← Chapters

နှစ်လရှည်ကြာစောင့်နေတဲ့ ဝမ်ကူးကုန်းမြေ

Vol. 117 Ch. 1790

နှစ်လရှည်ကြာစောင့်နေတဲ့ ဝမ်ကူးကုန်းမြေ

Vol. 117 Ch. 1790

ဝမ်ကူး…

စွန့်ပစ်ကုန်းမြေ…

ညှိုးမှိုင်သော လေက ပင်လယ်မှ မမြှောက်တတ်လာပေ။ ယင်းအစား ကောင်းကင်နှင့်မြေပြင်၏ ရက်စက်ကြမ်းကြုတ်သော ဖိအားထံမှ ပေါက်ဖွားလာသည်။ အချိန်ကြာလာသည်နှင့်အမျှ လေက ပိုပြီးအားကောင်းသထက် အားကောင်းလာပြီး ကုန်းမြေတစ်လျှောက် တိုက်ခတ်သွားသည်။

လေက ကောင်းကင်ကို ဖြတ်သန်း၍ အော်ဟစ်ညည်းညူလိုက်သည်။ လေ၏ ညည်းညူသံက သေဆုံးနေသော ဝမ်ကူးကုန်းမြေအတွက် ဈာပနတေးသံပမာ အောက်မေ့ရ၏။

တစ်ချိန်က ရှေးဟောင်းနဂါးကျောက်ရုပ်တုများသဖွယ် ခမ်းနားထည်ဝါခဲ့သော တောင်တန်းများသည် ယခု အရောင်အဝါ မတောက်ပကြတော့ပေ။ မီးခိုးရောင်အလွှာထုက ယင်းတို့ကို လွှမ်းခြုံထားသည်။

စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းပင်များကို မမြင်တွေ့ရတော့ချေ။

ကမ္ဘာမြေအက်ကွဲကြောင်းများထဲမှ မီးတောက်မီးလျှံများသည်သာ ရံဖန်ရံခါ ထွက်ပေါ်လာပြီး တောင်တန်းများကို လောင်ကျွမ်းပစ်လိမ့်မည်။ ထို့ကြောင့် သစ်ပင်များက ခြောက်သွေ့သေဆုံးနေကြသည်။

အချိန်သည် နွေဦးထွက်ခွာပြက္ခဒိန်၏ သုံးဆယ့်တစ်နှစ်မြောက် ဖြစ်သည်။

ဓားကိုင်ဧကရာဇ်၏ နောက်ဆုံးဓားချက်က ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ တည်ရှိနေသည်မှာ (၂၇)နှစ်ရှိသွားပြီ ဖြစ်သည်။

ထို(၂၇)နှစ်က ဝမ်ကူးကုန်းမြေအတွက် ခက်ခဲကြမ်းတမ်းသည်။

ကောင်းကင်ပေါ်၌ မရပ်မစဲ မြည်ဟိန်းနေသော မိုးခြိမ်းသံက အချိန်ရေတွက်သံနှင့် ဆင်တူသည်။ ယင်းက ဝမ်ကူးကုန်းမြေထဲမှ မျိုးနွယ်စုအားလုံးအတွက် ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေသည်။ ထိုမိုးခြိမ်းသံက သူတို့၏ နားထဲမှာ သေမင်း၏ ခေါင်းလောင်းထိုးသံနှင့် ဆင်တူသည်။

ထိုအသံအောက်မှာ မျိုးနွယ်စုအားလုံးက တူညီသော သေခြင်းကပ်ဘေးဖြင့် ရင်ဆိုင်နေကြရသည်။

ထို့ကြောင့် စိတ်ပျက်အားလျော့ခြင်းက ဤ(၂၇)နှစ်အတွင်းမှာ သက်ရှိအားလုံး၏ နှလုံးသားထဲမှာ တစ်စတစ်စ ပိုအားကောင်းလာသည်။

