များက ဝေဝါးသွားကြပြီး ပျောက်ကွယ်သွားကြသည်။

သို့တိုင် သူတို့ပျောက်ကွယ်သွားသည့်အခိုက် အလင်းတန်းတစ်ခုက ဟင်းလင်းပြင်ထဲမှ မြန်ဆန်စွာ ကျဆင်းလာသည်။ ထိုအလင်းတန်း၏ အနောက်မှာ အင်မော်တယ်အရှင်သခင်မီမင်၏ ကျီစယ်သော စကားသံက ထွက်ပေါ်လာသည်။

“ အို ဟုတ်သားပဲ… မင်းကို ငါကတိပေးထားတဲ့ နတ်သမီးသုံးပါးက အဲ့ဒီမှာ… သူတို့အားလုံးက အဲ့ဒီထဲမှာ ရှိတယ် ”

အလင်းတန်းသည် ပုလဲလုံးတစ်လုံး ဖြစ်သည်။

ပုလဲလုံးထဲတွင် အိပ်မောကျနေသော နတ်သမီးသုံးပါးရှိကြောင်း မည်သူမဆို မြင်နိုင်ပေသည်။

ယင်းကို မြင်သွားသောအခါ ရွှီချင်း၏ အမူအရာက ထူးဆန်းသွားသည်။ သူက ပုလဲလုံးကို ချက်ချင်း သိမ်းဆည်းလိုက်သည်။

ထုံးစံအားဖြင့် ထိုမြင်ကွင်းကို တခြားလူများသည်လည်း မြင်တွေ့သွားကြသည်။ အများစုက မထူးမခြားပုံစံဖြင့် ရှိနေကြသော်လည်း ကျိုးကျန်းလီက ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား မျက်လုံးအရောင်တောက်သွားသည်။

“ ဒီတော့… သခင်လေးရဲ့ အကြိုက်က နတ်သမီးတွေလား… ”

ကျိုးကျန်းလီ နောက်ထပ် မစဉ်းစားနိုင်မီ ရွှီချင်းက သူ၏ လက်ကို မြှောက်လိုက်ပြီး အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ဦးတည်ရာဆီသို့ ညွှန်လိုက်သည်။

ချက်ချင်းဆိုသလို သူ၏ အာဏာစက်ဥပဒေသက အသက်ဝင်လာပြီး ကြယ်တာရာကောင်းကင်က တအိအိလှုပ်ခတ်သွားသည်။ နောက်အခိုက်အတန့်မှာ ကြေးနီရောင်စေတီတစ်ဆူက ဟင်းလင်းပြင်ထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။ ယင်းက အတိတ်မှာ ရှေးဦးပင်လယ်ကို ဖြတ်သန်းရန် သူအသုံးပြုခဲ့သော ကောင်းကင်ဘုံသူတော်စင်စေတီမှလွဲ၍ တခြားမဟုတ်ပေ။

စေတီကို ရစ်ပတ်ထားသော ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည်လည်း ယခု အပြည့်အဝ နိုးထလာသည်။ ၎င်းက လူးလွန့်လှုပ်ရှားလိုက်ပြီး ရွှီချင်းထံသို့ ရင်းနှီးကျွမ်းဝင်သော လှိုင်းဂယက်များကို ထုတ်လွှတ်လိုက်သည်။

“ အိမ်ပြန်မယ်… ”

ရွှီချင်းက အရှေ့သို့ ခြေလှမ်း လှမ်းတော့မည့်အချိန် ရုတ်တရက် ရပ်တန့်သွားသည်။

ဧရာမပူဖောင်းတစ်လုံးက ဤနေရာမှာ မည်သည့်သတိပေးမှုမှမရှိဘဲ ရုတ်တရက် ထွက်ပေါ်လာပြီး အာကာသဟင်းလင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ယင်းက ဤဒေသကို အပြင်လောကမှ သီးခြားခွဲထုတ်ပစ်လိုက်သည်။