ကပ်ဘေးမကျရောက်လာခင်မှာပင် လောကက သေခြင်းနယ်မြေထဲသို့ ဝင်ရောက်နေနှင့်ပြီ ဖြစ်သည်။

ဝမ်ကူးကုန်းမြေတစ်ခုလုံးမှာ တောင်များသဖွယ် စုပုံနေသော အလောင်းများ၊ ခြောက်သွေ့နေသော သစ်ပင်များဖြင့် ပြည့်နှက်နေသည်။

ဒြပ်နှောများက ယခင်ကထက် အဆပေါင်းများစွာ ပိုထူထဲလာသည်။

တိမ်တိုက်များက ပြိုကွဲသွားလိုက် ပြုစုဝေးသွားလိုက်ဖြင့် အစဉ်အမြဲ ဖရိုဖရဲဖြစ်နေသည်။ ညနေခင်း နေဝင်ဆည်းဆာ၏ အလင်းရောင်သည်ပင် ကမ္ဘာမြေပေါ်သို့ ကွက်ကြားကွက်ကြား ကျရောက်လာလေ့ ရှိသည်။

အသက်ရှင်သန်ရန်ဟူသော ဆန္ဒက တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားသည်နှင့်အမျှ ယုတ်လျော့လာသည်။

လူသူရှားပါးသော ဝမ်ကူးကုန်းမြေ၏ မြောက်ပိုင်းဒေသမှာပင် ကျယ်လောင်သော မြည်ဟိန်းသံများက မကြာခဏ ပဲ့တင်ထပ်လာလေ့ ရှိသည်။ ယင်းက နှစ်တစ်ထောင်သက်တမ်းရှိသော ရေခဲတုံးများ ပြိုကွဲပျက်စီးသွားသောအသံ ဖြစ်သည်။

ထိုရေခဲတုံးများက အတိတ်မှာ ရှေးဟောင်းအုတ်တံတိုင်းများသဖွယ် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခု ယင်းတို့က သေခြင်းလေပြေ၏ တိုက်ခတ်မှုကြောင့် အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။

မြောက်ပိုင်းမှ အဝါရောင်အရိုင်းမြက်ပင်များသည် ရေခဲတုံးများ၏ ပိကျလာမှုကြောင့် အလောင်းများသဖွယ် ပြားချပ်သွားကြသည်။

တောင်ပိုင်းဒေသက ထိုထက် ပိုပြီးမျှော်လင့်ချက်ကင်းမဲ့သည်။ အရင်းအမြစ်လုယက်သော စစ်ပွဲများက ထိုဒေသထဲမှာ မကြာခဏ ဖြစ်ပွားနေသည်။ ထို့ကြောင့် စစ်မြေပြင်များဆီမှာ အလောင်းများက တောင်ပုံရာပုံ ရှိနေကြသည်။

သေမင်း၏ အချိန်ရေတွက်မှုက နီးကပ်လာသည်နှင့်အမျှ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်က ပိုမိုများပြားသော အရင်းအမြစ်များကို ပေးအပ်ရန်ဖြစ်သည်ဟု လူအများအပြားက ယုံကြည်လာကြသည်။

အဘယ့်ကြောင့်ဆိုသော် ယင်းက မိုးကောင်းကင်အလွန်မှ သူတော်စင်ကုန်းမြေများထံမှ တိုက်ရိုက် အမိန့်ဖြစ်သည်။

“ ငါတို့ဆင်းသက်လာတဲ့အခါကျရင် အရင်းအမြစ်အများဆုံး ပေးအပ်နိုင်တဲ့ မျိုးနွယ်စုငါးစုက အသက်ချမ်းသာရာရကြလိမ့်မယ် ”

ထို့ကြောင့် စစ်ပွဲများက စတင်လာခဲ့သည်။

လွန်ခဲ့သောတစ်နှစ်၌ မိုးကောင်းကင်က စတင်ပြောင်းလဲသွားသည့်အခါမှသာ စစ်ပွဲများက တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်။

ယခု စစ်မြေပြင်များပေါ်မှ ခြောက်သွေ့နေသော သွေးအိုင်များကသာလျှင် စစ်ပွဲ၏ ဖရိုဖရဲဖြစ်မှုကို သက်သေပြုပေးနိုင်တော့သည်။

လေပြေက စစ်မြေပြင်များကို ဖြတ်သန်းတိုက်ခတ်သွားသည်။ သို့သော်လည်း လေက သွေးနံ့ကို အဝေးသို့ မသယ်ဆောင်သွားနိုင်ပေ။ ယင်းအစား လေက စစ်မြေပြင်ပေါ်မှ ဆုတ်ပြဲနေသော အလံတိုင်များကိုသာ တဖျပ်ဖျပ်လှုပ်ခတ်သွားစေသည်။

လေတိုးဝှေ့သံက ဤလောက၏ ဈာပနတေးသွားသဖွယ် ဖြစ်လာသည်။

ဝမ်ကူးကုန်းမြေတစ်ခုလုံးက ထိုသို့ဖိနှိပ်ခံနေရသည်။

တားမြစ်ပင်လယ်သည်ပင် ချွင်းချက်မဟုတ်ပေ။

တစ်ချိန်က လှိုင်းတဝုန်းဝုန်းထခဲ့သော ပင်လယ်လှိုင်းများက ယခု အနက်ရောင်ရေခဲနံရံများအဖြစ် အေးခဲသွားကြသည်။ တားမြစ်ပင်လယ်တစ်ခုလုံးက အလွန်ကျယ်ပြောသော အဆုံးမဲ့ရေခဲပြင်ဖြစ်လာသည်။

ရံဖန်ရံခါ ရေခဲပြင်က အက်ကွဲသွားသည်။ အကယ်၍ တစ်စုံတစ်ယောက်က ယင်းကို သတိထားကြည့်မည်ဆိုလျှင် ရေခဲပြင်၏ အက်ကွဲမှုက ဝမ်ကူးကုန်းမြေ၏ ပျက်စီးမှုကို ကြိုတင်နိမိတ်ဖော်ပြနေ‌ကြောင်း ရှာတွေ့သွားလိမ့်မည်။

ဖြစ်နိုင်သည်မှာ ယင်းက ဝမ်ကူးကုန်းမြေအပေါ် ဓားကိုင်ဧကရာဇ်၏ နောက်ဆုံးသတိပေးမှု ဖြစ်သည်။

ထို့ပြင် ယနေ့မှာ…

သူ၏ နောက်ဆုံးဓားချက်က တာဝန်ပြီးဆုံးတော့မည့်အလား ရေခဲပြင်၏ အက်ကွဲမှုက ပိုပြီးကျယ်လောင်လာသည်။

ယင်းက ဝမ်ကူးကုန်းမြေထဲမှ မျိုးနွယ်စုအားလုံးကို နှလုံးခုန်မြန်သွားစေသည်။

ထိုထဲမှာ ဖုန်းဟိုင်ဒေသငယ်လည်း ပါဝင်သည်။

ဖုန်းဟိုင်ဒေသငယ်သည် သန့်စင်ရေလှိုင်းဒေသကြီးနှင့် ဝိညာဉ်နက်ဒေသကြီးထဲမှ အင်အားစုအားလုံး စုဝေးနေသောနေရာ ဖြစ်သည်။ သူတို့ထဲမှာ ချီယွဲ့ထုံဂိုဏ်း၊ ရွှီချင်း၏ မိတ်ဆွေဟောင်းများနှင့် ခရမ်းအရှင်သခင်ကို ကိုးကွယ်ပူဇော်ကြသော ကောင်းကင်နက်မျိုးနွယ်ဝင်များ ပါဝင်ကြသည်။

(၂၇)နှစ်ကြာ ပင်ပန်းဆင်းရဲဒဏ်ကို ကြံ့ကြံ့ခံပြီးနောက် ယခု သူတို့က စိတ်ဓာတ်ပြတ်သားစွာ ရပ်လိုက်ကြသည်။ သူတို့၏ အမူအရာထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် ပြည့်နှက်နေပြီး သူတို့၏ မျက်လုံးထဲမှာ သေခြင်းတရားအတွက် အဆင်သင့်ဖြစ်နေသော အကြည့်ဖြင့် ပြည့်နှက်နေသည်။