ထို့ကြောင့် ကြယ်တာရာစက်ဝန်းနှင့် တခြားလူများ လုံးဝ သတိမထားမိနိုင်သော အဖိုးအိုတစ်ယောက်က ကောက်ရိုးဖိနပ်စီးထားလျက် အဝေးမှ ကြယ်တာရာကောင်းကင်ထဲမှ ထွက်လျှောက်လာသည်။

သူက ရိုးရှင်းသော ဖျင်အင်္ကျီကြမ်းကို ဝတ်ဆင်ထားပြီး ရွှေကြွက်က သူ၏ ပခုံးပေါ်မှာ အိပ်စက်နေသည်။

အဖိုးအိုကို မှတ်မိသွားသောအခါ ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

“ အင်မော်တယ်ဘုရင်ကို နှုတ်ဆက်ပါတယ် ”

ယခု အသစ်ရောက်လာသူသည် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အင်မော်တယ်ဘုရင်မှလွဲ၍ တခြားလူမဟုတ်ပေ။

အဖိုးအိုက ရွှီချင်းဆီသို့ ချဉ်းကပ်လာပြီး သူ့ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် သူက ပေါ့ပါးစွာ ချောင်းဟန့်လိုက်ပြီး ပြောသည်။

“ ကောင်လေး… မတွေ့တာကြာပြီ ”

ရွှီချင်းက နှုတ်ဆိတ်နေသည်။

ထိုအဖိုးအိုသည် သူ့ကို စစ်တုရင်အရုပ်တစ်ရုပ်သဖွယ် တစ်ဆင့်ပြီးတစ်ဆင့် အသုံးပြုခဲ့သည်။ ရွှီချင်းသည် အပြန်အလှန်အနေဖြင့် အကျိုးအမြတ်များစွာကို ရရှိခဲ့သော်လည်း သူတို့ကြားမှ ဆက်ဆံရေးသည် အလဲအလှယ်တစ်ခုထက် မပိုပေ။

ထို့ကြောင့် သူတို့၏ တွေ့ဆုံမှုမှာ ဝမ်းသာစရာစကားများ မလိုပေ။

အင်မော်တယ်ဘုရင်သည်လည်း ယင်းကို နားလည်သည်။ သို့ဖြစ်၍ သူက ပြုံးလိုက်ပြီး သေးငယ်သော ကြေးနီရောင်ဆေးမီးဖိုတစ်လုံးကို ထုတ်လိုက်သည်။

“ ဒီဆေးမီးဖိုထဲမှာ ငါ့ရဲ့ တစ်ကြိမ်တိုက်ခိုက်မှုအစွမ်း ပါရှိတယ်… အဲ့ဒါကို ငါမင်းကို လက်ဆောင်ပေးလိုက်မယ် ”

“ လွန်ခဲ့တဲ့ ခုနစ်နှစ်က ရှေးဦးအပျက်အစီးရဲ့ နိုးထလာမှုကြောင့် ဝမ်ကူးကုန်းမြေရဲ့ ကံကြမ္မာလမ်းကြောင်းက ပြောင်းလဲသွားခဲ့တယ်… ”

“ ဒီတော့… အဲ့ဒီကို မင်းမြန်မြန် ပြန်ရောက်ဖို့ လိုတယ် ”

ယင်းကို ကြားသောအခါ ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ ခန္ဓာကိုယ်တစ်ချက် လှုပ်ရှားလိုက်ပြီး ကောင်းကင်ဘုံသူတော်စင်စေတီထဲသို့ ဝင်ရောက်သွားသည်။ တစ်ချိန်တည်းမှာ သူက သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ကြယ်တာရာစက်ဝန်းနှင့် တခြားလူများကို စေတီထဲသို့ ဆွဲခေါ်လိုက်သည်။

စေတီက အပြင်းအထန် တုန်ယင်သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က ပုံပျက်တွန့်လိမ်သွားသည်။ နောက်အခိုက်အတန့်မှာ ရှေးဦးပင်လယ်၏ အရှိန်အဝါကို ထုတ်လွှတ်နေသော ဧရာမဝဲကတော့တစ်ခုက စေတီ၏ အောက်ဘက်မှာ ထွက်ပေါ်လာသည်။