သူတို့ထဲမှာ ဝူကျန်းဝူ၊ ခုန်းရှန်းလုံနှင့် ကျန်းစန်း အစရှိသူတို့ ပါဝင်ကြသည်။

အမတ်ယောင်၏ ညွှန်ကြားမှုအောက်မှာ ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးက ၎င်း၏ မဟာစည်းချအစီအရင်ကို အသက်သွင်းလိုက်ပြီး ဒေသငယ်၏ အစွမ်းအားလုံးကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူတို့အားလုံးက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။

ဖုန်းဟိုင်ဒေသငယ်၏ မြေအောက်ထဲမှ အင်မော်တယ်နန်းတော်ထဲတွင် ရွှီချင်း၏ နတ်ဘုရားကိုယ်ပွားက တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။ သူ၏ အနောက်မှ ဖီးနစ်နန်းဆောင်ထဲတွင် ကျစ်ရွှမ်းက မျက်လုံးဖွင့်လိုက်သည်။

ဖုန်းဟိုင်ဒေသငယ်တစ်ခုတည်း မဟုတ်ပေ။ ကျယ်လောင်သော နှလုံးခုန်မြည်သံက လပူဇော်ဒေသကြီးထဲမှာလည်း ပဲ့တင်ထပ်နေသည်။

အိမ်ရှေ့စံမင်းသား၊ အဖိုးကိုး၊ အဖိုးရှစ်၊ အဖွားသုံးနှင့် တခြားလူများက ဘဝကံကြမ္မာဆိုးတောင်တန်း၏ ဆေးဆိုင်ရှေ့မှာ မတ်တတ်ရပ်နေကြသည်။ သူတို့က ကောင်းကင်ကို မော့ကြည့်နေကြစဉ် သူတို့၏ အမူအရာက သုန်မှုန်နေကြသည်။

သူတို့၏ အနောက်မှာ လင်းအာက မတ်တတ်ရပ်နေသည်။

ယခု လင်းအာက အရပ်ပိုရှည်လာပြီး ကြော့ရှင်းတင့်တယ်သော မိန်းမလှလေးအဖြစ် ပြောင်းလဲသွားသည်။ မြေနဂါးဝိညာဉ်တစ်ကောင်က သူ၏ ဘေးပတ်ပတ်လည်မှာ လှည့်ပတ်နေစဉ် သူ၏ မျက်နှာက တည်ကြည်နေသည်။

ထိုစဉ် လပူဇော်ဒေသကြီးတစ်ခုလုံးက တုန်ယင်သွားသည်။ အထွတ်အမြတ်ရတနာဖြစ်သော အဖွားငါး၏ လပုန်ကန်ခန်းမက အားအင်အပြည့်ဖြင့် အသက်ဝင်လာသည်။

ထိုသို့တူညီသော မြင်ကွင်းများက ဝမ်ကူးကုန်းမြေတစ်ခုလုံးမှာ ဖြစ်ပွားနေသည်။

.....

အနောက်ပိုင်းသဲကန္တာရ၏ အနက်ပိုင်းထဲတွင် မဟူရာအရိုးမျိုးနွယ်၏ ဘိုးဘေးခန်းမဆောင် ရှိသည်။ ဤအခိုက်အတန့်မှာ လက်ရှိမဟူရာအရိုးဘုရင်က မရေမတွက်နိုင်သော သက်ရှိများ၏ အရိုးများဖြင့် တည်ဆောက်ထားသော ပလ္လင်ပေါ်မှာ ထိုင်နေသည်။

၎င်းက ၎င်း၏ အရှေ့မှ အရိုးကြေးမုံကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ ကြေးမုံပေါ်တွင် ပုံရိပ်ပြန်နေသည်မှာ ၎င်း၏ မျက်နှာမဟုတ်ဘဲ ဝမ်ကူးကုန်းမြေ၏ အနီရောင်ကောင်းကင် ဖြစ်သည်။

…..

အရှေ့ပိုင်းဒေသမှ မျက်ရည်သားရဲဒေသကြီးထဲတွင် ကောင်းကင်ရွက်ဆစ်ကလန်သည် ထိုဒေသကြီး၏ အသန်မာဆုံးကလန် ဖြစ်သည်။ ဤအခိုက်အတန့်မှာ ထိုကလန်၏ ပိုင်နက်အတွင်းမှ ဧရာမအင်းဆက်အသိုက်များက အရူးအမူး လူးလွန့်နေကြသည်။

၎င်းတို့၏ ပိုးအိမ်များပေါ်မှာ မျက်လုံးသဏ္ဍာန် အစီအရင်ပုံများဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် မျက်လုံးတစ်လုံးစီက ချွဲပျစ်သော အစိမ်းရောင်အရည်ကို ထုတ်လွှတ်နေသည်။

အကြီးဆုံး အင်းဆက်အသိုက်ထဲတွင် ကောင်းကင်ရွက်ဆစ်ကလန်၏ ဘုရင်မက အလယ်မှာ ထိုင်နေသည်။ ထိုစဉ် ၎င်း၏ လက်တံဆယ့်နှစ်ချောင်းက အပြင်းအထန် လူးလွန့်လှုပ်ရှားနေကြသည်။ ထို့နောက် လက်တံသုံးချောင်းက ပြတ်တောက်သွားပြီး ချွဲပျစ်သော အရည်ကို ဒလဟော ထုတ်လွှတ်လိုက်သည်။

ကောင်းကင်ရွက်ဆစ်ဘုရင်မက ၎င်း၏ သားသမီးများ အသက်ရှင်နိုင်ရေးအတွက် နတ်ဘုရားတစ်ပါးဖြစ်လာရန် ကြိုးစားနေသည်။

.....

တောင်ပိုင်းဒေသတွင် တိုတမ်ဝိညာဉ်မျိုးနွယ်စု တည်ရှိသည်။ ထိုမျိုးနွယ်စုက ၎င်းထက် ပိုပြီးအားနည်းသော မျိုးနွယ်စုငယ်များကို အမဲလိုက်ပြီးနောက် ဤအတောအတွင်းမှာ မြန်ဆန်စွာ အင်အားကြီးမားလာခဲ့သည်။ တိုတမ်ဝိညာဉ်မျိုးနွယ်စုသည် ၎င်းတို့၏ ဘိုးဘေးများကို တိုတမ်များအဖြစ် ကိုးကွယ်ပူဇော်ကြသည်။

သို့တိုင် ယခု ၎င်းတို့၏ တိုတမ်မြေကွက်လပ်ထဲတွင် ဘိုးဘေးတိုတမ်(၁၂)တိုင်ထဲမှ (၉)တိုင်က အက်ကွဲသွားကြသည်။

၎င်းတို့၏ မျိုးနွယ်စုခေါင်းဆောင်သည် သွေးစီးကျနေသော မျက်လုံးလေးလုံးဖြင့် ကောင်းကင်ပေါ်သို့ စိုက်ကြည့်လိုက်သည်။ ၎င်း၏ အမူအရာပေါ်မှာ ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။

.....

နတ်ဘုရားများကို ကိုးကွယ်ပူဇော်သော မျိုးနွယ်စုများမှလွဲ၍ ကျန်မျိုးနွယ်စုအားလုံးက တူညီသော အခြေအနေမှာ ရှိနေကြသည်။

စိတ်ပျက်အားလျော့မှုက သူတို့၏ နှလုံးသားထဲမှာ ပြည့်နှက်နေစဉ် အနာဂတ်အပေါ် သူတို့၏ ကြောက်ရွံ့မှုက ကြီးမားသော ခါးသီးမှုကို ခံစားရစေသည်။

ရောက်လာမည့်အရာကို ရင်ဆိုင်ရန်မှတပါး သူတို့မှာ အခြားရွေးချယ်စရာ မရှိပေ။

သူတို့အားလုံးက ကောင်းကင်ပေါ်သို့ ခေါင်းမော့ထားကြသည်။

အထူးသဖြင့်…

လူသားများ ဖြစ်ကြသည်။

ဝမ်ကူးကုန်းမြေ၏ အလယ်ပိုင်းဒေသကြီးထဲမှ လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ထဲတွင်…