ကြယ်တာရာစက်ဝန်းတစ်ခုစီမှာ ကိုယ်ပိုင်ရှေးဦးပင်လယ် ရှိသည်။

အထက်ကြယ်တာရာစက်ဝန်း(၃၆)ခုစလုံးတွင် ထိုပင်လယ်များက အချင်းချင်း တိုက်ရိုက် ဆက်သွယ်နေကြသည်။

ယခု ရှေးဦးပင်လယ်ထွက်ပေါ်လာသည်နှင့် ကောင်းကင်ဘုံသူတော်စင်စေတီက ဝုန်းခနဲ မြည်ဟိန်းသွားပြီး ကမ္ဘာလှုပ်ခါစေနိုင်သော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ယင်းက ရွှီချင်း၏ အာဏာစက်ဥပဒေသအစွမ်း ဖြစ်သည်။

ဒိုင်မန်းရှင်း၏ လွှမ်းမိုးမှုအောက်မှာ စေတီက အောက်ဘက်မှ ဧရာမဝဲကတော့ထဲသို့ နစ်မြုပ်သွားသည်။

စေတီက ရှေးဦးပင်လယ်ထဲသို့ နစ်မြုပ်သွားပြီး ပင်လယ်ရေစီးကြောင်းများကြားထဲမှာ ပျောက်ကွယ်သွားသည်။

ထို့နောက် ရှေးဦးပင်လယ်က မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားသည်။ ရှေးဦးပင်လယ်၏ အကြွင်းအကျန်အရှိန်အဝါသည်လည်း အာကာသလင်းလင်းပြင်ထဲမှာ ဖြည်းညင်းစွာ လွင့်ပြယ်သွားသည်။

အင်မော်တယ်ဘုရင်သည်တော့ သူက ယင်းတို့အားလုံးကို ကြည့်ရှုပြီးနောက် ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ ဦးတည်ရာဆီသို့ စိုက်ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

“ ရှေးဦးအပျက်အစီးက အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲက သေးငယ်တဲ့ ကုန်းမြေလေးတစ်ခုမှာ ဘာလို့ တည်ရှိနေတာလဲဆိုတာ တစ်ခါမှ ငါနားမလည်ခဲ့ဘူး… အတိတ်မှာ အဲ့ဒီကုန်းမြေကို ဟွမ်ကောင်းကင်ဘုံလို့ ခေါ်ခဲ့ပြီး အခုတော့ ဝမ်ကူးကုန်းမြေဖြစ်လာခဲ့တယ်… ”

“ သူက တစ်ခုခုကို ရှာနေတာလား… ဒါမှမဟုတ် စောင့်ဆိုင်းနေတာလား ”

“ သူက သေဆုံးတော့မှာလား… ဒါမှမဟုတ် ပြန်လည်မွေးဖွားဖို့အတွက် ပြင်ဆင်နေတာလား ”

အင်မော်တယ်ဘုရင်က ခေါင်းခါလိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ပျောက်ကွယ်သွားသည်။

သူ၏ အတွေးများသည်သာ အာကာသဟင်းလင်းပြင်ထဲ၌ ဆက်ပြီး ပျံ့လွင့်သွားသည်။

“ ဉာဏ်အလင်းပွင့်နတ်ဘုရားရဲ့ နတ်ဘုရားသန္ဓေချက်ကြိုးက ဘီယွန်းဖြစ်လာဖို့ တစ်ခုတည်းသော လမ်းကြောင်းလား ”

“ ဒါဆိုရင်… သမိုင်းတစ်လျှောက်မှာ ဘယ်နတ်ဘုရားက အဲ့ဒါကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ဖူးလဲ ”

“ ပြီးတော့… ကြယ်တာရာစက်ဝန်းတွေရဲ့ အပြင်ဘက်မှာ ဘယ်လိုအရာက ငါတို့ကို စောင့်ကြိုနေမှာလဲ ”

All Chapters