ဧကရီက မတ်တတ်ရပ်နေသည်။

သူက ရွှေရောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး လူသားဧကရာဇ်၏ သရဖူကို ဆောင်းထားသည်။

သရဖူပေါ်မှ အနီရောင်ရွှေပန်းဖွား(၁၂)မျှင်က သူ၏ မျက်နှာအရှေ့မှာ ကျဆင်းနေပြီး ငြိမ်သက်နေသည်။ လေပြေတိုက်ခတ်မှုသည်ပင် ယင်းတို့ကို မလှုပ်ခါနိုင်ပေ။

ယင်းက ဧကရီ၏ မယိမ်းယိုင်နိုင်သော စိတ်ဓာတ်ပြတ်သားမှုကို ဖော်ပြနေသည်။

ပန်းဖွားတစ်မျှင်စီမှာ နတ်ဘုရားမီးတောက်ကို ထုတ်လွှတ်နေသော ဖီးနစ်ပုလဲလုံးများကို ချိတ်ဆွဲထားသည်။ ယင်းတို့ထံမှ ထုတ်လွှတ်လိုက်သော အလင်းရောင်က သူ၏ မျက်ခုံးနှစ်ခုကြားထဲမှ ဧကရာဇ်အမှတ်အသားကို ရောင်ပြန်နေသည်။

သို့တိုင် နန်းမြို့တော်၏ အပြင်ဘက်တွင် အဆုံးမဲ့စွာ ပျံ့ပွားနေသော အနက်ရောင်နှင်းထု ရှိသည်။

အတိအကျဆိုရသော် ယင်းက နှင်းမဟုတ်ပေ။ ယင်းအစား ဝမ်ကူးကုန်းမြေကို (၂၇)နှစ်ကြာ ကာကွယ်ပေးခဲ့သော ဓားစွမ်းအင်၏ အကြွင်းအကျန်များ ဖြစ်သည်။ ဤအခိုက်အတန့်မှာ ဓားစွမ်းအင်က နှင်းမှုန်များသဖွယ် အက်ကွဲနေသော ကောင်းကင်ထံမှ ကျဆင်းလာနေသည်။

ယင်းတို့က ကမ္ဘာမြေပေါ်၊ တောင်တန်းများပေါ်၊ မြစ်ချောင်းများနှင့် ကန္တာရများပေါ်သို့ ကျဆင်းသွားနေပြီး လက်လျော့သော အသံကို ထုတ်လွှတ်လိုက်သည်။

ထိုစဉ် ခြေလှမ်းသံများက ဧကရီ၏ အနောက်မှ ထွက်ပေါ်လာသည်။

ထိုသူက လက်သည်းလေးခုရွှေရောင်နဂါးဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏ ဆံပင်ရှည်က ပခုံးထက်သို့ ကျဆင်းနေပြီး သူက ဧကရီဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာနေသည်။

လူငယ်သည် နင်းယန်ဖြစ်သည်။ သူက အတိတ်မှာ အားညို၏ ဒိုင်းကာဖြစ်ခဲ့သော ခပ်တုံးတုံး ဝဝတုတ်တုတ်ကောင်လေး မဟုတ်တော့ပေ။ ယခု သူက အများကြီး ပိုရင့်ကျက်လာပြီး အိမ်ရှေ့စံမင်းသားဟူသော ဂုဏ်ကျက်သရေကို ပိုင်ဆိုင်သွားသည်။

သူက ဧကရီ၏ အနောက်မှာ ရပ်လိုက်ပြီး နန်းမြို့တော်၏ အပြင်ဘက်လောကကို ကြည့်လိုက်သည်။ သူက ရိုသေလေးစားစွာ ပြောသည်။

“ မယ်တော်… မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က ကျွန်တော်တို့ရဲ့ သံတမန်တွေကို နှင်ထုတ်လိုက်ပါတယ်… သူတို့က တံခါးပိတ်နေထိုင်ခြင်းကို လုပ်ဆောင်တော့မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်… သူတို့က ကျွန်တော်တို့မျိုးနွယ်နဲ့ သူတော်စင်ကုန်းမြေတွေကြားက တိုက်ပွဲမှာ ဝင်ပါမှာမဟုတ်ဘူးလို့ အတိအလင်း ကြေညာလိုက်ပါတယ်… သူတို့က မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲကို ဘယ်သူ့ကိုမှ အဝင်မခံဘူးလို့လည်း ပြောပါတယ် ”

“ မီးလျှံလရွှမ်ကောင်းကင်တစ်ခုတည်း မဟုတ်ပါဘူး… မြောက်ပိုင်းဒေသက မြောက်ပိုင်းကံကြမ္မာတော်ဝင်မိသားစုရယ်… အနောက်ပိုင်းဒေသက နီလာအင်ပါယာကုန်းမြေရယ်၊ တောင်ပိုင်းဒေသက မြေအောက်အလောင်းကောင်မျိုးနွယ်နဲ့ အလယ်ပိုင်းဒေသက နတ်ဘုရားမျိုးနွယ်စုက သူတို့ရဲ့ ပိုင်နက်တွေကို သီးခြားပိတ်ဆို့လိုက်ကြပါတယ် ”

“ ဝမ်ကူးကုန်းမြေထဲက နတ်ဘုရားကိုးကွယ်ပူဇော်တဲ့ မျိုးနွယ်စုအားလုံးက အဲ့ဒီလို လုပ်ဆောင်နေကြပါတယ် ”

နင်ယန်၏ လေသံထဲမှာ ဖိအားတချို့ ပါဝင်နေသည်။

ဧကရီသည်တော့ နှုတ်ဆိတ်နေသည်။ သူက ထိုရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ နင်ယန်ကို မီးလျှံလဆီသို့ သံတမန်များစေလွှတ်ခိုင်းခြင်းက အောင်မြင်နိုင်ခြေမရှိသလောက် နည်းပါးကြောင်း သူသိသည်။

နတ်ဘုရားများသည် မထူးမခြားနား ရှိနေကြသည်။ ယခုကဲ့သို့ အခြေအနေမျိုးမှာ အန္တရာယ်ကို ဘေးထွက်ရှောင်ခြင်းက ၎င်းတို့အတွက် မှန်ကန်သော ရွေးချယ်မှုဖြစ်သည်။

ဧကရီက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

ကောင်းကင်က ပရမ်းပတာ လှုပ်ခတ်နေပြီး ဧရာမဝဲကတော့တစ်ခုကို ဖွဲ့စည်းနေသည်။ ယင်းက အလွန်ကြီးမားကျယ်ပြောလေရာ တစ်စုံတစ်ယောက်အတွက် ယင်းကို ထမ်းပိုးရန် အလွန်အမင်း ခက်ခဲသည်။

ဝဲကတော့က လှည့်ပတ်နေစဉ် ကောင်းကင်ဘုံက ၎င်းတို့၏ ကိုယ်ပိုင်မျက်စိကို ကလော်ထုတ်လိုက်သည်အလား ကောင်းကင်က သွေးရောင်စွန်းထင်သွားသည်။

ဓားစွမ်းအင်၏ အကြွင်းအကျန်များက ပိုပြီးမြန်ဆန်စွာ ကျဆင်းလာနေသည်။

ဝဲကတော့၏ အလယ်ဗဟိုတွင် နတ်ဘုရားယဇ်ပလ္လင်အဆင့်နှင့် အချိန်အတော်ကြာ မပေါ်ထွန်းလာခဲ့သော ခြေလှမ်းဝက်အင်မော်တယ်များသာလျှင် မြင်တွေ့နိုင်သည့် သွေးနီရောင်အက်ကွဲကြောင်းတစ်ခုက တည်ငြိမ်စွာ ကျယ်ပြန့်လာနေသည်။

အတိတ်မှာ ဓားကိုင်ဧကရာဇ်၏ နောက်ဆုံးဓားချက်က ဓားစွမ်းအင်အကာအကွယ်အလွှာတစ်ခုကို ဖွဲ့စည်းခဲ့ပြီး ကောင်းကင်ကို ကာကွယ်ပေးခဲ့သည်။

ယင်းက ဝမ်ကူးကုန်းမြေကို အနှစ်သုံးဆယ်ကြာ အချိန်ဆွဲပေးပြီး သူတော်စင်ကုန်းမြေများနှင့် ရှေးခေတ်အင်မော်တယ်၏ ဆင်းသက်လာမှုကို အချိန်ကြန့်ကြာစေလိမ့်မည်။

သို့တိုင် လွန်ခဲ့သော ခုနစ်နှစ်တွင် ဓားစွမ်းအင်အကာအကွယ်အလွှာ၏ အက်ကွဲမှုက ရုတ်တရက် အရှိန်မြှင့်သွားခဲ့သည်။

ယခု အကာအကွယ်အလွှာက ၎င်း၏ နောက်ဆုံးကန့်သတ်ချက်ထက် သုံးနှစ်စော၍ ပြိုကွဲသွားသည်။

ဧကရီသည် ထိုအက်ကွဲကြောင်းမှတဆင့် ကောင်းကင်အလွန်မှ ခမ်းနားထည်ဝါသော သူတော်စင်ကုန်းမြေများကို ဝေဝေဝါးဝါး မြင်တွေ့သွားသည်။

သူတော်စင်ကုန်းမြေများထံမှ ပုံရိပ်များကြားတွင်…

ခြေလှမ်းဝက်အင်မော်တယ်များ ရှိကြသည်။

ဝမ်ကူးကုန်းမြေ၏ နောက်ဆုံးခြေလှမ်းဝက်အင်မော်တယ်သည် ဓားကိုင်ဧကရာဇ် ဖြစ်သည်။

သို့သော်လည်း သူတော်စင်ကုန်းမြေများတွင် ခြေလှမ်းဝက်အင်မော်တယ်များ၏ မျိုးဆက်က မပြတ်တောက်သွားခဲ့ပေ။

သူတော်စင်ကုန်းမြေများ၏ အနောက်တွင် ဧကရီက ဧရာမပုံရိပ်တစ်ခုကို မြင်တွေ့သွားသည်။

သူက ဝမ်ကူးကုန်းမြေကို (၂၇)နှစ်ကြာ ခြောက်လှန့်နေသော ရှေးခေတ်အင်မော်တယ်ဖြစ်သည်။

ဧကရီက အက်ကွဲကြောင်းမှတဆင့် တစ်ဖက်လူကို ကြည့်ရုံသာ ကြည့်လိုက်သော်လည်း သူ၏ စိတ်ဝိညာဉ်က အပြင်းအထန် တုန်လှုပ်သွားသည်။

သူက တစ်ဖက်လူထံမှ အန္တရာယ်ကို ခံစားမိသွားသည်။

သူ၏ နတ်ဘုရားအခွင့်အာဏာက တမူထူးခြားသော်လည်း ယင်းက တစ်ဖက်လူ၏ ရှေ့မှောက်တွင် သာမန်မျှသာ ဖြစ်သည်။

ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးသည် နွေဦးအင်မော်တယ်တစ်ပါးကို မည်သို့မှ မရင်ဆိုင်နိုင်ပေ။

ထို့ကြောင့် သူက နောက်ဆုံးရလဒ်ကို ကြိုခန့်မှန်းနိုင်သွားသည်။ ဓားစွမ်းအင်အကာအကွယ်အလွှာ အပြည့်အဝ အက်ကွဲသွားသည့်အခိုက် မဟာကပ်ဘေးက ဝမ်ကူးကုန်းမြေပေါ်သို့ ကျဆင်းလာလိမ့်မည်။

“ ငါတို့တွေ ယဇ်ပူဇော်မှုကို လုပ်ရလိမ့်မယ်… ”

ဧကရီက သူ၏ ဘေးမှ ကျောက်စိမ်းဖြူလက်တန်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ထို့နောက် သူက ကောင်းကင်ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး တောင်ပိုင်းအရပ်သို့ ကြည့်လိုက်သည်။

သူ၏ အကြည့်က နန်းဟွမ်ကုန်းမြေပေါ်သို့ ကျရောက်သွားသည်။

All Chapters